Showing posts with label ကျေးဇူးရှင်မိဘများအတွက်. Show all posts
Showing posts with label ကျေးဇူးရှင်မိဘများအတွက်. Show all posts

Thursday, July 7, 2011

ပေးမျှဝေမှု..ကုသိုလ်ပြုလျက်


မြင်းမိုရ်ထက်မြင့်သော…စကြာဝဠာ ထက် ကျယ်ပြောသော…ကမ္ဘာမြေထုထက် ထူထဲသော မေတ္တာတရား ဆိုတာကိုထည့်မတွက် ပဲ စီးပွားရေးတွက်ဖြင့် အရှုံးအမြတ် တွက်ကျစတမ်း ဆိုရင်ဖြင့်… မိဘတွေ ဆိုတာ အရှုံးကြီး ရှုံးကြရတဲ့ အကောင်းဆုံး အရှုံးသမား တွေပါပဲ..။

သားသမီးတွေအပေါ် ထားလိုက်ရတဲ့မေတ္တာ ကဋေကဋာ မက.. ချစ်လိုက်ရတာ ပံ့ပိုးလိုက်ရတာ… စောင့်ရှောက်လိုက်ရတာ..အရိပ်တကြည့်ကြည့် မြတ်မြတ်နိုးနိုး တန်ဘိုးထားလိုက်ရတာ..။ ဘဝ နဲ့ ရင်းခဲ့တယ် ကိုယ်ကျိုးတွေလည်းစွန့် ခဲ့ရပါတယ်..။ ပေးဆပ်ခဲ့ရ သလောက် ပြန်လည် အကျိုး ခံစားခွင့်ရသူဆိုတာ ခပ်ရှားရှားပါ..။ ဒါကြောင့်လည်း မိဘမေတ္တာ ဟာ လူတကာ စာဖွဲ့ လို့ မရိုးနိုင်အောင် ကမ္ဘာ တည်သရွေ့ တည်တံ့ နေတော့တာပါ..။ ဒါတွေကို ရရှိခံယူတဲ့သားသမီး ကတော့ တန်းဘိုးကြီးမှန်း တုံ့ပြန် ကျေးဇူးဆပ်ရကောင်းမှန်း ကို အမြဲတမ်းနောက်ကျမှသာ သိတတ်လေ့ရှိပါတယ်..အချိန်လွန် သွားမှသာ နားလည်လေ့ရှိပါတယ်..။

ကျေးဇူးတုံ့ပြန်မယ်လို့ ကြိုးစားနေချိန်မှာ ပဲအားလုံးဟာနောက်ကျ ခဲ့ရတာ မိဘ နဲ့သားသမီး တို့ ရဲ့ သဘာဝတရားပေပဲလား..။ မိဘတို့ အသက်ကြီး ကာ မှ လူ့လောက ထဲရောက်ခဲ့ရတဲ့ သမီးထွေး ကျွန်မအတွက်ကတော့ အရာရာ ဟာပိုလို့ပင် နောက်ကျ ခဲ့ရပါတယ်..။ သားသမီး တို့ ရဲ့ပညာရေး နဲ့ ပတ်သက်ရင် အမြဲဂုဏ်ယူအားပေး တတ်သော Higher Grade အောင် ကျောင်းဆရာဖခင်ကြီး သည် သာသမီးအကုန်လုံး သင်ယူထားသောဘွဲ့များ စွာကို သူ၏ အောင်မြင်မှု မှတ်တိုင်တွေ လို ရည်တွက်ရင်း ဘဝကို ဂုဏ်ယူစွာ ဖြတ်သန်းခဲ့ မြဲပါ..။

အရာရာနောက်ကျတတ်တဲ့ ကျွန်မအတွက်ကတော့ ဖခင်ကြီးဂုဏ်ယူဝမ်းမြောက် ရလေအောင် ကျွန်မသင်ယူနေသော Biotechlogyဆိုတဲ့ ဘာသာရပ်အသစ် တွေ M.Sc ,Ph.D တွေ ဘယ်လို ရှင်းပြ ရှင်းပြ နိုင်လည် နိုင်စွမ်း မှတ်သားနိုင်စွမ်း ကုန်ခမ်း နေတဲ့အသက် ၈၈နှစ်ဆိုတဲ့ အချိန်ကို ရောက်နေခဲ့ပါတယ်။ အဲဒီပညာရေးခရီး ကလည်း ဖခင်ကြီးကွယ်လွန်ပြီးခါမှ ကျွန်မ ကပြီးမြောက်ခဲ့ရပါတယ်..။

ဒီနေ့ ကတော့ကျွန်မရဲ့ကျေးဇူးရှင်ဖခင်ကြီး ဘဝ တစ်ပါးသို့ပြောင်းသွား ကွယ်လွန်ခဲ့တာ သုံးနှစ်ပြည့်မြောက် ခဲ့ပါပြီ..။ တုံ့ပြန်ကျေးဇူး ဆပ်တယ် ဆိုတာ ကို ဆွမ်းကပ်ပွဲ တစ်ပွဲ နှင့် နှစ်ပတ်လည် မလုပ်လိုပါ…။

မနှစ်ကတော့ ဘယ်လိုလုပ်ရင်ကောင်းမလဲ ဆိုတာစဉ်းစားရင်း ကျွန်မ ဖခင်ကြီးရဲ့မွေးရပ်ဇာတိ မြေ မှာ ဖခင်ကြီး ရဲ့ ဆန္ဒ တွေကို ကောက်ယူ ထွေးပိုက်ခဲ့ပါတယ်..။ သည်ရွာလေးကိုရောက်တိုင်း မွေးရပ်ဇာတိကိုခင်တွယ်သော အမှန်တကယ် လည်းမေတ္တာ အသိုက်အမြုံတစ်ခု ဖြစ်အောင်သြဇာတည်တံ့ နိုင်စေခဲ့သော ဖခင်ကြီး ရဲ့အရိပ်အငွေ့ များကြွင်းကျန်သလို အမြဲခံစားရပါတယ်..။

ကျွန်မ သူငယ်ချင်းတစ်ဦး ရဲ့ ဖခင် တစ်ဦးသည် ကျွန်မ ဖခင်ကြီးလို သက်တမ်း ၈၀ ကျော်တဲ့အချိန်မှာ အရာရာ သညာသင်္ခါရဖြစ်ကာမေ့လျော့သွားခဲ့ပါ တယ်..။အရာရာကိုမေ့ထားခဲ့ရစ် သော်လည်း ငယ်သံယောဇဉ်ရှိခဲ့ဘူးတဲ့ ..ငယ်ကျွမ်းဆွေ အမျိုးသမီး တစ်ဦး ကိုတော့ သူ့ ခေါင်းထဲမှာစွဲစွဲမြဲမြဲ ကျန်ရစ်ခဲ့ပါသည်တဲ့..။ကျွန်မ သူငယ်ချင်း က အဖေ..ဝမ်းနည်း ဆို့နင့်စွာ*ကျွန်မ ကအဖေ့သမီးလေ(…)ပါ* အခါခါ ဆိုလည်း မသိပါလေတော့..။မသေခင် ရှင်ကွဲ ကွဲ ခဲ့ရပါပကောလား။

ကျွန်မ ရဲ့ ဖခင်ကြီးကတော့ ကျွန်မ အထပ်ထပ် ရှင်းပြ သည့် Biotechnology ကိုလည်းအမှတ်မထား။ တစ်ချိန်က ပထဝီဘာသာ အသင်အပြတော်သူ၊ ကမ္ဘာ့မြေပုံအဆွဲတော်သူ ကျောင်းဆရာတစ်ဦး ဖြစ် ခဲ့သော်လည်း ကျွန်မ နေထိုင်သည် အီတလီ နိုင်ငံကိုလည်း နားမလည်ပါလေတော့..။

ဒါပေမဲ့ တစ်ချိန်ကသူ့မိခင် ကျွန်မ အဖွားတည်ထောင်ခဲ့ ဘူးသော မူလတန်းကျောင်း ကလေး ကိုတောဖြင့် အရေးထား သည်..မှတ်မိနေမြဲဖြစ်ခဲ့ပါတယ်။ လှူဒါန်း ခိုင်းသည်..ဖြည့်ဆည်းစေသည်..။မကြခဏ လည်း သွားရောက်လေ့ ရှိ တာမို့ ကျောင်းအုပ်ဆရာမကြီး နဲ့ ဆရာမတွေ ကလည်း တလေးတစားဧည့်ခံမြဲပါ..။ ငယ်ကျွမ်းဆွေ ကို သတိရတာ ထက် စာရင်တော်ပါသေးရဲ့ ဆိုတဲ့ အတ္တကြီးတဲ့ အတွေးနဲ့ အတူ ကျွန်မတို့မောင်နှမ တွေ ခွန်တိုက်အားတိုက် လှူပေးကြ ပါတယ်..။

ဒီလို ဖခင်ကြီး ရဲ့သံယောဇဉ် ခြေရာများစွာကျန်ရစ်သော အသိုင်းအဝိုင်း မှာ ယဉ်ကျေးမှုသင်တန်းလေးဖွင့် လျှင် တော့ တမလွန်မှ ဖခင်ကြီးကိုကျေးဇူးဆပ်ရာ ရောက်ချေရဲ့ ဆိုပြီး ကျွန်မ မနှစ်က စတင် အကောင်အထည် ဖေါ်ရင်း နှောင်း ခဲ့ တဲ့ နောင်တ အသိ ဖြင့် ဖိဖိစီးစီး ဆောင်ရွက် ခဲ့ပါတယ်..။

ရွာနောက်ပိုင်း ဘုန်းကြီးကျောင်း မှာ စာသင်ရင်း. ကျေးဇူးရှင်ဖခင် နှင်မိခင်တို့ရဲ့ နာမည် ထိုးထွင်းထားသော ကျောက်ပြား ပါရှိတဲ့ ဇရပ်ကလေး…ထုံးဖွေးဖွေးစေတီလေး ၊ ကျွန်မဖခင်ကြီး ဘက်မှ မောင်နှမတစ်တွေ ဆောက်လုပ် လှူဒါန်းခဲ့တဲ့ သိမ် ကလေး ကိုမြင်တွေ့နေရတာမို့ ကျွန်မဖခင်ကြီး အမြဲစောင့်ကြည့်နေသလို စိတ်လုံခြုံ ခဲ့ရသလို တစ်ခါတစ်ခါ ရင်ထဲ ဆို့ တက် လာ ကာမျက်ရည်ဝဲ ခဲ့ရ တာမျိုး လည်းရှိခဲ့ဘူးပါတယ်။

ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားရဲ့ ခင်ပွန်းကြီး (၁၀)ပါးကန် တော့ ခန်း စာအုပ် အုပ်ရေ ၁၂၀ ဝယ်ယူ လှူဒါန်း ကာ အတန်းစုံမှ ကျောင်းသား ၁၀၀ကျော် ကို အပတ်စဉ် တနင်္ဂနွေ နေ့တိုင်း စတင်သင်ကြားခဲ့ပါတယ်။ နောက်ပြီး ဆရာတော် အရှင်ဆေကိန္ဒ ရဲ့ …ယဉ်ကျေး လိမ္မာ ဆရာဖြစ်သင်တန်းကိုပါ တက်ရောက်ခဲ့ပြီး ဆရာတော်ထံ လျှောက်ထား တော့ဆရာတော်က ယဉ်ကျေးလိမ္မာ သင်တန်းစာအုပ် ၁၅ဝ ပေးလှူခဲ့ပါတယ်.။ မူလတန်းကျောင်း လေးမှာလည်း ဘုရားကျောင်းဆောင် ဘီဒို နှစ်စုံလှူဒါန်းခဲ့ပြီး ဓမ္မစာကြည့်တိုက်အသေးလေး ဖွင့်လှစ်ပေးထား ခဲ့ပါတယ်..။ကျွန်မ ထိုင်းနိုင်ငံသို့ထွက်မလာခင်အထိပါ..။

ဒီနှစ်တော့ဖြင့် ဒီလို အခွင့်အရေးမျိုး မရှိတော့ပြီ လို့ တမ်းတလွမ်းဆွတ်နေခဲ့စဉ် မှာ…ထိုင်းနိုင်ငံရောက် ပညာသင်ရဟန်း တော်များ အဖွဲ့ (Myanmar Student Monk Organization, MSMO) မှ အတွင်းရေးမှူး အရှင်ပညာဇော တ(ပညာ ဇာနည်၊ မျိုးဇာနည် )နဲ့ ဆက်သွယ်မိပြီး ရဟန်းတော်များကို ၂.၇.၂၀၁၀နေ့က တစ်ရက်တော့ပညာဒါန ပြုခဲ့ပါပြီ..။

မကြာခင်မှာ ထိုင်းနိုင်ငံကိုကြွရောက်လာမဲ့ ကျေးဇူးတော်ရှင်ပိုင်းလော့ဆရာတော် ဘုရား ပင့်ဆောင်ရေး အတွက် လည်း စီစဉ်ဆောင်ရွက် ကာ ဓမ္မရေစင် များ တိုက်ကျွေးနိုင်ရေး ကြိုးပမ်းနေပါတယ်အဖေရေ..။ဒီကောင်း မှုတွေကို သာဓုခေါ်ပေးပါနော်..။

*ဘဝ ရဲ့ ရပ်တည်မှု အတွက် အဖေရဲ့မွေးရပ်မြေမှာ တာဝန်မကျေ လစ်လပ်နေခဲ့ လျှင်လည်း ကျရာနေရာမှာ သင်ကြားရေး တာဝန်များ ထမ်းဆောင်နေမယ်ဆိုတာ ကို ကျောင်းဆရာတစ်ဦး ဖြစ်တဲ့အဖေ ကျေနပ်နိုင်ပါစေကြောင်း ၊နားလည် နိုင်ပါစေကြောင်း ဦးတင်ကန်တော့တောင်းပန် အပ်ပါတယ်..။သမီးထွေး ပြုသမျှ ကုသိုလ်ဒါန အားလုံးကို ရောက်ရာဋ္ဌာန ဘုံဘဝက သာဓုခေါ် လိုက်ပါရန်လည်း ရိုသေစွာ ပန်ကြားပါရစေ ချစ်သော အဖေ..။ အမျှ အမျှ အမျှ ဝေပါတယ်..။

* ဤ စာစုဖြင့် ၇.၇.၂၀၀၈ နေ့ ည ၁၂နာရီ မှာ ကျွန်မရဲ့ လက်ပေါ်မှာတင် ဘဝတစ်ပါးသို့ပြောင်းသွားခဲ့ သောကျေးဇူးရှင်ဖခင်ကြီး အတွက် ကုသိုလ် ယူသာဓုခေါ်နိုင်ပါစေရန် ကျေးဇူးမှတ်တမ်း ပြုအပ်ပါတယ်။*

မေတ္တာဖြင့်-သစ္စာအလင်း

Saturday, April 30, 2011

စူးနစ်နောင်တ..ကဋေကဋာ...




*အမေ….အမေ…. အမေ ရေ….လို့

မည်သို့ ဆိုလေ…အော်ခေါ်လေ လည်း

လက်ခံနိုင်စွမ်း….ကြားနိုင်စွမ်း မဲ့…….

ခပ်သဲ့သဲ့ပင်….. မျှော်လင့်ချင်သေး…….

ခပ်ယဲ့ယဲ့ပင်……တောင်းပန်ချင်သေး…..

ဝေးကား ဝေးခဲ့……..တကယ်ပင်ဝေးခဲ့

ဝေးခဲ့ပြီကော..သံသရာတော တဲ့

မောဟိုက် ပင်ပန်း ၊ လမ်းလည်းမမြင် ၊ ကမ်းမမြင်…ဘူး

စူးနစ်နောင်တ..ကဋေကဋာ…။


*အမေ ရေ…

သားသမီးဟူသည် ..

အယူသမား…. အပူသမား….တွေပါ။

ယူသာသွားပြီး… အပူတွေလာလာထား…

လူတကာအများဖြစ်သတဲ့ ။

ငါးပါးသောရန်သူထဲ….

သမီးလည်းပါဝင်….နေဝင်ချိန်မှသိခဲ့ရ…

သိပ်ကိုနောက်ကျ လွန်းပါတယ်..။

*အမေ့မျှော်လင့်ချက်…လင်းလက်စေသော..

အမေ့နှလုံးသား …..အားတက်စေသော..

အမေ့စိတ်အာရုံ ..လုံခြုံစေသော….

အမေ့မျက်ရည်တစ်ပေါက်…သွေ့ခြောက်စေသော..

အမေ့ ဆန္ဒ…ပြည့်ဝစေသော..

အမေ့အနာဂတ်…..လှပကျေနပ်စေသော…

အမေ့ဘဝ……..တောက်ပ စေသော…..

တစ်သော..သော…နဲ့ ဘဝအမော တွေပြေ

ပန်းတွေဝေ နဲ့… စမ်းရေစီးဆင်း….

ထီးတစ်စင်း ..လို

သမီးမဖြစ်ခဲ့ဘူးအမေ..။

*သားသမီး အချစ်…မြေးအနှစ်တဲ့……

မေတ္တာစစ်စစ်..စကား ဘယ်လိုဆို… အမှန်ကိုသိနေခဲ့

မြေးကို ထိန်း တဲ့လက်တွေဟာ….. တစ်ခါတခါ..

သမီးထက်ကိုမပိုတာ….အမှန်ပါပဲ..။

အနာဂတ်ပျောက်ဆုံးသူရယ်လို့..ယူကြုံးမရ…

ရင်ထဲကငို…..

မြိုလို့လည်းမဖြစ်...ထွေးအန်လည်း မပစ်နိုင်…

ယိုင်နွဲ့ သတိ..ဝိရောဓိ တွေ..ဆက်ဆက်နေပြီး

မွှေမွှေနှောက်နှောက်….ဆောက်တည်ရာမရ..

ဘဝ မီးတွေ

သမီး လောင်မြိုက်စေခဲ့တယ်..။

*အမေ..အမေ….အမေ ရယ်…

အမေရယ် လို့

ထပ်ဆင့်ကာဆို……မည်သို့ဆိုလည်း

ကုသိုလ် ကြမ္မာ မမှီပါ ခဲ့……ကုန်လွန်ခဲ့ပြီ..။

တုံ့လှည့် ဝဋ်အင်…ဆင်ခြင်သတိ..ရှိလာတဲ့အချိန်…။

လဲရာကထ...ဘဝရေဆန်…တဖန်ထုဆစ်…..အသစ်ဖြစ်ချိန်….။

အမေ့ဆန္ဒ..မြင်လိုလှတဲ့…ဘဝပုံရိပ်…အကျိတ်အခဲ…ဖြိုခွဲမိချိန်….။

အပေးသမား ဆိုတာ အအေးသမား တဲ့..

ဆရာရှင် ရဲ့စကား၊ မှတ်သားအေးမြနေခဲ့အချိန်…..။

အရိပ်ရခြင်း၊ စိတ်ချခြင်း တွေ…

ဝေဆာနေခဲ့… အမေ့ရဲ့ ထီးတစ်စင်း ..အဖြစ်..

လင်းချင်း သန့်စင်..အမှန်မြင်ခဲ့…။


*ဒါပေမဲ့….လေ….

ဘယ်မှာဝေမျှ..ခံစားရမလဲ..။

ဘယ်မှာ အုပ်မိုး… လှုပ်နှိုးရမလဲ…။

ဘယ်မှာပေးဝေ….ချမ်းမြေ့စေမလဲ..။

ပြန်ဝယ်မရ….ပြန်မရ တဲ့

တစ်ခါက..အတွက်..၊ မျက်ရည်နှင့်လူး

စူးနစ်နောင်တ…. ကဋေကဋာ…။

***၂၀၀၃ ခုနှစ် ဧပြီလ ၂၉ ရက် နေ့ ည ၉နာရီ အချိန်မှာ အားလုံးကိုချန်ထား၊ဘဝတစ်ပါးသို့ ပြောင်းသွားခဲ့ပါသော ကျေးဇူးရှင် မိခင်ကြီး သို့ ဤ ကဗျာ ဖြင့်ဝန်ချတောင်းပန် ကန်တော့အပ်ပါသည်။******

သစ္စာအလင်း

Friday, April 29, 2011

အမေ..သို့

လွန်ခဲ့တဲ့ ၈နှစ်သောအချိန်(၂၉.၄.၂၀၀၃)နေ့က ဘဝတစ်ပါးသို့ပြောင်းသွား ကွယ်လွန်ခဲ့ပါသော ကျေးဇူးရှင် အမေ သို့ မှတ်မှတ်ရရ ပူဇော်ကန်တော့လျက်......။

Friday, April 30, 2010

လောကအလင်းရှင်-မွေးမိခင်သို့


ကျွန်မရဲ့ အမေ
ဘဝ ရဲ့ ဖန်ဆင်းရှင်ပါလေ
ကြီးကျယ် တဲ့စွမ်းအင်တရား မိုးဖျားကမြေကြီး
အံ့ချီးဘွယ် အစုံစုံ ၊ ဂုဏ်ပေါင်း အစုစု
အတုမရှိ စကြာဝဠာ၊ ထိုအရာတို့ ထက်သာလွန်သော
မဟာသမုဒ္ဒရာထက် နက်ရှိုင်းသော
မြင်းမိုရ်တောင် ထက်မြင့်မား သော
မဟာပထဝီ မြေကြီး ထက် ထုထည်ကြီးမားသော
စကြာဝဠာထက် ကျယ်ဝန်းသော….အရာ…..
မေတ္တာ တရားရဲ့ သံစဉ်များ
တေးသွား ကိုဆိုညည်းရင်း သမီး အမေ့ကိုတွေ့ခဲ့တယ်။

ကျွန်မရဲ့ အမေ ဟာ
လွတ်မြောက်ရေးနှင်းဆီမဟုတ်။
လွတ်လပ်ခြင်း ဖြင့်ရဲရင့် -
ရှင်သန်ခြင်းဖြင့် ရဲဝံ့-
နေရာင်တို့ဖြင့်ဖူးပွင့်-
သဘာဝ ပန်းတစ်ပွင့် ဖြစ်ပါတယ်။

မြေဖြူကိုင်တဲ့ လက် ၊ ပုခက်လွှဲ လည်း မပျက်ခဲ့ပါ။
ကြက်သွန် ငရုတ်သီး၊ ညည်းညူရန် အကြောင်းမရှိ ကောင်းကောင်းသိလို့ နေခဲ့တယ်။
ဇာထိုး ၊ပန်းထိုး ၊အမျိုးမျိုး လုပ် ၊ အင်္ကျီချုပ် လို့ အစုတ်သက်သာစေခဲ့တယ်။
ဘာသာရေး ၊လူမှုရေး ၊ပညာရေး၊ အရေးစုံစွာ အမေပါခဲ့ ၊မူနွဲ့ ဒိတ်အောက်၊ နောက်ကျ မကျန်ရစ်ခဲ့ပါ။
ကန့်ကူလက်လှည့် ၊ တပည့်များ ချစ်တဲ့ဆရာမ ၊
ထိုဘဝ နဲ့ မီးဖိုချောင် ၊ လှောင်ပိတ်မွန်းကြပ် ၊
ရပ်တန့်မနေ၊ တာဝန်ကျေသော…ဘဝတောမှ
လောကအလင်းရှင် ဖြစ်ပါတယ်။

အမေထားရစ် ၊ အနှစ်သာရ ၊ သမီးရခဲ့
ဥစ္စာ အမွေ ၊ ပညာအမွေ။
စိတ်ထားအမွေ၊
မာန်အားအမွေ၊
ဉာဏ်အားအမွေ၊
နာမည် အမွေ.. အထွေ ထွေဆပွား ၊ နှလုံးသား မှာ ၊ခြေရာများစွာကျန်ခဲ့တယ်။

အမေ့ ပေးခဲ့တဲ့ အားမာန်…. ရှင်သန်နေဆဲ
အမေပေးတဲ့ သတ္တိ….ကျန်ရှိနေဆဲ
အမေပေးတဲ့ အသိ…ကပ်ညိနေဆဲ
အမေပေးတဲ့ ဘဝအမြင်….စင်ကြယ်နေဆဲ ၊
ဘဝထဲမှ၊ လဲလျှင်ပြန်ထ ၊
သံဝေဂ နဲ့ နှိမ်ချရိုကျိုး ၊
ကျေးဇူးမိုးကို ရှစ်ခိုးကန်တော့လိုက်ပါရစေ။

၂၀၀၃ ခုနှစ် ဧပြီလ - ၂၉ရက်နေ့တွင် ဘဝတစ်ပါးသို့ပြောင်းသွား ကွယ်လွန်ခဲ့သည်မှာ ဒီနေ့ဆိုလျှင် (၇) နှစ် မြောက်ခဲ့ပြီ ဖြစ်တဲ့ ကျွန်မရဲ့ ကျေးဇူးရှင် မိခင်ကြီး (ဒေါ်စောသွင်)ကို ဒီကဗျာ နဲ့ မြတ်နိုးစွာ ပူဇော်ကန်တော့ လိုက်ပါတယ်။
ကျေးဇူးရှင်အမေရေ….၂၀၁၀ခုနှစ် ၊ဧပြီလ ၂၉ မနက်ခင်း ၊ ဓမ္မစင်္ကြာ ရိပ်သာကျောင်းမှာ အာရုဏ်ဆွမ်းကပ်လှူ ခဲ့ပါတယ်။ ကမ္ဘာအေး မဟာဂန္ဓာရုံကျောင်းတိုက်မှ ပိဋကတ် နှစ်ပုံဆောင် ဆရာတော် ဦးပညာဝံသ အားနေ့ဆွမ်း ကပ်လှူ ပြီး အမျှ အတန်း ပေးဝေငှ တာကို ကျေးဇူးရှင် -အမေ ရောက်ရာဋ္ဌာန ၊ ဘုံဘဝမှ ကြားပါသိပါစေသား။
ဝမ်းမြောက် သိမြင် ၊ သာဓုခေါ်ဆို နိုင်ပါစေသား။ ( အမျှ--- အမျှ---- အမျှ)၃။သာဓု-သာဓု -သာဓု

Thursday, July 9, 2009

နှင်သူမရှိ၊ပြန်ဘို့ရှိ၏။

မေမေချစ်သောသားသားနဲ့မီးမီးရေ…

လွန်ခဲ့တဲ့၃၇နှစ်တာကာလကပေါ့..၁၉၇၁ ဖေဖေါ်ဝါရီလ ၂၁ရက်နေ့ရဲ့ ညနေခင်းအချိန်လေးမှာ မေမေတို့ရဲ့ အိမ်ကို မုန်တိုင်းမွှေသလို သတင်းဆိုးတစ်ခု ဝင်ရောက် လာခဲ့ပါတယ်။ ပန်းဆိုးတန်း ဒလကူး တို့သဘောင်္ဟာ ဂျပန်ပင်လယ်ကူးသင်္ဘော နဲ့ဝင်တိုက် နစ်မြုပ်သွားတယ် ဆိုတဲ့သတင်းပါပဲ။

မေမေ့ အဖေ သားတို့ဘိုးဘိုးကြီး စီးနင်းလိုက်ပါသွားမယ်လို့ အဲဒီနေ့မနက်ကတင်ပြောခဲ့တာကိုး။ ဘိုးဘိုးတို့မွေးရပ်ဇာတိဟာ ဒလ နဲ့တွံတေးသွား ကားလမ်းနဘေး မှာရှိပါတယ်။ နှစ်စဉ် ကျင်း ပတဲ့ရွာ ဘုရားပွဲကို သွားဘို့ မေမေ့အဖေဟာသူ့ရဲ့ ဝမ်းကွဲညီမ ၁-ဦး တူတူမနှစ်ဦးနဲ့အတူ ချိန်းဆိုခဲ့ပါတယ်။

ညနေလေးနာရီခွဲ ထွက်တဲ့သဘောင်္ ဆိုတော့သေချာပါတယ်လို့ဆိုရင် မေမေ့---မေမေ သားတို့ဖွားဖွား ဟာကျောင်း ကပြန်လာတဲ့ ခြင်းတောင်းလေးကိုဘေးမှာ ချပြီး ရှိုက်ကြီးတစ်ငင် ငိုကြွေးရှာပါတယ်။ ချက်ချင်းသတင်းလာ မေးတဲ့ သူတွေနဲ့ ပြည့်နှက်သွားတဲ့အိမ်လေးမှာ အရပ်ထဲက မဏ္ဍပ်ထိုး ကြသတင်းမေးကြနဲ့---မေမေဟာလည်း မျက်စေ့သူငယ် နားသူငယ်----ခိုကိုးရာမဲ့ ဆောက်တည်ရာမဲ့ ဝမ်းနည်းဆို့တက်လာခဲ့ပါတယ်။

အတူသွားတဲ့ မေမေ့ အဒေါ် တွေ ဝမ်းကွဲအကို အမ--တွေ ကလည်း တစ်လမ်းတည်းနေကြတာဆိုတော့ သောကပင်လယ်ဝေခဲ့ကြရတာ…။မေမေ့ အစ်ကိုကြီး နှစ် ယောက်ကတော့ ပန်းဆိုးတန်းဆိပ်ကမ်းကိုသွားခဲ့ပါပြီ။
နှစ်နာရီလောက်ကြာတော့မေမေတို့ဝမ်းကွဲ ဦိးလေးတစ်ယောက်အိမ်ကို ရောက်လာပါတယ်…။ ငါသဘောင်္မထွက်ခင် ဆင်းနှုတ်ဆက်တာ သူတို့ကိုနင်တို့အဖေသဘောင်္ ပေါ်ပါမသွားဘူး ဆိုတဲ့စကားလေး ကြောင့်မေမေတို့မောင်နှမတွေ မျှော်လင့်ချက်ရောင်ခြည်လေးသန်းကာ တက်ကြွလာပါတယ်။

တိုးအေး သဘောင်္ကို ဝင်တိုက်တာကို တိုက်တာလည်းမြင်လိုက်ရတယ်တဲ့..။အဲဒီတော့မှ စုံစမ်းဘို့သတိရပြီးမေမေ့ အစ်ကိုတွေပြင်ဆင်ကြပါ တော့တယ်..။ စိတ်ထက်သန် တဲ့ အစ်ကို အငယ်ဆုံး-ဘဘကျော် ကချက်ချင်း စက်ဘီးဆွဲပြီး ပန်းဆိုးတန်းဆိပ်ကမ်းကို နင်းပါတော့တယ်…။

ကယ်ဆယ် ရေးတွေ အလောင်းသယ်တာတွေနဲ့ ရှုပ်ထွေးနေတဲ့ပန်းဆိုးတန်းဆိပ်ကမ်းကို သမ္ပန် ငှားစက်ဘီးတင် ကူးကာ ဒလ ဆိပ်ကမ်းရောက် တာနဲ့စက်ဘီးကို အသားကုန် နင်းပါတယ်…။

ရွာထိပ်ကိုဝင်ထဲက အဖေရေ----လို့ခေါ်ပြီး ဝင်သွားတာ မျှော်လင့်ထားတဲ့အတိုင်းဘိုးဘိုးကို အသက်ရှင်လျှက် တွေ့ရပါတော့တယ်..။သူဟာ မနစ်မြုပ်ခင် ထွက်တဲ့အခေါက်ကို စီးခဲ့တာတဲ့ ၃နာရီ ခွဲအခေါက်ပေါ့လေ..။ အ.ထ.က(၄)အလုံမှာ ကျောင်းဆရာလုပ်တဲ့ ဘိုးဘိုးဟာ စာမေးပွဲခန်းစောင့်ကျရင်း အင်္ဂလိပ်စာနေ့ မို့ကျောင်းသားတွေစောပြီးတာမို့ေ ကျာင်းစောစောဆင်းခဲ့တယ် ဆိုပါတယ်။

သဘောင်္ဆိပ်ကို တစ်နာရီ စောရောက်နေလေတော့---- သူတို့က သုံးယောက် တောင်ရှိတာပဲ မစောင့်လို့လည်း ဖြစ်ပါတယ် အတွေးကဝင်လာတာတဲ့။ စိတ်ထဲမယ် ဘယ်လိုဖြစ်တယ်မသိ ၃နာရီခွဲခေါက်ကို စီးနင်းလိုက်ပါပြီး ရွာကိုဘေးကင်းစွာ ရောက်ရှိနေခဲ့ပါတယ်။

သူဘေးကင်းခဲ့တာကို ဝမ်းမသာနိုင်ပဲ တူတူမလေးနဲ့ ညီမကိုချန်ထားခဲ့ သလိုဖြစ်ရတယ်လို့ ယူကြုံးမရဖြစ်ရှာ ပါတယ်။အင်မတန် မေတ္တာတရားကြီးမားတဲ့သူပါ။

တကယ်တော့လည်းသားသားမီးမီးမီးရေ--အဲဒီတစ်ခါ တုံးက အန္တရာယ်ကင်းခဲ့ပေမဲ့ ၂၀၀၈ ဇူလိုင်လ အသက် ၈၈ နှစ်မှာတော့ အာလုံးသွားရမဲ့လမ်းကို သွားရပါတော့တယ်.။

မေမေ့အတွက်ကျေနပ်စရာက မဆုံးခင် တစ်လခွဲတာ ကာလ မှာ အချိန်ပြည့်နီးပါး တူတူနေခဲ့ရတယ်။ ဗိုလ်အောင်ကျော် တို့ခေတ် ကကျောင်းသား ခေါင်းဆောင်ဖြစ်ခဲ့တဲ့ ဘိုးဘိုးဟာ ပင်နီဖျင်ကြမ်းအင်္ကျီ ကိုသာ အမြဲဝတ် တတ်တာပဲ။ ဆုံးမဲ့ လမှာ တော့ မေမေ့ကိုရှပ်အင်္ကျီ အသစ်တွေချည်း ဝယ်ခိုင်းခဲ့တာ။ ဘုရားတွေပို့ခိုင်း ခဲ့တာ။ နောက်ဆုံး မလွန်ဆန်လှူအသင်းမှာ ငွေပဒေသာပင်စိုက်ခိုင်းခဲ့တာ ။ မေမေ ကိုကုသိုလ်တွေ ပေးခဲ့တာဖြစ်မှာပါပဲ ဆိုတာ အခုမှတွေးမိတယ်။

ဘာရောဂါ ဝေဒနာမှမရှိတာ--ဆုံးမယ်ဘယ်ထင်ပါ့မလဲ။--- အထူးကုဆရာဝန်ကိုယ်တိုင်က အဆုတ်ရောင်တာ လေးပါလို့ မှတ်ချက်ပေးခဲ့တာပါပဲ..။ မေမေ ကတော့ ခံစားသိနဲ့ သိနေခဲ့တယ်…။ တနေကုန် ပြုစုခဲ့ပြီး ၂ နာရီသာအိပ်လိုက်တာ ည ၁၁နာရီလောက်ကျတော့ အလိုလို မသိစိတ်ကနိုးကြားလာသလို ထထိုင်နေမိတယ်။

သမီး မနက်မိုးလင်းပြီလားတဲ့--ည ၁၁နာရီခွဲပါ ဘာလုပ်မလို့လဲ အဖေလို့ဆိုတော့--အော် ဘုရား ထရှစ်ခိုးမလို့ပါသမီးရယ်တဲ့။ သတိလည်းတစ်ချက်မှ လွတ်မနေဘူး။ အဖေ့အိပ်ယာဘေးမှာ Dream Bed နဲ့အိပ်တဲ့မေမေ့အတွက် ခြင်ထောင်ထောင်ရင်း နံရံကပ်နာရီ ပြုတ် ကျသွားတာကိုတောင် နာရီကဘယ်ရာက် သွားလဲမေးနေသေးတာ။ အဖျားလည်းရှိမနေဘူး။ ရေသာက်မယ်လုပ်တော့ ဆွဲထူ မပြီးထိုင်စေပြီး ရေတိုက်ခဲ့တာနောက်ဆုံးပါပဲ။ဆီးတည်တော့ ဆီးက ထွက်မလာတော့ပါ။

ထိုင်နေတုံး ဆေးတိုက်၊ သွေးပေါင်ချိန်တိုင်းနေချိန်မှာ၊တိုင်းတာလို့မရ တော့ Error ပြမှ မျက်နှာကို ကြည့်လိုက်မိပါတယ်…။စုစုပေါင်း ၃မိနစ် လောက်ပဲ ကြာမယ်..။
မေမေ့ညာလက်ပေါ် ခေါင်းကိုမှီ တင်ထားရင်းဘယ်လက်က နှလုံးသားကို ဖိထားလို့ မေမေသရဏဂုံ ရွတ်ဆိုပေးနေလိုက်တယ်။ မေမေ့ မမကြီး ကို အော်ခေါ်တယ်။ ပဋ္ဌာန်းစရွတ်ပါတယ်။

အနန္တရပစ္စည်း အရောက်မှာပဲ နောက်ဆုံးထွက်သက်ကို မှုတ်ထုတ်လိုက်ပါတော့တယ်။ မြန်လိုက်တဲ့သေခြင်းတရားရယ် ---မျက်ဝါးထင်ထင်ပြသလိုက်တာပါပဲ။
မေမေ မငိုခဲ့ပါ- ကလေးတို့ရေ..။ မသေခင် စိတ်ချမ်းသာစေခဲ့တယ်။ အေးမြငြိမ်းချမ်းစေခဲ့တယ်။ သေပြီးတာဝန်ကတော့ အမျှဝေဘို့ပဲရှိတော့တာပါပဲ..။

**ကျေးဇူးရှင်အဖေ…သမီးလှူဒါန်းရသောဒါနကုသိုလ်၊ အဖေသင်ပေးတဲ့ ပညာဖြင့် စာပေရေးသားရသော-ဓမ္မဒါနကုသိုလ်၊ ဆောက်တည်ရသော သီလကုသိုလ်၊ ပွားများအားထုတ်ရသော သမထဘာဝနာ၊ဝိပဿနာဘာဝနာ ကုသိုလ်တို့၏ အဘို့ဘာဂကို သမီးနှင့် ထပ်တူထပ်မျှ အမျှရပါစေရန် အမျှ အမျှ အမျှ ပေးဝေပါ တယ် အဖေ… ရောက်ရာဋ္ဌာန ဘုံဘဝ မှ ဝမ်းမြေက်နုမော်-သာဓု ခေါ်လိုက်ပါအဖေ…။***
မရဏာနုဿတိ နှင့်သံဝေဂ ရယူစေရန် ဤ ကဗျာ နှစ်ပုဒ် ဓမ္မဒါနပြုပါရစေရှင့်။

မင်းကွန်းတိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော်ဘုရားကြီး ရေးသားတော်မူသော---

ရုပ်နာမ်ဓမ္မ၊သင်္ခါရတို့..ကိုယ်ကဤပုံ၊ ဖြစ်လိုတုံလည်း…
တစ်ဖုံဆင်ကွဲ၊ သူတနဲဖြင့်၊ဖောက်လွဲတတ်စွာ ဓမ္မတာကို
ပညာစက္ခု၊ မျှော်ထောက်ရှု၍…
ယခုပင်လျှင်၊ မအိုခင်က..ကြိုတင်ကောင်းမှု၊ ကြိုးစားပြုလော့..
ယခုပင်လျှင်၊ မနာခင်က…ကြိုတင်ကောင်းမှု၊ ကြိုးစားပြုလော့..။
ယလုပင်လျှင်၊ မသေခင်က..ကြိုတင်ကောင်းမှု၊ ကြိုးစားပြုလော့…။
ရတုချိန်ထောက်..ဤခါရောက်မှ ချုပ်ပျောက်ခန္ဓာ..သေစိမ့်ငှာဟု..
သတ္တဝါခပင်း၊ ရှင်သေမင်းနှင့်၊ မိတ်သင်းဖွဲ့လျက်၊ ချိန်းအချက်လျှင်..တစက်ကမှမရှိကြဘူး။
အပ္ပမာဒေန၊ဘိက္ခဝေ သမ္ပာဒေထ၊ဘုရားစကား၊လိုက်နာပွားကာ၊ တရားလက်မလွှတ်စေနှင့်..။

ဧည့်သည်

မင်းတို့လာလည်း..ငါ့မှာတားခွင့်မရှိပါ……။
မင်းတို့သွာလည်း ဟန့်တားပိုင်ခွင့်မရှိပါ..။
ငါသည်ပင်မူခေါ်သူမရှိ..ရောက်လာမိစဉ်..
နှင်သူမရှိ..ပြန်ဘို့ရှိ၏။
ငါနေသည့်အိမ်..၊ငါ၏အိမ်ဟု
ငါ့အိမ်မှထား၊ငါ့မယားနှင့်
ငါ့သားသမီး၊ငါ့ပစ္စည်းဟု
ယူသည်းစိတ်စွဲ၊အမှတ်လွဲခဲ့..။
အမှန်မှာမူ..
ငါလာသော အခါ..လက်ဗလာတည့်
ပြန်ရပါလျှင် လက်ချည်းပင်တည်း။
ငါ့တွင်ကိုယ်ပိုင်မရှိတကား။
လာသူလာလည်းလာစမ်းပါစေ..မဆီးလေနှင့်..။
သွားသူသွားလည်းသွားစမ်းပါစေ….မတားလေနှင့်..။
တို့တတွေမှာ..သဘာဝလျှင်..အမိရင်ဝယ်..
ထွက်ဝင်ခိုနား၊ခရီသွားသည့်…အားလုံးဧည့်သည်ချည်းပါတကား။

(၈.ရ.၂၀၀၈ နေ့တွင်ဘဝတစ်ပါးသို့ပြောင်းသွားကွယ်လွန်ခဲ့သော ကျေးဇူးရှင် ဖခင်ကြီး သေဆုံးခြင်း တစ်နှစ်ပြည့် အထိန်းအမှတ် ဤစာစုဖြင့် လက်အုပ်ချီမိုး ရှိခိုးကန်တော့လိုက်ပါသည် ။)
ဓာတ်ပုံမှာ မဆုံးပါးခင် တစ်ပတ်အလို လေးဖြစ်ပါသည်။

Wednesday, April 29, 2009

မိဘများရဲ့မျှော်လင့်ချက်ငါးမျိုး

သည်နေ့(၂၉.၄.၂၀၀၉)သည် ကျွန်မ၏ကျေးဇူးရှင်မိခင်ကြီးဘဝတစ်ပါးကို---ပြောင်းရွှေ့ ကွယ်လွန်ခဲ့တာ (၆)နှစ်တင်းတင်းပြည့်ခဲ့တဲ့နေ့ဖြစ်ပါတယ်..။ကျွန်မရဲ့ အစ်ကို အစ်မများကတော့ ကျေးဇူးရှင်မိဘနှစ်ပါးရှိစဉ်က ဥပုသ်စောင့်၊ တရားအားထုတ်ခဲ့တဲ့ ဘောင်ဒရီလမ်းက မိုးညှင်းဝိပဿနာတိုက်သစ် တွင်အာရုံ ဆွမ်းကပ်နေလိမ့် မယ် ဆိုတာကို သွားရောက်နိုင်ခြင်းမရှိသော ကျွန်မစိတ်ထဲမှာရည် မှန်း ပူဇော်နေရပါတယ်….။
လက်ဝဲသုန္ဒရအမတ်ကြီးလို…
(ဆုယူစည်းဝေးဖြူဖြူဖွေးလိမ့်…စက်မှေးခိုက်တွင်-----အိမ်မက်မြင်သို့...မရွှင်ယူတလွမ်းလိုက်လှရှင့်..)---လို့လျှပ် တပြက်တော့…. ခံစားလိုက်မိပါသေးတယ်..။ကျွန်မပြုသမျှ အမြဲအမျှဝေခဲ့သော်လည်းသည်နေ့တော့ မွေးမိခင်ကြီး ရဲ့လူ့ဘဝရဲ့နောက်ဆုံးနေ့များဟာ ကျွန်မအတွက် တန်ဘိုးမဖြတ်နိုင်ခဲ့သော မှတ်တမ်းဝင်ရက်စွဲ များဖြစ်ခဲ့ ရတာ ကို အထူးသတိရနေမိပါတယ်..။

သားသမီးနဲ့မိဘတွေဟာ သားသမီးများအပေါ်မှာမျှော်လင့်ချက်ထားတယ်..အဲဒီမျှော်လင့်ချက်ကြီးများစွာ နဲ့ လောက မှာ အသက်ရှင်နေထိုင်ကြတယ်ဆိုတာ နားလည် ထားကြရလိမ့်မယ်ဆိုတာကို သီတဂူဆရာတော် ဘုရားကြီး ဟော ကြားတော်မူသော..မိဘများရဲ့မျှော်လင့်ချက်..တရားတော်ကိုလည်းကျွန်မ ပြန်လည်နာယူ လိုက်မိပါ တယ်..။ ပထမလေးချက်က ပစ္စုပ္ပန်ဘဝအတွက်တုံ့ပြန်မဲ့ကျေးဇူးကို မျှော်လင့်တာ၊ ကျန်တစ်ချက်က တော့ ဘဝတစ်ပါးပြောင်းသွားပြီးတဲ့ အချိန်(တမလွန်)အတွက်မျှော်လင့်တာသာ ဖြစ်ပါတယ်..။

မေတ္တာဆိုတာကိုယ့်အတွက်လုံးလုံးမျှော်လင့်ချက်မထားဘူး.......အဲဒီကြီးမားတဲ့မေတ္တာနဲ့ပဲ ကျွေးမွေးပြုစု စောင့်ရှောက်ခဲ့ကြ တယ်..။ ပေမဆိုတာကတော့ချစ်ခြင်းပေါ့လေ..မေတ္တာနဲ့တော့မတူဘူး။ မျှော်တယ် ဆိုတာကတော့…သူတို့အ တွက် တုံ့ပြန်လာမဲ့ အကျိုးကိုမျှော်လင့် တောင့်တတတ်ကြပါတယ်တဲ့..မိဘက ပြုစုစောင့်ရှောက် တာ မေတ္တာ နဲ့ဖြစ်ပေမဲ့ ပြန်မျှော်လင့်တာကတော့ ပေမဖြစ်နေတယ်လို့..မိဘရဲ့မေတ္တာနဲ့အတူ ပေမ ရောနေ တယ်လို့မြတ်စွာဘုရား ဟောကြားခဲ့ပါတယ်..။

ရဟန်းတို့ ဤအကြောင်းငါးမျိုးတို့ကိုကောင်းစွာမြင်သော မိဘတို့သည် အမျိုး၌ဖြစ်သောသားသမီးကို အလိုရှိကုန်၏။အဘယ်ငါးမျိုးတို့နည်းဟူမူ …
ငါတို့မွေးမြူထားသောသားသမီးသည် ငါတို့အားလုပ်ကျွေးမွေးမြူပေလိမ့်မည်။
ငါတို့၏အမှုကိစ္စကို ပြုလုပ်ပေလိမ့်မည်။
အမျိုးအဆက်သည် ရှည်မြင့်စွာတည်ပေလိမ့်မည်။
အမွေခံဖြစ်ပေလိမ့်မည်..။
ထို့ပြင်ဘဝတစ်ပါးသို့ပြောင်းသွားသောငါတို့အားအလှူ၏အဖို့ကိုပေးဝေကြပေလိမ့်မည်ဟု(အလိုရှိကြကုန်၏)
ရဟန်းတို့ဤအကြောင်းကို ကောင်းစွာရှုမြင်သောမိဘတို့သည် အမျိုး၌ဖြစ်သော သားသမီးတို့ကို အလိုရှိကုန်၏ ဟု(မိန့်တော်မူ၏။)
အကြောင်းငါးမျိုးတို့ကိုကောင်းစွာမြင်သည့် ပညာရှိမိဘတို့သည် သားသမီးကို အလိုရှိကြ ကုန်၏၊ငါတို့မွေးမြူသောသားသမီးသည်ငါတို့အား ကောင်းစွာလုပ်ကျွေးမွေးမြူပေလိမ့်မည်..။ ငါတို့၏အမှုကိစ္စကိုလည်းပြုလုပ်ပေလိမ့်မည်..။အမျိုးအဆက်သည် ကြာမြင့်စွာ တည်ပေလိမ့်မည်၊ အမွေခံဖြစ်ပေ လိမ့်မည်။

ထို့ပြင်ကွယ်လွန်သောအခါငါတို့အား အလှူ၏အဖို့ကိုပေးဝေကြလိမ့်မည်။ဤအကြောင်းတို့ကို ကောင်းစွာရှုမြင်သည့် ပညာရှိမိဘတို့သည် သားသမီးကိုလိုချင်တောင့်တကုန်ကြ၏။
ထို့ကြောင့် ပြုဘူးသောကျေးဇူးကိုသိ၍ သူ့ကျေးဇူးကို ထင်စွာပြုတတ်သော၊ ငြိမ်သက်သောစိတ်ရှိ သောသူတော်ကောင်းတို့သည် ရှေးကပြုဘူးသည်ကို အဖန်ဖန်အောက်မေ့လျက်မိဘတို့ကို လုပ်ကျွေး မွေးမြူကြကုန်၏။
ကျေးဇူးပြုဘူးသူ၏ ကိစ္စကို ပြုလုပ်သကဲ့သို့ ထို့အတူ မိဘတို့၏အမှု ကိစ္စကိုပြုလုပ်ကြကုန်၏။မိဘတို့ အဆုံး အမကိုလိုက်နာလေ့ရှိ၍ မွေးမြူဘူးသောမိဘတို့အား လုပ်ကျွေးမွေးမြူလေ့ရှိသော အမျိုးအနွယ်ကို မယုတ်စေ၍ သဒ္ဓါတရား ရှိသည့်သီလနှင့် ပြည့်စုံသောသား သမီးသည် ချီးမွမ်းထိုက်သူဖြစ်ပေသတည်း။

သုတ္တန်ပိဋက၊နိကာယ်ငါးရပ်၊ အင်္ဂုတ္တရနိကာယ် ၊အင်္ဂုတ္ထိုရ်ပါဠိတော် ပဉ္စကနိပါတ်၊ပုတ္တသုတ်(မြန်မာပြန်)

မိခင်၊ဖခင်ကျေးဇူးရှင် တို့ရဲ့ ကြီးမားတဲ့မေတ္တာဟာ ပေမ....ရောနေတဲ့မေတ္တာဆိုခဲ့ရင်လည်း သူတို့ရဲ့ လိုချင်မျှော် လင့် ခဲ့ရတဲ့ ပေမ ဆိုတာ အမည်ခံသက်သက်မျှသာ လို့---ကျွန်မထင်ပါတယ်....။
တကယ်တော့လည်း မျှော်လင့်တယ် .ယုံကြည်တယ် တကယ် တော့ လည်းမဝံ့မရဲနဲ့ မျှော်လင့်ရတဲ့ မျှော်လင့်ရုံ မျှော်လင့်ရတဲ့ မျှော်လင့်မှု သက်သက်ကလေး အဖြစ်သာဖြစ်ခဲ့ရှာတာပါ..။
မျှော်လင့်ချက်အဆင့်တွေကို ကျော်လွန်ပြီး...တောင်းဆိုတာ ၊အတင်းအကြပ်ပြုတာ......အကြပ်ကိုင်တာ…ထိန်း ချုပ်ကြိုးကိုင်တာ များမရှိခဲ့ရှာသော မိဘများစွာတို့ရဲ့မေတ္တာတရားများစွာဟာအားအင်ကြီးမားကြတာ ကို သားသမီးတိုင်း သဘောပေါက်ကြရင် ကောင်းမှာ ပါပဲ..။ စာနာနားလည်ပေးနိုင်ကြရင်လည်းကောင်းမှာပါပဲ..။

လောကဖြစ်အင်တွေကလည်းမျှော်လင့်သလိုဖြစ်မလာတတ်တာတွေကအများသားမဟုတ်ပါလား။
မိခင်ဘဝကိုသူများထက် ခပ်စောစောလေးရောက်ခဲ့ရသော ကျွန်မကတော့ သည်လို မမျှော်လင့်တတ်အောင် မမျှော်လင့်ဖြစ်အောင် ငါကြိုးစားမယ်လို့ မာန်တင်းခဲ့ဘူးပါသည်..။
ဘာဖြစ်လို့လည်းဆိုတော့..ကျွန်မရဲ့---မိခင်ဖခင်တို့ဟာ
သားသမီး(၇)ယောက်ကိုပင်ပန်းကြီးစွာကျွေးမွေးပြုစုပျိုးထောင်ခဲ့ရတာ…ပျိုးထောင်ပြုစုပြီး..အချိန်တန် ပန်းလေး တွေပွင့် အသီးလေးတွေသီးဆိုတော့ အချိန်ကျတော့-------ဆရာတော်အရှင်အာဒိစ္စရံသီ ပြောသလိုပဲ.....ပိုင်ရှင် ကပေါ်လာတော့တာကိုး။
အဲဒီပိုင်ရှင်တွေရဲ့လက်ထဲ ကိုပျော်ပျော်ရွှင်ရွှင်သော်လည်းကောင်း၊ မပျော်မရွှင်သော်လည်းကောင်း ထိုးအပ် လိုက်ရတော့တာပါပဲ..။

ပြီးတော့သူစိုက်ပျိုးပြုစုလိုက်တဲ့ပန်းကလေးပွင့်နေတာ၊သီးနေတာ၊လှနေတာကို ခြံပြင်ကနေငေးမောနေရတဲ့ဘဝ မျိုးဆိုတာကို ကျွန်မမိဘများကို ကြည့်၍ခံစားသိဖြင့်နားလည်ခဲ့ဘူးပါတယ်….။

ကျွန်မကိုယ်တိုင်က ထိုသို့သော ပန်းကလေးဖြစ်ခဲ့တာဆိုတော့ ခံစားသိဖြင့်နားလည်ခဲ့တဲ့ အချိန်ဟာ တော်တော် နှောင်းနေ ခဲ့ပါတယ်..သိပ်ပြီးနောက်မကျခဲ့တာကိုပဲ ကိုယ့်ကိုကိုကျေးဇူးတင်ရပါတယ်..။
တကယ်တော့ နောက်မကျတဲ့အချိန်မှာ ဖြည့်ဆည်းဖြစ်ခဲ့သော်လည်းရာနှုန်းပြည့် ဖြူစင်လှတာတော့ မဟုတ်ပါ…။ ကျွန်မမှာလည်းမေတ္တာနဲ့ အတူပေမ-ကတော့ရောနေပါသေးတယ်..။

ကျွန်မ၏ဘဝတစ်ဆစ်ချိုး ချိန်နဲ့အတူ..ထိုစဉ်ကကျွန်မလေ့လာ နေခဲ့သော ဘာသာရပ် အတွက် မိခင်ကြီးရဲ့ ကျန်းမာရေးအပေါ်မှာ အာရုံစိုက်ဖြစ်ခဲ့ပြီး ၅နှစ်တာပြုစုလုပ်ကျွေးခွင့်ရခဲ့ပါတယ်…။

လူ့ဘဝကို ၈၃နှစ်တာနေထိုင်သွားခဲ့သော မိခင်ကြီးသည် ကျောင်းဆရာမပီပီ ဂုဏ်သိက္ခာ ကြီးမား လှပါတယ်. ......မလိုအပ် သောစကား၊အပြောင်အပျက်စကား၊ ရယ်ရွှန်းပတ်ရွှန်းစကား ကိုပင်ပြောဆို လေ့မရှိ။
ဣနြေ္ဒဝတ်ရုံကိုထာဝစဉ်လွှမ်းခြုံထားခဲ့သည်။

ကျွန်မ၏ဖခင်ကြီးကိုယ်တိုင်ကအလေးအမြတ်ပြုရသည်။မထေမဲ့မြင်ဘယ်သေခါမှမပြုရဲခဲ့ပါ..။
ရပ်ကွက်ဆွေမျိုး၊ အသိုင်းအဝိုင်းတွင်းတွင်လည်းရိုသေလေးစားမှုခံရသည်..။

အိမ်တိုင်ယာရောက်ကန်တော့သော တပည့်များရှိလျှင် ဝမ်းသာကြည်နူးနေတတ်သည်။သိတတ်သော သားသမီးလာလျှင် ပျော်ရွှင်ကြည်နူးနေသလောက် မသိတတ်သော သူတစ်ချို့အပေါ် ဘယ်တော့မှ ထုတ်ဖေါ်ပြောကြားမှာ မဟုတ်သော ရင်ထဲက စကား များကို အငယ်ဆုံးသမီးဖြစ်သောကျွန်မ ကစောစီးစွာနားမလည်ခဲ့ပါ..။

နောက်ကျမှနား လည်ဖြစ်ခဲ့ပါတယ်…။ နားလည်မှုနဲ့နွေးနွေးထွေးထွေးနေခဲ့ရတဲ့ကာလဟာ အလွန်တိုတောင်း လှပါတယ်..။ပြန်လည် ၍လည်းဘယ်သောခါမှမရရှိနိုင်တော့ပါ..။

မိခင်ကြီးရဲ့နောက်ဆုံးနှစ်လို့ဆိုရမဲ့ ၂၀၀၃ခုနှစ်ဦးပိုင်းမှာ ကျွန်မ ဘဝအချိုးအကွေ့တစ်ခုအ တွက်အလုပ်ကထွက်ထား ချိန်ဖြစ်လို့ အချိန်ပြည့်နီးပါးအတူနေခဲ့ရပါတယ်..။ဒါထက် ပိုကံကောင်းတာကတော့ ကျွန်မအားကူဖော်လောင်ဘက် တူမဝမ်းကွဲလေးက ဧပြီလ(၇)ရက်နေ့မှာရွာပြန်ပါရစေခွင့်တောင်းလာတော့ ကျွန်မရဲ့ပြုစုလုပ်ကျွေးခွင့်ဟာ နေ့ရောညပါဖြစ်ခဲ့ရတာကို ပြန်တွေးတိုင်းပီတိဖြစ်ခဲ့ပါတယ်..။

မိခင်ကြီးဟာဆီးချိုရောဂါကြောင့်မျက်စိကွယ်နေခဲ့ပါတယ်..မခွဲလိုတဲ့အတွက် သည် အတိုင်းထားခဲ့ရတာ..။မနက်ဆိုကျွန်မတာဝန်က အမေ့ရဲ့ သွားအံပုံနဲ့ထည့်ထားသောဘူးလေးကို သေချာတိုက်ချွတ် ဆေးကြောရပါ တယ်…ကုတင်ပေါ်မှာပင် မျက်နှာသစ်ဇလုံနှင့်သစ်စေ ပြီး…သနပ်ခါး ကျောက်ပြင်ကိုမ-လာကာ လူးပေးရပါ တယ်..။

ဘုရားရှစ်ခိုးစေပြီးမှ..ကျွန်မက အမေကြိုက်တတ်သော မနက်စာမုန့်ဟင်းခါး၊ဘယာကြော် အသုပ်စုံ၊တစ်ခုခု စီစဉ်ရပါတယ်..။ ပုစွန်ခြောက်မှုန့်ကဲကဲ၊မန်ကျည်းရေရွှဲရွှဲနဲ့ ခေါက်ဆွဲသုပ်ကို ကြက်သွန်ဖြူကိုက်စားပြီး ကော်ဖီခါးခါးတစ်ခွက် ကိုသောက်သုံးတတ်သော မိခင်ကြီးအားကျွန်မ လွမ်းမိသည်နှင့်ယနေ့ ဆွမ်းတော်ကို ခေါက်ဆွဲ သုပ်ကပ်လှူမိပါသည်..။

ဆီးချိုရောဂါကြောင့်ဝမ်းချုပ်တတ်သောမိခင်ကြီးအတွက်ကျွန်မရဲ့ သူနာပြုဆရာမ သူငယ်ချင်းများထံမှ ဝမ်းချူနည်းကို သင်ရပါတယ်…..။ဝမ်းသွားပြီးတိုင်း ဆီးသွားပြီးတိုင်းတစ်သျှူးဖြင့် သေသေချာချာ သုတ်ပြီးပေါင်ဒါ မှုန့်ဖြူးပေးရသည်..။
ထိုအချိန်များတွင်.ကျွန်မငယ်ငယ်ကနေမကောင်းတော့ နလံထချိန်တွင်ရေချိုးပေးပြီးနံ့သာ ဖြူသွေးပြီး တစ်ကိုယ်လုံးလိမ်း ပေးခဲ့သောအမေ့ကိုအမြဲသတိရနေမိပါသည်..။

ထိုလနှစ်ဆန်းတစ်ရက်နေ့မှာ ကျွန်မအမေ့ကိုရေချိုးပေးခဲ့ခြင်းဟာနောက်ဆုံးပဲဆိုတာ---- ထိုအခါ ကကျွန်မ..မသိခဲ့ပါ..။ကျွန်မကသက်ကြီးပူဇော်ပွဲသွားတဲ့အဖေ့ကို အတုယူလို့ မတက်ရောက်နိုင်သော မိခင်ကြီးကို အိမ်မှာ လုပ်ပေးခဲ့တာပါ…။ ကုလားထိုင်တစ်လုံးနဲ့ ထိုင်စေပြီးခေါင်းလျှော် ရေချိုး၊ချေးတွန်း သန့်စင်ပေး ခဲ့ပါတယ်..။

ကျွန်မ ငယ်ငယ်ကလိမ်းပေးခဲ့ဘူးတဲ့နံ့သာ ဖြူကို တကိုယ်လုံးလိမ်းပေးခဲ့ကာ အဝတ်သစ်အစားသစ် လဲလှယ်ပေးခဲ့တာ------။ ရပ်ကွက်ထဲမှလူများလာကန်တော့ချိန်မှာသနပ်ခါးအဖွေးသားနဲ့လှပနေခဲ့ရပါတယ်…။ပြီးမှ...ဘုရားကျောင်းဆောင်မှာ ဖယောင်းတိုင်မီးထွန်းညှိပေးပြီး ဘုရားဝတ်တက် စေခဲ့ပါတယ်…။

ထိုစဉ်က ကျွန်မကံမြင့်တရားပွဲက အပြန်နာယူခဲ့သောတရားများ ကိုမျှဝေပြောပြခဲ့လျှင်ပြုံးလျက် ခေါင်း တစ်ငြိမ့်ငြိမ့် နားထောင် နေခဲ့တတ်ပါတယ်..။
တကယ်တော့ အမေဟာ မိုးညှင်းဆရာ တော်ဘု ရားကြီး ထံပါးမှာ နှစ်ရှည်လများတရား အားထုတ်ခဲ့တာဖြစ်လို့ တရားအသိရင့် ကျက်ခဲ့ပြီးသားပါ…။
ဒါကြောင့်လည်းသူမရဲ့နောက်ဆုံးခရီးကို အေးဆေးတည်ငြိမ်စွာရင်ဆိုင်သွားခဲ့ပါတယ်....။

ရောဂါထူးထူးထွေထွေ မဖြစ်….စားနေကျအစာများကိုညင်းပယ်ရင်း ညင်းပယ်ရင်းနဲ့ ကံကုန် မိုးချုပ်၊ လက် တွဲဖြုတ် ခဲ့ တာသာ ဖြစ်ပါတယ်..။

မသေခင်တစ်ရက်အလိုမှာ..ကျွန်မ အမလတ်နဲ့တိုင်ပင်ပြီးဆွမ်းကျွေးတရားနာ စေခဲ့သည်ကို ပင်သာဓုခေါ်ပြီး စိတ်ချလက်ချအိပ်ပျော်သွားခဲ့တာ..။
ကျွန်မနေ့လည်စာ ကျွေးမယ်လို့ခြင်ထောင်လှန်တော့ ငယ်ချေးနံ့များထောင်းထောင်း ထ၍နေခဲ့ပါတယ်…။ အတွေ့အကြုံ မရှိသော ကျွန်မက နောက်ဆုံးဝမ်းသွားခြင်းကို မသိ..ရှင်းလင်းသုတ်သင်ရင်း၊ပူနေသော ကိုယ်ကို ရေပတ်သုတ်ပေးနေခဲ့ပါတယ်..။

ကျွန်မကခေါင်း၊ကျွန်မ၏သားကခြေထောက်၊ကျွန်မအစ်မများကကိုယ်ခန္ဓာကို သုတ်ပေးကြရင်း…ပြိုင်တူရွတ်ဆိုနေသော တရားသံများအောက်မှာ ပင်နောက်ဆုံးထွက်သက်ကို မှုတ်ထွက်လျက် ထာဝရ နှုတ်ဆက်ထွက်ခွာသွားခဲ့ပါတော့တယ်..။

ကျေးဇူးရှင်အမေ.....အမေ့ရဲ့မျှော်လင့်ချက် အိမ်မက်တွေကို သမီးအပြည့်အဝဖြည့်ဆည်း ခဲ့နိုင်တယ် လို့ကိုယ်ကို ကို မယူဆ ပါဘူး။
ခွင့်လွှတ်ပါအမေ…သမီးလိုနှောင်းနောင်တတွေ မရကြလေ အောင်၊ကန့်သတ်ချိန် နည်းနည်းလေးကိုတန်ဘိုး ထားတတ်ကြလေအောင်..မိဘများရဲ့ရင်ထဲက မျှော်လင့်ချက်တွေကို နှလုံးသား ထပ်တူပြုပြီး နားလည်ကြ အောင်…သမီးသည်စာစုလေးကို ရေးသားမျှဝေပါရစေအမေ…။
သမီးပြုပြုသမျှ ကုသိုလ်ကောင်းမှုအစုစု ကို အမေသာဓု ခေါ်နိုင်အောင် သမီးအမျှဝေ လျက်ရှိပါတယ်..။
အမေရဲ့ ခြေ အစုံ ကို ဦးတိုက်ရှစ်ခိုးကန်တော့လျက်ရှိနေပါတယ်..အမေရယ်..။

(ကျေးဇူးရှင်မိခင်ကြီး၏ဘဝတစ်ပါးသို့ပြောင်းသွားကွယ်လွန်ခဲ့ခြင်း(၆)နှစ်ပြည့်အမှတ်တရစာစုအဖြစ်…. ဓမ္မရံသီ Website မိဘမေတ္တာဘွဲ့တရားတော်များမှ သီတဂူဆရာတော် ဒေါက်တာဉာဏိဿရ ၏(မိဘများကသားသမီးပေါ်မျှော်လင့်ချက်) တရားတော်ကို ကိုးကားရေးသားပါသည်..။)