Showing posts with label ပါရမီ(၁၀)ပါး သို့ ဦးညွှတ် ပူဇော်ခြင်း. Show all posts
Showing posts with label ပါရမီ(၁၀)ပါး သို့ ဦးညွှတ် ပူဇော်ခြင်း. Show all posts

Sunday, June 5, 2016

နိက္ခမ္မပါရမီ သို့ ဦးညွှတ်ပူဇော်ခြင်း (မာရ်နတ် ၏ ဆဋ္ဌမ တပ်မ- ဘီရူ)


 

((ဆရာကြီး ဦးရွှေအောင်၏ ဗုဒ္ဓ-လောကသား တို့ ၏ အနှိုင်းမဲ့ ကျေးဇူးရှင်( ကိုယ်ကျင့်ဗုဒ္ဓဝင် ) -စာ-၁၅၅ ကို မှီငြမ်း ကိုးကားရေးသားပူဇော်ပါသည်။))

မနေ့က တော့ စက်ရဲ့ ဖန်တီးမှု ဖြင့် အေး မြသော စာသင်ခန်းတစ်ခု မှာ မဟုတ်ပဲ အပြင်သဘာဝ ပတ်ဝန်းကျင် တွင် တနေကုန် လှုပ်ရှား လိုက်သောအခါ…. ချွေးများ အဆက်မပြတ် ထွက်လာကာ သုတ်လို့ ပင်မနိုင်….။ အလေးချိန်တိုးလာသော ခန္ဓာ ကိုယ်ကို ထမ်းပိုး ထားရသော ခြေထောက်သည် နာကျင်ယောင်ရမ်း ခဲ့တယ်..။
ငယ်ငယ် အသက် ၂၀ ဝန်းကျင် ကရေဆင်းမှာ နေစဉ် ၇ မိုင် တောလမ်းခရီးကို မညည်းမညူ ဖြတ်သန်းလျှေက်လှမ်း ခဲ့ဘူးသော်လည်း …။ အခုတော့ ဇရာ က ဇာတိပြလေပြီတကား ။ သုံးစွဲ ခိုင်းစေ လွန်းခဲ့သော ခန္ဓာကိုယ် စက်ယန္တယား သည် ထစ်ငေါ့ တုန်ယင်ခဲ့ပါပြီ..။
ကျန်းမာရေး ဂရုစိုက်နော်….. စသည်ဖြင့် သတိပေး စကားများစွာ ကြားခဲ့ဘူးသော်လည်း ။
ဂရုစိုက်ပါသော်လည်း ကောင်းမလာ တော့သော ဒေါင်ဒေါင်မြည် ကျန်းမာခြင်း သည် *လာဘ် ကြီး တစ်ပါး* ဟူသော နာမည် ဖြင့် အနတ္တ တောမှာ မင်းမူနေခဲ့တာ… ပြန်ယူလို့ လည်းမရနိုင်။ ထိုအခါ ကျွန်မ သည် ..*ဘီရူ* ကိုသတိရမိပါတယ်..။
ဘီရူ ဆိုတာကတော့ မာရ်နတ်မင်း ရဲ့ ဆဋ္ဌမ စစ်တပ် ဖြစ်ပါတယ်..။ ခန္ဓာ ကိုယ်ကလည်းပင်ပန်း ၊ အိပ်ရေး ကလည်းမဝ ဖြစ်သောအခါ ကျန်းမာရေး နဲ့ ပတ်သက်တဲ့ ကြောက်ရွံ့ မှု ဆိုသော * ဘီရူ * သည် ဝင်လာ တတ်ပါတယ် .. တဲ့ ။
ထို ဘီရူ ကို ကြောင့်ကြ စိုက်ပြီး မိမိ လုပ်ငန်းကို ဆက်လက် ဆောင်ရွက်ခြင်း မရှိပဲ ရပ်တန့် လိုက် တယ် ဆိုရင် မာရ်နတ် ရဲ့ ဆဋ္ဌမ စစ်တပ်မှာ ကျဆုံးတယ် လို့ ဆိုပါတယ်..။
အမှန်တကယ် တော့လည်း အများအကျိုးအတွက် ရည် ရွယ်သော စိတ်သည် နှယ်နှယ် ရရ ကုသိုလ် စိတ်မဟုတ် ပါ။။ အလွန်အင်အား ကြီးမားသော စွမ်းရည် သတ္တိကို ပိုင်ဆိုင်သော ကုသိုလ် စိတ်ဖြစ်ပါတယ်..။
ထို ကုသိုလ် စိတ် ကြောင့် ဖြစ်သော စိတ္တဇ ရုပ်များ သည် မကောင်းသာ အကုသိုလ် စိတ်ကြောင့်ဖြစ်တဲ့ စိတ္တဇ ရုပ် အန္တရာယ် များကို ပယ် နိုင်သည်သာ ဖြစ်ပါတယ်..။
ဒါကြောင့်မို့ လို့ *ဘီရူ* ကို ကျွန်မ ဘယ်လို ကျော်လွှား ရမလဲ သိချင်စိတ်ပြင်းပြခဲ့ပါတယ်..။ ရှေးရှေး ကျမ်းပြု ဆရာများက သူတို့ ရဲ့ ကျမ်းဦးပမာဏ ၌ အများအတွက် ရည် ရွယ် လုပ်သောအခါ * ရတနာ သုံးပါး* အပေါ် ကိုးစားယုံကြည်မှု ဖြင့် လုပ် သင့်တယ် လို့ ဆိုကြပါတယ်..။
ထိုသို့ ပြုလုပ်ပါက ဘေးအန္တရာယ် ကင်းရှင်းကြောင်း ယုံကြည်ကြပါတယ်..။
ကျေးဇူးတော် ရှင် ဝေဘူဆရာတော်ဘုရားကြီး ရဲ့ * ဘီရူ * နဲ့ ပတ်သက် တဲ့ မိန့်ကြားချက် ကတော့မှတ်သား လိုက်နာစရာကောင်း လှပါတယ်…။
*** အကျိုးမဲ့ သေခြင်း မျိုး ဖြင့် သေခဲ့ရသော ဘဝပေါင်းကားမရေ မတွက်နိုင်လောက်အောင် များလှပါလေပြီ ။ ယခု လို အကျိုးရှိရှိ သေခြင်း မျိုးဖြင့် မသေခဲ့ ရဖူးသေးချေ..။
ယခုလို အကျိုးရှိရှိ သေခြင်း မျိုးဖြင့် သေချင်နေသည် မှာ ကြာလှပါပြီ။ သေချင်သေပါစေ ။ နည်းနည်းမှ မလျှော့ *** ဆိုတဲ့ခံယူ ချက် ဖြင့်သာ လုပ်ပါက ကျန်းမာရေးနှင့်ပတ်သက်သော ကြောက်ရွံ့မှု * ဘီရူ* ဖြစ်စရာ အကြောင်း မရှိ ပါ***** ဟု ဝေဘူ ဆရာတော် ဘုရားကြီး ကမိန့်ကြားခဲ့ဘူးပါတယ်..။
ထို ကဲ့ သို့ အများ၏ အကျိုးစီးပွားအတွက် ပြုလုပ်ဆောင်ရွက် သော မိမိ ရဲ့ စေတနာ စွမ်းအားကို ယုံကြည်ပြီး လုပ်ကိုင်ပါက ကြောက်ရွံ့ မှု --ဘီရူ ကို အောင်နိုင်ပါတယ် တဲ့..။
အမှန်တကယ် လေးနက်စွာဆန်းစစ်ကြည့်မယ် ဆိုပါက ..။။ ကျွန်မ တို့ အားလုံး မှာ *ငါ---ငါ့ဥစ္စာရှိနေတယ် ဆိုတဲ့အထင်** သက္ကာယဒိဋ္ဌိ** နဲ့ သံသရာ မှာ အစွဲနာ ….ကာသံသရာရှည်လာခဲ့တာ..။
ဒီအစွဲ ကြောင့် ပဲ ….ပရဟိတတွေ..တရားအားထုတ်တာတွေ …ဒါတွေ လုပ်နေရင်…ဘယ်လို စားရမလဲဘုရား ၊ ရှေ့ရေး ဘယ်လို လုပ်မလဲ ဘုရား ၊ နောင်ရေး စိတ်အေး ရပါ့မလား ဘုရား … ဆိုတဲ့မေးခွန်း တွေ ပြန်ပြန်မေးပြီး ….. လမ်းကြောင်းပေါ်မှ သွေဖီသွားကြတာ….. ။
အနိမ့်ဆုံး သမ္မာဒိဋ္ဌိ ဖြစ်တဲ့ *ကမ္မဿကတာ သမ္မာဒိဋ္ဌိ * ဖြင့် ပင် အမှန်မြင် နိုင် ယုံကြည်စိတ်ချ နိုင်စွမ်းတွေ အားနည်းရတော့တာပါ..။
ဒီ *ဘီရူ * ဆိုတာကလည်း အဲဒီငါစွဲ ကြောင့်ပဲပေါ်လာတာ အမှန်ပါ..။ အကယ် ၍ သာ *ငါ* မရှိပါက ငါ့ကျန်းမာရေး အတွက်စိုးရိမ်ကြောင့်ကျ မှု * ဘီရူ* သည် လည်းပေါ်ပေါက်လာ မည် မဟုတ်ပါ..။
ဒါကြောင့်….. အရေးအကြီးဆုံးအချက် အဖြစ် အစဉ် သတိပြုရန်မှာကား ဘယ်လုပ်ငန်းကို ပဲ လုပ်လုပ် *ငါ* မပါ ဝင်လေအောင်….။
အကယ်၍ …*ငါ* ပါဝင်လာပါကလည်း *ငါ* ကို ဦးစားမပေးမိအောင် အားထုတ်ဆောင်ရွက် ကြမယ် ဆိုရင် ….။
*ဘီရူ * ဆိုတဲ့ မာရ်နတ် ရဲ့ ဆဋ္ဌမ စစ်တပ် သာမက ပဲ အရာရာ ကို အောင်မြင် မှာ မလွဲ ပါဘူးရယ် လို့သာ…. ယုံကြည်လေးမြတ်မိပါတော့တယ်..။ 

မေတ္တာဖြင့်
သစ္စာအလင်း
(After 6 days training )

Monday, July 27, 2015

မက္ခ နှင့် ထမ္ဘ ( နေက္ခမ္မ ပါရမီသို့ ဦးညွှတ်ပူဇော် ခြင်း)



 


ဒီတရား နှစ်ပါး ဟာမာရ်နတ် ရဲ့ အဋ္ဌမ မြောက်စစ်တပ် တွေ ဖြစ်ပါတယ်.။
ကျးဇူးတော်ရှင် ဘုရားရှင် ဖြည့်တင်းဆည်းပူတော် မူခဲ့တဲ့ ပါရမီ များစွာ ထဲက နေက္ခမ္မ ပါရမီ ( ဆွဲဆောင်မှုများမှ ရုန်းထွက်ခြင်း ပါရမီ) ကို ရိုးကျိုးဦးခိုက် ပူဇော် ရင်း ဒီစာစုကို ရေး ဖြစ်ခဲ့ပါတယ်.. ။ ထို ရုန်းထွက်ခြင်းသည်လည်း မိမိအကျိုးစီးပွားအတွက် ဆွဲဆောင်မှုများ မှ ရုန်းထွက်ခြင်း မဟုတ်..။ လောကအကျိုးစီးပွားအတွက် ဆောင်ရွက်နိုင်ရန် ရုန်းထွက်ခဲ့ခြင်းဖြစ်ပါတယ်..။ နေက္ခမ္မပါရမီ အနေနဲ့ ရုန်းထွက်ရမဲ့ ကိလေသာကာမ၊ ၀တ္ထုကာမ တို့ကို မာရ်နတ် ရဲ့ တပ်မကြီး (၁၀) တပ်အဖြစ်တင်စား ၍ ကျမ်းဂန်တွေကဆိုပါတယ်..။

အရင်က ကျွန်မ ဟာ ကျေးဇူးတော်ရှင် ဘုရားရှင် ရဲ့ ပါရမီ တော် (၁၀) ပါးများထဲ မှ နေက္ခမ္မ ပါရမီကို ပူဇော် ကြည့်ညိုရေးသားနေခဲ့တာ မာရ်နတ် ရဲ့ ပဉ္စမ မြောက် စစ်တပ်ထိ ပြီးခဲ့ ပြီ ဖြစ်ပါတယ်.။
အခု ရေးမဲ့ *မက္ခ* နဲ့ *ထမ္ဘ* ကတော့ အဋ္ဌမမြောက်စစ်တပ် ဖြစ်ပါတယ်..။ ကျွန်မ တို့ လုပ်ငန်းတွေကို ဆောင်ရွက်တဲ့အခါ အောင်မြင်ရိပ် ကို တွေ့ တဲ့အခါ တွေ့သည် နှင့်တစ်ပြိုင်နက် ရှေ့သွား ပုဂ္ဂိုလ် တို့ ရဲ့ ကျေးဇူးကို ပယ် ဖျက်တတ်ကြပါတယ်..။
မိမိသာ လျှင် အတော်ဆုံး၊ အတတ်ဆုံး ၊ အဖြစ် တစ်စင်ထောင်တတ်ကြပါတယ် ၊ ဤသို့ သူ့ကျေးဇူးကို ချေဖျက်ခြင်း *မက္ခ* နှင့် တစ်စင်ထောင်ခြင်း ထမ္ဘ တို့ ကိုပြုမိကြတယ် ဆိုလျှင် မာရ်နတ် ရဲ့ အဋ္ဌမ မြောက် စစ်တပ် မှာ ကျဆုံးတယ်လို့ မှတ်ယူရမှာ ဖြစ်ပါတယ်..။

ပိုပြီး အကျယ် တစ်ဝင့်ဖွင့်ဆိုရမယ် ဆိုလျှင်...
*မက္ခ* ဆိုတဲ့စကား ကို အတိုဆုံး ဖေါ်ပြ တဲ့အခါ ( သူ့ကျေးဇူးကိုချေဖျက်မှု) လို့ အဓိပ္ပါယ် ရပါတယ်..။ အဘိဓာန် မှာ ရှာဖွေ တဲ့အခါ မှာတော့ သူတစ်ပါး ရဲ့ ဂုဏ်ကျေးဇူးကို ကြိတ်ချေဖျက်ဆီးခြင်း ၊သူတစ်ပါး ရဲ့ ကျေးဇူးကို မသိခြင်း ၊ဖုံးကွယ်လိုခြင်း ၊ရေချိုးပြီး ကာစ မှာ ကိုယ်ပေါ် မှ ရေကို ကိုယ်သုတ်ပုဝါ ဖြင့် ပြောင်စင်အောင်သုတ်ပစ်သကဲ့သို့ အခြားသူများ ရဲ့ ဂုဏ် နဲ့ ကျေးဇူး တို့ကို ဘာမှ မကျန်အောင် ကာယကံ ၊ ၀စီကံမြောက် ၊ ထိထိရောက်ရောက်ဖျက်ဆီးခြင်း သည် *မက္ခ* ရဲ့ အလုပ်ကိစ္စ (ရသ) ဖြစ်ပါတယ်..။ ဂုဏ်တွေ ပေါ်လွင်ထင်ရှားမလာအောင် လည်းဖုံးကွယ် တတ်တဲ့သဘောတွေလည်းပါပါတယ်..။ဂုဏ် တွေ ကျေးဇူးတရားတွေကို ဖေါ်ထုတ်ပြောဆိုခြင်းမရှိပဲ ၊မကောင်းကွက်ကိုသာပြောဆိုနိုင်တော့တာ ဟာ *မက္ခ* ရဲ့ သဘောပါ။
ထို *မက္ခ* ရဲ့ သဘောကို ဥပမာပေးတဲ့အခါ မစင်ကိုင်ပြီး ကျေးဇူးပြုဘူးသူအားပစ်ပေါက်တာ နဲ့ တူပါတယ်တဲ့..။ မစင် နဲ့ ပစ်ပေါက်တယ် ဆိုလျှင် မိမိလက်ကိုရှေးဦးစွာ မစင်လူးသကဲ့သို့ ဖြစ်ပေါ်သူအား ရှေးဦးစွာ အကျိုးမဲ့ ဖြစ်စေပါတယ် ..။

ထမ္ဘ ဆိုတာကတော့ ဆရာကြီးဦးရွှေအောင် စာအုပ် မှာ ကတော့ မိမိကိုယ်ကို တစ်စင်ထောင်မှု လို့ ဖွင့်ဆိုထားပါတယ်..။ ကျွန်မ ရဲ့ အိုင်ပက် တိပိဋက အဘိဓာန်ကျမ်းအရ ရှာကြည့်တဲ့အခါ မှာတော့ မာန+ ဒေါသ+ လောဘ စတဲ့ကိလေသာတွေ ပေါင်းစပ်ထားတဲ့ကိလေသာ ကြောင့် စိတ်ရဲ့ တောင့်မာခြင်းအကြောင်း လို့ ဆိုပါတယ်..။ ဥပမာအားဖြင့်ဆိုရင်တော့ ထွန်တုံးမြို သော စပါးကြီးမြွေ ကဲ့သို့ တောင့်ခိုင်နေတာ၊ မကိုင်းညွတ်၊ မရိုသေခြင်း အကြောင်း လို့ ဖွင့်ဆိုထားပါတယ်..။ လေဖြင့်ပြည့်သော အိတ်ကဲ့သို့ တင်းမာခြင်း ၊မပျော့ပြောင်းခြင်း အကြောင်း ၊ သည် *ထမ္ဘ* ဖြစ်ပါတယ်..။
ဒီတပ်မ ဟာ အခြားသော တပ်မများထက် ပိုပြီး သိမ်မွေ့ နက်နဲလှပါတယ်..။အပ္ပမာဒ တရားကင်းမဲ့ လျှင် ဤ တပ်မ မှာ ကျဆုံး တတ်ကြတာ… ။ မြန်မာ ရာဇ၀င် ကို ပြန်ကြည့်မယ် ဆိုလျှင် အလောင်းစည်သူမင်းကြီး က * ဘေးတော် ၊ ဘိုးတော်များသည် ငါ့လောက် ဘုန်းကံမကြီး * လို့ နှုတ်က မြွက် လိုက်တာ နဲ့ တစ်ပြိုင်နက် သူ့ ရဲ့ မျက်စိများကွယ် သွား တယ် ဆိုတာ မှတ်တမ်းများအရ သိရပါတယ်..။

အမှန်မှာကတော့ ဘေးတော်..ဘိုးတော်များကို အထင်သေးစိတ် ၊စော်ကားလိုတဲ့စိတ် နဲ့ မြွက်ဆို ကြုံးဝါးခဲ့တာတော့မဟုတ်ပါဘူး..။ သူ့ယုံကြည်မှု နဲ့ သူ သဘောရိုး ဖြင့် မြွက်ဆိုခဲ့တာ တောင် စိတ်လှိုင်း တွေ ရဲ့ သဘာဝ က မျက်နှာ မလိုက် မာရ်နတ်က အဋ္ဌမ မြောက် စစ်တပ်ဖြင့် ၀င်ရောက် တိုက်ခိုက်သည့်အခါ မျက်စိ ကွယ် ခဲ့ရဘူးပါတယ်..။
ဒါကြောင့် မို့ ကျွန်မ တို့ ရဲ့ ကျေးဇူးတော်၇ှင် ပိုင်းလော့ဆရာတော်ဘုရားကြီးက လောက အောင်မြင်မှု သော့တံခါးသည် ကျေးဇူး တရားကို သိတတ်ခြင်း ရယ်လို့ ထောက်ပြ ဆုံးမခဲ့ဘူးပါတယ်..။

ရခဲ လှတဲ့ ပု ဂ္ဂိုလ် (၃) မျိုး ထဲ မှာ -(၁) မိမိ အပေါ်ပြုဘူးတဲ့ ကျေးဇူး ရှိပါတယ်အသိအမှတ်ပြုတဲ့သူ (၂) ကျေးဇူးရှိပါတယ်လို့ လို့ထုတ်ဖေါ် ပြောဘူးတဲ့လူ။(၃) ကျေးဇူးကို ဆပ်တတ်တဲ့ သူ ဆိုတာ ရခဲ လှပါတယ် တဲ့..။
လောက ဆိုတာကလည်း ထို သို့ သူတထူးရဲ့ကျေးဇူးကိုသိတဲ့ သူ ဆိုတာ အလွန် ရှားပါးပါတယ် တဲ့…. ငါသိ၊ ငါတတ် တယ် ဆို တဲ့ *မက္ခ* နဲ့ *ထမ္ဘ* ရှိသူများ သာပေါများ လှပါတယ်..။ ဒါကြောင့်လည်း သိပ်တော် သိပ်တတ်သော်လည်း မာရ်နတ် ရဲ့ အဋ္ဌမ တပ်မ မှာ ကျဆုံးရတဲ့သူတွေ များ တော့တာပါပဲ..။ ခေတ်စကား အရဆိုရင်တော့ မြောင်းထဲ ရောက်ရတော့တာ..။

ဒီတပ် မမှာ အလောင်းစည်သူမင်းကြီး တောင် သတိလက်လွတ် ဖြစ်ရသေးတာ ဆိုတော့ ကျွန်မ တို့ လူသာမန် တွေအဘို့ ဒီတပ်မ ရဲ့ အောက်မှာ အလဲလဲ အကွဲ ကွဲ ပေါ့နော်..။ ကျွန်မ ဒီပိုစ့် ရေး တာက ကျေးဇူးမသိမှုကို အပြစ် တင် ထောက်ပြရန်မဟုတ်..သိရှိပြီး ဘယ်လို ကျော်လွှားကြမလဲ ဆိုတာကို မျှဝေချင်တာသက်သက်ပါ..။

ကျေးဇူးတော်ရှင် ဘုရားရှင် ရဲ့ *မက္ခ* နဲ့ *ထမ္ဘ* ကိုမောင်ထုတ် ခြင်းကို နမူနာအဖြစ် ပြောပြပူဇော်ပါရစေ..။
ကျွန်မ တို့ ရဲ့ ကျေးဇူးတော်ရှင် မြတ်စွာ ဘုရား သည်..* သစ္စာလေးပါး ၊မြတ်တရားကို ဆရာမရှိ၊ ကိုယ်တော်တိုင် သိတော်မူ ခဲ့တာ..။ မိမိဘာသာမိမိ ထိုးထွင်း သိရှိတော်မူခဲ့တာ * ဖြစ်ပါတယ်..။ ဆရာမရှိ ခြင်းအပေါ် မည်သို့ နှလုံးသွင်း ကာ *မက္ခ* နဲ့ *ထမ္ဘ* ကိုမောင်းထုတ်ခဲ့ပါသနည်း။ ကျွန်မ စိတ်ဝင်စားမိပါတယ်..။

 •
 မိမိသည် သစ္စာလေးပါး ၊ မြတ်တရားကို အသစ်အဆန်းအနေနှင့်သိခြင်း မဟုတ် ၊ ရှေးဘုရားများသိတော်မူသည့်အတိုင်းသာ ၊ သိခြင်း ဖြစ်တယ် ဟူ၍ လည်းကောင်း။
• မိမိသည် ရှေးရှေးဘုရားများကျင့်တော်မူသည့်အတိုင်းသာ ကျင့် ခြင်းဖြစ်သည် ဟူ၍ လည်းကောင်း ။
• မိမိသည် ရှေးဘုရားများ အနွယ် သာ ဖြစ်သည် ဟူ၍ လည်းကောင်း ။
ဖခမည်းတော် သုဒ္ဓေါဒန မင်းကြီး အားမိန့် ကြားတော် မူသည့်အပြင် *မက္ခ* နဲ့ *ထမ္ဘ* ကိုမောင်းထုတ်တော်မူခဲ့ပါတယ် တဲ့..။
အရာရာ ကို ငါ ဖယ်ထားရင်တော့အဆင်အပြေဆုံးပါ။
ငါမဖယ်နိုင်သေးရင်တော့ ကျေးဇူးတရား များကိုအသိအမှတ်ပြုခြင်း ။ ထုတ်ဖော်ပြောဆိုခြင်း။ တတ်စွမ်းသရွေ့ပေးဆပ်ခြင်းဆိုတာ ရှိရပါမယ်။
အရာရာ အကြောင်းညီညွတ်မှသာဖြစ်တ္တ်တာ ငါတော် ငါတတ် ငါစီမံတတ်လို့မဟုတ် ဆိုတဲ့ရင်ထဲကစပါးကြီးမြွေတွေ ကိုဖယ်ထုတ်ရပါမယ်။
ကျေးဇူးတော်ရှင် ဘုရားရှင် ဖြည့်တင်းဆည်းပူတော် မူခဲ့တဲ့ ပါရမီ များစွာ ထဲက နေက္ခမ္မ ပါရမီ ( ဆွဲဆောင်မှုများမှ ရုန်းထွက်ခြင်း ပါရမီ) ကို ရိုးကျိုးဦးခိုက် ပူဇော်လိုက်ပါရစေ..။ ကျွန်မ တို့သည် လည်း မာရ်နတ် ရဲ့ တပ်မတွေကနေ လောကအကျိုးစီးပွားအတွက် ဆောင်ရွက်နိုင်ရန် ရုန်းထွက်ဘို့ ကျွန်မ တို့ ရင် ထဲက *မက္ခ* နဲ့ *ထမ္ဘ* ကို ရှာဖွေ မောင်းထုတ်ကြ ရအောင်ပါ..။

ကျမ်းကိုး-ဆရာကြီး ဦးရွှေအောင်(လောကသား တို့ရဲ့အနှိုင်းမဲ့ကျေးဇူးရှင် -စာ

၁၇၃၊ ၁၇၄)
  မေတ္တာဖြင့် 
သစ္စာအလင်း

Sunday, August 17, 2014

မကောင်းမှုပြုလေ့ရှိသူ (ပါပကာရီပုဂ္ဂိုလ်)သို့ ကရုဏာဗြဟ္မဝိဟာရ

 
( ဆရာမကြီးဒေါ်ခင်လှတင် ၏ ဝိသုဒ္ဓိမဂ် (ဒုတိယဆင့်) စာမျက်နှာ ၂၅ ကို ကိုးကားရေးသားပူဇော်အပ်ပါသည်။)

အခုတလော…ကြည်လင်ချမ်းမြေ့သော စိတ်နှလုံးကို ထိခိုက်ညစ်ညူးစေတဲ့ သတင်းတွေဟာ မကြည့်ချင် မြင်လျက်သား၊ မကြားချင် နားဆင်လျက်သားဆိုသလို ဝင်ရောက် လာနေပါတယ်..။

ထိုအခါတိုင်း လေ့ကျင့်ထုံမွေ့ မှုမရင့်ကျက်သေးသော သတိက တိမ်းပါးချွတ်ချော် ပြီး… မဖြစ်သင့်ဘူးရယ်လို့ အပူဓာတ်တွေ စိမ့်ထွက်ကာ အကုသိုလ် လမ်းကြောင်းပေါ် ရောက်မိနေတာ…..။

ပြီးခဲ့တဲ့ သုံးပတ်လောက်က ဆရာမကြီးဒေါ်ခင်လှတင်(ဓမ္မဗျူဟာ) ဝိသုဒ္ဓိမဂ် သင်တန်း ဒုတိယဆင့် မှတ်စုကို ပြန်လည် လေ့လာ ကျက်မှတ်ရင်း လက်တွေ့ကျင့်စဉ်လေးတစ်ခု ကို တွေ့လိုက်ရပါတယ်..။

ကျွန်မ ကိုယ်တိုင်လည်းကျင့်သုံး ရင်း ထွက်ပေါက် တစ်ခု ရသလို မို့ ဓမ္မမိတ်ဆွေ များကိုလည်း ပြန်လည် မျှဝေပါရစေ..။

သူ့ရဲ့ လုပ်ရပ် တွေကြောင့်မေတ္တာပွားလို့လည်းမရ ၊ ပို့သလို့လည်းမရတဲ့အခါ ကျွန်မတို့ ကရုဏာ ဗြဟ္မာ့ဝိဟာရ ပွားလို့ရတယ်ဆိုတာ ကို တွေ့ရပါတယ်..။

ပစ္စည်းဥစ္စာချမ်းသာသူ ဖြစ်သော်လည်း မကောင်းမှုတွေ ပြုနေတဲ့ ပုဂ္ဂိုလ် ကို ပါပကာရီလို့ခေါ်ပါတယ်..။ ထို ပါပကာရီပုဂ္ဂိုလ် အကြောင်းကို တွေ့မြင် ကြားသိရတဲ့အခါ ကျွန်မတို့ အဘို့ စိတ်မချမ်းမြေ့ ခြင်း ၊ အပြစ်တင်ရှုံ့ချလိုခြင်း၊ ချေမှုန်းပစ်ချင်စိတ်တွေ အလိပ်လိုက်တက်လာ ပြီး ကိုယ့်သဏ္ဍန် မှာ အကုသိုလ် ဖြစ်ရတော့လည်း ကိုယ့်မှာ ရှုံးရတတ်ပါတယ်..။

ကရုဏာ ဗြဟ္မာ့ဝိဟာရ ပွားလိုက်တော့ ကုသိုလ်ဖြစ်တာ တွေ့ ရပါတယ်..။ ဥပမာ ဆိုပါစို့..။
ခိုးထုပ်ခိုးထည် နှင့် တကွဖမ်းမိလာတဲ့ ခိုးသူ တစ်ယောက်ကို မင်းအမိန်ဖြင့်သတ်မိန့်ပေးထားတဲ့အတွက် မင်းချင်းယောကျာင်္းတွေက လက်ပြန်ကြိုး စတာတွေ နဲ့ ချည် နှောင်ပြီး သူသတ်ကုန်းကို ခေါ်ဆောင်လာပါတယ်..။

လမ်းလေးခွ ဆုံ အရပ်မှာ လည်း အချက်ပေါင်းတစ်ရာမက ရိုက်နှက်ပြီး ခေါ်ဆောင်လာ တဲ့အတွက် ထို ခိုးသူကို လူအများက သနားကရုဏာ ဖြစ်ပြီး ခဲဖွယ် ဘောဇဉ် ၊ပန်းနံ့သာ တို့ကို ပေးကမ်းကြပါတယ်..။

ထို ခိုးသူ သည် ခဲဖွယ် ဘောဇဉ် တွေ စားသောက်လျက် သုံးဆောင်ဖွယ် စည်းစိမ် တွေ နဲ့ ပြည့်စုံ နေတဲ့ ခိုးသူကို ......

( ဤ သူသည် ချမ်းသာပေစွ ၊ များစွာသော သုံးဆောင်ဖွယ် စည်းစိမ် နဲ့ ပြည့်စုံပေစွ ) ရယ်လို့ ဘယ်သူက မှ မထင်မှတ်ကြပါဘူး ။

အော် ဤသူသည် မကြာခင် မှာ သေရရှာပေတော့မယ်။သူရဲ့ခြေလှမ်းတိုင်းသည် သေခြင်းတရားနဲ့ နီးကပ် နီးကပ်သွားလေတော့တယ် လို့ ကရုဏာ သက်ကြရှာပါတယ်.။

ဒီလိုပဲ ကရုဏာဗြဟ္မဝိဟာရ ပွားများမဲ့သူဟာ
ချမ်းသာ နေတဲ့..
စည်းစိမ်ဥစ္စာတွေ ပြည့်စုံနေတဲ့….
အနိုင်ရသလို ဖြစ်နေတဲ့ ..ပါပကာရီ ပုဂ္ဂိုလ် တွေကို တွေ့ တဲ့အခါ…သူသတ်ကုန်းကိုခေါ်ဆောင်ခြင်းခံနေရတဲ့ ခိုးသူ လို ပဲ မှတ်ယူရပါမယ်..။

ပြီးတော့ ----( ထိုသူသည် ချမ်းသာနေသော်လည်း အခုအခါ ချမ်းသာလျက် …ကောင်းမွန်စွာ ဝတ်ဆင်လျက် …သုံးဆောင်ဖွယ် စည်းစိမ် ဥစ္စာတွေ ပြည့်စုံနေလျက် …. ထိုထို တို့ကို သုံးဆောင်ခံစားနေပေသော်လည်း ဒွါရ သုံးပါး တို့တွင် တစ်ခုမျှပင် ပြုထားသော ကောင်းမှု ကံမရှိခြင်းကြောင့် မကြာမတင်လေးမှာပင် အပါယ် ဘုံ မှာ များစွာသော ဆင်းရဲကို ခံစားရရှာလေတော့မယ် ) လို့ ဆင်ခြင် နှလုံးသွင်းရပါမယ်..။

ထိုသို့ဆင်ခြင် နှလုံးသွင်းလိုက် တဲ့အခါ မှာ ကျွန်မတို့ ကရုဏာဗြဟ္မဝိဟာရ ပွားများပြီးသားဖြစ်သွားပါလိမ့်မယ်..။
ကျွန်မတို့ ပတ်ဝန်းကျင် မှာ (ပါပကာရီ) တွေကလည်း တနေ့တခြား များးလာတာဆိုတော့လည်း ဒီလို ဆင်ခြင် နှလုံးသွင်းမှု ရှိမှ ပဲ ကိုယ်က အရှုံးမဖြစ် ရမှာပါ..။

ထိုပုဂ္ဂိုလ နဲ့ သူ့ရဲ့သတင်းတွေတွေ့တိုင်းဖတ်ရလေတိုင်း ထိုသို့ အမြတ်ယူကြရအောင်ပါ..။

မေတ္တာဖြင့်
သစ္စာအလင်း

နေက္ခမ္မ ပါရမီသို့ ဦးညွှတ် ပူဇော်ခြင်း( ခုပ္ပိပါသာ)


=================================
( ဆရာကြီးဦးရွှေအောင် ၏ လောကသားတို့ ၏ အနှိုင်းမဲ့ကျေးဇူးရှင်၊ စာ ၁၇၀ မှ အတွေးအခေါ် ၊စာသားတို့ကို ကိုးကားရေးသားပူဇော်ပါသည်။)

ပါရမီ (၁၀) ပါး တို့ တွင် နေက္ခမ္မပါရမီ က စောင့်ရှောက်မှသာပြုသမျှ ကုသိုလ်များသည် ၊ ပါရမီ ဖြစ်နိုင်ကြသည်ဟု ဥတ္တမ ပုရိသဒီပနီ ၌ ဆိုကြောင်း အဘိဓဇ မဟာ ရဋ္ဌဂုရု တောင်လေးလုံးဆရာတော်ကြီး က သူ၏ပါရမီ အလင်းပြကျမ်းမှာဖေါ်ပြထားခဲ့ပါတယ်။

နေက္ခမ္မ ဟူသည် တပ်မက်စရာများကို အာရုံမပြုပဲ လောက၏ အစီးအပွားအတွက် မိမိတာဝန်ကို မိမိကျေပြွန်အောင်ထမ်းဆောင်ခြင်း ပဲဖြစ်ပါတယ်။ ထိုသို့ဆောင်ရွက်တဲ့ နေရာမှာလည်းလောက၊ ပြည်ရွာအကျိုးကို ပထမ ၊ မိမိရဲ့ အသိုက်အဝန်း အကျိုးကို ဒုတိယ ၊ မိမိအကျိုးကို နောက်ဆုံးထား၍ ဆောင်ရွက်ခြင်း ပင်ဖြစ်ပါတယ်။

အမှန်အားဖြင့် နေက္ခမ္မ ၏ အဓိပ္မါယ် သည် အရာရာတိုင်းကို တပ်မက်သော လောဘ၏ ဆန့်ကျင်ဘက် အလောဘ ဖြစ် ၍ အရာရာတိုင်း ကို အနစ်နာ ခံ၍ စွန့်လွှတ်နိုင်ပါတယ်။ အသက် ၊စည်းစိမ် နှင့်ရာထူးဂုဏ်သိမ်များ ကိုပါစွန့်လွှတ် နိုင်ပါတယ်။

ထိုသို့စွန့်လွှတ်ခြင်းသည် မိမိအတွက် မာနခံ၍ စွန့်လွှတ်ခြင်းမျိုးမဟုတ် ၊တစ်ခုတစ်ခု ကို မျှော်ကိုး၍ ၊ အတုံ့ အပြန်ရလို ၍ ၊ကျေးဇူးတင်ခံလို၍ စွန့်လွှတ်ခြင်း မျိုးမဟုတ် ၊ လောက အတွက်အကျိုးရှိစေလို၍ မြင့်မြတ်သော မေတ္တာ ၊စေတနာ ဖြင့် စွန့်လွှတ်ခြင်းမျိုးသာဖြစ် ပါတယ်..။

နေက္ခမ္မစိတ်ထားရှိသော သူမြတ်များသည် တပ်မက်ဖွယ်ရာ များအားလုံး ကိုလည်း မတပ်မက် ၊ ကြောက်မက်ဖွယ်ရာ များဖြင့် ခြောက်၍ လည်းမကြောက် ၊ တပ်မက်ဖွယ် အားလုံးတို့ကို နေက္ခမ္မပါရမီ ဖြင့် အနစ်နာ ခံ၍ လောကအတွက် စွန့်၏ ။ ထိုအခါ နိက္ခမ္မပါရမီသည် နိက္ခမ္မ သင်္ကပ္ပ မဂ္ဂင် အဖြစ် ထင်ရှားလာပါတယ်..။

နေက္ခမ္မ သဘောဖြင့် အများ ရဲ့ အကျိုးစီးပွား အတွက် လုပ်တဲ့လုပ်ငန်းတွေ မှာ စိတ်ဝင်စားတာ..မွေ့လျော် ပျော်ပိုက်လာ တယ်..ဓမ္မရတိ ကိုတွေ့ အောင်ရှာ နိုင်တဲ့ သူတွေဟာ မာရ်နတ် ရဲ့ ဒုတိယ တပ်မ ကို လွန်မြောက် အောင်နိုင်ကြတဲ့သူတွေ ပါ..။

တတိယ တပ်မ ကို တွေ့ ဘို့ ရှိပါသေးတယ်..။ ကျွန်မ တို့ တော်တော် များများ ကျဆုံး ခဲ့ရတဲ့ တပ်မ ပဲဖြစ်ပါတယ်..။

ဒီတပ်မ ရဲ့ အစွမ်း ဟာ မသေးလှပါဘူး.. ။ ကျွန်မ တို့ကိုယ် တိုင်လည်း ဒီတပ်မ ကိုမကျော် လွန်နိုင် သေးပါဘူး..။
တတိယ တပ်မ ကတော့ ငတ်မွတ်ခြင်း ဆိုတဲ့ *ခုပ္ပိပါသာ* ပဲဖြစ်ပါတယ်..။ အဲဒီအချိန် မှာ ကျွန်မ ဟာ ဘုရားရှင် ရဲ့ ဖြစ်စဉ် တွေကို မှန်းဆ ကြည်ညို ရပါတယ်..။

မွန်မြတ်တဲ့ အဟာရ ဘောဇဉ် ကို သုံးဆောင်ခဲ့တဲ့ သာကီဝင်မင်းသားတစ်ပါး ဟာ တောထဲ တောင် မှာ ကျလာ တဲ့ သစ်သီးလေးကို ပဲ ကောက်ယူစာသုံးခဲ့တာ…နောက်ဆုံးလုံးဝ မစားပဲ ကျင့်ကြံကြိုးကုတ် အား ထုတ် ခဲ့တဲ့ ဒုက္ကရ စရိယ ခြောက်နှစ်တာ ကာလ တွေဟာ ဘုရားဆုပန် ယောင်္ကျား မြတ် တို့ ရဲ့ ခိုင်ကျည် တဲ့ နေက္ခမ္မ သဘော တွေပါပဲ..ရယ် လို့ လေးမြတ်ကော်ရော် မိပါတယ်။

ဆွမ်းခံစား တဲ့အခါ မှာ လည်း ကြမ်းတမ်း တဲ့ အရသာတွေ ရောယှက်နေတဲ့ ဆွမ်း ဟာ နန်းတွင်း မှာနေစဉ် ကာလတွေ နဲ့ နှိုင်းစာရင် ဆီနဲ့ ရေ လို…။
ဒါတွေကို တွေး မိရင် *ရသ တဏှာ* စေစား သမျှ လျှာ အရာသာခံပြီး သွတ်သွင်းရင်း လိုအပ်တာထက် အလေးချိန်ပိုစီးနေတဲ့ ကိုယ့်ကိုကို အလွန် အင်မတန် ရှက် မိ..စက်ဆုပ်မိပါသေးတယ်..။ ဆင်ခြင်ဖွယ်ပါတကား။

ကျွန်မအတွက်...အများ အကျိုးကို ဆောင်ရွက်လို စိတ် နဲ့ ရရှိနိုင်တဲ့ ရာထူး၊ အခွင့်အလန်း တွေကို စွန့်လွှတ်ခဲ့ ရ တဲ့ စိတ်ကလည်းတစ်ခါ ..တစ်ခါ ခနော်နီ ခနော်နဲ့ ဖြစ်ရပြန်ပါသေးတယ်..။

ပညာတွေ ပြည့်စုံမှုကြောင့် ပစ္စည်း ၊ဥစ္စာ ၊ စည်းစိမ် တွေ ပြည့်စုံ လာကြတဲ့ အပြင်* ဝင့်ဝါ လိုမှုရောဂါ * များ ပါဖြစ်ပေါ်တတ်တဲ့ ကျွန်မရဲ့ မိတ်ဆွေအချို့ နဲ့ ထိတွေ့ဆက်ဆံ ရတဲ့အခါမျိုးမှာတော့ ..မခံချင်စိတ် နဲ့ မျက်ရည် များ ပင် ကျချင်ချင် ဖြစ်ရပါသေးတယ်..။

တကယ်တော့လည်း.. တန်ဘိုးထားတဲ့ အရာ မတူ ရင် လမ်းကြောင်းတွေ ဟာ မတူတတ်ကြပါဘူး..။

ဒါကို သတိ နဲ့ မထိန်းသိမ်းပဲ
ငါ ဆိုတဲ့ မာန တစ်ခွဲသား နဲ့ ယှဉ်ပြိုင် အစွမ်း ပြချင်စိတ် တွေ ပေါ်ပြီး မူလ လမ်းကြောင်း မှ သွေဖယ် ပြေးထွက် ချင်တာ ဟာ တကယ် တော့ မာရ်နတ် ရဲ့ တတိယ စစ်တပ်မှာ မရှု မလှ ကျဆုံး ရတာပါပဲ..။

အဲဒီအခါ အများအကျိုး ဆိုတဲ့လမ်းကြောင်း ကနေ မိမိအကျိုးစီးပွား ဆိုတဲ့ ဥိးတည် လမ်းကြောင်း ပြောင်းသွားပြီး ၊ အပူဇော်ခံရအောင် လုပ်တာတွေ ၊ နေရာရအောင်လုပ်တာတွေ ၊ ထင်ပေါ် ကျော်ကြားအောင် လုပ်တာတွေ ၊ ကိုယ့်အတွက်ပဲ အကျိုးရှိအောင် လုပ်တာ တွေဟာ တတိယ တပ်မ ရဲ့ စစ်ရှုံး သုံးပန်းတွေ ရဲ့ လုပ်ဆောင်ချက်တွေ ဖြစ်လာရပါတော့တယ်..။

ကိုယ့် အတွက် အင်မတန်ခက်ခဲလှတဲ့ လုပ်ရပ်တွေကို မြတ်မြတ်တဲ့ ပါရမီသဘော နဲ့ ဖြတ်ကျာ် ရဲရင့်ခဲ့တဲ့ .......

မာရ်နတ် ရဲ့ တတိယတပ်မ ( ခုပ္ပိပါသာ) ကို ကျော် လွှားအောင်မြင်တော်မူခဲ့တဲ့....

ဘုရားရှင် ရဲ့ နေက္ခမ္မ ပါရမီသို့ သည် စာစုဖြင့် ရိုကျိုးလေးမြတ်စွာ ဦးညွှတ် ပူဇော် လိုက်ပါရစေဘုရား။

မေတ္တာဖြင့်
သစ္စာအလင်း

ဓာတ်ပုံ= ရွှေကျီးမြင်ဘုရား ၊ မန္တလေး

Monday, May 26, 2014

နေက္ခမ္မ ပါရမီသို့ ဦးညွှတ် ပူဇော်ခြင်း( အ-ရတိ)

 



( ဆရာကြီးဦးရွှေအောင် ၏ လောကသားတို့ ၏ အနှိုင်းမဲ့ကျေးဇူးရှင်၊ စာ ၁၆၆ မှ အတွေးအခေါ် ၊စာသားတို့ကို ကိုးကားရေးသားပူဇော်ပါသည်။)

မာရ်နတ် ၏ ဒုတိယ တပ်မ မှာ (အ-ရတိ ) ဖြစ်ပါတယ်။ နေက္ခမ္မ သဘောဖြင့် အများအကျိုးပြု လုပ်ငန်းများ လုပ်ဆောင် ကြတယ် လုပ်ဆောင်ရင်း ဖြင့်ပဲ တခါတခါ တွင် ထို လုပ်ငန်းမှာ မမွေ့လျော်တော့ခြင်း-အ- ရတိသဘော သည်ဖြစ်တတ်လေ့ရှိပါတယ်..။

လူ -ဆိုတာကတော့ မိမိ ကိုယ်ကျိုးစီးပွား ပါတဲ့ ကိစ္စ တွေ မှာ သာမွေ့လျော် တတ်ကြတာသဘာဝပါ..။ အများအတွက် အကျိုးပြုလုပ်ငန်းတွေ မှာ မွေ့လျော်ခြင်းမရှိတတ်ကြ..သလို စိတ်ဝင်စားခြင်းလည်းမရှိတတ်ကြပါဘူး။

တကယ်တော့ကိစ္စ တိုင်းလိုလို မှာ စိတ်ဝင်စားဘွယ် ရတိ သည် ရှိမြဲ ဖြစ်ပါတယ်..။
မိမိ အတွက်သာ အာရုံပြုထားပါက *ကာမရတိ* ကို ပဲတွေ့ရပါမယ်။
လောက အတွက်ဆို *ဓမ္မရတိ* ကိုတွေ့ ရပါမယ်..။့ 

လူတွေ အများစုကတော ( မိမိ အကျိုးအတွက်ဆောင်ရွက်သော လုပ်ငန်းများ တွင်သာ စိတ်ဝင်စားဘွယ် ရတိ ရှိကောင်း၏ ။ အများ ၏ အကျိုးစီးပွားအတွက် လုပ်သော လုပ်ငန်းများ မှာ စိတ်ဝင်စားဘွယ် -ရတိသည် မရှိကောင်း ) ရယ်လို့ ပဋိသန္ဒေ္စ ဥာဉ် နဲ့ စရိုက် အလိုက် ခံယူထားတတ်ကြ ပါတယ်။

ထို ခံယူချက် အတိုင်းပင် အများ၏ အကျိုးစီးပွားအတွက် လုပ်သော လုပ်ငန်းများ တွင် စိတ်ဝင်စားဘွယ် ရတိ ကို မတွေ့ကြပါ။ အဲဒီအခါ မျိုးမှာ အများ၏ အကျိုးစီးပွားအတွက် လုပ်သော လုပ်ငန်းများ တွင်မမွေ့လျော်ခြင်း(အ-ရတိ) ကို တွေ့ ရပါလေတော့တယ်..။

ထို အ-ရတိကို တွေ့တာ နဲ့ တပြိုင်နက် ထို လုပ်ငန်းတွေကနေ အကြောင်း အမျိုးမျိုး ပြပြီး ရှောင်ခွာ သွားကြပါတယ်။ ဒါ ဟာ မာရ်နတ် ရဲ့ ဒုတိယ တပ်မ မှာ ကျဆုံးခြင်း ပါပဲ..။

ဒါဆိုရင် ( ရတိ) ကို ဘယ်လို ရှာမလဲ … ကျွန်မသိချင်လှပါတယ်..။
တကယ်တော့ကိစ္စ တိုင်းလိုလို မှာ စိတ်ဝင်စားဘွယ် ရတိ သည် ရှိမြဲ ဖြစ်တာကို သတိထားဆင်ခြင် ရပါမယ်..။

ကိစ္စ တိုင်းမှာ (ရတိ) ရှိ နေတယ် ဆိုတာ ကိုလည်းယုံကြည်ဘို့ လိုအပ်လှပါတယ်..

ယုံကြည် ရုံ နဲ့မပြီးသေးဘူး ထို (ရတိ) ကို ရှာဖွေလိုသော ဆန္ဒ လည်းရှိရပါအုံးမယ် ။

ရှာလိုသော ဆန္ဒ ရှိ ရုံ နှင့်မပြီးသေး ပဲ တွေ့အောင်ရှာမည် ဆိုတဲ့ ခိုင်မာ တဲ့ ဆုံးဖြတ်ချက် ရှိရပါမယ်။

ခိုင်မာ တဲ့ ဆုံးဖြတ်ချက် ရှိရုံ နဲ့မပြီးသေး ၊ ဇွဲလုံ့လ ၊ဝီရိယ ရှိမှသာ တွေ့ နိုင်တာမျိုးပါ..။

တကယ်တော့ လည်း ၊ ဇွဲလုံ့လ ၊ဝီရိယ အပြင် ရှာဖွေ တတ်သော အသိဥာဏ် ပညာ လိုအပ်ပြန်ပါသေးတယ်။

ရှာဖွေ တတ်သော အသိဥာဏ် ပညာ ရှိရုံနဲ့ မပြီးသေးပဲ.....................

လုပ်ငန်းအဆင့်ဆင့် တိုးတက် မှု ဆုတ်ယုတ်မှု ၊ အခြေ အနေများကို အစဉ် သတိပြု ပြီး ရှာဖွေ မှ သာ စိတ်ဝင်စားဘွယ် ( ရတိ) ကိုတွေ့ နိုင်ပါတော့တယ်..။

လွယ်လွယ်ကူကူတော့မဟုတ် လှပါ။
ကဲ--- မာရ်နတ် ရဲ့ ဒုတိယ တပ်မ မှာ မကျဆုံးရလေအောင် ကြိုးစားပမ်းစား၊ စိတ်အားမွေးကာ ( ဓမ္မရတိ) ကို ရှာဖွေကြပါစို့လား။

မေတ္တာဖြင့်
သစ္စာအလင်း

နေက္ခမ္မ ပါရမီသို့ ဦးညွှတ် ပူဇော်ခြင်း ( ဝတ္ထုကာမ၊ ကိလေသာကာမ)


( ဆရာကြီးဦးရွှေအောင် ၏ လောကသားတို့ ၏ အနှိုင်းမဲ့ကျေးဇူးရှင်၊ စာ ၁၆၆ မှ အတွေးအခေါ် ၊စာသားတို့ကို ကိုးကားရေးသားပူဇော်ပါသည်။)

ကျွန်မ တို့အားလုံး ရဲ့ ကျေးဇူးတော်ရှင် မြတ်စွာ ဘုရားရှင် ဖြည့်ကျင့် ခဲ့တဲ့ ပါရမီ တော် (၁၀)ပါး ထဲက နေက္ခမ္မပါရမီ ကို ဒီနေ့ ဖတ်ရှု ပူဇော် မိပါတယ်..။ *ငါးပါးမာရ်ညွှန့် ၊ ရန်အ၀ှန့် ကို မရွံ့ မထိတ် ၊ ခြင်္သေ့စိတ် ဖြင့် * ဆွဲဆောင်မှု များမှ ရုန်းထွက် အောင်ပွဲ ခံ ခဲ့တာ ဒီပါရမီ ကိုဖြည့်ကျင့်ခဲ့လို့ ပဲဖြစ်ပါတယ်။

နေက္ခမ္မ ဆိုတာ ပါဠိ ဝေါဟာရ ဖြစ်ပါတယ်။ မြန်မာ ပြန် အနက်အားဖြင့် ဆိုလျှင် * ဆွဲဆောင်မှု များကြားမှ ရုန်းထွက်ခြင်း * လို့ နားလည် ရပါမယ်။ ရုန်းထွက်တယ် ဆိုတာ မိမိ အကျိုးစီးပွားအတွက် ရုန်းထွက်တာ မဟုတ်ပါဘူး ။ လော က လူသားအားလုံး ရဲ့ အကျိုးစီးပွားကို ဆောင်ရွက် နိုင်ရန် ဆွဲဆောင်မှု များအားလုံးမှ ရုန်းထွက်ခဲ့တာ မို့ နေက္ခမ္မ ပါရမီမြောက် တဲ့ ရုန်းထွက်မှု ရယ်လို့ ကြည်ညို မိပါတယ်..။

ရုန်းထွက် ရမဲ့ ဆွဲဆောင်မှုတွေ ကလည်း တပ်မက်စရာ လောကထဲပြည့်နှက်နေတာပါ။ ကျွန်မတို့ လို နုနယ် တဲ့ပါရမီ နဲ့ ချိနဲ့နဲ့ စွမ်းဆောင်ချက်တွေ နဲ့ အများအကျိုးဆောင်ရွက် တာမျိုး ဆိုတော့လည်း မာရ်နတ် ရဲ့ တပ်မ ၁၀ ခု အောက်မှာ အလဲလဲအပြိုပြို ရှုံးနိမ့် ရပါတယ်..။အဲဒီအခါတိုင်းမှာ ကျေးဇူးတော်ရှင် ဘုရားရှင် ရဲ့ ရင်ဆိုင်ပုံနည်းလမ်း တွေကို အတုယူပူဇော် ဦးခိုက်ဖြစ်ပါတော့တယ်..။

ဝတ္ထု ကာမ နှင့်ကိလေသာ ကာမ တွေကတော့ မာရ်နတ် ရဲ့ ပထမ တပ်မ ဖြစ် ပါ တယ်။ *ဝတ္ထုကာမ* ဆိုတာကတော့ တပ်မက်စရာကောင်းလှတဲ့
ရာထူး၊ ဂုဏ်သိမ်၊
စည်းစိမ် ၊ဥစ္စာ ၊
တန်ခိုးအာဏာများ
အများတကာ က ဝိုင်းဝန်းလေးစားခြင်း ခံရမှုများ ၊
ထင်ပေါ်ကျော်စော မှု များ တို့ပဲ ဖြစ်ပါတယ်..။

*ကိလေသာကာမ*ဆိုတာကတော့ တပ်မက်စရာတွေအပေါ် တပ်မက်တဲ့ စိတ်ပဲဖြစ်ပါတယ်
တကယ်တော့လည်း ဝတ္ထု ကာမ တွင်ပါတဲ့ လာဘ် သပ်ပကာ များ ၊ ဘွဲ့ ထူး ဂုဏ်ထူးများ ၊ရာထူးဂုဏ်သိမ် တွေက သာမန် သူတော်စင်ကိုပင် ဟန်ချက်ပျက်အောင် ဆွဲဆောင်နိုင်စွမ်းရှိတတ်ကြပါတယ်..။

ထိုသို့ ရုန်းထွက်ရာ မှာ ပစ္စည်းဥစ္စာ များစွန့်ခြင်း မှလည်း ရုန်းထွက်နိုင်ပါ၏ ။ ခြေလက် အင်္ဂါ များကို စွန့်ခြင်းဖြင့်လည်းရုန်းထွက် နိုင်၏။ အသက်ကိုပင် စွန့်ခြင်းအားဖြင့် ရုန်းထွက်မှ ဖြစ်မည် ဆိုလည်း အသက်ကို စွန့် ပြီးရုန်းထွက် နိုင်သည်သည်သာဖြစ်ပါတယ် ။ ဘုရားရှင် တို့ ရဲ့ စွန့်လွှတ်မှု မျိုး ကတော့ပြတ်သားရဲရင့် တာချည်းပါပဲ။

နေက္ခမ္မ ပါရမီ အနေဖြင့် လောဘဖြစ်လာသည့်အခါ လောဘ အလို သို့ မလိုက်ဖြစ်အှောင် လောဘ ရဲ့ ဆွဲဆောင်ချက် မှရုန်းထွက်ရပါတယ်။
ဒေါသ ရဲ့ အလို သို့ မလိုက်ဖြစ်အောင် ဒေါသ ရဲ့ ဆွဲဆောင်ချက် မှရုန်းထွက်ရပါတယ်။
မောဟ ရဲ့ အလို သို့ မလိုက်ဖြစ်အောင် မောဟ ရဲ့ ဆွဲဆောင်ချက် မှရုန်းထွက်ရပါတယ်။

မာယာ၊ သာဋ္ဌေယျ ၊ ဣသာ ၊ မစ္ဆရိယ စတဲ့ကိလေသာ များဖြစ်လာ တဲ့အခါ မှာလည်း သူတို့ ရဲ့ အလို ကို မလိုက်ဖြစ်အောင်ရုန်းထွက်ရတာပါပဲ။ အဲလို ရုန်းထွက်နိုင်ဘိ့ဆိုတာ လွယ်လှတာတော့မဟုတ်ပါဘူး ။ မလွယ်ပေမဲ့ နေက္ခမ္မ ပါရမီ သဘောနဲ့ ကျေးဇူးတော်ရှင် ဘုရားရှင် သည် လေးသင်္ချေ ကမ္ဘာ တစ်သိန်းတိုင်တိုင် လေ့ကျင်ခဲ့ပါတယ်..။ ဖြည့်ကျင့်ခဲ့ပါတယ်..။ ကြိုးစားခဲ့ပါတယ်..။ နောက်ဆုံး အောင်နိုင်ခဲ့ပါတယ်..။

တကယ်တော့လည်း ပါရမီ (၁၀) ပါးလုံး မှာ ရုန်းထွက်တယ် ၊ စွန့်လွှတ်တယ် ဆိုတဲ့ နေက္ခမ္မ သဘောပါမှ သာ ပါရမီ ထိုက်တဲ့ ကျင့်စဉ် ဖြစ်ရပါတယ်..။
ကျွန်မတို့ မှာ လည်းအရိယာ မဖြစ်သေးသမျှ မှာ ဓမ္မတာ အရ ကိလေသာ တွေကို တွေ့ ကြုံနေရစမြဲပါ။ အဲဒီအခါ ထို ကိလေသာ တို့ရဲ့ ဆွဲဆောင်မှု အလို ကို လိုက်ပါခြင်းမရှိပဲ ရုန်းထွက် နိုင်တယ် ဆိုရင်တော့ နေက္ခမ္မ သဘော ဆိုတဲ့ လမ်းကြောင်း ကို လျှောက်လှမ်းမိ ရမှာပါ..။

ကျေးဇူးတော်ရှင် ဘုရားရှင် မည်သို့ ဖြည့်ကျင့်ခဲ့ပါသနည်း ၊ အဓိက လမ်းညွှန်ချက်ကို ကျွန်မ ပူဇော် ဥိးခိုက်လိုလှပါတယ်..။
ကျေးဇူးတော်ရှင် ဘုရားရှင်က အများအကျိုးကို ဆောင်ရွက် တဲ့အခါ မှာ.....
((( မည်သည့်လုပ်ငန်း ကိုဆောင်ရွက် သည်ဖြစ်စေ ၊ ထိုလုပ်ငန်းမှ ရရှိသော အကျိုးကို မမျှော်ကိုး ပဲ မိမိတာဝန် အရ ၊မိမိ လုပ်ငန်းကို ၊ လောက အတွက် လုပ်ခြင်းဟူ၍ လုပ်ငန်း ၌ သာ ၊ လေးလေးစားစား လုပ်ကိုင်ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ ))) ဆိုတဲ့ ပဓာန ကျတဲ့ ခံယူချက် နဲ့ ရုန်းထွက် ခဲ့ပါတယ် ၊ ကြိုးစားခဲ့ပါတယ်..။

ထို အခါ မှာ မိမိ အကျိုးကို ပဓာန မထားတဲ့အတွက် တပ်မက်ခြင်းလောဘသည်လည်းမဖြစ်လာ။
စိတ်ဆိုးခြင်း ဒေါသလည်းဖြစ်မလာ
တွေ ဝေခြင်း မောဟလည်း ဖြစ်မလာ ။
တခြားသောကိလေသာ များသည် လည်းဖြစ်မလာတော့ ပါဘူး။

ထို ကိလေသာများ မှာ ခေါင်းဆောင်ကတော့ လောဘ ပါပဲ ။ သူခေါင်းဆောင်ရင် သူ့နောက်က ကျန်တဲ့ကိလေသာ တွေ လိုက်ကြတော့တာပါ..။

သူတို့ နဲ့ ထာဝစဉ် နပမ်း လုံး အရှုံပေး နေကျ ကျွန်မ တို့ကတော့ ဘုရားရှင် ရဲ့ ရုန်းထွက်မှု* နိက္ခမ္မပါရမီ* ကို ကြည်ညို ဦးခိုက် မဆုံး နိုင်ပါ..။ လေးစားမြတ်နိုးမှု သည် လည်း အတိုင်းအဆ မရှိ ။ ခံစားနားလည် ခြင်းဖြင့်လည်း ကြိုးစားလို စိတ်တွေ ဖြစ်ရပါတယ်..။
မာရ်နတ်၏ ပထမ တပ်မပါတကား ။
ဒုတိယ တပ်မ *အ-ရတိ*ကို ဆက်ပါအုံးမည်။

မေတ္တာဖြင့်
သစ္စာအလင်း