Showing posts with label ဓမ္မကိုနားလည်ခြင်း. Show all posts
Showing posts with label ဓမ္မကိုနားလည်ခြင်း. Show all posts

Wednesday, June 5, 2019

သန္တိ..သစ္စာ


သူတော်ကောင်းတွေဟာ ဘဝ ရဲ့ အဓိပ္မါယ် ကို ငြိမ်းချမ်းစွာ နေထိုင် ခြင်း နဲ့ သက်သေပြခဲ့ကြ တယ် လို့ ဆရာကြီးဦးရွှေအောင်က ဆိုပါတယ်။

အဲဒီ သူတော်ကောင်းတွေ ရဲ့ ခရီးစဉ် ဟာ ဘဝ ရဲ့ လမ်း ညွှန်မြေပုံ တစ်ချပ်လိုပါပဲ..။

*ပူလောင်မှု တွေ..ရှုပ်ထွေး မှုတွေ သယ်ဆောင်လာမယ်ဆိုရင်တော့.......
ဘယ်လို အောင်မြင် မှု ပဲဖြစ်ပါစေလေ.....။
မလိုချင်တော့ပါဘူး.....။

*တစ်ယောက်တည်း ငြိမ်းအေး စွာ ဖြတ်သန်းချင်တဲ့ ကိုယ်ပိုင်အချိန်တွေ......
ကို ဖဲ့ယူ သိမ်းပိုက်သွားမယ် ဆိုရင်လည်း ..ဘယ်လို အရေးပါမှုမျိုးကို မှ မရချင်တော့ပါဘူး..။

*ကိုယ်ရဲ့ ပေးဆပ် ဆောင်ရွက်လိုက်မှု တစ်စုံတရာကြောင့် လှပ သွားတဲ့ ဘဝ တွေ ရဲ့ ပုံရိပ် တွေ ကိုလည်း........
ကောင်းကင် က လ တစ်စင်းလို ဝေးဝေး ကပဲငေးကြည့်နေချင်တော့တယ်..။

*တန်ဘိုး ဆိုတာ က အများ က သတ်မှတ် ပေးလိုက်တဲ့......
ပညတ် တစ်ခု ရဲ့အောက်မှာ တည်ရှိမနေဘူးဆိုတာ .....
ကျွန်မ နားလည် သိတတ်လို့ လည်းနေခဲ့ ပြီ..။

*နာမည် ရဲ့ ရှေ့ မှာ ..သို့တည်းမဟုတ် နာမည် ရဲ့ နောက်မှာ ထည့်စရာ များလေ.........
.ဘဝ ဟာ မူးယစ်ရီဝေ စရာ ဝိုင် တစ်ခွက်လို ချိုမြ ပြင်းရှ နေလိမ့်မယ် လို့ လည်းမှန်းဆမိဘူးတယ်..။

*ဘဝ ရဲ့ အနှစ်သာရ တွေကို ကြိုးစား အားထုတ် မှု ၊ရောင့်ရဲတင်းတိမ်မှု ၊ ပေးဆပ် ရများ နဲ့ သာ လဲလှယ်လိုပါတယ်..
ထိုက်တန် အောင်လည်း ပြုခဲ့တယ် ရယ်လို့ ကျေနပ်လိုလှပါတယ်..။

ဒီလို နဲ့ ပဲ ဘဝ တစ်ခု ကြောင့်...
.ဖြစ်ပေါ်လာတဲ့ လိုချင်၊ ဖြစ်ချင်၊ ရချင် မှု တွေ ဟာ....
တစစ..... ပျော့ပြောင်း နူးညံ့ ရင်း......
နားလည် သဘောပေါက်ရင်းဖြင့် ချုပ်ငြိမ်း ပျောက်ကွယ် ပါရစေ...။

မေတ္တာဖြင့်-
သစ္စာအလင်း
2015 ဖားအောက် တောရမှာ
တရားအားထုတ် ပြီးစဉ် က ရေးခဲ့ဘူးတာ....

Tuesday, January 31, 2017

အဝိဇ္ဇာ ပြု တဏှာ စုသဖြင့်......

Image may contain: one or more people and text

အမှု စုံ လှပါသော လူ့ ဘုံတော မှာ မသိခြင်းများစွာ ဖြင့် ရောက်ရှိနေထိုင်ရပါသော ကျွန်မ တို့ မှာ ကြုံတွေ့ရတဲ့ အမှုကိစ္စ များကို စီမံစရာရှိတာ စီမံပြီး တဲ့ အချိန် မှာ နောက်ထပ် အကုသိုလ် မဖြစ်ရအောင် ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော် ဘုရားကဆုံးမ ပါတယ်..။
ပုဂ္ဂိုလ် သတ္တဝါ အပြစ်မတင် နဲ့ နော် အဓိက တရားခံက မူလနှစ်ဖြာ……တဲ့..။
မူလနှစ်ဖြာ ဆိုတာ ကျွန်မ တို့ အားလုံး ကိုချာလပတ်ရမ်းစေသော…. ကြိုးကိုင်ချယ် လှယ် နေပါသော
သံသရာဝဋ်နှောင် တုပ်နှောင် ထားအပ် ပါသော …..အဓိက တရားခံ..။
အဝိဇ္ဇာ က အရာရာကို ပိုင်းခြားဝေဖန်တတ်မှု …ပညာ အလင်း မှန်သမျှ ပိတ်ဖုံးပေးထားတာ..။
တဏှာ က တော့….ချော့ကာ ချော့ကာ အကြိုက်ပေး လို့ မိုက်ဆေးတွေ ဖေါ်ကြတာ..
လူ့ သမိုင်းတစ်လျှောက် စာစီရေးထိုးပါက ကုန်အံ့ မထင်..။
တဏှာ က အာရုံ ကိုချုပ် စပ်ခြင်း ၊ အာရုံ ကိုကပ်ညိခြင်း …… ကပ်ညိ မိသည် မှာ ဗိုက်ဆာ သော မြွေ က သူ့အစာ ဖားကိုမလွှတ်သလို…..။
တစ်ပန်းဟိုက်ဟိုက် တစ်ရှိုက် ငင်ငင်…….
လိုချင် ဖြစ်ချင် ရချင် ပြီ ဆိုပါက ……
မလုပ်ရဲတာ ဘာမှ မရှိတော့…. မလုပ်သင့် ဘူးဆိုတာ ဘာမှ မသိတော့…….။
ကျွန်မ တို့ တတွေ ကိုမောင်းနှင်နေတဲ့ အဲဒီ….. ချင် တစ်ခု ကြောင့်ပဲ….
အာ ဏာ ကိုယစ်မူးလိုချင်တော့…ဖခင် အရင်း အစ်ကို အရင်း ကို သတ်ခဲ့ တဲ့ဇာတ်လမ်း များစွာ ရာဇဝင် ထဲ ရှိခဲ့တယ်..။
ထိုင်း ဆူခို ထိုင်း ရုပ်ရှင် ထဲမှာ ကြည့်ဘူးတာ… သေအံ့ မူးမူး ရှင်ဘုရင် ကို တစ်ချိန်က အချစ်များစွာ နဲ့ ပြုစု လုပ်ကျွေး ခဲ့ သူ မိဘုရား က နန်းဆောင် ထဲ မှာ အဆိပ်ကျွေး သတ်…… စီမံပေးတဲ့ မောင်းမတွေ ကို မိဘုရား ကဒါးထုတ်ခေါင်းဖြတ်သတ်……….။
ရက်စက်လိုက်ကြတာ.......
အမွေ လိုချင် မှု နဲ့ သွေးရင်းသားရင်းတွေ ကိုလည်းသတ်…။
အချစ် ဆိုတာ များ ရလေမလား လို့ တပါးသူ ရဲ့ အိမ်ထောင်များ သတ်ကြတဲ့ ဇာတ်လမ်းများလည်း ဖတ်ဘူး မှတ်ဘူး ခဲ့တာ..။
နောက်တော့……ကာမ တဏှာ… ကိလေသာ ကာမ တွေ သုံးဆောင်ခံစား ရလေတိုင်း အမြဲခံစား ချင် တဲ့ ချင်တစ်ခုကြောင့် ပဲ လူတွေ လူတွေ………..။
စီးပွား ရေးနောက် တကောက်ကောက်…။ မိတ်ဆွေ တစ်ယောက် ဆို သူ့မှာ လက်ရှိသိန်းတစ်ထောင်လောက်ချမ်းသာနေပါလျက် နဲ့ အရင်က ရခဲ့ဘူး ပြီး ဆုံးရှုံးသွား တဲ့ သိန်း ၅ ထောင်လောက်အတွက် စိတ်ဒုက္ခ ခံစားနေရသည် မှာ ဘာ မှ ကိုမလုပ်နိုင်..။စိတ်အေးချမ်းမှု မရ..။
တိရိစ္ဆာန် တွေ သတ်ဖြတ်တာ စားဘို့ တစ်ခု ထဲ ကြောင့်....
ကျွန်မ တို့ လူတွေက တော့ ... ရဘူးတဲ့ စည်းစိမ် ချမ်းသာ
လာဘ် ပပ်သကာ
ပူဇော်အကျော်အစော...ယုတ်လျော့ သွားမှာ စိုးလို့..မပိုင်ဆိုင်ရမှာ စိုးလို့ ကျူးလွန်ကြတဲ့ အကုသိုလ် များ စွာ ရှိကြမှာ..။ကျွန်မ သည်လည်းဆင်ခြင်ရပါတယ်..။ ငါကော..ငါကော..... ငါကော...ပေါ့လေ။
လူတစ်ယောက်က ခဲ နဲ့ ပစ်တဲ့အခါ..ခြင်္သေ့ ကပစ်တဲ့ လူနောက်လိုက်ပြီး နှိမ်နင်းသတဲ့..။
ခွေးကတော့ ခဲနောက်လိုက် တယ် တဲ့..။
ပစ်ဖန်များ လာတဲ့ ခဲတွေ ရပ်စေချင်ရင် တော့ ကျွန်မ တို့ ခြင်္သေ့ လို ကျင့်ကြံ ရမှာ မဟုတ်ဘူးလား..။ ခဲနောက်လိုက်မလား...လူနောက်လိုက်မလား ပေါ့..။
တောင်မြို့ ဆရာတော် -အရှင်ဇနကာဘိ ဝံသ ရေးတဲ့ စာအုပ်ထဲက တဏှာ အကြောင်း ကဗျာ တစ်ပုဒ်ကို ဖတ်ရှု ပူဇော် ရင်း ကျွန်မ ရင် ထဲက …ချင်….. တွေကို ကျွန်မ ကြိုးစားထိန်းချုပ်ပါအုံးမယ်..။
((တဏှာသောတေန ဝုယှ န္တာ
ပိယာမိ ဝေဂစာလိတာ
ယာဝါပါယာ နိမုဇ္ဇ န္တိ
သတ္တာ သံသာရ သာဂရေ။))
သံသာရသာဂရေ - သမုဒ္ဒရာ မကသာသည့် သံသရာပြင်ကျယ် ပင်လယ် ခရီး၌
တဏှာသောတေန - အဝိဇ္ဇာ ပြု တဏှာ စုသည့် အနုဿယ သဘော ရေယဉ်ကြောဖြင့်
ဝုယှန္တာ -ဒုက္ခစုကြွယ် ၊ ထု အထည် ဖြင့် ၊လူ့နှယ် တစ်တန် ၊နတ်ဟန် တဖြာ ၊ ဗြဟ္မာ ဟန်ပုံ ၊ သဏ္ဍန်စုံအောင် ဆန်စုံမျောပါး ၍ နေကြရကုန်သော
သတ္တာ- ဘုရား အဆူဆူ မလွယ်ကူ၍ ဆယ်ယူမသွား ငါတို့လို အညံ့စားသတ္တဝါတို့သည်
ပိယောမိဝေဂစာလိတာ -အချစ်ဂိုဏ်း အတွက် လှိုင်းဂယက် က ဝိုင်းလျက်အဖုံဖုံ တခုန် ထဲခုန်စေအပ်ကုန်သည်ဖြစ်၍
ယာဝါပါယာ- ဆင်းရဲမှန်က မကျန်ရအောင် စံပြ မလွယ် အပါယ်လေးတန်အောက်သံသရာ ဟိုးသမုဒ္ဒရာတိုင်အောင်
နိမုဇ္ဇ န္တိ - ဦးခေါင်းမူကာ မပြူသာ ပဲ ၊ နူရာမှာ ဝဲ ၊ ဒူလာစွဲသကဲ့သို့ ရှေ့လည်းနောက်တိုး အပြစ်မျိုးကြောင့် ညစ်ဆိုးပေတေ၊ ကံစနစ် ထုတ် အသစ်ရုပ်ဖြင့် တနစ်မြုပ်တည်းနစ်မြုပ်၍ နေကြလေသတည်း ။

မေတ္တာဖြင့်
သစ္စာအလင်း
( ခေတ္တ - ရွာငံ Genius Coffee Estate )

Thursday, May 5, 2016

ကျွန်မ ရဲ့ အနုဿတိ

*မင်းအကြောင်း ကို ကိုယ်တွေးတယ်....
အဲဒီအခါ..
ခွင့်လွှတ်လို့ မရအောင်မုန်း နေတာမျိုး ကလည်းပြေလျော့လို့ သွားလေရဲ့...။
*မင်းအကြောင်း ကို ကိုယ်တွေးတယ်....
အဲဒီအခါ.......
ဥပါဒါန် စွဲ နဲ့ ဆုပ်ကိုင် ထားမိတဲ့အနာဂတ်စီမံကိန်းတွေလည်း ပျက်စီး လို့ သွားလေရဲ့..။

*မင်းအကြောင်း ကို ကိုယ်တွေးတယ်....
အဲဒီအခါ.......
မာန တစ်လူလူ နဲ့ ပေါ်လွင်တက်ကြွ မှုတွေ ဟာ......
နေထိ ပန်းတစ်ပွင့်လို နွမ်းခွေ လို့ သွားလေရဲ့..။
*မင်းအကြောင်း ကို ကိုယ်တွေးတယ်....
အဲဒီအခါ........
ပူလောင်လှတဲ့
ချစ်ခြင်း ရဲ့ သမုဒယ တွေ ဟာ အေးမြ တဲ့ မေတ္တာ နဲ့ သာ လွှမ်းခြုံ ရစ်ပတ်.....။
*မင်းအကြောင်း ကို ကိုယ်တွေးတယ်....
အဲဒီအခါ............
အလို မကျ တဲ့ ဒေါသတွေ..ဆွံ့အ တိတ်ဆိတ်....မျက်စေ့သာတွင်တွင်မှိတ် မိတော့တယ်..။
*မင်းအကြောင်း ကို ကိုယ်တွေးတယ်....
အဲဒီအခါ....
အချိန်မဖြုန်းမိဘို့ နဲ့ အရာရာ လေးနက် မှုရှိစေဘို့ မင်း ကသတိပေးနေပြန်ရော.. ။
*မင်းအကြောင်း ကို ကိုယ်တွေးတယ်....
အဲဒီအခါ....
မင်းနောက်လိုက် ရင် ဘာတွေ ချန်ထားပြီး ဘာတွေ ယူလာမှာလဲ မင်းကမေးပြန်တယ်...။
*မင်း ဟာ အရာရာကို လွှမ်း မိုးနိုင်သူပါပဲ....။
သြော်..
မင်း ဆိုတဲ့ မရဏ.....။
သေခြင်း တရား.......
ဘယ်တော့...လဲ
ဘယ်နေရာ မှာလဲ....
ဘယ်လိုမျိုးလေး ဘယ်ပုံစံလေး နဲ့ မင်း လာမှာလဲဆိုတာ ကိုယ်မသိပေ မဲ့...။
မင်း လာမှာ သေချာတယ် ဆိုတာကတော့
ကိုယ် ကသေချာစွာ သိနေပါလေရဲ့...။။
Come On......

Wednesday, January 20, 2016

မြို ထားမိသော ထွန်တုံးများ


ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး က တရားစခန်း တွေ မှာ ကျွန်မတို့ ယောဂီများကို နားလည် အောင်ပေးတဲ့ ဥပမာ များဟာ ထိထိမိမိ မှတ်မိနေသလို လိုက်နာကျင့်သုံး ရန် လမ်းစ ကိုလည်း ရရှိစေပါတယ်..။
မာန ဆို တာကို ရှင်းပြ တဲ့ ဥပမာ ကတော့ စိတ်ဝင်စားစရာ…။
မာနကိလေသာ ဝင်ရင်ကွယ် တဲ့ တောင့်တောင့်ကြီး ဖြစ်နေတာ..ထွန်တုံးကို မြွေ မြိုသလိုပဲ တဲ့..။ အကြောတင်းသထက် တင်းလာတာမျိုး…။ ကိုယ့်က မသိပေမဲ့ ဘေးလူကသိတယ် တဲ့..။ ကိုယ်ကိုယ်တိုင်ကတော့ မြိုလို့ မြို မှန်းတောင်မသိ ..ဖြစ်တတ်ကြောင်း ဆုံးမတော်မူပါတယ်..။
ဝင်တာတော့ သိပါပြီ..ဘုရား..ဘယ်လို အချိန်မှာ ဝင်တတ်ပါသလဲ ဘုရား ဆိုတော့..ဘုန်းဘုန်းက ပုံလေးတစ်ခုပြောပြ ဘူးပါတယ်..။

တစ်ခါက တိုင်းပြည် တစ်ပြည်မှာ ဘုရင်ကြီး တစ်ပါးရှိတယ်..။
ဘုရင်ကြီးက မျဉ်းတကြောင်း ဆွဲ တယ်..။ အမတ်များကို ခေါ်ပြီး ထို မျဉ်းကို ဖျက်လည်း မဖျက် ရဘူး၊ တိုအောင်လည်း လုပ်ပေးရမယ်..နည်းလမ်းရှာပါ လို့ အမိန့်တော်ချသတဲ့..။
အမတ်တွေခေါင်းချင်းဆိုင်…. ဘာလုပ်ရမလဲပေါ့..။
နောက်တော့ပညာရှိ အမတ် တစ်ယောက် ပေါ်လာပါတယ်..။ ဘုရင်ကြီးဆွဲထားတဲ့ မျဉ်းတိုသွားအောင် ဖျက်လည်းမဖျက်ပဲ သူလုပ်နိုင်ပါတယ်… ဆိုပြီး..တော့လျှောက်ပါတယ်..။
ဘယ်လို ပဉ္စလက် အတတ်များ တတ်လို့ပါလိမ့် နဲ့ စိတ်ဝင်တစားကြည့်နေတဲ့ လူသူဗိုလ်ပါ ပရိသတ် အရှေ့ မှာ…
သူ က ဘုရင် ဆွဲထားတဲ့ မျဉ်း ရဲ့ အထက်မှာ သူ့ထက်ရှည် တဲ့ မျဉ်းတစ်ကြောင်း ကို ထပ်ဆွဲ လိုက်ပါတယ်..။
ပြီးတော့ …( တိုသွားပါပြီ ဘုရား) လို့ လျှောက် တယ် တဲ့..။
အဲ ဒီဥပမာ လိုပဲပေါ့နော်… ကျွန်မ တို့ တွေဟာ မျဉ်းရှည် ရှည် တွေ ဆွဲ မိတိုင်း ကျန်တဲ့ မျဉ်းတွေ ကို တိုလိုက်တာ ထင်တတ်ကြ တော့ တာ..ဒီသဘာဝ ဟာ မသိမသာ ဝင်လာတတ်တာ ….။
နှိုင်းယှဉ် တတ်တယ်..ငါက သာတယ်…။ ထို အရာသည် မာန ကိလေသာ ပါပဲ လိှု့ဆုံးမတော်မူပါတယ်..။
ဘယ်အချိန်မှာ ဝင်လာတတ်သလဲ ဆိုတာ့…….မသိမသာ ကို နေရာယူတတ်လို့ ကာယကံရှင် ကိုယ်တိုင် ဖြစ်လို့ ဖြစ်မှန်းတောင် မသိ တော့ သော ကိလေသာ ..မာန ကိလေသာ…တဲ့..။
ဘွဲ့ ရတဲ့ သူငယ် ချင်း တစ်ယောက်က ဆယ်တန်းမအောင်သေး တဲ့ ကျောင်းနေဘက်သူငယ်ချင်းကို ဘယ်လို ဆက်ဆံမလဲ..။
ကားပိုင် တဲ့ သူတစ်ယောက်က ကားမရှိတဲ့ သူကို ဘယ်လို ဆက်ဆံလဲ..။
သိန်း ၁၀၀၀ လောက်ချမ်းသာ တဲ့လူ တစ်ယောက်ဟာ ကျပ် ၁၀၀၀ လောက်သာ ပိုင်တဲ့သူကို ဘယ်လို ဆက်ဆံ မလဲ..။
ရာထူးမြင့်မြင့် ရတဲ့ အရာရှိတစ်ဦးဟာ အောက် လက်ငယ် သားကို ဘယ်လို ဆက်ဆံမလဲ…။
သိပ်ကို အတွေးအခေါ် ကောင်းပြီး…. ရေးလိုက်ရင် ပိုစ့်တင်လိုက် ရင် LIKE ထောင်ချီ.. Comment ရရာချီ ရ သူတစ်ယောက် ဟာ..တခြားလူတစ်ယောက် သူ့နဲ့အကြောင်းအရာတူ..ရေးသော်လည်း သူ့လောက် ကောင်းချီးသြဘာ မရ သူ ရဲ့ ပိုစ့်ကို ဘယ်လို ဆက်ဆံ မလဲ..။…
စိတ်ထဲက ပြန်ဖြေ မိပါတယ်..ထွန်တုံးမြွေ မြိုသလိုပါဘုရား..လို့ ။

ဘုန်းဘုန်း က ရွာ တစ်ရွာ ၊တောနယ် ဘက်မှာ တရားသွားဟော ရင်း…. လူတစ်ယောက် တွေ့ ဘူးတယ် တဲ့..။
သူ့ကြည့်တော့ အင်္ကျီ ခပ်နွမ်းနွမ်း…လူပုံက ပန်းလျလျ..သို့သော် ထွန်တုံးမြွေ မြိုသလို ဖြစ်နေတာ နဲ့ ဘုန်းဘုန်းက ..ဒီလူ တစ်ခုခုတော့ ရှိလိမ့်မယ်..အကဲခတ်ပါတယ်..။
နောက်တော့ စကားပြောကြည့်ရင်း…မှ သိရတာ..။ သူက အရင် အင်္ဂလိပ်လက်ထက် စစ်တပ်ထဲမှာ တင့်ကားမောင်း တုံး က တော်လို့ ဆုတံဆိပ် ရခဲ့ဘူးတယ် ဆိုပဲ..။
ထို အောင်မြင် ဘူး သော အတိတ်သည် ထွန်တုံးသဖွယ် မြွေတစ်ကောင် လို ပျော့ပျောင်းမနေစေတော့ ....။

အရိုအသေ မပေးတတ်တော့တာ..နှိမ်ချတဲ့ အကြည့်တွေမွေးဖွားပေးတော့တာ..။ ငါ့လောက်မှ မမတတ်လေချင်း ဟူသော အထင်သေးစိတ်တွေ ဝင်လာမိတော့တာ..။
ဘုရား..ဘုရား..ဒီတရားလေးနာမိရင်း ကိုယ့် ဗိုက်ထဲ မှ ထွန်တုံးများကို လိုက်လံရှာဖွေမိ..။
Doctor ထွန်တုံး Professor ထွန်တုံး Blogger ထွန်တုံး…… များလှပါတကား..။
ပညာတွေလည်းတတ်ပြီ..စီးပွားတွေလည်းရပြီ…..တရားနယ် ပယ် မှာလည်း သောတပန် ဖြစ်ဘို့လည်းလုပ်မှာ ဘုရားတဲ့..။ တရားမာန နဲ့ တရားနယ် ပယ် မှာ လည်းထွန်တုံးတွေ ထပ်မြို နိုင်သေးတယ်တဲ့..။

သက္ကာယ ( အထင်အရှားရှိသောသဘော) ဟူသော သဘော တရား အပေါ်မှာ *ငါ*ကောင်ထင် သော ဒိဋ္ဌိ..ကို
*ငါ* လုပ်ရင် ဖြစ်မှာပါဆိုသောမာန ဖြင့်
 *ငါ*ပိုင်တဲ့ တရားပါ..
*ငါ*လို ချင်တဲ့ သောတာပန် ဆိုတဲ့ တဏှာ ဖြင့်…. ချဉ်းကပ်သော ….
*ငါ* သည်* ငါ* မရှိမှ ရသောတရား ရရှိပါစေရန်…*ငါ*ကို ပယ်သတ်ရင်း …*ငါ*ကို ကြီးထွားစေတဲ့ ရင်ထဲမှ ထွန်တုံးများကို ဆွဲထုတ်ရပါအုံးမည်..။

မေတ္တာဖြင့်
သစ္စာအလင်း
......

Saturday, October 31, 2015

ဥပါဒါန် သို့ သန့်စင်ခြင်း




ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်း ရဲ့ အကွက် ( ၂) နဲ့ ( ၃) အကြား မှာ သုံးပါးအစပ် ဆိုသော အစပ် သုံးပါးထဲက တဏှာ အစပ် ဆိုတာ ရှိကြောင်း ကျေးဇူးတော်ရှင် မြတ်စွာ ဘုရားရှင် က ရှာဖွေ ပေးတော်မူခဲ့ပါတယ်..။
ဘုရားပွင့် တာ ဗောဓိပင် အောက် မှာ ပွင့်တာ မဟုတ်..ဝေဒနာ နဲ့ တဏှာ ကြား မှ ဘုရားပွင့်တာလို့လည်း ကျေးဇူးတော်ရှင် မိုးကုတ် ဆရာတော်ဘုရား မိန့်တော်မူသော တရား နာကြားခဲ့ဘူးပါတယ်..။
သူက ကြိမ် ကြိမ် ကြိုးကုတ် တည်ဆောက် လုပ်သည့် အကြောင်းရင်းသမုဒယသစ္စာ ဖြစ်သော ** ဟယ် တဏှာ ယောင်္ကျား ..လက်သမား ****
သင့် ကိုမြင်နိုင် ဥာဏ်မဏ္ဍိုင် ဖြင့် ပိုင်ပိုင်သိသိ ရရှိ ခဲ့ ပြီး လို့ ဘုရားရှင် ဥဒါန်းကျူး ခဲ့တာကို လေးမြတ်စွာ ပူဇော်ရင်း ပီတိ များစွာ ဖြင့် ရိုးကျိုးဦးခိုက်မိပါတယ်..။
ကျွန်မ တို့တစ်တွေက တော့ အာရုံ နဲ့ ဒွါ ရတိုက်လို့ ခန္ဓာငါးပါးပေါ်တာ နဲ့ အရိပ်ကိုအကောင် ထင် ပြီး တဏှာ အစပ်ကို သတိ မရ..အကွက် (၂) နဲ့ (၃) ကို တစ်ဒိုင်းဒိုင်း ပြေသွားကျင်လည် ခဲ့ရလှ ..ကာလများ အဘယ် မျှ ရှည် ကြာခဲ့ပြီ လဲ မိသတော့ပါ..။
အာရုံ နဲ့ ဒွါ ရတိုက်လို့ ခန္ဓာငါးပါးပေါ်တာ နဲ့ သတ္တဝါ ကို အထည် ထင်...သော ဒိဋ္ဌိ အမြင် ၊ ကပ်ညိသော တဏှာ၊ ငါ သူတစ်ပါး လို့ မှတ်ယူပါသော မာန စသည် တို့ တစ်ပေါင်းတည်း ပေါ်လာလိုက် ကာ သံသရာချဲ့ ထွင် ခရီးနှင် လာခဲ့တာ...။ ခေါင်း သာ ပြောင်းခဲ့..သော ခန္ဓာ များစွာ..။
တဏှာ ဆိုသော စကားလုံး ကို စိတ်ဝင်စားသလို Key Point အဓိက ကျ တဲ့ အချက် တစ်ခု အဖြစ် ကျွန်မ နားလည် လိုလှပါတယ်..ပယ်သတ်လိုလှပါတယ်..။
ကျေးဇူးတော်ရှင်ပိုင်းလော့ဆရာတော်ဘုရား ကြီး ကတော့ ***တဏှာ ကို ဘာသာပြန် ပေးတာ အာရုံ ၌ကပ်ညိခြင်း ၊အာ ရုံ ၌ချုပ်စပ်ခြင်း *** လို့ ဘာသာပြန် ပြ ပါတယ်..။ အင်္ဂလိပ် လိုဆိုရင် Clinging လို့ ဆိုပါတယ်..။
ဆရာတော် ဘုရား က ပိုမို နားလည် လွယ် အောင် ဥပမာ ပေးပြီးရှင်းပြတော်မူပါတယ်..။
ဥပမာ ထမင်းဝိုင်း မှာ တဲ့ ချဉ်ရည် ဟင်း ပန်းကန် ကို တွေ့ ပြီ ဆိုရင် သူ့နဲ့ လိုက်ဖက်တဲ့ ငပိထောင်းတို့ ငါးကြော် တို့ ငါးခြောက်ကြော် တို့ ကို တမ်းတဖြည့်စွက်ပုံဖေါ်လိုက်တာ…. ပုံဖေါ် တွေး ရင်း တစ်ပုံ ကနေ တစ်ပုံ ဆက်သွား တာ တဏှာ အစပ် ကူးသွားတာလို့ ဥပမာပေးပါတယ်..။
ကိုယ့်သားသမီးလေး တွေ အရွယ် ရောက် လာတဲ့အခါ မေတ္တာ ကကြီး..ကောင်းစေချင်တဲ့စေတနာ အမြဲ ထုတ် လွှတ်နေတဲ့ မိခင် ဆိုတော့ ကြည့်လိုက်တာ နဲ့ လည် ပင်းမှာ ဘာမှ မရှိရင် ဆွဲကြိုးလေးပုံဖေါ်..လော့ကက်လေးပုံဖေါ် တွေးတော့တာ..ရွှေ ဆိုရင် အဆင့်နိမ့် သေးတယ် စိန်ကို ထပ်ပုံ့ဖေါ် ပြန်ပါတယ်..။ ဒါ တဏှာ အစပ် ပဲ..။ အာရုံ တွေ တစ်ပုံ ပြီး တစ်ပုံ ချုပ်စပ် ပုံဖေါ်သွားတာ ပဲ လို့ ဥပမာ ပြဘူးပါတယ်..။
အဲဒီတဏှာ ကပြင်းထန် လာတဲ့ အခါ ဥပါဒါန် အဆင့်ကိုကူးပါသတဲ့..။ ဥပါဒါန် ကို ဘယ်လို နားလည် ရပါမလဲ ဘုရား လျှောက် တင်တဲ့အခါ ..။ ** ဆုံးဆုံး ဖြတ်ဖြတ် ကြံစည်ခြင်း ** လို့ မိန့်တော်မူပါတယ်..။
အင်္ဂလိပ်လို Craving = An intense desire for some particular thing လို့ မှတ်သားရပါတယ်..။ ပြင်းထန်သော စွဲလန်းမှု ရဲ့ မောင်းနှင်မှု ကို ကျွန်မ တို့ ရှေ့ရှု လျှောက်လှမ်းနေကြတယ် ဆိုတာ သူသူ ငါငါ မြင် တွေ့ ရပါတော့တယ်..။
မနက် စောစော မိုးလင်း ကတည်းက သူကမောင်းနှင်တော့တာ……..
ငါ မသေခင် ..ဒါလေးမြင်ချင် လိုက်တာ ဆိုတဲ့ လူအိုပိုင်းတွေ ကလည်း…..သူ့ဥပါဒါန် နဲ့ သူပေါ့..။
လူငယ် တွေကလည်း တက်ကျမ်းမျိုးစုံဖတ်ပြီး…..အနာဂတ် အိပ်မက် များ အတွက် သူ့ဥပါဒါန်က သူတို့ကို မောင်းနှင်ပါတယ်..။
လူလတ် ပိုင်း တွေကလည်း **တော်ပါပြီ --ဥပါဒါန် ** ဆိုတာရှိသတဲ့..။ ဘယ်လို တော်တာပါလဲ ဘုရားဆိုတော့..။ ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားက ဒကာမ တစ်ယောက်အကြောင်း ပြောပြတော်မူပါတယ်..။
**ဘုန်းဘုန်းရယ် ကိုယ် ပိုင် ဝန်းခြံလေး နဲ့ နေရရင်တော်ပါပြီ….တဲထိုးနေရ..နေရပါ တဲ့။ ***
တဲလေး ထိုးလာနိုင်တော့..** ဘုန်းဘုန်း ရေ..သစ်သားအိမ်လေး နဲ့ နေရရင် တော်ပါပြီ….****
သစ်သားအိမ်လေး ရလာတော့ *** ဘုန်းဘုန်းရေ…. သစ်သားအိမ် ကမခိုင်ဘူး အုတ် တိုက် လေး နဲ့ နေရရင်တော်ပါပြီ*** အုတ်တိုက်ကနေ ကား..ကားတစ်စီးကနေ နှစ်စီး..စတဲ့ တော်ပါပြီဇာတ်လမ်းသည် …တော် ကိုမတော် နိုင်တော့ပါ တကား..။
သူများသာပြောတာ……ကျွန်မ တို့မလည်း ကိုယ့်ဥပါဒါန် ရဲ့ မောင်နှင်ခြင်း အတိုင်းရွေ့လျားစီးမြော…. အရှိန်အဟုန် များသာ ကွားခြားတော့သည်သာ ..။
စိတ်ကူးယဉ် တတ်လွန်းသောကျွန်မ သည်…ငယ်ငယ် ကဝတ္တု များထဲကအတိုင်း….
တောင်ကြီး ရောက်လျှင်..သူငယ်ချင်း လိုပဲ ဆက်၍ခေါ်မည် ခိုင် ထဲက ခိုင်ကိုသတိရ..ခိုင်ခုန် ချခဲ့ သော ထင်းရူး ပင်များ ရှိရာ တောင်ကုန်း လေး တကယ်ရှိနေသယောင် ယောင် ကိုကြည့်ချင် တဲ့ ဥပါဒန် ဖြစ်မိပါတယ်..။
မကွေး ရောက်ပြန်တော့ ..တိုင်းမင်းကြီး သမီး ဝတ္ထု ထဲက ခင်ရွှေအေး လို ဧရာဝတီ မြစ်ကမ်းက သဲ ဖွေးဖွေးတွေ ကြည့်ချင်ပြန်ရော..။
တစ်ခါ တစ်ခါစိမ်းမြနေတဲ့ လက်ဖက်ခင်းတွေကြည့်ကာ ….. တောင်ယာခင်းလေး ထဲ မှာ ပဲပြောင်းစိုက်… လက်ဖက်ခူး ကာ နေချင် စိတ် ဖြစ်….....
ရန်ကုန် ကို မွန်းကြပ်သော.... ပကာသန ထုံမွှမ်းသောနေရာဟုအပြစ်မြင်....
ဟို တနေ့က ပိုင်းလော့ဆရာတော် တရားနာရင်း စကားအဆန်း တစ်ခု နာယူရတာ မို့ ကျွန်မ သေသေချာချာ မှတ်သားမိပါတယ်..။
တဏှာ အစပ်ကို ဆက်ဆက် မှန်းသိ…. ပြတ် ပြတ် မှန်းသိ အောင် သတိ ရှိ နေဘို့ လိုကြောင်း..။ သတိ ရှိ နေဘို့ ဆို ..**ဥပါဒါန် ကို အရင် ဖြို ရတယ်** တဲ့..။
တော တောင် တွေကို စိတ်ကျက်စား ကာ တောနယ်တစ်ခုခု က မြေ မှာ ခြံ တစ်နေရာရာ ဝယ်ဘို့ အမြဲ ဥပါဒါန် ကပ်ထားသော ကျွန်မ ရဲ့ ဥပါဒါန် ကို ကျွန်မ ဒီလို ဖြို ကြည့်ပါတယ်..။
လက်ရှိ ကို တန်ဘိုး မထားတတ်သော လူ့သဘာဝကို အရင်နားလည်…။
လက်ရှိများ ကို တန်ဘိုးထား စိတ် ပြောင်းကြည့်ပါတယ်..။
ကံအကျိုးပေးကပစ်ချ လိုက်သော ရန်ကုန် သူကျွန်မ ရန်ကုန် မှာ နေရပါတယ်..။
နေအိမ်ကနေ မိနစ် ၃၀ လမ်းလျှောက်ရင် ရောက် နိုင်သော အင်းလျား ကန် သည် ဧရာဝတီ တို့ အင်းတော်ကြီး တို့က ရေပြင် များ လို လှပ သည်ပဲ..။
ချည်ခင်စွပ်ငှက် ..ဒင်ကြီးငှက် များကို ချစ်သလိုပဲ…. ရန်ကုန် ကျီးကန်းတွေ ခိုတွေ စာကလေးများ သည်လည်း ချစ်စရာ…။
မိနစ် ၃၀ခန့် ကားနှင့် သွားလျှင်…. ၃၁ ဘုံ မှာ အတုမရှိသော လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီကို အလွယ် တကူဖူးမျှော် နိုင်သည်ပဲ..။
၁၅ မိနစ် ဆိုလျှင်တော့ ငယ် ဘ၊ဝ က၊ ဒေသ ကောလိပ်တက်စဉ် သန့်ရှင်းရေးအသင်းဖြင့် ကုသိုလ် လက်ရာခြေရာများ ကြွင်းကျန် ရစ်သော ကိုးထပ်ကြီး ဘုရားသို့ ရောက်နိုင်သည်ပဲ..။
မီးခြစ်ပုံး အခန်းလေး လို့ ကျွန်မ ကနှိမ့်ချ ဖွဲ့ ဆိုခဲ့သော ၅လွှာ ကအခန်းလေး သည် လည်း တကယ်တော့ မြောက်ပြန်လေ ညှင်း တစ်သုန်သုန်…. ….နဲ့ အေးမြသည်ပဲ..။
လက်ရှိ နေရာ ကို တန်ဘိုးထားသလို လက်ရှိအချိန် ထက်ကောင်းသော အချိန် သည်လည်း ဘယ် မှာ ရှိပါမည် လဲ..။
ဟိုနေရာဟာ ဒီနေရာထက်မကောင်းနိုင်သလို….ဟိုအချိန် ဟာ ဒီအချိန် ထက် ပိုမကောင်း စေနိုင်..ပါဆိုတာ သေချာခဲ့ရ..။
**တောနယ် ကျေးလက် က တောတောင်ရေမြေ တစ်နေရာရာ မှာ ကျွန်မ ရဲ့ အနာဂတ် ဘဝ တစ်ခု** ရှိတယ် ဆိုသော ဥပါဒါန် ကို ကျွန်မ အခု လို သန့် စင်ကြည့်မိပါတယ်..။
တောတောင်ရေမြေ များသည် စကားမပြောသောပုံရိပ်များ… ဓာတ်ကြီးလေးပါးအစုအဖွဲ့ မျှသာ……
အရာရာအကြောင်းညီ ညွတ် မှ ဖြစ်တတ်ပါသော ကံအကျိုးပေး ကို လည်း နားလည်…..
စိတ်ကူးယဉ် ခြင်းသည် စိတ်ကူး သာဖြစ်၍..အကောင်းအထည် မဟုတ်ပါကြောင်း ဥာဏ် အားဖြင့်လည်း ဖြိုခွင်း…
အရာရာရှင်းရှင်းလင်းလင်း…..
သီတင်းကျွတ် လပြည့်နေ့အမှတ်တရ..**ဥပါဒါန်သို့ သန့်စင်ခြင်း** ဖြစ်ပါတယ်..။
ထိုသန့်စင်ခြင်း ဖြင့် ၂ နှင့် ၃ ကြား ပြတ်တောက်ပါစေသား။။။

မေတ္တာဖြင့်
သစ္စာအလင်း
သီတင်းကျွတ် လပြည့်နေ့ (၂၀၁၅)

Monday, August 10, 2015

ပင်ကိုဥာဏ်နုံနဲ့သူမဖြစ်အောင် နှင့် ပါရမီ (၁၀) ပါး

ကျွန်မ ရဲ့ ဓမ္မမိတ်ဆွေ တစ်ဦးက နေပြီးဘဝ...ဘဝတွေမှာ ကျင်လည်နေရတုန်း ပင်ကိုဥာဏ်နုံနဲ့ရသူမဖြစ်အောင် ဘယ်လိုပါရမီတွေ ဖြည့်ကျင့်ရမလဲ။ ဆောင်းပါးလေးရေးပေးပါလို့ တောင်းဆိုလာတာနဲ့ ဒီစာစုလေးကိုရေးဖြစ်ခဲ့ပါတယ်..။
ပါရမီဆိုတဲ့ စကား လုံးကို လယ်တီဆရာတော် ဘုရားကြီး ရဲ့ "ဥတ္တမပုရိဿ ဒီပနီ" ကျမ်းမှ ထုတ်နှုတ်ထားတာကတော့
ပါရမီ = မြတ်သော ဘုရားလောင်း စသော သူတော်ကောင်း တို့၏ ကုသိုလ်ကံ တရားစု၊ နိဗ္ဗာန်ဟူသော တဖက်ကမ်းသို့ ရောက်စေတတ်သော ကုသိုလ်ကံ တရားစု။ ရယ်လို့ ဖေါ်ပြထားပါတယ်..။

ပုံပါ စာသားလေးအတိုင်းကတော့ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရား ရဲ့ ပါရမီ၁၀ပါး သရုပ်ပြပုံလေးဖြစ်ပါတယ်..။ ဆရာတော်ဘုရားကြီး ကတော့ ပါရမီကို အိုနာသေဖက်ကမ်း မှ အိုနာသေ လွတ်ရာဖက်ကမ်းသို့ရောက်စေသော အလုပ်လို့ ဖွင့်ဆိုထားပါတယ်..။

ကျွန်မတို့ အားလုံး ရဲ့ ကျေးဇူးတော်ရှင်မြတ်စွာ ဘုရား သည် သာမန် လူ ဘ၀ ကနေ ၃၂ပါးသမိုက်ထားသော ယောင်္ကျားမြတ်တို့ ရဲ့ လက္ခဏာတော် တို့ နဲ့ ပြည့်စုံသော ဘုရားအဖြစ်သို့ ရောက်စေခဲ့တာ ဒီ ပါရမီ ၁၀ပါး ကိုလေးသင်္ချေ ကမ္ဘာတစ်သိန်း တိုင်အောင် ဘ၀အဆက်ဆက် ဖြည့်ကျင့်ခဲ့လို့ ပဲဆိုတာကို ဒီသရုပ်ဖေါ်ပုံလေး နဲ့ ရှင်းလင်းပြပါတယ်..။

ပါရမီ (၁၀) ပါး တွေကတော့
၁။ ဒါနပါရမီ= ပစ္စည်းဥစ္စာ၊ ကိုယ်အင်္ဂါနှင့် အသက်ကိုစွန့်လှူခြင်း။

၂။ သီလပါရမီ = ငါးပါသီလ၊ ရှစ်ပါးသီလ စသည်တို့ကို စောင့်ထိန်းခြင်း။

၃။ နေက္ခမ္မပါရမီ = လူ့ဘောင်လောက နှင့် ကာမဂုဏ်အာရုံများကို စွန့်လွတ်တောထွက်၍ ရသေ့ရဟန်းပြုခြင်း။

၎။ ပညာပါရမီ = လောကီပညာ လောကုတ္တရာ ပညာတို့ကို သင်ယူဆည်းပူး ကျင့်ကြံခြင်း၊ သူတစ်ပါးတို့အား သင်ပြပေးခြင်း။

၅။ ဝီရိယပါရမီ = မိမိအကျိုး၊ သတ္တဝါများ အကျိုးအတွက် သက်စွန့်ကြိုးပမ်းကာ အစွမ်းကုန် ကြိုးစားအားထုတ်ခြင်း။

၆။ ခန္တီပါရမီ = ဒေါသမထွက်၊ စိတ်ပျက် အားငယ်မှုမရှိ၊ မွန်မြတ်ကြည်အေးစွာ အလျော့ပေး၍ သည်းခံခြင်း။

၇။ သစ္စာပါရမီ = မုသားမပြော၊ သူတစ်ပါးအားမထိခိုက်စေပဲ မှန်ကန်ဖြောင့်မတ်စွာ ပြောဆိုလုပ်ကိုင်ခြင်း။

၈။ မေတ္တာပါရမီ = သတ္တဝါများကို မိမိနှင့် ထပ်တူပြု၍၊ ချစ်ခင်ကာ အများချမ်းသာ ကောင်းစားရန်ဆောင်ရွက်ခြင်း

၉။ အဓိဌာန်ပါရမီ = တစ်စုံတစ်ခုသော ကောင်းမှုကိုပြုလုပ်ရန် စိတ်ဖြင့်ဆုံးဖြတ်ပြီးနောက်ဆုံးဖြတ်သည့်အတိုင်း အောင်မြင်အောင်ပြုလုပ်ခြင်း

၁၀။ ဥပေက္ခာပါရမီ = သတ္တဝါတို့အားမုန်းလည်းမမုန်း၊ ချစ်လည်းမချစ်၊ ဘက်မလိုက်ဘဲ မျှမျှတတ အလယ်အလတ်တည့်မတ်စွာ စိတ်မတုန်လှုပ်အောင်ထားခြင်း။ ရယ်လို့ လည်းသိရှိနိုင်ပါတယ်..။
ဆရာတော်အရှင်ဆန္ဒာဓိက က အတိုချုပ်မှတ်သားနိုင် အောင် လင်္ကာလေးစီပေးထားပါတယ်..။
ဒါန၊သီလ
နေက္ခမ္မ၊ ပညာ့
ဝိရိယာ။
ခန္တီ၊သစ္စ
ဓိဋ္ဌာန၊ မေတ္တ
ဥပေက္ခာ ။လို့ အလွယ် မှတ်မိနေစေပါတယ်..။ ဒီပါရမီ တွေ ရဲ့ အဓိပ္ပါယ် တွေအရဆိုရင် သူတစ်ပါးကို လောကီပညာ လောကုတ္တရာ ပညာတို့ကို သင်ယူဆည်းပူး ကျင့်ကြံ ရာမှာ အားပေးခြင်း၊ကိုယ်တိုင်လည်းကျင့်ကြံခြင်း။ သူတစ်ပါးတို့အား သင်ပြပေးခြင်း။ ဆိုတဲ့ ပညာပါရမီ ဖြည့်ကျင့်စေရင် ဘ၀ အဆက်ဆက် တူသောအကျိုးဖြင့် ပင်ကိုဥာဏ်နုံနဲ့ရသူမဖြစ် တော့ ပါဘူး..။
ပညာသည် ရှေ့ဖြစ်မဲ့ အမှားအမှန်ကို ဝေဖန်ခွဲခြားတတ်တဲ့ အလင်း ကိုဆောင်တတ်တာမို့ အလင်းရောင် အလှူ တွေ လှူ ခဲ့ရင်လည်း ဥာဏ်အလင်း၊ သစ္စာအလင်းတွေ ထွန်းလင်းစေမှာဖြစ်ပါတယ်..။
ကျွန်မ အတွေ့အကြုံ အရ ပြောရရင်…ကျွန်မ ရဲ့ သားသမီးတွေ ကို ပညာရေးအဆင်ပြေအောင်တက္ကသိုလ် တက်ကတည်းက တရားစာအုပ်များလှူဒါန်းခိုင်းပါတယ်..။ ကျောင်းအားရင်လည်း မိဘမဲ့ကျောင်းတွေ မှာ စာလိုက်သင်ခိုင်းပါတယ်..။ မိဘမဲ့ကလေးတွေအတွက် ဗလာစာအုပ် တွေ လှူခိုင်းပါတယ်..။ ကျွန်မ က အဝေးမှာ နေရပြီး တစ်နှစ်မှ တစ်ခါ သာမြန်မာပြန်လာနိုင်တာမို့ သေချာစေတဲ့နည်း တွေ ပေးရပါတယ်..။ ကိုယ်သိသလို သူများသိပါစေ..။ သိတဲ့ အတွက်အကျိုးရှိပါစေဆိုတဲ့ စိတ်စေတနာလေးထည့်ပေးလိုက်တာ တော်တော်လေး အဆင်ပြေလာ တာတွေ့ရပါတယ်..။ သူတို့ မောင်နှမ နှစ်ယောက်လုံး နိုင်ငံခြားပညာသင် စကောလားရှစ်များလည်း ရကြပါတယ်..။
ကျေးဇူးတော်ရှင်ပိုင်းလော့ဆရာတော်ဘုရားသင်ပေး ဘူးတာကတော့ ပညာတတ်တဲ့ လူတွေ ၊ အသိပညာပြည့်စုံတဲ့သူတွေ တွေ့ရင် မုဒိတာ တရားပွားပေးရမယ်..။ မနာလိုစိတ်တစ်စက်မှ မရှိရဘူး တဲ့..။ ပညာပြည့်စုံမှုကို ၀မ်းသာပေးရပါတယ် တဲ့..။တချို့ဆို အမှတ်မဲ့ ပြောမိတာ..ဥာဏ်ကလည်းထိုင်းလိုက်တာ စာသင်ပေးမနေနဲ့ ဆိုတာမြည်တွန်တောက် တီးမိရင် ကိုယ်လည်းဘ၀အဆက်ဆက် ပညာမတတ်ဖြစ်ရပါတော့တယ် တဲ့..။
အခု ခေတ် ဆိုရင်လည်း ကိုယ်လည်းမသိပဲ နဲ့ ဒေါက်တာဘွဲ့ ဆိုတာအလကား ဘာမှ တတ်တာမဟုတ် ဘူး..။စသည်ဖြင့် နှိမ့်ချပြောဆိုကြတာ သတိထားဘို့ လိုပါတယ်..။ ကိုယ် ကဘယ်လိုကြိုးစားကြိုးစား၊စာတော်သော်လည်း ဒေါက်တာဘွဲ့ မရဖြစ်တတ်ပါတယ်..။ဝစီဗေဒ၊ထိတိုင်းရှ…တူသောအကျိုးပေးတတ်ပါတယ်..။
ဆရာတော်ဘုရားသွန်သင်ဘူးတာကတော့…
နေ့စား လူတွေ တွေ့ လားတဲ့..တစ်နေ့စာ စီမံပြီးလှူခဲ့လို့ တဲ့..။
လခစား တွေတွေ့လားတဲ့….တစ်လစာ..ရေတို..စသည်ဖြင့်အကျိုးများအောင် စီမံလှူဒါန်းခဲ့လို့ ပါတဲ့..။
ဒီလိုပဲ တစ်နှစ်စာ..တစ်ဘ၀စာ ..တစ်သံသရာ လုံးစာ အကျိုးများစေတဲ့အလှူ ကတော့ ရေရှည်ခရီးမှာ မှန်ကန်တည့်မတ်တဲ့အသိဥာဏ်နဲ့ ရေရှည်လျှောက်လှမ်းသွားစေနိုင် တဲ့ ဓမ္မဒါန အလှူ ဖြစ်ပါတယ်တဲ့..။
ဒါကြောင့် အိုဇာတာကောင်းချင်ရင်..တစ်သံသရာလုံးစာ ပညာအလင်း ရချင်ရင် ဓမ္မဒါန ကောင်းမှုတွေ လုပ်ရပါမယ်တဲ့..။
ကိုယ်သိတဲ့ တရားအသိ တစ်ကြောင်း၊တစ်ဂါထာ၊ စာတစ်ပုဒ်၊ စာအုပ်တစ်အုပ် စီဒီတစ်ချပ်ကစလို့ ကိုယ်သိသလို သိပါစေရယ်လို့ စေတနာ နဲ့ ပေးလှူတာ ဓမ္မဒါန ပါ..။
တရားပွဲ တွေ စီမံ လှူဒါန်းတာမျိုး..
စာသင်သားတွေ ကို ထောက်ပံ့ လှူဒါန်းတာ
ဓမ္မသင်တန်းတွေ…မှာ လှူဒါန်းတာတွေ..အကြုံးဝင်မှာပါ…။ ချဲ့ထွင်စဉ်းစားကြည့်ပါနော်..။ ဓမ္မစကြာ တို့ ပဋ္ဌာန်းတို့ ရွတ်ရင်တောင် နာယူနေတဲ့ နတ်များအတွက် ဓမ္မဒါန ပါလို့ စိတ်ညွှတ်လိုက်လည်းရပါတယ်..။
ဒီပါရမီ (၁၀) ပါးထဲက ပညာပါရမီ တစ်ခု ထဲကို ရွေးလုပ်ရမှာ တော့မဟုတ်ပါဘူး..။
ဆရာတော်ဘုရားသင်ကြားပေးတဲ့နည်းကတော့ ..မေတ္တာ ပါရမီက စဖြည့်လိုက်ပါတဲ့..။
မေတ္တာ ပါရမီ ဆိုတာ သူတစ်ပါး ကို မုန်းတဲ့စိတ်မပေါ် ၊ အကျိုးလိုလားစိတ် နဲ့ ရင်ထဲမှာ စိမ့်ကနဲ အေးကနဲ ဖြစ်မှ တကယ့်မေတ္တာဖြစ်တာပါတဲ့..။
မေတ္တာ ဖြစ်လာမှသာ ကျန်တဲ့ ပါရမီ ၉ပါးလုံး ကအလိုလို ပေါင်းစပ်ပါဝင်လာပြီးအလိုလို ဖြည့်ကျင့်ရာရောက်ပါတယ်တဲ့..။
မေတ္တာ ဓာတ်တွေ အလွယ်တကူဖြစ်ဘို့ ကျတော့ သူတစ်ပါး ရဲ့ကျေးဇူးကို သိတတ်ရပါတယ်။ ဖေါ်ပြရပါတယ်..။ အခွင့်သင့်ရင် ဆပ်ရပါတယ်..။
• မေတ္တာဖြစ်ပေါ်စေသော အနီးဆုံးအကြောင်း သည်ကျေးဇူးကိုဖေါ်ပြပေးခြင်းဖြစ်သည်။
• ကျေးဇူးမြင်ရင်မေတ္တာပေါ်သည်။ကျေးဇူးပျောက်ရင်မာန ပေါ်သည်။ လို့ ကျင့်ဆောင် လိုက်နာရပါတယ်..။
အဲဒီမေတ္တာ ဓာတ်ကို သာရအောင် ဆောင်နိုင်ရင် အရာရာအောင်မြင်ပါတယ် တဲ့..။
ဒါကြောင့် မို့ လို့ လေ…. တစ်လောကလုံးကိုကျေးဇူးတင်တဲ့အကြည့်နဲ့ သာကြည့်ပြီး ပေးဆပ်နိုင်ဘို့သာ ကြိုးစားပါတော့တယ်..။
ဒါဆို ရင် **ပင်ကိုဥာဏ်နုံနဲ့ရသူမဖြစ်အောင် ဘယ်လိုပါရမီတွေ ဖြည့်ကျင့်ရမလဲ** ဆိုတဲ့ ဖြည့်ကျင့်ရမဲ့ ပါရမီ ကို သိလောက်ပြီလို့ ယူဆရပါတယ်ရှင့်..။

မေတ္တာဖြင့်
သစ္စာအလင်း
* ခေတ္တ မက်စ်ဟိုတယ်၊နေပြည်တော်*

Sunday, April 5, 2015

ပင်ကိုဥာဏ်နုံနဲ့သူမဖြစ်အောင် နှင့် ပါရမီ (၁၀) ပါး


 
ပင်ကိုဥာဏ်နုံနဲ့သူမဖြစ်အောင် နှင့် ပါရမီ (၁၀) ပါး
================================
ကျွန်မ ရဲ့ ဓမ္မမိတ်ဆွေ တစ်ဦးက နေပြီးဘဝ...ဘဝတွေမှာ ကျင်လည်နေရတုန်း ပင်ကိုဥာဏ်နုံနဲ့ရသူမဖြစ်အောင် ဘယ်လိုပါရမီတွေ ဖြည့်ကျင့်ရမလဲ။ ဆောင်းပါးလေးရေးပေးပါလို့ တောင်းဆိုလာတာနဲ့ ဒီစာစုလေးကိုရေးဖြစ်ခဲ့ပါတယ်..။
ပါရမီဆိုတဲ့ စကား လုံးကို လယ်တီဆရာတော် ဘုရားကြီး ရဲ့ "ဥတ္တမပုရိဿ ဒီပနီ" ကျမ်းမှ ထုတ်နှုတ်ထားတာကတော့
ပါရမီ = မြတ်သော ဘုရားလောင်း စသော သူတော်ကောင်း တို့၏ ကုသိုလ်ကံ တရားစု၊ နိဗ္ဗာန်ဟူသော တဖက်ကမ်းသို့ ရောက်စေတတ်သော ကုသိုလ်ကံ တရားစု။ ရယ်လို့ ဖေါ်ပြထားပါတယ်..။

ပုံပါ စာသားလေးအတိုင်းကတော့ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရား ရဲ့ ပါရမီ၁၀ပါး သရုပ်ပြပုံလေးဖြစ်ပါတယ်..။ ဆရာတော်ဘုရားကြီး ကတော့ ပါရမီကို အိုနာသေဖက်ကမ်း မှ အိုနာသေ လွတ်ရာဖက်ကမ်းသို့ရောက်စေသော အလုပ်လို့ ဖွင့်ဆိုထားပါတယ်..။

ကျွန်မတို့ အားလုံး ရဲ့ ကျေးဇူးတော်ရှင်မြတ်စွာ ဘုရား သည် သာမန် လူ ဘ၀ ကနေ ၃၂ပါးသမိုက်ထားသော ယောင်္ကျားမြတ်တို့ ရဲ့ လက္ခဏာတော် တို့ နဲ့ ပြည့်စုံသော ဘုရားအဖြစ်သို့ ရောက်စေခဲ့တာ ဒီ ပါရမီ ၁၀ပါး ကိုလေးသင်္ချေ ကမ္ဘာတစ်သိန်း တိုင်အောင် ဘ၀အဆက်ဆက် ဖြည့်ကျင့်ခဲ့လို့ ပဲဆိုတာကို ဒီသရုပ်ဖေါ်ပုံလေး နဲ့ ရှင်းလင်းပြပါတယ်..။

ပါရမီ (၁၀) ပါး တွေကတော့
၁။ ဒါနပါရမီ= ပစ္စည်းဥစ္စာ၊ ကိုယ်အင်္ဂါနှင့် အသက်ကိုစွန့်လှူခြင်း။

၂။ သီလပါရမီ = ငါးပါသီလ၊ ရှစ်ပါးသီလ စသည်တို့ကို စောင့်ထိန်းခြင်း။

၃။ နေက္ခမ္မပါရမီ = လူ့ဘောင်လောက နှင့် ကာမဂုဏ်အာရုံများကို စွန့်လွတ်တောထွက်၍ ရသေ့ရဟန်းပြုခြင်း။

၎။ ပညာပါရမီ = လောကီပညာ လောကုတ္တရာ ပညာတို့ကို သင်ယူဆည်းပူး ကျင့်ကြံခြင်း၊ သူတစ်ပါးတို့အား သင်ပြပေးခြင်း။

၅။ ဝီရိယပါရမီ = မိမိအကျိုး၊ သတ္တဝါများ အကျိုးအတွက် သက်စွန့်ကြိုးပမ်းကာ အစွမ်းကုန် ကြိုးစားအားထုတ်ခြင်း။

၆။ ခန္တီပါရမီ = ဒေါသမထွက်၊ စိတ်ပျက် အားငယ်မှုမရှိ၊ မွန်မြတ်ကြည်အေးစွာ အလျော့ပေး၍ သည်းခံခြင်း။

၇။ သစ္စာပါရမီ = မုသားမပြော၊ သူတစ်ပါးအားမထိခိုက်စေပဲ မှန်ကန်ဖြောင့်မတ်စွာ ပြောဆိုလုပ်ကိုင်ခြင်း။

၈။ မေတ္တာပါရမီ = သတ္တဝါများကို မိမိနှင့် ထပ်တူပြု၍၊ ချစ်ခင်ကာ အများချမ်းသာ ကောင်းစားရန်ဆောင်ရွက်ခြင်း

၉။ အဓိဌာန်ပါရမီ = တစ်စုံတစ်ခုသော ကောင်းမှုကိုပြုလုပ်ရန် စိတ်ဖြင့်ဆုံးဖြတ်ပြီးနောက်ဆုံးဖြတ်သည့်အတိုင်း အောင်မြင်အောင်ပြုလုပ်ခြင်း

၁၀။ ဥပေက္ခာပါရမီ = သတ္တဝါတို့အားမုန်းလည်းမမုန်း၊ ချစ်လည်းမချစ်၊ ဘက်မလိုက်ဘဲ မျှမျှတတ အလယ်အလတ်တည့်မတ်စွာ စိတ်မတုန်လှုပ်အောင်ထားခြင်း။ ရယ်လို့ လည်းသိရှိနိုင်ပါတယ်..။
ဆရာတော်အရှင်ဆန္ဒာဓိက က အတိုချုပ်မှတ်သားနိုင် အောင် လင်္ကာလေးစီပေးထားပါတယ်..။
ဒါန၊သီလ
နေက္ခမ္မ၊ ပညာ့
ဝိရိယာ။
ခန္တီ၊သစ္စ
ဓိဋ္ဌာန၊ မေတ္တ
ဥပေက္ခာ ။လို့ အလွယ် မှတ်မိနေစေပါတယ်..။ ဒီပါရမီ တွေ ရဲ့ အဓိပ္ပါယ် တွေအရဆိုရင် သူတစ်ပါးကို လောကီပညာ လောကုတ္တရာ ပညာတို့ကို သင်ယူဆည်းပူး ကျင့်ကြံ ရာမှာ အားပေးခြင်း၊ကိုယ်တိုင်လည်းကျင့်ကြံခြင်း။ သူတစ်ပါးတို့အား သင်ပြပေးခြင်း။ ဆိုတဲ့ ပညာပါရမီ ဖြည့်ကျင့်စေရင် ဘ၀ အဆက်ဆက် တူသောအကျိုးဖြင့် ပင်ကိုဥာဏ်နုံနဲ့ရသူမဖြစ် တော့ ပါဘူး..။
ပညာသည် ရှေ့ဖြစ်မဲ့ အမှားအမှန်ကို ဝေဖန်ခွဲခြားတတ်တဲ့ အလင်း ကိုဆောင်တတ်တာမို့ အလင်းရောင် အလှူ တွေ လှူ ခဲ့ရင်လည်း ဥာဏ်အလင်း၊ သစ္စာအလင်းတွေ ထွန်းလင်းစေမှာဖြစ်ပါတယ်..။
ကျွန်မ အတွေ့အကြုံ အရ ပြောရရင်…ကျွန်မ ရဲ့ သားသမီးတွေ ကို ပညာရေးအဆင်ပြေအောင်တက္ကသိုလ် တက်ကတည်းက တရားစာအုပ်များလှူဒါန်းခိုင်းပါတယ်..။ ကျောင်းအားရင်လည်း မိဘမဲ့ကျောင်းတွေ မှာ စာလိုက်သင်ခိုင်းပါတယ်..။ မိဘမဲ့ကလေးတွေအတွက် ဗလာစာအုပ် တွေ လှူခိုင်းပါတယ်..။ ကျွန်မ က အဝေးမှာ နေရပြီး တစ်နှစ်မှ တစ်ခါ သာမြန်မာပြန်လာနိုင်တာမို့ သေချာစေတဲ့နည်း တွေ ပေးရပါတယ်..။ ကိုယ်သိသလို သူများသိပါစေ..။ သိတဲ့ အတွက်အကျိုးရှိပါစေဆိုတဲ့ စိတ်စေတနာလေးထည့်ပေးလိုက်တာ တော်တော်လေး အဆင်ပြေလာ တာတွေ့ရပါတယ်..။ သူတို့ မောင်နှမ နှစ်ယောက်လုံး နိုင်ငံခြားပညာသင် စကောလားရှစ်များလည်း ရကြပါတယ်..။
ကျေးဇူးတော်ရှင်ပိုင်းလော့ဆရာတော်ဘုရားသင်ပေး ဘူးတာကတော့ ပညာတတ်တဲ့ လူတွေ ၊ အသိပညာပြည့်စုံတဲ့သူတွေ တွေ့ရင် မုဒိတာ တရားပွားပေးရမယ်..။ မနာလိုစိတ်တစ်စက်မှ မရှိရဘူး တဲ့..။ ပညာပြည့်စုံမှုကို ၀မ်းသာပေးရပါတယ် တဲ့..။တချို့ဆို အမှတ်မဲ့ ပြောမိတာ..ဥာဏ်ကလည်းထိုင်းလိုက်တာ စာသင်ပေးမနေနဲ့ ဆိုတာမြည်တွန်တောက် တီးမိရင် ကိုယ်လည်းဘ၀အဆက်ဆက် ပညာမတတ်ဖြစ်ရပါတော့တယ် တဲ့..။
အခု ခေတ် ဆိုရင်လည်း ကိုယ်လည်းမသိပဲ နဲ့ ဒေါက်တာဘွဲ့ ဆိုတာအလကား ဘာမှ တတ်တာမဟုတ် ဘူး..။စသည်ဖြင့် နှိမ့်ချပြောဆိုကြတာ သတိထားဘို့ လိုပါတယ်..။ ကိုယ် ကဘယ်လိုကြိုးစားကြိုးစား၊စာတော်သော်လည်း ဒေါက်တာဘွဲ့ မရဖြစ်တတ်ပါတယ်..။ဝစီဗေဒ၊ထိတိုင်းရှ…တူသောအကျိုးပေးတတ်ပါတယ်..။
ဆရာတော်ဘုရားသွန်သင်ဘူးတာကတော့…
နေ့စား လူတွေ တွေ့ လားတဲ့..တစ်နေ့စာ စီမံပြီးလှူခဲ့လို့ တဲ့..။
လခစား တွေတွေ့လားတဲ့….တစ်လစာ..ရေတို..စသည်ဖြင့်အကျိုးများအောင် စီမံလှူဒါန်းခဲ့လို့ ပါတဲ့..။
ဒီလိုပဲ တစ်နှစ်စာ..တစ်ဘ၀စာ ..တစ်သံသရာ လုံးစာ အကျိုးများစေတဲ့အလှူ ကတော့ ရေရှည်ခရီးမှာ မှန်ကန်တည့်မတ်တဲ့အသိဥာဏ်နဲ့ ရေရှည်လျှောက်လှမ်းသွားစေနိုင် တဲ့ ဓမ္မဒါန အလှူ ဖြစ်ပါတယ်တဲ့..။
ဒါကြောင့် အိုဇာတာကောင်းချင်ရင်..တစ်သံသရာလုံးစာ ပညာအလင်း ရချင်ရင် ဓမ္မဒါန ကောင်းမှုတွေ လုပ်ရပါမယ်တဲ့..။
ကိုယ်သိတဲ့ တရားအသိ တစ်ကြောင်း၊တစ်ဂါထာ၊ စာတစ်ပုဒ်၊ စာအုပ်တစ်အုပ် စီဒီတစ်ချပ်ကစလို့ ကိုယ်သိသလို သိပါစေရယ်လို့ စေတနာ နဲ့ ပေးလှူတာ ဓမ္မဒါန ပါ..။
တရားပွဲ တွေ စီမံ လှူဒါန်းတာမျိုး..
စာသင်သားတွေ ကို ထောက်ပံ့ လှူဒါန်းတာ
ဓမ္မသင်တန်းတွေ…မှာ လှူဒါန်းတာတွေ..အကြုံးဝင်မှာပါ…။ ချဲ့ထွင်စဉ်းစားကြည့်ပါနော်..။ ဓမ္မစကြာ တို့ ပဋ္ဌာန်းတို့ ရွတ်ရင်တောင် နာယူနေတဲ့ နတ်များအတွက် ဓမ္မဒါန ပါလို့ စိတ်ညွှတ်လိုက်လည်းရပါတယ်..။
ဒီပါရမီ (၁၀) ပါးထဲက ပညာပါရမီ တစ်ခု ထဲကို ရွေးလုပ်ရမှာ တော့မဟုတ်ပါဘူး..။
ဆရာတော်ဘုရားသင်ကြားပေးတဲ့နည်းကတော့ ..မေတ္တာ ပါရမီက စဖြည့်လိုက်ပါတဲ့..။
မေတ္တာ ပါရမီ ဆိုတာ သူတစ်ပါး ကို မုန်းတဲ့စိတ်မပေါ် ၊ အကျိုးလိုလားစိတ် နဲ့ ရင်ထဲမှာ စိမ့်ကနဲ အေးကနဲ ဖြစ်မှ တကယ့်မေတ္တာဖြစ်တာပါတဲ့..။
မေတ္တာ ဖြစ်လာမှသာ ကျန်တဲ့ ပါရမီ ၉ပါးလုံး ကအလိုလို ပေါင်းစပ်ပါဝင်လာပြီးအလိုလို ဖြည့်ကျင့်ရာရောက်ပါတယ်တဲ့..။
မေတ္တာ ဓာတ်တွေ အလွယ်တကူဖြစ်ဘို့ ကျတော့ သူတစ်ပါး ရဲ့ကျေးဇူးကို သိတတ်ရပါတယ်။ ဖေါ်ပြရပါတယ်..။ အခွင့်သင့်ရင် ဆပ်ရပါတယ်..။
• မေတ္တာဖြစ်ပေါ်စေသော အနီးဆုံးအကြောင်း သည်ကျေးဇူးကိုဖေါ်ပြပေးခြင်းဖြစ်သည်။
• ကျေးဇူးမြင်ရင်မေတ္တာပေါ်သည်။ကျေးဇူးပျောက်ရင်မာန ပေါ်သည်။ လို့ ကျင့်ဆောင် လိုက်နာရပါတယ်..။
အဲဒီမေတ္တာ ဓာတ်ကို သာရအောင် ဆောင်နိုင်ရင် အရာရာအောင်မြင်ပါတယ် တဲ့..။
ဒါကြောင့် မို့ လို့ လေ…. တစ်လောကလုံးကိုကျေးဇူးတင်တဲ့အကြည့်နဲ့ သာကြည့်ပြီး ပေးဆပ်နိုင်ဘို့သာ ကြိုးစားပါတော့တယ်..။
ဒါဆို ရင် **ပင်ကိုဥာဏ်နုံနဲ့ရသူမဖြစ်အောင် ဘယ်လိုပါရမီတွေ ဖြည့်ကျင့်ရမလဲ** ဆိုတဲ့ ဖြည့်ကျင့်ရမဲ့ ပါရမီ ကို သိလောက်ပြီလို့ ယူဆရပါတယ်ရှင့်..။

မေတ္တာဖြင့်
သစ္စာအလင်း
* ခေတ္တ မက်စ်ဟိုတယ်၊နေပြည်တော်*

Friday, April 19, 2013

သိလာရတဲ့ နိယမတရား(သို့) တူသောအကျိုးပေး



ဒီနှစ်သင်္ကြန်ကုန်ဆုံးပြီး၁၃၇၅ ရယ်လို့အမည်တွင်တဲ့နှစ်သစ်တစ်ခုကို ကူးပြောင်းရောက်ရှိခဲ့ပါပြီ..။ သတင်းအချက်အလက်တွေကော သူငယ်ချင်းအပေါင်းအသင်းတွေအကြောင်းကော စုံလင် စွာ တစ်ထိုင် တည်း သိခွင့်ရ တဲ့ အခြေအနေ ကို တိုးတက်ရောက်ရှိလာ နေတယ်ဆိုတော့လည်း... ၁၃၇၄ ကတော့အမှန်အမှား များစွာကြားမှာ ပဋိပက္ခများစွာကြားမှာ ယိုင်ယိုင် နဲ့နဲ့ ခြေလှမ်းတွေ နဲ့ လက်ပြနှုတ်ဆက် ထွက်ခွာသွားခဲ့ ပါပြီ။

ပူပြင်းတဲ့နွေဦးရဲ့ လန်းဆန်းနုမျစ် တဲ့ စိမ်းရွက်သစ်လေးတွေ တစ်ဝေဝေ နဲ့ ၁၃၇၅ ဆိုတဲ့အချိန် ကာလလေးကထွက်ပြူ အားယူလျက်ရှိပါပြီ..။

မင်္ဂလာပါ..အိုနှစ်သစ်..။

ဒီနှစ်သစ်မှာကျွန်မ လည်းအတွေးသစ် အမြင်သစ် ခံယူချက် အသစ်တွေ ရှာဖွေချင်တယ်..အားနဲ့ အင် နဲ့ ရပ်တည်မှုတည့်မတ် ခိုင်ကျည် ချင်ပါတယ်..။

ကျေးဇူးတော်ရှင်ပိုင်းလော့ဆရာတော်ဘုရား ရဲ့ တရားတော် ဆုံးမစကားတွေ ဟာ လက်တွေ့ ဘဝ မှာ အသုံးချစရာ လမ်းညွှန်ချက်တွေပါဝင်တတ်တာမို့ ကျွန်မက တပည့်ရင်းပီသ စွာ လက်ခံကျင့်သုံး ရင်း လမ်းမှန်ပေါ်လျှောက် လူတစ်ယောက်ဖြစ်လိုလှပါတယ်..။

ဘယ် ဟာက အမှန်လဲ..ဘယ်ဟာက အမှားလဲ။
ဘယ် အရာကိုဖယ်ရှားလို့ ဘယ် အရားကို ကျင့်သုံးရမည် လဲ။
ဘယ် အရာကိုချိုးနှိမ်လို့ ဘယ် အရာကို မြှင့်တင်ရမည် လဲ..။ လဲ ပေါင်းများစွာ ဟာ ကျွန်မလိုပဲ အားလုံးရဲ့ရင်ထဲမှာ ရှိမယ် လို့ ကျွန်မထင်ပါတယ်..။

သင်္ကြန်ရက်အတွင်း ဆရာတော်ဘုရား ဟောကြားတော်မူ တဲ့ တရားတော် တွေကို ပြန်လည် နာယူရပါတယ်။
 လက်တွေ့နယ် ပယ် က လက်ခံကျင့်သုံးမှုတွေနဲ့  လောကနယ် က အမှန်အမှားတွေက ရပ်တည်ရခက် ဆုံးဖြတ်ရခက်ခက်ရင်ဆိုင်နေရတာ အမှန်ပါပဲ..။

လောကနယ် မှာကတော့ ကိုယ့်အမြင်နဲ့ကိုယ်မှန်ကြတာပဲ..။ သမုတိသစ္စာ နယ် မှာ အမှန်တရားဆိုတာ မရှိပါဘူးတဲ့။

ပြောရခက်လှပါတယ်...ဆုံးဖြတ်ရခက်လှပါတယ်..။ကျင့်သုံးမှုတွေ၊ ယုံကြည်ချက်တွေ..ဘဝ အနေအထားတွေ နဲ့ ချိန်ထိုးချင့်တွက်ကြရင် သူ့ နေရာနဲ့သူတော့  မှန်နေတတ်ကြ တာကိုး..။

လက်ဖမိုးနဲ့ လက်ဖဝါး ဥပမာဆိုတာကလည်း ဖန်တရာတေ နေတဲ့လက်သုံးစကားတစ်ခု ပေကိုး။

ဥပမာ...ယောင်္ကျားကအပျော်ကျူးတယ် ၊ ပွေတယ် ..အငယ်ထား..တယ် ယောင်္ကျား ဘက်ကတော့ ပြောတာ မိန်းမ ကတာဝန်မကျေလို့ တဲ့ သူ့အယူအဆနဲ့ သူတော့ မှန်နေတာ ပဲ။

လက်ညှိုးထိုးပြရင်ရိုင်းတယ် တဲ့ မလေးရှားဘက် မှာ အဲလို မပြဘူး၊ လက်မ နဲ့ ထိုးထိုးပြကြတယ်။

ဆက်ဆံရေးမှာ ရိုရို သေသေ နူးနူးညံ့ညံ့ ပြောရင် မိန်းမရှာ ပြောခံရတယ် ..ခပ်ထန်ထန် ပြော မှာ ယောင်္ကျားပီသတယ် တဲ့။

အရက်ကြိုက်တဲ့သူကလည်း သောက်မှ စားကောင်း အိပ်ကောင်းတယ် တဲ့။ဆေးအဖြစ်မှီဝဲတယ် ဆိုပဲ။

ကျွန်မအတွက်လည်းတစ်ခါကြုံဘူးတယ်..။ ကျွန်မတို့အေအိုင်တီ ကျောင်းသူဘဝ မှာ တုံးကပေါ့လေ..။ကျွန်မတို့ဘွဲ့ ယူတဲ့အချိန်ကျရင် ပန်းစည်း ရဘို့ အရမ်းမျှော်လင့်ကြပါတယ်။ ပန်းစည်းရရင် ပျော်ကြတာကိုး။လူချစ်လူခင်များ တဲ့သူက အဲ ဒီအချိန်ကျရင် ပန်းစည်းတွေကို စီနီယာ ဂျူနီယာတွေကပေးကြတယ်..။အဲဒါတွေ အားလုံးကို ပွေ့ပိုက်ပြီး ဓာတ်ပုံ ရိုက်ကြတာ ..ကျောင်းပြီးလို့ ပျော်တာရော...ပန်းစည်းရလို့ပျော်တာရော ပီတိလွှမ်းသော ကာလ များပေါ့လေ..။

အဲ ...ကျွန်မအီတလီရောက်တော့ ပန်းစည်းက တော်တော်လေးစကားပြောပါတယ်..။ စနေနေ့သာရှိတဲ့ ကျွန်မတို့မြို့ကဈေးမှာပန်းဝယ်တဲ့အခါ စည်းရောင်းလေ့ရှိတာမို့ ကျွန်မက ပန်းစည်း အမြဲဝယ်ပါတယ်..။ ဘုရားအိုးထိုးဘို့ပါ။ သူတို့ကစက္ကူလေးနဲထုပ်ပြီး လှလှပပ စည်းကြတာကိုး။ ရက်ကြာတော့ပန်းသည်က ကျွန်မကိုမေးပါတယ်..။ကျွန်မရဲ့ အာရှသူမျက်နှာ က ပန်းစည်းဝယ်လို့ အံ့သြနေတာ တဲ့ ဒီမြို့မှာ အမျိုးရှိလား..။ဘာလို့ သင်္ချိုင်းကို ခဏခဏ သွားတာ လဲမေးတော့မှအဖြေပေါ်ပါတယ်..။ အသုဘ ချတဲ့ အခါ များမှာလည်းလှပသောပန်းစည်းများကိုင်လျက် အသုဘကားနောက်က တန်းစီလိုက်ကြ တာမျက်ဝါးထင်ထင် တွေ့လိုက်မှ ရှင်း သွားပါတယ်..။ အော် အေအိုင်တီမှာကျွန်မတို့ ဘွဲ့ယူချိန် မက်မက်မောမော လိုချင်ခဲသော့ပန်းစည်း မှာ အီတလီမှာ သေဆုံးသူအတွက်လက်ဆောင် ပါတကား။ရောမမြို့ သချုင်္ီင်း နားက စည်ပင်လှပနေသောပန်းဆိုင်တန်းကြီးမြင်တိုင်း ကျွန်မ ရဲ့ ပန်းစည်းဥပါဒါန် လွင့်ပါးရပါတော့တယ်..။

တစ်ခါ.... Lab Coat အဖြူရောင်လေး  ။ ကျွန်မ စီနီယာများကအေအိုင်တီလာရင် Lab Coat အဖြူလေး ချုပ်ခဲ့ဘို့ မှာပါတယ်..။ ကျွန်မ စိတ်ကြိုက် ပိတ်သားလေးနဲ့ လက်တိုလည်းမဟုတ် လက်ရှည် လည်းမဟုတ်အောင်သေချာ ချုပ်ပါတယ်..။ ကျွန်မက Biotechnologyကျောင်းသူဆိုတော့ Lab ထဲမှာ ဝတ်ရရင် ဂုဏ်ယူသလိုလို..ဓာတ်ပုံများပင် ရိုက်လို့ ဂုဏ်လုပ်ခဲ့တာ..။ အဲ အီတလီရောက်တော ကျွန်မတို့မြို့ က မာစလားရီးယား လို့ခေါ်တဲ့ အသားတွေ သီးသန့်ရောင်းတဲ့ဆိုင်က လူတွေရယ်... ဒီန်ခဲတွေ သီးသန့်ရောင်းတဲ့ဆိုင်က  လူတွေရယ် ကုတ်အဖြူလေး တစ်လွှားလွှား နဲ့ လမ်းသလားကြဈေး ရောင်းကြဆိုတော့...။ ကျွန်မလည်း .နည်းနည်းတော့စဉ်းစားစရာဖြစ် ပြီးLab Coat သံယောဇဉ်အေအိုင်တီ ထက်တော့လျော့နည်းသွားတာ ... တော့အမှန်ပဲ..။

ပန်းစည်းတိုLab Coat ဆို့ ဆိုတာတွေက အရေးမကြီးသောရီစရာတွေ ဖြစ်ပေမဲ့ အရေးကြီးတဲ့ အမှားအမှန်ကိစ္စတွေ မှာ ကျွန်မ ရပ်တည် ချက်မှန်ချင်လှပါတယ်။

ပိုင်းလော့ဘုန်းဘုန်းက စာရေးဆရာ ဦးချစ်ဦးညို ပြော တဲ့ အမှန်တရားဇာတ်လမ်းကို ပြန် ပြောပြတယ်..။
အမှန်တရားသည်ရေအိုးထဲ တွင် ရှိသည် ။ ဆိုပြီးရေအိုးတစ်လုံးချ ထားပါတယ်..ရေအိုးကို ဝိုင်းကြည့်တဲ့အခါဘာမှ ရှိမနေပါဘူး။ဆရာကြီးက သက်သေထူတဲ့အနေနဲ့ ပုံပြင်တစ်ခု ဆက်ပြောပါတယ်။
တစ်ခါက ရွာတစ်ရွာနားမှာ နေထိုင်တဲ့မျောက်အုပ် တစ်အုပ်က ရွာလယ်ခေါင်မှာ က တည်ပင်ကြီး ရင့်မှည့်ချိန်မှာ စားချင်ကြတော့ မျောက်ခေါင်းဆောင်ကြီး ကိုပြောပါတယ်..။ရွာလယ်ခေါင်မို့အန္တရာယ် ရှိတာမို့မသွားသင့်ဘူးပေါ့လေ..။  တည်သီးတွေ ရင့်မှည့်ချိန်မှာမျောက်တွေကစားချင်တော့ ဆန္ဒ ပြကြတယ်..။ဒါကြောင့် လူတွေ အိပ်တဲ့အချိန် ဝင်စားကြပါလို့ ဆုံးဖြတ် ပေးပြီး ညအိပ်ချိန်မှာဝင်စားကြပါတယ်။
စားနေတုံးရွာသားတွေက နိုးလာ တော့မြင်သွားပြီးမျောက်တွေကို လိုက်ဖမ်းချောက်လှန့်ကြပါတယ်။ မျောက်ခေါင်းဆောင်က စစ်လိုက်တဲ့အခါ ဥာဏ်ကောင်းတဲ့မျောက်တစ်ကောင် ကျန်ခဲ့တာ တွေ့သွားပါတယ်..။ အဲဒီတော့မှစိတ်မပူ နဲ့ သူလာကယ်လိမ့်မယ် ဆိုပြီး စိတ်အေးကြဆက်စားကြ ပါတယ်..။

အဲဒီ ဥာဏ်ကောင်းတဲ့မျောက်ကအိမ်တစ်အိမ်က တမင်းအိုးတည်နေတဲ့ အဖွားအို ရဲ့ မီးဖိုက မီးစ ကို ယူပြီးအိမ်ခေါင်မိုးတွေကို မီးလိုက်ရှို့ ပါတယ်..။ အိမ်တန်းတွေ မီးလောင် တာတွေ့တော့ မျောက်အုပ်နောက်လိုက်တဲ့လူတွေ ပြန်ပြေး ကြပါတယ်။ အဲလို နဲ့ မျောက်တွေဟာ လူတွေ ရဲ့လက် က လွတ်မြောက်ခဲ့ပါတယ်..။

ဆရာချစ်ဦးညိုကမေးပါတယ်...မျောက်တွေ မီးရှို့တာ မှန်သလား ရွာသားတွေ
ကလည်းမျောက်တွေကို ရန်မူဘို့ နောက်ကလိုက်တာ ဘယ်သူ့ဘက် ကမှန်ပါသလဲ တဲ့..။
မျောက်ဘက်ကကြည့်တော့လည်း သူရဲကောင်း..ကယ်တင်ရှင်...။

အဲဒီအချိန်မှာသူ့ဘက် ကိုယ့်ဘက် သူ့အကြောင်းပြချက်..ကိုယ့်အကြောင်းပြချက်  နဲ့ သူ့ဟာသူမှန်ကြတော့တာပါ..။
ဘုန်းဘုန်းကဆုံးဖြတ်ပေးပါတယ်..။ သမုတိသစ္စာနယ် မှာ အမှန် ဆိုတာ က ဒီလိုပဲရှိတတ်တယ် တဲ့..။ သမီးမှတ်ရမှာကတော့***တူသောအကျိုးပေးကညင်းမရကြောင်း*** ပြောပြပါတယ်။  လောကနိယမတရား၊ ကံနှင့်အကျိုးပေး ဆိုတာ မျက်နှာ မလိုက်ကြောင်းကိုဆုံးမပါတယ်။

သူကမှားတယ်ကိုယ်ကမှန်တယ်...ကိုယ်ကမုန်းရင် ကိုယ်ကရှုံးပြန်ရော တဲ့။
မှားမှားမှန်မှန်...နိယမတရားမျက်နှာ မလိုက် တတ်ဘူးတဲ့။

ဘုန်းဘုန်းပြောပြတာကတော့ ကျောင်းထိုင်ဘုန်းကြီးပြိတ္တာ ဖြစ်တဲ့ဇာတ်လမ်း ဖြစ်ပါတယ်..။
နယ် တစ်နယ်မှာ ကျောင်းထိုင်ဘုန်းကြီးတစ်ပါး ကတရားအားထုတ်ထားတဲ့သူပါ..။ အမှတ်သတိလညှ်းရှိပါတယ်..။

သို့သော်လည်း သေခါနီးဆဲဆဲ...မှာ.. အလိုက်မသိတဲ့ ဒကာမ တစ်ဦးက** ဒီကျောင်း ဘယ်သူ့လက်အပ်မလဲ ဘုရား တဲ့ *** ဒီအချိန် မှာ မနောမှာ ပုံဖေါ် တော့တာက
ခွင့်လွှတ်ခြင်းမပါ..မုန်းလည်းမုန်း..ကျောင်းကို မရစေချင်တဲ့စေတနာ အတွေး တွေပါသွားတယ်။
အမှန်စင်စစ်တော့ကျောင်းထိုင်ဆရာတော်ဘုရား က အမှန်ပါ ..ကျောင်းလိုချင်တဲ့ ၅ဝါသာ ရှိတဲ့ ရဟန်းလေးက အမှားပါ။

သို့သော်လည်း အခိုက်အတန့်လေးမှာအမုန်း နဲ့ ပုံဖေါ် မိလိုက်ပါတယ်။ အဲဒီအချိန်မှာ အသက်ထွက်တော့ အသက်မထွက်ခင် အခိုင်အတန့်မှာစိတ်ကူးခဲ့တဲ့ အတွေးရဲ့ တူသော အကျိုးပေး ဖြစ်တဲ့ (အမုန်းဓာတ် လာဘ် ပိတ်ဓာတ်) ကို  ရရှိပြီး  ကျောင်းထိုင်ဘုန်းကြီး ပြိတ္တာ ဖြစ်ရရှာပါတယ်..တဲ့..။

လယ်တီဆရာတော်ဘုရားကြီးကြွလာမှ...သူများအပါယ်မကျအောင်တရားပြတဲ့သူတွေကကိုယ့်ကို ကို အပါယ် ကျအောင်လုပ်ရလား ဘာဖြစ်တာတုန်းဆိုပြီး ကျွတ်လွတ်အောင် လုပ်ပေးတဲ့ ဇာတ်လမ်းအားလုံး သိပြီးဖြစ်မှာပါ..။
မှားခြင်းအပေါ်အပြစ်ယူစိတ်နဲ့ တန်ဘိုးမဲ့စွာ နှိမ့်ချတွေးရင် တွေးမိသောသူ...မှာ ရှုံးပြန်ရပါတယ်။

လောကပညတ်..သူကအမှား..မုန်းသင့်လို့မုန်းတာပဲ ဘုန်းဘုန်း ရယ်....မမုန်းရဘူးလားလို့ ကျွန်မက စိတ်ထဲကနေ အထွန့် တက်မိပါတယ်..။

နိယမတရား..ကံအကျိုးပေးကတော့မျက်နှာမလိုက်ဘူး။
သူက မှားလို့ ကိုယ်ကမုန်းလည်း..မှားတာက သတ်သတ်..မုန်းတာကသတ်သတ်...လူကလည်းသတ်သတ်.မနောတံခါးကလည်းသတ်သတ်.အချိန်အခိုက်အတန့်ကသတ်သတ်...ဆိုတော့ ကိုယ့်ဘက် ကတစ်ဖန်ပြန်မှားရင် ကိုယ် ရှုံးရပြန်တာပါပဲတဲ့..။

ရှုံး မှာသိရက်နဲ့ မုန်းချင်လည်း မုန်းပါ... ရှုံးရင်လည်း ခံပါပေါ့လေ..။ အော်..တူသောအကျိုးပေး။တူသောအကျိုးပေး...။

စိတ် က တောင်မပြစ်မှားဝံ့ ပါတကား။

မကျေနပ်ဘူးရှင်းမယ်လင်းမယ် တိုက်မယ် ခိုက်မယ် ဆို ကိုယ် ပြန်ခံရတယ်.. ဘာသဘော လဲနော်..ပရမတ္ထ တရား ကမျက်နှာမလိုက်ဘူးလေ..တဲ့။

ကိုယ်လိုချင်တာရပြီးအမြန်ဆုံးစိတ်ချမ်းသာ ချင်ရင် သမုတိသစ္စာနယ် မှာအစူးနာထားတာတွေ နှုတ်ယူလိုက်ပါတဲ့။

အတိတ်ကိုတစ်စိမ့်စိမ့်ပြန်တွေး ..တစ်မြေ့မြေ့ဆွေးကာ အပြစ်တင် ပုံဖေါ် တာတွေ မလုပ်ပါနဲတော့တဲ့။

ဥာဏ်အရလည်းအတိတ်ခန္စ္ဒာတကယ် မရှိတော့သလို ကံအရလည်း***တူသောအကျိုးပေး*** .....ရယ်ပါ..။

-မုန်းတယ်ဆိုတော့ တဘက်သားဘဝ အောင်မြင်တာ ကြည့်ချင်တဲ့စိတ်မရှိပါလေတော့....ဒီတော့.တူသောအကျိုးပေးသည်.................................................။
-အထီးကျန်မိန်းမ ကလည်း ယောင်္ကျားကို  ပုံဖေါ်တိုင်းဒေါသဖြစတယ် မုန်းတယ် ။ ပွေတာတွေကို ရှုံ့ချပြောဆိုတယ်....သူကမှန်သော်လည်း  တူသော အကျိုးပေးသည်........................................။
-အမှားတွေထောက်ထောက်ပြပြီး သူ့ကို နှိမ့်ကိုယ့်ကို မြှင့်........တူသောအကျိုးပေးသည်....................။

(((မှားမှားမှန်မှန်မနောတံခါးမှာ ပုံဖေါ် ရင်ချစ်တဲ့စိတ်ကိုမလျှော့နဲ့တဲ့..။ ဘုရားရှင် က မေတ္တသုတ်က အလကားဟောထားတာမဟုတ်ဘူး။ လို့ဘုန်းဘုန်းကမိန့်ပါတယ်..။

*မာတာယထာနိယံပုတ္တဧကပုတ္တမနုရက္ခေ*
သားလေးတစ်ယောက်ထဲရှိတဲ့မိခင် အဲဒီသားလေးကို အကုန်ခွင့်လွှတ်နားလည် တယ်..။မှားလည်း ဆိုးဆိုးကောင်းကောင်းချစ်တဲ့စိတ်မလျှော့ဘူး။ချစ်တဲ့စိတ်နဲ့ ခွင့်လွှတ်ရပါတယ်..။ တဲ့..))

(((အခုတော့သူများမကောင်းကြောင်းညံ့တာတွေနှလုံးမသွင်းတော့ဘူး။ကိုယ်လုပ်မှ ကိုယ်ရမှာ..တချက်မှ အတိမ်းအစောင်းမခံဘူး။ကံသဘောကသိပ်နုလွန်းအားကြီး တယ် ။ တကယ် တည်ဆောက်တာနော်..ခွင့်လွှတ် ပြီးချစ်မယ် အရေးကြုံရင် မှန်အောင်ပြောပေးမယ်..အတတ်နိုင်ဆုံးအေးအေးဆေးဆေးလမ်းပြရမယ်..။မေတ္တာ နဲ့ အတူ ဗြဟ္မစိုရ် တရားလေးပါးက ပညာ ပါ မှရမှာ..။ ပညာ နဲ့ မေတ္တာ မပါပဲ အမှားပြင်လို့ မဖြစ်ဘူးလို့ ဘုန်းဘုန်းကဟောတော်မူပါတယ်။)))

ကျွန်မ တို့ကတော့ မှားကြလေသော တစ်ဘက်သားကို ကြီးကျယ်လှပတဲ့ မေတ္တာ တရားတွေ ထားနိုင်ဘို့၊မမုန်းဘို့ ဆိုတာ ခက်ကောင်းခက်ကြပါလိမ့်မယ်..။လောကနယ်ကအမှားတွေကို နားလည် ဘို့ ခွင့်လွှတ်ဘို့ လည်းပိုလို့ခက်လှပါသေးတယ်..။ မှားတဲ့သူကိုမုန်းမနေဘို့ လည်း ခက်တာပါပဲနော်..။

သို့ပါသော်လည်းဘုန်းဘုန်း ဆုံးမတဲ့ ပြိတ္တာ ဖြစ်ရတဲ့ကျောင်းထိုင်ဘုန်းကြီး ရဲ့ ****တူသောအကျိုးပေး****
ဆိုတဲ့ ဖြစ်ရပ်မှန်လေးကို ကျွန်မ တစ်ဆင့်မျှဝေခြင်းဖြင့် တော့အမုန်းဓာတ်များ ပြယ် လွင့်ကောင်းမယ်လို့ ကျွန်မမျှော်လင့်မိပါတယ်..။

အင်း..ပြောမဲ့သာပြောရတယ်..။ မနေ့ ည က လေဒီဂါဂါကို ရှုံးနိမ့်လို စိတ် နဲ့ ကလစ်အခါခါ နှိပ်မိတာကိုတော့ဘုန်းဘုန်းရေ ခွင့်လွှတ်တော်မူပါဘုရား။

အမုန်းတရားကင်းစင်သောမင်္ဂလာနှစ်သစ် ဖြစ်ကြပါစေသား။

မေတ္တာဖြင့်
သစ္စာအလင်း
(၁၇.၄.၂၀၁၃)

ဤစာစုဖြင့်ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားအားနှစ်သစ်ကူး ကန်တော့ပန်းဆင်အပ်ပါသည်ဘုရား။

Thursday, August 23, 2012

ပျောက်ဆုံး ခဲ့သော ထို အရာ


အမေထွား ပဲဆီသန့် လုပ်ငန်း က တောင်သူများကို ဟောပြောပွဲလေး လုပ်ချင်တယ်ဆိုပြီး ဖိတ်ကြားချက်အရ ကျွန်မဟာ မကွေးမြို့ကို ရောက်ခဲ့ရ ချိန်ဟာ မနက် ၂နာရီခွဲနေခဲ့ပါပြီ..။ကျွန်မရဲ့  စနေတနင်္ဂနွေ များကို ဘာသာရေး နှင့်ပရဟိတ လုပ်ငန်းများအတွက်သီးသန့် ရည်ရွယ် ထားခဲ့သော်လည်း တစ်ခါတစ်ခါ ခရီးထွက်ရက်များ နဲ့အတူ ပဲ့ပဲ့ ပါသွားတတ်တာကိုတော့ ကျွန်မလည်းမတတ်နိုင်ခဲ့ ပါ..။ အော်..အချိန် ..အချိန်.... ဝယ်လို့ ရရင် ဝယ်ချင်သား။

မနေ့က တော့ …စနေနေ့ဖြစ်နေတာ နဲ့ စနေတနင်္ဂနွေ ပညာဒါန သင်တန်းလေးကို အာရုံစိုက် မယ် ..စင်္ကပူ ကပြန်လည်ကြွရောက်တော်မူလာ တဲ့ဆရာတော်ဘုရားကိုလည်းမဖူးမျှော်ရသေးတာ နဲ့ မနက်အစောကြီး ထပြီး ရှမ်းပြည်လက်ဆောင်များ ခြင်းတစ်လုံး ဖြင့် စီစဉ်ကာ ဝါဆိုသင်္ကန်း လည်းကပ်လှူရန် ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော် ဘုရားရဲ့ ကျောင်းတော်သို့ ရောက်ရှိခဲ့ပါတယ်..။

တမြန်မနေ့ ညက စခန်းဝင်ယောဂီများကို ညတရားချီးမြှင့် ပေးခဲ့သော ဆရာတော် သည် အနည်းငယ်ပန်းလျ မှု ဒဏ်ကြောင့် အရုဏ်ဆွမ်း ဘုဉ်းအပြီးမှာ ကျိန်းစက်တော်မူနေခဲ့ပါတယ်..။ လန်းလန်းဆန်းဆန်း မျက်နှာတော်ကြောင့် အားအင်ပြည့်ဝ ကျန်းမာ လာခဲ့ပြီဆိုတာ နားလည် ရပေမဲ့ တရား ဟောသည့် လုပ်ငန်းများကို အားနဲ့ အင် နဲ့ လုပ်ကိုင်ဘို့ဆိုတာ ကတော့ အနားယူရန်များစွာလို အပ်နေပါသေးတယ်…။

ဆရာတော်ဘုရားက ကျွန်မ ရဲ့ ဓမ္မမိတ်ဆွေ မအေးအေးဇော် (ဆော်ဒီအာရေဗျ) မှ လာရောက်ဖူးမျှော် သွားတာ ကို ဝမ်းသာ အားရ မိန့်တော်မူပါတယ်..။ ဘုန်းဘုန်း ရဲ့ တရားတော်တွေကို ဖေ့စ်ဘုတ်မှာ မျှဝေ လို့ လာရောက်တာမို့ သမီး ကုသိုလ် ရပြီ လို့ ဆိုတာ ကိုလည်း မှတ်မှတ်ရရ ထည့်သွင်း မိန့်တော်မူပါတယ်..။ ကျွန်မ အလုပ်များ တယ်…ပျာယာခပ်တာတွေကို တတ်နိုင်သမျှ ထိန်းချုပ် ကာ အမှတ်သတိလေး နဲ့ ထိန်းကွပ် နိုင်ရန် ကြိုးစားနေရ တယ် ဆိုတာ ဆရာတော်ဘုရားက ရိပ်မိ နေပါတယ်…။

လာရောက်ဖူးမျှော် သူများ ကလည်း အလွန် ပဲ အလုပ်များကြသူတွေလည်းပါပေတာကိုး..။ တိုက်တိုက် ဆိုင် ဆိုင်..  (တကယ် ဆို အချစ်ပဲလို တယ်)…. ဆိုတဲ့ အဆိုတော် ချမ်းချမ်း ကလည်း ယောဂီများ ရဲ့ နေ့ဆွမ်း အလှူ ရှင် အဖြစ် တရားနာ ပရိသတ် ထဲမှာ ပါဝင်နေခဲ့သည် ပဲ..။

ပရိသတ် နဲ့ လိုက်ဖက်တဲ့ တရားတော်များ ကို အားအင် ဖျော့တော့သော်လည်း ကြိုးစားဟောပြော နေတာ မျိုးပါ..။ ကျေးဇူး ကြီးမားပါတယ် ဆရာတော်ဘုရား။
အဲဒီတရားတော် ထဲက ကျွန်မ မျှဝေ ပြောပြချင်တာကတော့ အလုပ်များသူ တွေအားလုံးအတွက် လက်တွေ့အသုံးတည့်နိုင်မဲ့ အချိန် ကို ပိုင်းခြား ထားပြီး စိတ်အေးအောင် နေတဲ့နည်းပါ..။

အဲဒီမှာ ဘုန်းဘုန်းက ကုသိုလ် ၊ အကုသိုလ် ဆိုတာကို အရင်ဆုံးရှင်းပြတော်မူပါတယ်..။ ကိုယ်ဖြစ်ချင်သလို မျှော်လင့်ပြီး ကိုယ်စိတ်ကူးပုံဖေါ်တာ နဲ့ လက်တွေ့ ရင်ဆိုင်ရတာ ကွာ ဟချက် ပေါ် ပြီဆိုရင် အလိုမကျခြင်း၊စိတ်တိုင်းမကျခြင်း ၊ အားမလို အားမရ ဖြစ်ခြင်းတွေဟာ နှလုံး အိမ်မှ တဆင့် တစ်ကိုယ်လုံး ကို အပူဓာတ် ပြန့်လွင့် ဆူဝေ လာတတ်တာ ဟာ အကုသိုလ် လှိုင်းတွေ ရိုက်ခတ် တယ် ဆိုတာ ရှင်းပြ တော်မူပါတယ်..။

ကုသိုလ် ဆိုတာကလည်း ကောင်းမှု ကုသိုလ် တွေ ဆောင်ရွက် တဲ့အခါ မျိုးမှာ စိတ် နဲ့ အာရုံ အဆင်ပြေ အောင်နှလုံးသွင်း နိုင်လို့ နှလုံးအိမ်က ဖြစ်ပေါ်လာတဲ့ အအေးဓာတ်ပီတိ ဆိုတာကတော့ ကုသိုလ် ရဲ့ အရှိန်အဝါ တစ်မျိုးပါ..။
တကယ်တော့ လည်းလက်တွှေ ဘဝ ထဲမှာ တရားတော်တွေကိုမေ့မေ့ပြီး ရှုပ်ထွေး လှတဲ့ အလုပ်တွေကြားမှာ ကုသိုလ် လုပ်နေရင်းနဲ့ကို စိတ် နဲ့ အာရုံ အဆင်ပြေ အောင်နှလုံးသွင်း နိုင် ဘို့ မေ့လျော့ကာ အပူဓာတ် တွေထွက်နေကြတာကိုလည်း အကုသိုလ် လို့ ဆင်ခြင်မိ တာနည်းပါတယ်..။

အဲဒီအပူဓာတ် တွေဟာ သတ္တဝါတွေကို အောက်ကိုစုန်ဆင်းစေတဲ့ အစုန်လမ်းဓာတ် ဖြစ်စေပါတယ်..။ကျွန်မ တို့အားလုံး လျှောက်လမ်း တဲ့လမ်းတွေ က တော့ လမ်းသုံးလမ်းသာ ရှိပါတယ်..။
၁။ အစုန်လမ်း ဆိုတဲ့ အကုသိုလ်
၂။ အဆန်လမ်း ဆိုတဲ့ ကုသိုလ်
၃။ နိဗ္စာန်လမ်း  ဆိုတဲ့ လွတ်မြောက်မှု တွေရယ် ပါ..။

ကိုယ့်ရဲ့ လုပ်ရပ်တိုင်းကို သတိဝင်လာ တာ နဲ့ ငါ ဘယ်လမ်းကို ရောက်နေပါလိမ့်..။ ဘယ်လမ်းကိုလျှောက် နေပါ လိမ့်…..။ စုန်ဆင်းတော့မှာ ပါလား ….ရယ် ဆိုတာ နဲ့ သတိဝင်လာရင် အပူဓာတ် ထွက်အောင်နှလုံးသွင်းမှုကို ရပ်တန့်မိပါတော့တယ်..။
အဲလို မပူ အောင် ဘယ်လို လုပ်ရမလဲ ဘုရား လို့ စိတ်ထဲ ကမေးခွန်းကို သိနေသည့်အလား ဆရာတော်ဘုရား က ဆက်လက်မိန့်တော်မူပါတယ်..။သတိပဋ္ဌာန် အားနည်းသော ကျွန်မတို့အားမိန့်ကြားပေးပါတယ်..။
အဲဒီအခါ မှာ ကျွန်မတို့ ဟာ အချိန် နဲ့ အလုပ်ကို ကို ခွဲစိတ် ကာ ပိုင်းခြား ကာ နေထိုင်တတ်ဘို့  စီမံတတ် စေတဲ့တရားတော်ကို နာကြားရပါတယ်……။

ကိစ္စ တစ်ခု လုပ်ဆောင် စရာကြုံလာခဲ့သည် ရှိသော်…. (ဒုက္ခပါပဲ…. စိတ်ညစ်လိုက်တာ…၊ စိတ်ရှုပ်လိုက်တာ လုပ်ရအုံးမယ်  ) ရယ်လို့ စိတ်က မြည်တမ်း ရေရွတ် ကာလည်း ပူပန် တတ်ကြတာ တွေအပြင် (သူ့ကြောင့်ခက်တယ်….၊ ဘယ်သူကြောင့် ..ဘယ်ဝ့ါကြောင့်..) စသည်ဖြင့်လည်း ကြောင့် တွေတပ်ပြီး အပြစ်ရှာတတ်တာတွေကလည်း အပူပေါ် အပူ ဆင့်ကြပြန်ပါသေးတယ်..။
အဲလို ကြုံခဲ့လျင်…. အဲဒီအပူတွေ ကို ဘယ် အချိန်ထိ ပူဘို့ လိုမလဲဆိုတဲ့ အချိန်ပိုင်းခြားမှု တစ်ခု ကိုရှာ ရပါတယ်..။ ကြိုတင်စီမံ ခွင့် လိုအပ်တဲ့အချိန်မှာတော့ စီမံ နိုင်အောင် ပူ တာ့ပူရမှာပဲပေါ့လေ..။ ဒါပေမဲ့လည်း အချိန်ပြည့်တော့(ငါ့နှယ် အလုပ်ရှုပ်လိုက်တာ..ရှုပ်လိုက်တာ နဲ့ ) ပူဘို့ လိုအပ်မနေဘူးဆိုတာ ကျွန်မ တို့ သွားတွေ့ ပါတယ်..။ ဥပမာ……. (ဘုန်းဘုန်း ရယ် အလုပ်တွေကများ.တစ်နေ့ တစ်နေ့.ရှုပ်လိုက်တာ ရှုပ်လိုက်တာ) နဲ့ တစ်ညည်းညည်း တစ်ညူတစ်ညူ ဖြစ်နေသူ ဘုန်းဘုန်း ရဲ့ ဆွေမျိုးတစ်ဦးကို ဘုန်းဘုန်းက ရှင်းပေးမယ် လို့ မိန့်တော်မူပါတယ်..။

မနက် ၅နာရီ နဲ့ ၆ နာရီကြား ဘာလုပ်မလဲ…… ဘာလုပ်မယ် ဘုရား။
၆နာရီ နဲ့ ၇နာရီ ကြား ဘာလုပ်မလဲ…… ဘာလုပ်မယ် ဘုရား။
၇နာရီ နဲ့ ၈နာရီကြား ဘာလုပ်မလဲ……. ဘာလုပ်မယ် ဘုရား။
၈နာရီ နဲ့ ၉ နာရီကြား ဘာလုပ်မလဲ…. လုပ်စရာမရှိပါ ဘုရား။

 စသည်ဖြင့် မေးခွန်းတစ်ခု ချင်းမေးပြီး စစ် လိုက် တဲ့ အခါအားလပ်တဲ့နာရီ ကြား က အချိန် လေးတွေ သွားတွေ့ လိုက်ပါတယ်..။
ထို အခါ  မပူပဲ နေလို့ ရတဲ့ဆိုတဲ့ အချိန်တစ်ခု ကို တွေ့ရပါလိမ့်မယ်..။ ထို အချိန် အတွင်း ထိုကိစ္စ ကို စဉ်းစားစရာ မလို ပဲအေးအေးဆေးဆေး နေနိုင်ပါတယ်..။

 အချိန် ကို တွေ့ပြီဆိုတာ နဲ့ ကိုယ့် ရဲ့ စိတ်ကို လက်တွေ့ဆန်တဲ့ ကိစ္စ ကိုစဉ်းစားမှသာ သတိပဋ္ဌာန် ဖြစ်တာ..ကိုလည်း ဆုံးမတော်မူပါတယ်..။

ရှုပ်တယ်ဆိုတာကတော့ အတိတ်က သူမှားတာ ကိုယ်မှားတာ ..ပြန်ယူ လို့ မရတော့တာ တွေကို ပြန်စဉ်းစား ရင်း ရှုပ်နေတတ်တာ၊ ဖြစ်မလာသေးတာ ကိုလည်း ငါဘယ်လို လုပ်မယ် ဘယ်လို ကြံမယ် စသည်ဖြင့် ရှုပ်နေတတ်တာ ကိုလည်းထောက်ပြတော် မူပါတယ်..။

အလုပ် မအားဘူးဆိုတာ တဏှာ က အပိုတွေ နဲ့ စီမံနေလို့ သာမအားတာ ဖြစ်ပါတယ်… ။

ကိုယ်ပိုင်အချိန်တွေဆိုတာ ရှာကြည့်ရင် အများကြီးရှိပါတယ်..။ ကျွန်မတို့ အလုပ်ရှုပ်အောင် စကားပြောတဲ့ အုပ်စုတွေ ကတော့ တဏှာ ဥပါဒါန် ဆိုတာ တွေပါ။ကိလေသာဝဋ် ၃ပါး ( အဝိဇ္စ္ဒာ ၊ တဏှာ ၊ဥပါဒါန်) အဲဒီ သုံးခု လွှမ်း ရင် မအားတော့ဘူး။ကိစ္စတွေအများကြီး ပေါ်လာတတ်တော့တာ..ရှုပ်ထွေးပြတော့တာ ဖြစ်ပါတယ်..။
ကိုယ်ပိုင်အချိန်တွေအများကြီး ရှိပါတယ် အဲဒါကို ရအောင် ယူပါ ..တဲ့။ မအားလို့ တရားမလုပ်နိုင်ဘူး လို့ပြော ကြတဲ့ သူတွေက များနေတာ ကိုး ..။
စိတ်က အမှောင်ဖုံးတာ နဲ့ မအားတော့တာ ဖြစ်ပါတော့တယ်..။

အဲဒီတရားနာပြီး  ဘုန်းကြီးကျောင်း က ပြန်ထွက် တဲ့ ကျွန်မ က ကျွန်မ ပျောက်ဆုံးနေတဲ့ အချိန်တွေကိုပြန်ရခဲ့ပါတယ်..။
မကွေး သွားဘို့ ကျောင်းက အထွက် Taxi ပေါ် တက်တဲ့အချိန်…အားနေပါတယ်..။ ကားဂိတ်ရောက်တော့ ၅နာရီ မတ်တင်း ၅နာရီခွဲမှ ကားထွက် မှာ ဆိုတော့ အချိန် ၄၅ မိနစ် ထပ်ရပြန်ပါတယ်..။ ကားထွက်ပြန်တော့လည်း ..အော် မကွေး မရောက်ခင် ထိ အချိန်တွေ ငါ ရနေတာ ပဲ ထပ်တွေ့ပြန်ပါသေးတယ်..။ ကျွန်မ စီးလာ တဲ့ *အောင်ကမ္ဘာ*  ကားက စောလွန်းလှစွာည ဘက် ၂နာရီခွဲ မှာ ဆိုက် ရောက်ခဲ့လေ တော့  မနက် ၄နာရီ လာကြို မယ် ပြောထားပြီး လာကြိုနေတဲ့သူမရှိ နေခဲ့ပါ။

 အဲဒီအခါ ၁၀ မိနစ်လောက် သတိလက်လွတ် ကာယောက်ယက်ခပ် ပြီး ပူသွားပါသေးတယ် ..။ ဟို ဖုန်းလှမ်းဆက် ဒီဖုန်းလှမ်းဆက် နဲ့..အဝေးက လူ ကလည်း ဘာမှ လုပ်မပေးတတ်… ။နောက်သတိဝင်လာတော့ ၄နာရီ လာကြိုမယ်  ဆိုထားတာပဲ..ကွာဟချက်ကြောင့်အပူဖြစ်ရင် ကိုယ် ရှုံးတော့မှာ..။

အစုန်လမ်း အစုန်လမ်းကို ဆင်းနေပါပကော.သတိဝင်လာ တာနဲ့..။အေးအေးဆေးဆေး ရန်ကုန် ကို ဖုန်း ပြန်ပြောရပါတယ်..။ကွာဟချက် ၁နာရီခွဲ တိတိ ကို ကားဂိတ်မှာ ကျွန်မ စောင့်နိုင်ပါကြောင်း..။

ကိုယ်ပိုင်ချိန် ထွက်ပေါ်လာတာကို အားရကျေနပ်စွာ လက် ခံ လိုက်ပြီး ချိန် ၁၅ မိနစ်လောက် ရောက်တဲ့အခါ မှာတော့ လာကြိုသော အဖွဲ့ က ဆိုက်ရောက်လာ ပါတော့တယ်..။

အဲဒီ နေ့ကစပြီး ကျွန်မ မအားပါ..အလုပ်ရှုပ်ပါတယ် ( တနည်းအားဖြင့် ဟိုနေရာ ဒီနေရာ…အကုန်ပါ၍ အရေးပါသူတစ်ဦး ဖြစ်ပါတယ်ရယ်လို့ ဂုဏ်လုပ်ကာ) ပြောဆိုခြင်းကို ရပ်တန့် လိုက်ပါတော့တယ်..။

မေတ္တာဖြင့်
သစ္စာအလင်း

Sunday, December 4, 2011

So What ..နှင့် သတိပဋ္ဌာန် မှသည် ခန္ဓာငါးပါး


<!--[if gte mso 9]> Normal 0 false false false EN-US X-NONE X-NONE


နိုင်ငံရပ်ခြား တိုင်းတစ်ပါး မှာနေထိုင်ရတယ် ဆိုတာ ကတော့ ထဲထဲဝင်ဝင် ဆက်ဆံနေထိုင်ရတဲ့ လူမှုဆက်ဆံရေးနယ်ပယ် ဟာ ကျဉ်းမြောင်း သွားပြီး… အပေါ်ယံသဘောလောက် ဆက်ဆံရတဲ့ နယ်ပယ် ကသာ ကျယ်လာ တာပါ..။

သည် လို အနေအထားကြောင့်ပဲ ထဲထဲဝင်ဝင် အတွင်းကျကျ ပေါင်းသင်းဆက်ဆံမှု ကြောင့်ပေါ်ပေါက် လာတတ်တဲ့စကားရှုပ်ထွေးမှုတွေ..ဒဏ်ကတော့အထိုက်အလျောက်တော့သက်သာခဲ့ရပါတယ်..။ ကျွန်မနေထိုင်ခဲ့ဘူး သောတိုင်းတစ်ပါးမှ မြို့ တွေကလည်း ဤလို နိုင်ငံမှ လူမျိုး ဤ တစ်ဦးသာ ရှိ၏လို ဆိုရလောက် အောင် အထီးကျန်ဆန်ဆန်လေးဖြစ်ခဲ့နေခဲ့ ရတာဖြစ်ပါတယ်..။

ရင်းရင်းနှီးနှီး နေထိုင်ဆက်ဆံလိုပြီး ရောရော နှောနှော မလုပ်လိုသောကျွန်မအတွက် ကျေနပ်စရာ လူမှုဆက်ဆံရေးနယ် ပယ်တစ်ခု တွေ့ရသလိုပါပဲ။

အချိန်များများ ကွန်ပျူတာ အဖေါ် လုပ် ကာ စာရေးစာဖတ်ချိန် များများရခဲ့တာမို့ ထို အချိန်များဟာ အဘိုးတန် မှန်း နားလည် တမ်းတနေမိပါသေးတယ်။

အချိန်ပိုများစွာရခဲ့သည့် ကျွန်မ ရဲ့ ဘ၀ အပိုင်းအစ တစ်ချို့ ဖြစ်ခဲ့သည် မို့လည်း တရားနာချိန် စာရေးချိန် ပိုရခဲ့ပြီး လေ့ကျင့်သင်ယူသူသဖွယ် ကားကိုကွင်းထဲ မှာ ထပ်ခါထပ်ခါ မောင်းကျင့် နေရသလို ဖြစ်ခဲ့ဘူးပါတယ်။

တကယ့် လက်တွေ့ ဘ၀ ထဲမှာ လေ့ကျင့် နာယူထားသော တရား ဓမ္မ နဲ့ အညီ နေထိုင်ကျင့်ကြံဘို့ကတော့ လွယ်ကူလှသည်တော့ မဟုတ်ပါ။ လေ့ကျင့်ကွင်းထဲမှ ထွက်ပြီး လမ်းပေါ် မှာကားတက်မောင်းသူလို ကျွမ်းကျင် မှု အစစ်အမှန်ကိုအားစမ်းခံရမြဲပါပဲ။

နာယူ မှတ်သားထား သော… ထုံခဲ့မွေ့ခဲ့သော တရား အနုအရင့် ကိုခွဲခြမ်း စိစစ် ရန် လမ်းစည်းကမ်းထိမ်း သိမ်းရေး ရဲများသဖွယ် စောင့်နေသူတွေတစ်ပုံတစ်ပင် …။

ချိုသာ နူးညံ့သော စကားလုံးများ၊ ရွှင်လန်းတက်ကြွသော အပြုံး တို့ နောက်ကွယ်မှာ ဘာတွေ ပါဝင် ပတ်သက်နေမလဲ ….ခန့်မှန်းတတ်လောက်အောင် ကျွမ်းကျင်လှသည်တော့မဟုတ်ပါ။ ဖြောင့်ဖြောင့်တန်းတန်း မဟုတ်သော ကွယ်ဝှက် အဓိပါယ်များ ပါဝင်သော စကားဆိုတာလည်း အရင်ကတည်းက ကျွန်မနားလည်လွန်းလှသော ဘာသာရပ် မဟုတ်ခဲ့ပါ.။

ပရိယာယ် များပြားလှသော လူမှုဆက်ဆံရေး များစွာ တို့ ကို ထိတွေ့ရတဲ့အခါ အဆင်ပြေပြေ မေတ္တာပြည့်ပြည့်၀၀ တည်ညိမ်ပြေပြစ်မနေတာတော့သေချာလှပါတယ်..။

အချိန်မီ သိမ်းဆည်းနိုင်ဘို့ သတိ တရား အမြဲထား တဲ့အကျင့်ကို ပြန်လည် အလေးဂရုပြုရပါတယ်။ မြန်မာပြည်ကိုပြန်ရောက်လာသော သစ္စာအလင်း အမှန်တကယ် လင်းမလင်း စာမေးပွဲတွေ ဖြေဆိုရတာ…ဆိုတော့ တစ်ဖုန်းဖုန်းကျ မနေ အောင် အောင်မှတ် ရအောင်မနည်းဖြေဆိုရပါတော့တယ်။

(ကိုယ့်စိတ်မှာ လောဘတို့ ဒေါသတို့ မောဟတို့ မာန တို့ ဣဿာ မစ္ဆရိယ တို့ ရှိနေတဲ့အခါ မှာ သူတို့ကို သတိနဲ့ မကြည့်တတ်လို့ရှိရင် တစ်ချိန်မဟုတ် တစ်ချိန်တော့ မလုပ်သင့်တာ လုပ်မိတတ်တာပါပဲ) လို့ ဆရာတော် ဦးဇောတိက ရဲ့ မင်္ဂလာတရားတော်များမှာ ဖတ်ရှု မှတ်သားခဲ့ဘူးပါတယ်..။

တရားတော်များကိုနားမလည် တဲ့အချိန် တွေမှာကော ငါ ဘယ်လို ကျော်ဖြတ်ခဲ့သလဲ ဆိုတာ အတိတ်ကို ပြန်လည် တွေးကြည့်မိပါတယ်..။

တက္ကသိုလ် တက်တဲ့အချိန်တုံး က ဆရာမ တစ်ဦးထံချဉ်းကပ် သင်ယူခဲ့ဘူးတယ်..။ အဲဒါကတော့ So What! နဲ့ရင်ဆိုင်ဘို့ပါ။ဆရာမရဲ့အတွေ့အကြုံအရပြောရရင် ရိုးသားကြိုးစားတဲ့ ပညာရှင် တစ်ယောက်အဖြစ်ရပ်တည်ဘို့ နိုင်ငံရပ်ခြားမှာ ပညာတော်သင်ဘ၀ နဲ့ တစ်ဦိးတည်း ရပ်တည်နေထိုင်ရတဲ့အချိန်မှာ ပါ။ အားငယ် ညှိုးချုံး စိတ်နှလုံး ညှိုးငယ်မှုကိုသူ့နည်းသူ့ဟန် နဲ့တိုက်ဖျက်ခဲ့တာ ဖြစ်မှာပါ။ စိတ်ဓာတ်ကြံ့ခိုင် ဘို့ရှာဖွေခဲ့သောနည်းလမ်းတစ်ခု ဖြစ်ပါလိမ့်မယ်။

သူ့အား ဝေဖန်သူ ရှုံ့ချသူ အထင်သေးသူ အပြစ်တင်သူ များကို So What! ဟုသာ တုံ့ပြန်ခဲ့ပါသတဲ့။

မြန်မာလိုအဓိပ္ပါယ်ကတော့(အေး ငါ့ကို နင်ဒီလိုပြောတာ..ကောင်းပြီလေ.. အဲဒီတော့ ဘာဖြစ်လဲ) ဆိုတဲ့ So What ကိုကျွန်မ အားအင်ပြည့်စွာရွတ်ဆို ခဲ့ဘူးပါတယ်..။ မျက်နှာကို စေ့စေ့ကြည့် ရင်ဆိုင်ပြီး တည်ညိမ်စွာ စိန်ခေါ်သော စကား ပါ။ မဆိုင်တာတွေ လျှာလာရှည်မနေနဲ့ ဆိုတာလည်း ပါကောင်းပါနိုင်ပါသေးတယ်။

ထိုသို့ ရဲရင့်မှုကို ကျွန်မလည်းသဘောကျမိတာ နဲ့ အရာရာကို So What!နှင့်ရင်ဆိုင် မိပါတယ်..။ လက်ခံသိမ်းပိုက်မှု မရှိတာမို့ ခါချပစ်လိုက်တာမို့ ကပ်ညိမှုလည်းမရှိခဲ့ပါ။ပူလောင်မှု မရှိသလို ပိုကောင်း အောင် သင်္ခန်းစာယူ ပြုပြင်တာမျိုးလည်း မရှိခဲ့ပါ..။

ကျောင်းပြီး လို့ အလုပ်ထဲ ရောက်လာချိန်မှာတော့ So What! ဖြင့်ပင် ဆက်လက်၍ ခရီးနှင် ခဲ့ပါတယ်..။ အရွယ်လေးရလာတော့ So What!၀တ်စုံ ရဲ့ မာန ပုံရိပ်ကို ခပ်ပါးပါး ခံစားတွေ့မြင်လာတတ်ပါတယ်။မေတ္တာ နဲ့စေစားချက်များ အတွက် ခံယူချက်တံခါး ချပ်များလည်း ပွင့်သင့်သလောက်ဖွင်မိ့ လာ ခဲ့ပါတယ်..။

ဒေါသစိတ် မာနစိတ်တွေ နဲ့ အပေါင်းအသင်းမလုပ်တော့ဘူး။ သူတို့ခိုင်းတာကိုမလုပ်ဘူး။ သတိနဲ့ ဥာဏ်နဲ့ ယှဉ် တဲ့စိတ်နဲပဲ အပေါင်းအသင်းလုပ်ပြီး တော့နေလိုက်တာပဲ။ အဲဒီလိုနေရင် ပညာရှိ သူတော်ကောင်းက ကိုယ့်စိတ်ထဲမှာပင်ရှိနေသလို ဖြစ်သွားကာ အေးချမ်းမှုရဲ့ရသ ကိုတစ်စွန်းတစ်စ မြည်းစမ်းကြည့် ရန် အကြောင်း တွေလည်း ဖန်လာပါတယ်။

မလုပ်သင့်တာကို လုပ်ဖို့မပြောနဲ့ တစ်ခါ တစ်လေစိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့အတွေးရှိတယ်။ ပင်ပန်းတယ် ဆင်းရဲတယ်။ အဲဒါကိုသတိထားမိရင် ဒီအတွေးကပင်ပန်းလိုက်တာ၊ ဆင်းရဲလိုက်တာ ၊ ဒီအတွေး က အတ္တဇွဲကြီးတဲ့အတွေး မာနကြီးတဲ့အတွေး၊ အဆင့်အတန်းနိမ့်တဲ့အတွေး ပူလောင်တဲ့ အတွေးတွေပါလား(ဒီလိုစိတ်မျိုး နဲ့ မနေချင်ဘူး) ဆိုတဲ့စိတ်ဖြစ်လာပါတယ်။

စိတ္တနိယမ အရ တစ်ကြိမ် ထဲမှာ စိတ် နှစ်မျိုးမဖြစ်နိုင်တာမို့ ကိုယ်ကသာ တစ်ကယ်မနေစေချင်လို့ ရှိရင် ပထမ ဖြစ်တဲ့ကိလေသာစိတ်ဟာ ပျောက်သွားတာမျိုးပါ..။ဧည့်သည် သဘောမျိုးပါ… ကိုယ်က လက်ခံပြုစုထားလေ သူကပျော်လေ နေမှာပါ။ နေစေချင်နေရင် တော့ တမင်တကာ ပြုစု မြင်ယောင်မွေးမြူရတော့တာပါပဲ။

ဘုရားဟောပါဠိမှာ အထောက်အထားတစ်ခုရှိပါတယ်။ (ပဘဿရ မိဒံ ဘိက္ခဝေ စိတ္တံ အာဂန္တုကေဟိ ဥပက္ကိလေသေဟိ ဥပက္ကိလိဋ္ဌံ) ..။စိတ်က ပြိုးပြိုးပျက်ပျက် အရောင်တစ်လက်လက် ထွက်နေပါတယ်။ကြည်လင် တောက်ပနေပါတယ်.။တဲ့ တကယ်တော့ အာရုံတွေကြောင့်ပွေလီလိုက်တဲ့ ဧည့်သည် စိတ်တွေကြောင့် သာ ညစ်နွမ်းနေရတော့တာပါ။

ကိုယ့်စိတ်ကိုယ် စောင့်ကြည့်ရင်း စောင့်ကြည့်ရင်းနဲ့ အတွေးတွေရှင်းသွားတဲ့အခါမှာ စိတ်ကကြည်လင် အေးချမ်းသန့်ရှင်းနေတယ်။ ကျေနပ်နေတယ် ပြည့်ဝနေတယ်..အဲဒီလို အခါမှာ အဲဒီလိုအသိ ညာဏ်မျိုး ရနေတဲ့အခါ မှာ အဲဒီစိတ်ကိုကြည့်နေရင်းနဲ့ကို င့ါဘ၀ဟာ အောင်မြင်တဲ့ဘ၀ ဖြစ်တယ်လို့ ခံစားရ တယ်။ ပစ္စည်းဥစ္စာရ လို့ အောင်မြင်တာ မဟုတ်ဘူးနော်..။အဲဒီစိတ်ဓာတ်မျိုးရတာကိုပဲ အောင်မြင်တယ် လို့ခံ စားလို့ရတယ်။

ကိလေသာ ဆိုရင် ဘယ်လိုကိလေသာဖြစ်ဖြစ် အတ္တ နဲ့ပေါင်းမိလို့ ရှိရင် သူ့အားပိုကြီးလာတယ်။သူ့ကို ငါလို့ထင်သွားရင် သူ့အားပိုကြီးလာတယ်။ သူ့ကိုကိုယ်က ကြည့်တတ်သွားလို့ ငါမဟုတ်ပါလား လို့ မြင်လို့ရှိရင် သူ့အားလျော့သွားပါတယ်…။

ပြဿနာတွေအား လုံး ရဲ့အစ ဟာ ငါ လို့ ပြောတာ တကယ်မှန်ပါလားလို့ နားလည် လာရပါတယ်..။ အစမထင် သံသရာတစလျှောက်လုံး စွဲလန်း ခိုင်မာခဲ့တဲ့ ငါအထင်..ငါရှိတယ် ဆိုတဲ့အထင် …ခန္ဓာငါးပါးကို ငါလို့ သိမ်းပိုက်ခံယူမိတဲ့ အမြင်မှား(သက္ကာယဒိဋ္ဌိ) ကြောင့် များလှတဲ့ ဒုက္ခ တွေ ဟာ အလျား အနံ အမြင့် တစ်ယူဇနာ အတိုင်းအတာ ရှိတဲ့ကန်ထဲကရေ လိုဖြစ်နေပါတယ်တဲ့။

ဒီအမြင် မရှိသူရဲ့ ဒုက္ခကတော့ သမန်းမြက်ကလေး နဲ့ ရေကန်ထဲနှစ်ခတ်လိုက်လို့ ထိပ်မှာ ကပ်ညိကျန်ရစ် ခိုတွဲနေတဲ့ ရေစက်ပေါက်ကလေးမျှသာ ကျန်ပါတော့တယ်တဲ့။

ကျေးဇူးတော်ရှင်ပိုင်းလော့ဆရာတော်ဘုရားကြီးကတော့ တရားထဲမှာထည့်ဟောဘူးပါတယ်..။ အမေက ဟင်းလာပေးတာကို သူရဲမှတ်ပြီး လန့်လန့်ပြေးကြတာကိုး တဲ့..။ တကယ် တော့ တရားအားထုတ်သူ တစ်ဦး အတွက်ကတော့ အာရုံ နဲ့ ဒွါရတိုက် လို့ ဘာဖြစ် လာ လာ အရှုခံ တရားတွေချည်းပါပဲ..။

ခန္ဓ္စ္ဒာငါးပါး အရှုခံတရားတွေကို အရိပ်ကိုအကောင်လုပ်ပြီး ငါ အထင်နဲ့သိမ်းပိုက်မိတဲ့အခါ ခံစားချက်မျိုးစုံ နှလုံးအိမ်ကနေ စိမ့်ထွက်ရပါတော့တယ်..။

ဝမ်းနည်းရတယ် ကြေကွဲရတယ်..ခံပြင်းရတယ် နာကျည်း ရတယ် နာကျင်ရတယ် .ကြင်နာရတယ်….ရင်ခုန်ရတယ် လှိုက်လှဲရတယ်… ကြည်နူးရတယ်… ချမ်းမြေ့ရတယ် ..စတဲ့ စတဲ့ ဝေဒနာပြပွဲတွေအစဉ်တန်းရတော့တာပါ..။

အရှိန်အဟုန်ပြင်းထန်ပါရင်လည်း ပေါက်ကွဲကြ ကျူးလွန်မိကြ..ဒုက္ခ သံသရာတောမျောမိကြတော့တာပါ..။

မျက်စိ---အဆင်း ---မြင်သိစိတ် ခန္ဒ္စ္ဓာငါးပါး ကာလမခြား စိတ် ဓမ္မာရုံ ကြံသိစိတ် ခန္ဒ္စ္ဓာငါးပါး..။

နား---အသံ ---ကြားသိစိတ် ခန္ဓ္စ္ဒာငါးပါး ကာလမခြား စိတ် ဓမ္မာရုံ ကြံသိစိတ် ခန္ဓ္စ္ဒာငါးပါး..။

နှာခေါင်း---အနံ့ ---နံသိစိတ် ခန္ဓ္စ္ဒာငါးပါး ကာလမခြား စိတ် ဓမ္မာရုံ ကြံသိစိတ် ခန္ဓ္စ္ဒာငါးပါး..။

လျှာ---အရသာ---စားသိစိတ် ခန္ဓ္စ္ဒာငါးပါး ကာလမခြား စိတ် ဓမ္မာရုံ ကြံသိစိတ် ခန္ဓ္ဒ္စာငါးပါး..။

ကိုယ်---အထိအတွေ့ ---ထိသိစိတ် ခန္ဓ္စ္ဒာငါးပါး ကာလမခြား စိတ် ဓမ္မာရုံ ကြံသိစိတ် ခန္ဓ္ဒ္စာငါးပါး..။

နောက်ဆုံးတော့လည်း မနောတံခါးဖြစ်တဲ့ ဓမ္မာရုံမှာ လမ်းဆုံး တဲ့ ခန္စ္ဒ္ဓာငါးပါး သက်သက် သာ ရှိပါတော့ တယ်..လို့..တစ်လောကလုံးသိမ်းဆည်းလိုက်ပြန်တော့လည်း ခန္ဓာငါးပါး မှာ ပါ လမ်းဆုံးပါတယ် ..။

ထို ခန္ဓာငါးပါး သည်လည်း ရဲနေတဲ့သံအိုးကင်းကိုရေတန်းကျသလို ထိရင်းကုန် လောင်ရင်းပျောက် ရေမှာ အရုပ်ရေးသလို ဘာမှ တင်မကျန်တော့တာ ဆင်ခြင် ဖြစ် နှလုံးသွင်းဖြစ်ပါတယ်..။

ကိုယ့်စိတ်ကိုယ် စောင့်ကြည့်ရင်း စောင့်ကြည့်ရင်းနဲ့ အတွေးတွေရှင်းသွားတဲ့အခါမှာ စိတ်ကကြည်လင် အေးချမ်းသန့်ရှင်းနေတယ်။ ကျေနပ်နေတယ် ပြည့်ဝနေတယ် ဆိုတဲ့ ခံစားမှု မျိုး နဲ့ တောင်မတူ တဲ့ လွတ်မြောက်မှုကြောင့် ဖြစ်ပေါ်တဲ့ ရသ တစ်မျိုးကိုပါ တွေ့ လိုက်ရပါတော့တယ်..။

ချစ်ခင်လေးစားသူ… မုန်းတီးပြစ်ပယ်သူ

တန်ဘိုးထားမြတ်နိုးသူ ….နှိမ့်ချပြစ်တင်သူ

ချီးမြှောက်မြှင့်တင်သူ…. သေးသိမ်အောင်ပြုလုပ်သူ

ချိုသာအေးမြသူ ..ခါးသက်ကြမ်းရှသူ

လက်တွဲသူ….လမ်းခွဲသူ

အတူတူ ပင်ဖြစ်သွားပါတော့တယ်။ ထို ..ထိုသော အသိဥာဏ် အောက်တွင်အရာရာသည် တစ်မျိုးတည်းဖြစ်လျက် ကြာရှည် မတည်ပဲ ပျောက်ကွယ် ရပါပကောလား။

တိမ် တခဲနက် ကြည့်ရင်းပျက်သို့ မျက်စေ့အောက် တွင်လွင့်ပျောက်စင်သည် ဖြစ်တာပျက်ဘို့ ပါတကား။

မှတ်ချက်..။ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရား၏ အလုပ်ပေးတရားတော်များ နှင့် ဆရာတော်ဦးဇောတိက ရဲ့ မင်္ဂလာတရားတော်များကို ရိုသေစွာ မှတ်သားနာယူ ကိုးကားရေးသားပူဇော်အပ်ပါသည်။

သံဝေဂစကားတွေပြောလွန်းတယ် ဟူသော ပုဒ်မဖြင့် အီးမေးလ် ဘလော့ လုပ်ပစ်သူတစ်ဦးနှင့် တပည့်တစ်ဦး ရဲ့ မခန့်လေးစား ဆက်ဆံမှုတို့ကြောင့် ကာလအတန်ကြာ So What !တို့ဖြင့်လေးလံနေရာမှလက်တွေ့လေ့ကျင့်ခန်း ကိုအမှတ် ၄၀ပြည့်ရုံ အောင်မြင် ခဲ့တဲ့အတွက် ထိုသူနှစ်ဉ်ီးကိုအထူးကျေးဇူးတင်ရှိလျက်..။
မေတ္တာဖြင့်
သစ္စာအလင်း