Showing posts with label သမီးလေးမစုမြတ်. Show all posts
Showing posts with label သမီးလေးမစုမြတ်. Show all posts

Sunday, August 17, 2014

ပရဟိတမောင်နှမ

ကိုယ် ပိုင်အလုပ်တွေ ကိုယ် စီ လုပ်နေပေမဲ့ အချိန်ပိုလေး တွေ ရလာတိုင်း ပရဟိတ လုပ်ငန်းများ ကို စိတ်ပါလက်ပါ လုပ်ဆောင်တတ်တဲ့ မောင်နှမလေး(ကိုအုတ်+ မစု) နှစ်ယောက် နှင့် သူတို့ရဲ့ ပရဟိတ သူငယ်ချင်းများ ကို ဖြင့် ကျွန်မ မှာ တကယ်ပဲကျေးဇူးတင်မိပါတယ်..။
သူတို့က ရေများရာ မိုးရွာ သော သူများမဟုတ်။ အမှန်တကယ် လိုအပ်သော နေရာ များ အတွက် အမှန်တကယ် ပေးဆပ်လိုတဲ့ စိတ်နေစိတ်ထားမြင့်မား ကြသူများလည်း ဖြစ်ပါတယ်..။
ဟိုတလောကတော့ သူတို့ မောင်နှမ ရဲ့ ပရဟိတ ကွန်ယက်ထဲ မှ သမီးလေးတစ်ဦး ဖြစ်သူ မခင်မြတ် ရဲ့ စိတ်ကူးလေး နဲ့ စပယ် ပန်းရောင်းတဲ့ကလေးများကို စာသွားသင်ပေးကြ တဲ့ အစီအစဉ်လေး ကို သိလိုက်ရတော့ ကျွန်မ မှာ မျက်ရည် ရစ်ဝဲလာသည် ထိ ပီတိဖြစ်ရပါတယ်…
Curriculum Development တို့ Classroom Climate တို့ Teaching Aid တို့ အကြောင်း ပြောလေ့ရှိတဲ့ ကျွန်မ မှာ မျက်လုံးအစုံ ပြူးကျယ် ၍ သူတို့ရဲ့ မီးပွိုင့် နားက ပလက်ဖောင်း စာသင်ဝိုင်းကို ဦးညွှတ်အလေးပြုရပါတော့တယ်..။ တော်ပေစွ ကလေးတွေပါတကား။
သူများတွေ ကျောင်းတက်ချိန်မှာ မတက်ရ…။ ပညာရှာချိန်မှာ ဥစ္စာ ရှာနေရ အောင် ဘယ်လို အကြောင်းများ လုပ်ခဲ့ပါလိမ့်ကလေးတို့ရယ်..။
အရွယ် နဲ့ မမျှ မိမိဝမ်းစာ..(မိသားစု အတွက်လည်းပါနိုင်သေး)… မိမိဖာသာ ရှာရရှာသော.. ကလေး တွေ ရဲ့ ဘဝကို ထပ်တူစာနာနားလည် ပေး တာကိုလည်း ချီးကျူးရပါတယ်..။
ဟုတ်ပါတယ်လေ..ညဘက်ဆို ရင်လည်း သူများတွေ မိဘ ရင်ခွင်မှာ ထိုင်ကာ ရုပ်မြင်သံကြား ထိုင်ကြည့်နေကြ တဲ့ ကလေးများ လို ကြည့်ချင်ကြရှာ မှာပါ..။မိုးရွာ ထဲလည်းဘယ်ထွက်ချင်ပါ့မလဲ..။
ကံအကျိုးပေးမလှရှာသူ ပန်းသည်လေး များဘဝကို စာနာ နားလည် တတ်တယ် ထိထိ ရောက်ရောက်ကူညီနိုင်အောင် ကြိုးစားအားထုတ်တာ ကို ကျွန်မ အလွန်လေးစားချီးကျူး မိပါတယ်…။
ပရဟိတမောင်မယ် လေးတွေကမီးပွိုင့် မှာ ပန်းရောင်းတဲ့ကလေးတွေ ဆီ သွားပါတယ်..။ ပြီးတော့ ၂ဖွဲ့ ခွဲ ပြီး တစ်ဖွဲ့ က သူတို့ကိုယ် စား စပယ် ပန်းရောင်းပေးကြပါတယ်..။ကျန်တစ်ဖွဲ့က ကလေးတွေကို ထိုင်ခိုင်းပြီး စာသင်ပေးတဲ့လူက သင်ပေး၊ ပုံပြင်ပြောပြတဲ့ လူ ကပြောပြ ကြတာပါ..။
တချို့ ကလည်း ကလေးတွေ ရဲ့ အလုပ်လုပ်ချင်တဲ့ စိတ်ကို ဖျက်ဆီးရာ ရောက်တယ် လို့ မြင်ကြပါတယ်..။
ဘဝ တွေ ဆိုတာ ကလည်း အကြင်နာ ရရှိဘူးတဲ့ သူ မှသာ ကြင်နာ တတ်တာပါ…။
မေတ္တာ ရဘူး မှ သာ မေတ္တာ တရားကို ထိတွေ့ခွင့် ရပြီး ပြန်ပေးနိုင်ကြတာမျိုးပါ။
စေတနာ တရားကို သူတပါးထံ မှ ရရှိခံစားဘူး မှသာ စေတနာ ကို ပြန်ပေးချင်စိတ် ပေါ်နိုင်ပါလိမ့်မယ်..။
တချို့ ကားမောင်းလာတဲ့ စေတနာရှင်တွေကလည်း ပရဟိတ ကလေးတွေက တဆင့် ငွေတွေ လှူဒါန်းသွားတတ်ပါသေးတယ်…။
မီးမီး ကတော့ ကလေးတွေ ကိုတကယ် စေတနာ ထားရင် ငွေမပေးပဲ ကစားစရာ၊ ဖတ်စရာ စာအုပ်တွေပေးခဲ့ဘို့ ပြော ပါတယ်..။
သူတို့မလာတာကြာတော့ ဟိုတနေ့ က ဖုန်းဆက်ပါတယ်..။ မမတို့ ကိုကို တို့ ဘယ်တော့လာကြမှာလဲ တဲ့..။
ပရဟိတ မမ ၊ ကိုကို များ ရဲ့ အကြင်နာ စက်ဝန်း ကျယ် ပြန့်စွာ ဖြန့်ကျက် နိုင်ပါစေသား။

မေတ္တာဖြင့်
သစ္စာအလင်း

Tuesday, September 29, 2009

သမီးလေးအတွက်မွေးနေ့လက်ဆောင်(တတ်သိလိမ္မာအရာရာ-ချမ်းသာအေးမြမှာ)

ချစ်လှစွာသော သမီးလေးရေ…

လွန်ခဲ့တဲ့ ၆ နှစ်လောက် က အဝေးကို ထွက်ခွာသွားမဲ့ မိခင်တစ်ဦးကို ရေနဲငါး-ဖြစ်ရပါတော့မယ် ဆိုတဲ့ အကြည့်များစွာ ကချောက်ခြားစေခဲ့တာ အမှန်ပါ။ ဒါတွေကို ကြိုးစား လွှဲဖယ်ရင်း၊ အားတင်း ထွက်ခွာခဲ့ရတဲ့ မေမေ ဟာ နာကျင်မှုတွေ အပြည့်နဲ့ပါ သမီးရေ..။

၂၀၀၈ ခုနှစ်-မေမေ ဟာမြန်မာပြည်ပြန်လာတဲ့ အချိန်မှာ I love you Mommy လို့ ပါတဲ့စာတန်းကို အသေအချာ မြင်သာအောင် လှပစွာ ထုပ်ပိုးထားတဲ့ မျက်နှာသုတ်ပုဝါ ပန်းရောင်လေးကို ကိုင်ပြီး ကြိုဆိုခဲ့ တဲ့ သမီးလေးဟာ မိမိကိုယ်ကို ယုံကြည်မှု အပြည့်အဝရှိလှစွာ ချမ်းမြေ့ ရွှင်လန်းနေပါရောလား။ တစ်ချို့ သစ်ပင်တွေ အတွက် အရိပ် ဆိုတာ ပျိုးခင်းသစ် ဖြစ်တည်ဘို့လိုအပ်ပေ မဲ့ ကြီးထွားရှင်သန်ချိန် ကျတော့ လောင်းရိပ် ဖြစ်တတ်ပေသည်ပဲ။

သမီးလေး စုမြတ်ရတနာ ဟာ မေမေ့အတွက် ကံကောင်းခြင်းတွေယူဆောင်လာတဲ့ ဆုလာဘ်ရတနာ တစ်ပါးလို့လည်း မေမေ က တင်စား၊ထင်စားဝံ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မေမေ ကများစွာ သင်ကြားစရာမလိုပါပဲ အလိုအလျောက် လိမ္မာပြီးသားဖြစ်နေတာကိုး။ မေတ္တာ ၊ကရုဏာ ၊ စေတနာ ၊ သဒ္ဓါ တရား ဆိုတာ သမီး ရဲ့ ပင်ကိုယ် ဥစ္စာ ရတနာ လို မွေးရာပါ ဖြစ်နေတာ မေမေ က ပြန် ပြီးလေးစားရပါသေးတယ် သမီးလေးရေ..။

(ကျွန်မ မောင့်ကို မရရတဲ့ နည်းနဲ့ သွေးဆောင် ဖျားယောင်းတော့မယ် မောင်)ဆိုတဲ့ စကားလုံးလေး၊နဲ့ လွတ်လပ် ပွင့်လင်းတဲ့ ၊ဆွဲဆောင်နိုင်စွမ်းရှိတဲ့ စာရေးဆရာမ ရဲ့ ဝတ္ထုတွေ ဟာ မေမေ တို့ တက္ကသိုလ် တက်တုံးက ခေတ်စားခဲ့၊လွှမ်းမိုးခဲ့သပေါ့ ။ မေမေ ကဖတ်တော့ဖတ်ခဲ့ဘူးပါတယ်။ မေမေ ကသမီးလေးကိုရရှိ ပိုင်ဆိုင် ခဲ့တဲ့ အချိန်မှာတော့ အဲဒီ စကားလုံး ကြီး တွေကို တတ်နိုင်သလောက် အဝေးကို တွန်းဖယ် ပစ်ချင်နေခဲ့ မိတယ်။ သမီး လေး ကို အဲလို မရဲရင့်စေချင်ဘူး။ မပွင့်လင်းစေချင်ဘူး၊ မဖော်ထုတ်စေချင်တာ အမှန်ပါ။ မေမေတို့ ဗုဒ္ဓ ခေတ် က မိန်းမသားတွေ ထဲမှာ မိန်းမ က စခဲ့ပါတယ်ဆိုတဲ့ ဇာတ်လမ်းတွေရှိတာ… အထင် ကရဆိုရင် မေမေမှတ်မိနေခဲ့တာ..။


ယသော်ဓရာအလောင်း သုမိတ္တာ နဲ့ ဘဒ္ဒါ ကုဏ္ဍလ ကေသာ ပေါ့ ။ သုမိတ္တာ ကတော့ ဒီပင်္ကရာ ဘုရား ရှေ့မှောက်မှာ သိရှိကြားနာခဲ့ ရတဲ့ လေးသင်္ချေ ကမ္ဘာ တစ်သိန်း ကာလကြာအောင် လျှောက်လှမ်းရမဲ့ ပါရမီတော် ခရီး မှာ အဓိ ကကျတဲ့ ဇာတ်ဆောင် အဖြစ် ပါဝင်ကပြခွင့် ကို အနစ်နာ ခံ တဲ့ေ မတ္တာတရား နဲ့ တောင်းဆိုလိုက်တာပါ။ပါလာတဲ့ ကြာပန်းရှစ်ခိုင် ကို တကယ့်ဘုရားရှင်ကို ကိုယ်တိုင် ဆက်ကပ် လှူဒါန်းခွင့်ရနေတာတောင် သူ ကသုံးခိုင်သာယူခဲ့ လှူခဲ့တယ်။သုမေဓာ အရှင်ရသေ့ကို ကြာငါးခိုင်ပေးလှူ ပြီးပြတ်သားရဲရင့်ခဲ့တာပဲ။ တကယ် လည်း ထိုက်တန် ခဲ့ ။လှပခဲ့ အဓိကကျခဲ့ ပါတယ်။

မေမေ ကြောက်တာ ဘဒ္ဒါ ကုဏ္ဍလ ကေသာလိုလေ..သူကလည်း လွတ်လပ် ပွင့်လင်း တဲ့ ရဲရင်ပြတ်သား တဲ့ အချစ် ရှိလို့နေခဲ့တယ်။ သူကတော့ တဏှာ မြွေ ကိုက် ခဲ့တာ ကိုး။ ဘုံနန်းပြသာဒ် အပေါ်ထပ်ကနေ ခိုးသားကြီးကို စွဲလမ်းတော့တာ ပဲသမီးရေ..။ရူပတဏှာ နော် သမီး ဘယ်လောက်ဆိုးသလဲ။ ငါ့မှာဆင်းရဲမယ်၊ အရှက်ကွဲလိမ့်မယ်။ မတော်ဘူး တော်တယ် ဘာမှ မသိဘူး။ အဝိဇ္ဇာ အမှောင်က ဖုံးထားလို့ ၊ပိတ်ထားလို့ တဏှာ ကစွဲလမ်းတယ်။ မေမေတို့ အမရပူရ က ရေဥူး ကျောင်းဆရာတော် ဘဒ္ဒ န္တပဏီတ ဆရာတော် ဆုံးမ တာမှတ်ထားပါ သမီးလေးရေ..။
( မသိလေဆိုး၊ မိုက်အားကိုး၊
ဆင်းရဲမျိုး များစွာ- သိတတ်လိမ္မာ ၊
အရာရာ ၊ချမ်းသာအေးမြမှာ။
ကောင်းနိုးနိုး နှင့် ကျိုးကြောင်းမမြင် ၊
တဏှာ ပင်မ၊ ခက်လှသည်ပင်၊ ရစ်ဝဲ ရစ်ဝဲ ဆင်းရဲ ပယ်ခွင်
ထွက်ရာလမ်း၊မျှော်မှန်း ကြံဆင်ခြင်။)


မိဘတွေ က အသပြာ တစ်ထောင်ပေးလို့ ကြံဆောင်ပေးရရှာပါတယ်။ နဂို အဖေ၊ အမေ နဲ့နေတုံး ကတော့ ဝတ်ကြီးဝတ်ငယ် ပြုရမယ်မှန်းနားမလည်ဘူး။ သတ္တုက ခိုးသားကြီးကျတော့ ဝတ္တရားတွေ ကျေပွန်လိုက်တာ၊ တဏှာ အစွဲ အလမ်း ကြီးလေလေ ရှုံးလေလေပါပဲ။ အချစ်များလေ ဆင်းရဲလေလေပါ ။
သူက ကိုယ်ချစ်ကို ရှာ မိသကိုး။ ဇာတ်လမ်လေး က သမီးသိပြီးသားပါ။ လူမိုက် တို့ ထုံးစံ အတိုင်း မချစ်မနှစ်သက်တဲ့ သူနဲ့ အတူနေရတာ ကျဉ်းကြပ်လာတယ်။ လက်ဝတ်လက်စားတွေယူ အသေသတ်ဘို့ကြံစည်တော့တာပါပဲ။ ပရိယာယ် နဲ့ မြို့ပြင် ခေါ် သွား သတ်ဘို့ လုပ်ပါတော့တယ်။ တဏှာ ကို လက်ခံမိတာနဲ့ ဆင်းရဲဒုက္ခ မျိုးစုံတွေ့ရတာလေ..။ တကယ့် အသက်ဘေး ကြုံလာတော့ သူ့ကိုချစ်တဲ့တဏှာ ထက်ကိုယ့်ကိုကို ချစ်တဲ့ တဏှာ ကယိုင်လာ တော့တာပေါ့။ မိန်းမတို့မာယာ နဲ့ လှည့်ပတ်ပြောဆိုပြီး ချောက်ထဲ တွန်းချလိုက်တာ သမီးရေ..။

မယ်ဘဒ္ဒါ အမြင်မှန်လာတာ သူ့တဏှာ ပြုတ်သွားလို့ပါ။ မဟုတ်ရင်သူ ကသေရမှာ။ မိဘ အိမ် ပြန်ရမှာ ရှက်တဲ့ မယ်ဘဒ္ဒါလေး က ပရိဗိုဇ် ကျောင်းရောက်သွားတယ်။ အဲဒီ ကနေ ပုစ္ဆာ တစ်ထောင်တတ်လာတာပေါ့။ ပညာကလည်းတတ်လာတော့ မာန ကခပ်ကြီးကြီးပေါ့သမီးရယ်။ ပညာ ပြိုင်ရင်းစိန်ခေါ်ရင်းနောက်ဆုံး အရှင်သာရိပုတ္တရာမထေရ် မြတ်ကြီး နဲ့တွေ့ ရပါတော့တယ်။ အရှင်မြတ်ကြီးရဲ့မေးခွန်းကို မဖြေနိုင်တဲ့ ဘဒ္ဒါလေးဟာ နည်းပညာခံယူဘို့ နောက်ကို လိုက်ခဲ့ပါတယ်။ ဘိက္ခု နီ မများကျောင်းပို့။ ကမ္မဋ္ဌာန်းပေး အလုပ်လုပ်တဲ့ အခါကျတော့ ရဟန္တာမ ဖြစ်သွားရပါတော့တယ်။ ပညာ အရာ မှာ ထူးထူး ချွန် ချွန် နဲ့အဘိဉာဉ် များလည်းရသွားပါတော့တယ်။

( ဧတဒဂ္ဂံ ဘိက္ခဝေ မမသာဝိကာနံ ဘိက္ခူနီနံ ခိပ္ပါ ဘိညာနံ ယဒိဒံ ဘဒ္ဒါ ကုဏ္ဍလကေသာ ) လို့ဆိုပြီး ဘုရားရှင် က ဧတဒဂ် ဘွဲ့ထူးပေးတော် မူပါတယ် သမီးလေးရေ..။ ဘဝ အဆက် ဆက် ကဖြည့်ကျင့်ခဲ့တဲ့ ပါရမီ ပါသော်လည်း တဏှာ ပူးဝင်ပြီး အသက်ဘေးထိ ကျရောက် ခဲ့ရတာ။ တဏှာ ကြောင့်အလွန် ဆင်းရဲပုံ၊ တဏှာ ဖြတ်တော့ချမ်းသာပြီး ဈာန် အဘိဉာဉ် တန်ခိုးကြီးကြီးကျယ် ကျယ် ရတဲ့ ဘိက္ခုနီမ ၊ အာသဝေါကင်းတဲ့ ရဟန္တာမ ဖြစ်သွားခဲ့ တာတွေ ကို သင်္ခန်းစာယူရင်း မေမေတို့ သူတော် ကောင်းတရားတွေ ကြိုးကြိုးးစားစားအားထုတ်ကြဘို့မေမေ က မွေးနေ့ မှာ စကားလက်ဆောင် ပေးချင်မိပါတယ် သမီးရေ..။


အရင် နှစ်တွေက လိုမွေးနေ့လက်ဆောင်ဟာ Pooh အရုပ် မဟုတ်တော့ တာ (၁၇) ဆိုတဲ့ ကိန်းဂဏန်းရောက်ရှိနေခဲ့ လို့ဆိုတာ-သမီးလေးရိပ်မိ မှာ ပေါ့နော်။

(နဟိ သဗ္ဗေသု ဌာနေသု-ပုရိသော ဟောတိ ပဏ္ဍိတော
ဣတ္ထီပိ ပဏ္ဍိတာဟောတိ- တတ္ထ တတ္ထ ဝိစက္ခဏာ)


မိန်းမ တွေ အ-တယ် လို့ဆိုပေမဲ့ တကယ် အချက်ကျတော့ ပန်းတိုင် ကျတော့သူက ပန်းခူးသွားတယ် ဆိုတဲ့ တောစောင့်နတ်က ဘဒ္ဒါ ကို ချီးကျူးတဲ့ ဂါထာလေးကို တော့ မေမေ က သတိတရ-ရွတ်ဆို ပြီး မွေးနေ့လက်ဆောင် ပေးလိုက်ပါတယ် သမီးရေ..။ အရာရာ ဉာဏ်နဲ့ ယှဉ် ဆုံးဖြတ်နိုင်ပါစေ။


(အမရပူရ-ရေဥူးကျောင်းဆရာတော်- ဘဒ္ဒန္တ ဣဿရာလင်္ကာရာဘိဝံသ ရေးသားသော ခိပဘိဉာဧတဒဂ်ရ ဘဒ္ဒါကုဏ္ဍလ ကေသာ ထေရီ ဝတ္ထု ကို မှီငြမ်းရေးသားပါသည်။)

Tuesday, June 30, 2009

တို့အားလုံးအတွက်-စာမေးပွဲ

မေမေ ချစ်သော သမီးလေး မစုမြတ်ရေ…

ဂုဏ်ထူး၅ဘာသာထွက်တယ်လို့ကြိုတင် ကြည့်ထား- သိထားပြီးမှ တကယ်တမ်း အောင်စာရင်းထွက်တော့ မြန်မာစာ ဂုဏ်ထူး(၁) ဘာသာ သာထဲ ပါလာတာကို..သမီးလေး တော်တော်ခံစားရမှာဆိုတာ မေမေ ကရုဏာ ဖြစ် နေမိပါတယ် သမီးရေ..။မေမေတို့ ဘဝတွေမှာစာမေးပွဲတွေက တော်တော်အရေးပါကြတယ်နော်..။ မေမေ လည်းတစ်ခါက Student Evaluation ဆိုတဲ့ စာမေးပွဲဋ္ဌာနမှာ အမှုထမ်းခဲ့ ဘူးတယ်…။

ကျောင်းသားရဲ့ အရည်အချင်း ကို ဆုံးဖြတ်ပေးနိုင်ဘို့ မေးခွန်း ထုတ်တဲ့နည်းစံနစ်တွေ၊မေးခွန်းတစ်ခုရဲ့ Quality ကအစ စိစစ်ရပါတယ်။ မေးခွန်းဟာ မှတ်မိတာ(Memory-Recall)ကိုတိုင်းတာတဲ့မေးခွန်းတွေလား။ တွေးခေါ်နိုင်မှုစွမ်း ရည်၊ ကြံစည် နိုင်စွမ်း ၊ အသုံချနိုင်မှုစွမ်းရည်တွေ(Creativity)ကို တိုင်းတာတဲ့ မေးခွန်း မျိုးဖြစ် အောင်ထုတ် တတ် ဘို့ သင်ပေးခဲ့ရဘူးပါတယ် သမီးရေ..။ စာတွေ့တင်မကဘူး လက်တွေ့ ပါစစ်ဆေးရ ပါတယ်..။ အမှတ်ခြစ်ရင်တောင် ခုံနံပါတ်ကို Code လုပ်တာတွေ..အတော်အညံ့ Ramdomize လုပ်တာတွေနဲ့ အမျှတဆုံးဖြစ်စေရပါတယ်.. ။

ဒါတောင်မှပဲ------စာမေးပွဲတွေ ဟာ တကယ်တန်း လူတစ်ယောက်ရဲ့ အရည် အချင်းကိုတိုင်းတာနိုင်ပါသလား ဆိုတဲ့မေးခွန်း ကိုမေမေ ပြန်မေး မိတယ်..။မတိုင်းတာ နိုင်ကြပါဘူး။ ဒါပေမဲ့လည်း သည့်ထက်ကောင်းတဲ့ တိုင်းတာရေးစနစ်ကို မတွေ့ သေးတော့လည်း ဒါကိုပဲ ကျင့်သုံးနေကြရပါတယ်..။

တကယ်တော့လည်းသမီးရေ..မေမေတို့အားလုံးဟာ သံသရာ မှာကျင်လည်နေရသေးသရွေ့----၃၁ဘုံ ဆိုတဲ့ တက္ကသိုလ်ကြီှး ရဲ့ လူ့ဘုံ ဆိုတဲ့ ဋ္ဌာနအောက်မှာ အချိန်ပြည့်ကျောင်းသား အဖြစ် ကျောင်းတက်နေကြရပါတယ်။ အဲဒီတက္ကသိုလ်ကထုတ်တဲ့ မေးခွန်းနဲ့ စာမေးပွဲစနစ်ကတော့အကောင်းဆုံး Evaluation System အဖြစ်မေမေ တို့ စံပြုရပါလိမ့်မယ်သမီးရေ..။ အဲဒီ တက္ကသိုလ်ကပေးတဲ့ ဘွဲ့ တစ်ခုရခဲ့ပြီဆိုရင်တော့ ၃၁-ဘုံမှာ မျက်နှာငယ် စရာ မရှိတော့ ဘူးပေါ့။

ဘွဲ့တွေ က တော့ အဆင့်ဆင့်ပေါ့သမီးရယ်..။ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် ၊ ရဟန္တာဆိုတဲ့ ဘွဲ့ လေးဆင့်ရှိပါတယ်သမီး။ ၃၁-ဘုံတက္ကသိုလ်ကြီးကပြဋ္ဌာန်းစာအုပ်ရှိတယ်သမီးရေ..။ သိပ်တော့မများပါဘူး။ ဘာသာရပ် လေးခုပဲရှိပါတယ်။
အနိစ္စ၊ ဒုက္ခ ၊ အနတ္တ၊ အသုဘ ဆိုတဲ့ ပြဋ္ဌာန်းစာလေးဘာသာပါသမီး။
ပြဋ္ဌာန်းထားတာတွေကို သေချာ သင်အံ လေ့ကျက် နေတဲ့သူရယ် ၊မထေမဲ့မြင်ပြုပြီး အလေလိုက်နေတဲ့လူရယ် နှစ်မျိုးနှစ်စားရှိပါတယ် ။

ကျောင်းက အနိစ္စ ပါလို့ပြဋ္ဌာန်းထားတယ် မေမေတို့ က နိစ္စ လို့ ဖတ်ရှုနေတတ်တယ်။
ဒုက္ခ လို့ပြဋ္ဌာန်းတာကို သုခလို့ ရှုမှတ်နေမိပြန်ပါသေးတယ်..။
အနတ္တ ပါလို့ ဘယ်လို သင်ပြပြ မေမေတို့က အတ္တ ပါလို့ ကိုယ်ထင်သလို ဆွဲယူတတ်ပါသေးတယ်။
အသုဘတွေ ပါလို့ ပြဋ္ဌာန်းပေမဲ့ သုဘ ပါလို့ ထင်မှတ်မှားကာ၊ သမုဒယတွေပွား နေခဲ့မိတာပေါ့..။


အဲဒါဆို အလေလိုက်နေတဲ့ အုပ်စုထဲမှာပါဝင်သွားပြီး စာမေးပွဲကျကာ အပါယ်လေးဘုံ ကိုအပို့ခံရပါလိမ့်မယ်။
မေမေတို့ဖြေရမဲ့ စာမေးပွဲက မေးခွန်းတွေ ကလည်း Question Out ထားပြီးသားပါ..။ မဖြေချင်ပါ ဘူးဆို လို့လဲ မရ..။ အမြဲအစစ်ခံနေကြရပါတယ်သမီးရေ..။ မေးခွန်းက ၈-ခုထဲပါ..။ Question Out ထားတာတောင် မေမေတို့ ဟာ စာမေးပွဲခဏခဏ ကျ နေခဲ့ဘူးတာပေါ့သမီးရေ..။
မေးခွန်း၈-ခု ကတော့ လောကဓံတရား၈ပါးဆိုတဲ့မေးခွန်းတွေပါပဲ…။လောကဓံဆိုတဲ့ လောကဓမ္မ ဟာသတ္တဝါ တွေ မလွှဲမရှောင်သာပဲ အမြဲထိတွေ့ ခံစားနေကြရမဲ့ တရားတွေပါသမီးရယ်။ ကင်းလွတ်တယ် ဆိုတာမရှိပါ ဘူးနော်။ မေမေတို့ရဲ့ ကျေးဇူးတော်ရှင်မြတ်စွာဘုရား က အဲဒီ လောကဓမ္မ ၈-ပါးရဲ့အကြောင်းကို လောကဓံသုတ် မှာ ဟောကြားတော်မူခဲ့ပါတယ်သမီး။
(၁) လာဘ= လာဘ်ရခြင်း----- ပင်ပင်ပန်းပန်း ရှာကြံလုပ်ကိုင်လို့ပဲဖြစ်ဖြစ်၊မရှာကြံရပဲ ကံအားလျော်စွာ အလွယ် တကူ ပဲ ဖြစ်ဖြစ် ပစ္စည်းဥစ္စာတွေရရှိလာတာကိုလာဘ်ရတယ်ခေါ်ပါတယ်။
(၂) အလာဘ= လာဘ်မရခြင်း ---နှစ်သက်လိုချင်စဖွယ် အသုံးကျတဲ့ပစ္စည်းတွေကို မရရှိခြင်းနဲ့ ရထားပြီးတဲ့ ပစ္စည်းဥစ္စာတွေ ဆုံးရှုံးသွားခြင်းတို့ကို လာဘ်မရခြင်းလို့ခေါ်ပါတယ်။
(၃) ယသ=အခြွေအရံများခြင်း----- အိမ်ထောင်ဘက်၊သားသမီး မိတ်ဆွေ သင်္ဂဟများနဲ့ တပည့်တပန်းများကို အခြွေအရံ လို့ခေါ်ပါတယ်။ ဒါတွေရှိတာအခြွေအရံ ရှိတာပါပဲသမီးရေ..။
(၄) အယသ= အခြွေအရံမရှိခြင်း------အထက်ကဆိုခဲ့တဲ့ အခြွေအရံ မရှိတာရော ရှိပြီးတဲ့အခြွေအရံတွေ ဆုံးရှုံးပျက်စီး သွားတာကိုရော အယသ လို့ခေါ်ပါတယ်။
(၅) နိန္ဒာ=ကဲ့ရဲ့ခြင်းနဲ့ အကဲ့ရဲ့ခံရခြင်း။ ကိုယ့်အကြောင်းမကောင်းပြောတာ ခံရတာတွေ။အနှိမ်ခံရတာတွေ လည်းပါတာ ပေါ့ သမီး။
(၆) ပသံသာ= ချီးမွမ်းခြင်းနဲ့ အချီးမွမ်းခံရခြင်း။
(၇) သုခ=ချမ်းသာခြင်း။ကိုယ်ချမ်းသာခြင်းနဲ့ စိတ်ချမ်းသာခြင်း နှစ်မျိုး ကိုဆိုလိုပါတယ်။
(၈) ဒုက္ခ=ဆင်းရဲခြင်း၊ကိုယ်ဆင်းရဲခြင်းနှင့်စိတ်ဆင်းရဲခြင်း နှစ်မျိုးကိုဆိုလိုပါတယ်။

အကောင်းတရား လေးမျိုးနဲ့ မကောင်းတရား လေးမျိုး သည် ရှစ်မျိုး ဟာ သတ္တဝါတို့ရဲ့ နောက်ကို အရိပ်သဖွယ် အမြဲလိုက်နေကြပါတယ်..။ သူတို့ စစ်ဆေးအကဲဖြတ်နေတော့တာပေါ့သမီးရယ်။
ပထမ အကောင်း လောကဓမ္မ မေးခွန်းလေးမျိုး ကိုမေမေတို့ တွေ့ကြုံရလို့ ဖြေဆိုတဲ့အခါ လောဘ ၊ မာန ဆိုတဲ့အဖြေ ဖြေမိတတ်ပါတယ်။ တကယ်တော့ အဖြေမှန်ဟာ မမြဲခြင်းဆိုတဲ့ အနိစ္စ ပါသမီး။ အဖြေမမှန်လို့ လည်းစာမေးပွဲ ခဏခဏ ကျခဲ့တာပေါ့။

ပညာတွေ ဘယ်လောက်တတ်တတ်၊ ငွေကြေး ဘယ်လောက်ရှိရှိ၊ ရာထူးဂုဏ်သိမ် ဘယ်လိုပြည့်စုံ ပြည့်စုံ----အနိစ္စ ကျေမှ ဖြေနိုင်မှာပါသမီးရေ..။
တစ်ခါ အဆိုးလောကဓံ တွေတွေ့ကြုံတဲ့အခါ မေမေတို့ ဖြေခဲ့ ကြတာ သောက၊ပရိဒေဝ၊ဒေါမနဿ လို့ဖြေမိ ပြန်ပါတယ်..။ပြဋ္ဌာန်းစာ ၄မျိုး (အနိစ္စ၊ဒုက္ခ၊အနတ္တ၊အသုဘ) ကို မကြေညက်လို့ပေါ့ သမီး။ပြဋ္ဌာန်းစာ အတိုင်း ဖြေဆို နိုင်ဘို့ မေမေတို့ ကြိုးစားကြရ အောင်ပါနော်။

အဲလိုဖြေမိရင်---တဲ့ မေမေတို့ရဲ့ ကျေးဇူးတော်ရှင်ပိုင်းလော့ဆရာတော်ဘုရားကြီး က ပြောတယ်… အဲလိုကြုံခဲ့လို့ အဲလိုဖြေမိရင် တရားတိုးကျင့်ပါအုံးလို့ သတိပေးတာလို့မှတ်ရမယ်တဲ့။ တင်းကနဲ ပူကနဲ ဖြစ်နေရင်အပါယ်ဇာတိ တဲ့။ ကျောင်းတောင်ဆက်မတက်နိုင်တော့ပဲ ဘွဲ့ ရနိုင်တဲ့သတိပဋ္ဌာန်တရား တွေတောင် မသင်နိုင်တော့ပဲ ကျောင်းကထွက်ပြီး အပါယ်သွားရပါလိမ့်မယ်သမီး။
ဂုဏ်ထူးနည်းခြင်းဆိုတဲ့လောကဓံ စာမေးပွဲကသမီးကိုမေးနေပြီ သောက၊ပရိဒေဝ ဒေါမနဿ မဖြေမိစေ ပါနဲ့သမီးရယ်…။

ရင်ထဲပူနေရင် ကိုယ်ဘဝပြောင်းတာ ကိုယ်သိနေရမယ်နော်၊ (အချိန်တိုင်းတွေးနေရင်း ဘဝပြောင်းနေ သည်။)ဆိုတာ အချိန်ပြည့် နှလုံးသွင်းနိုင်ပါစေသမီး။ အညံ့စားပုဂ္ဂိုလ် မဖြစ်စေနဲ့တော့။ အနာဂါတ်နဲ့ ပတ်သက်ပြီး အကြောင်း ညီညွတ်ရင် ဖြစ်လိမ်မယ့်….။ဖြစ်စေချင်တဲ့ပုံစံ အသေမချနဲ့တော့..။ ပုံစံချတဲ့အတိုင်းမဖြစ်ရင် ပူကြလောင်ကြရမှာ အသေအချာပဲကိုး။

သေချိန်ကျရင် ကြုံရမဲ့ လောကဓံစာမေးပွဲကတော့ အတန်းတင်စာမေးပွဲကြီးပေါ့သမီးရယ်။ မသေချင်ပဲသေကြရ၊ မခွဲချင်ပဲခွဲကြရ၊ ပိုင်ဆိုင်တာတွေမထားချင်ပဲထားခဲ့ကြရ ဆိုတော့ တော်တော်တုန်လှုပ်ချောက်ခြား မှာနော်။မေမေတို့လက်တွေ့ဘဝထဲက နေ့စဉ် စစ်ဆေးနေတဲ့ အစမ်းစာမေးပွဲတွေ မှာ ကျနေရင် အတန်းတင် စာမေးပွဲမှာ ကူကယ်နိုင်ဘို့ ခဲယဉ်းပါလိမ့်မယ်။ပြဋ္ဌာန်းစာတွေ တော်တော်ကျေမှဖြစ်မှာပါသမီးရေ..။

မေမေလည်း-မနက်ဖြန် ၃၀ရက်နေ့ဆိုရင် မေမေ့ကျောင်းက ဘွဲ့လာယူဘို့ဖိတ်ထားခဲ့ပါတယ်..။It will be your Great Day ,everybody is waiting for you တဲ့..။ မေမေ--မတက်ဖြစ်တော့ပါဘူး။၃၁ဘုံတက္ကသိုလ် ကပေးတဲ့ဘွဲ့ ရမှပဲ Great Day ဖြစ်တော့မှာပေါ့----သမီးရယ်။

သမီးလေးလည်း မေမေတို့ကို အမြဲစစ်ဆေးနေတဲ့ လောကဓံစာမေးပွဲကိုသာ နကမ္ပတိ၊တုန်လှုပ်ခြင်းမရှိသော စိတ်နဲ့ ဘာသာစုံ ဂုဏ်ထူးထွက်အောင်ပြဋ္ဌာန်းစာ လေးဘာသာကို မပြတ်မလပ် ကြိုးစားကြပါစို့လား သမီးလေးရေ..။

(ကျေးဇူးတော်ရှင်ပိုင်းလော့ဆရာတော်ဘုရားကြီး ၏ ဝိပဿနာတရားတော်များနှင့် မူလဓမ္မဆရာတော်ဦးဝိဇယ၏ -သူ့ကျောင်းနေလျှင် သူ့စာသင်-တရားတော်များကိုနာယူရေးသားပါသည်။)