ဓမ္မာရုံအကြောင်း
မနောတံခါးမှာ ဓမ္မာရုံဆိုတာကို သိဘို့ အရေးကြီး ပါသေးတယ်။ သူက အဓိကနော်။ ဓမ္မာရုံဆိုတာသည် ပါဠိစကား က ဓမ္မ + အာရုံ (သဘောမျှ ဖြစ်တဲ့အာရုံ) ကိုင်လို့ မရဘူး။ နူးညံ့တဲ့အာရုံ ၊ နားလည်အောင်ပြောရရင် ဓမ္မာရုံ ထဲ မှာ စာပေ အရ ရုပ်၊နာမ် ပညတ် နိဗ္ဗာန် အထိ ပါတယ်။
စိတ်ရဲ့ကျက်စားရာ အာရုံ နိဗ္ဗာန်ပါ ထည့်ထားသေးတယ်။
(ဒါကြောင့်သိရမှာ နိဗ္ဗာန်ကို မျက်မှောက်ပြုကြတဲ့အခါ ဘုန်းဘုန်းတို့ အိပ်ပျော်တာ မဟုတ်ဘူးဆိုတာတော့ သေချာတယ်။ အိပ်ပျော်သကဲ့ သို့လည်းမဟုတ်ဘူး။ ဘာမှ မသိတာ လည်းမဟုတ်ဘူး။ သိနေရမယ်နော်။ စိတ်ရဲ့ကျက်စားရာအာရုံ ဖြစ်နေတာကိုး။)
ဓမ္မာရုံကို အရပ်စကား နဲ့ ဘုန်းဘုန်းတို့ နားလည်လွယ်အောင်ပြောမယ် ဆိုရင် (နိဗ္ဗာန် ကို ခဏဖယ်ထားဦး) မျက်စိနဲ့ မကြည့်ဘဲပေါ်နေတဲ့ ပုံသဏ္ဍန် မှန်သမျှ ဓမ္မာရုံထဲ ကို ထည့်လိုက်ပါ။
ဥပမာ===ခုထိုင်နေရင်းနဲ့လည်း ဘုန်းဘုန်းတို့ တွေးလို့ရတယ်။ ဘုန်းဘုန်းတို့ သည်ကို ဘာနဲ့လာလဲ။ ဘယ်ကားစီးပြီး ဘယ်လိုလာသလဲမေးလိုက် တယ်ဆိုပါတော့။ ဒီတော့မေးလိုက်ရင် ပုံပေါ်မလာဘူးလား၊ (ပေါ်လာပါတယ်ဘုရား။) ဒီ မနက်ဘာဟင်းနဲ့ စားခဲ့လဲဆိုရင်ရော ၊ (ပေါ်လာပါတယ် ဘုရား။) မျက်စိ နဲ့မြင်တာ ဟုတ်ရဲ့လား ။ (မဟုတ်ပါဘူး ဘုရား။) စိတ်ကညွတ် လိုက်တာ နားလည် ပြီလား။ စိတ်ရဲ့ ကျက်စားရာ အာရုံ ဓမ္မာရုံဆိုတာ အဲဒါပဲ။ သဘောပေါက်ပြီနော်။
ဘုရားဟောနဲ့ပြန်ကြည့်ရင်တော့ ဓမ္မပဒ မှာပါတာ၊ ဒူရင်္ဂမံ ဧကစာရံ စတဲ့ ပါဠိ ရှိတယ်။ အဓိပ္ပါယ် က အင်မတန်ဝေးတဲ့အရပ် က အာရုံကိုလည်းပဲ ဆွဲယူ ကျက်စားနိုင်တယ်တဲ့။ အာရုံဆိုတာ ဒီမှာ ကျတော့ အရိပ်ကလေးနော်။ပုံရိပ်လေး မဟုတ်လား။ ပြီးရင် စိတ်ဟာ အကောင်အထည် မရှိဘူးတဲ့။ စိတ်က တစ်ခါပေါ်ရင် တစ်စိတ်ပဲပေါ်တယ်တဲ့။ မှီတာသည် နှလုံးအိမ် ထဲမှာမှီထားတာတဲ့။ အဲဒီ စိတ်ကို ဆုံးမနိုင်ရင် သေခြင်းတရားကလွတ်တယ်။ ဇာတိမလာဘူးတဲ့။
ဒီတော့အဓိက အာရုံတွေ ဘယ်မှာ သွားစုလဲဆိုရင် မနောမှာ သွားစုတယ်ပေါ့။ မနော တံခါးမှာ သွားစုတာ မြင်ဘူးတာ၊ကြားဘူးတာ၊ စားဘူးတာ၊ နံဘူးတာ၊ ထိဘူးတာ အစုံပေါ့နော်။ ကျမ်းအရပြန်ကြည့်ရင်လဲ ရှေးက ငါးဒွါရတိုက်ပြီး လို့ရှိရင် အသိပေါ်ပြီး ကာလမခြား မနောမှာ ပေါ် ပါတယ်တဲ့။ ကာလမခြားဆိုတာ တိုက်ရိုက်ပေါ်တာ ကိုပြောတာ။ ဘုန်းဘုန်းတို့ ရှေ့က ငါးခု ကို စာရင်းထဲ မထည့်တော့ဘူး။ မနော မှာ ပေါ်တာကိုပဲယူရလိမ့်မယ်။
***************************************************************************
အနန္တရ ပစ္စည်း ကာလမခြား
ကာလမခြားဆိုတဲ့စကားကိုလည်း နားလည်အောင် ယူပါအုံးနော်။ ဥပမာ နဲ့ဆို ပိုသဘောပေါက် ပါလိမ့်မယ်။ ဟုတ်မဟုတ်စဉ်းစား။ ဘုရားဟော အတိုင်း ပဋ္ဌာန်းကျမ်းအရ ကာလ မခြားဆိုတာ အနန္တရပစ္စည်းပြောတာနော်။ သတ္တဝါတွေကို အရင်ပြောမယ်။
ဥပမာ=== ခို-ဆိုပါတော့၊ကြားလိုက်တယ်နော်။ အသံကို ရှုမယ်သာ ကြံတယ်။ ခိုပုံက ပေါ်မနေဘူးလား။ (ပေါ်ပါတယ်ဘုရား..) ။ကာလမခြားသွားပေါ်တာ မဟုတ်လား။ (မှန်ပါတယ်ဘုရား…)။ အမေလို့ပြောလိုက်မယ်။ အမေဆိုတဲ့စကား မဆုံးသေးဘူး ၊ပုံပေါ်မနေဘူးလား၊ (ပေါ်နေပါတယ် ဘုရား…)။
ကာလမခြားဆိုတော့ အဲဒါကို ပြောတာနော်။ နားလည်တယ်နော်။ ဒီလိုပဲ အသက်ရှုလိုက်တယ်ဆိုရင်ပဲ ကိုယ် မှာ သိတာ သိတယ်။ ရှူ လိုက်တယ် ဆိုရင်ပဲ မျက်နှာ ကိုယ် အမူ အရာ ကပ်ပါမနေဘူးလား။(ပေါ်ပါတယ်ဘုရား..)။ တန်းပေါ်တာနော်။ အဲဒီပေါ်တဲ့ အာရုံသည် စိတ်ကျက်စားရာ အာရုံပဲ။ နားလည်ပြီလား။ (လည်ပါပြီဘုရား…)။
အဲဒီ အာရုံကို ကပ်ငြိနေတယ်ဆိုရင် တဏှာ၊ အဲဒီ အာရုံကို ဆက်ရင်လည်း တဏှာ သဘောပေါက်ပြီနော်။ ငါးဒွါရမှာ အာရုံသိပြီး ကာလမခြား မနောတံခါးမှာ အာရုံသိဖြစ်ပုံ ကို မြတ်စွာဘုရားပေးတဲ့ ဥပမာ က နေပူချိန်မှာ အရွက်ကျနေတဲ့ သစ်ပင် တစ်ပင်က သစ်ကိုင်းပေါ် ငှက်တစ်ကောင် နားလိုက်တယ် ဆိုပါစို့။ သစ်ကိုင်းလှုပ်သွားချိန် မြေပြင်မှာ အရိပ်က ထင်နေပြီတဲ့။ အဲဒီ ဥပမာ အတိုင်းမှတ်ပါ။
************************************************************************
တဏှာ လာပုံ
ပေါ်လာတဲ့ အာရုံကို ဆက်ရန် အတွက် ဒီ က တဏှာ လာဘို့ အရေး၊ထိုထို ပုံသဏ္ဍန် အရိပ်တွေကို ပထမ အတုံး အခဲ အထည်လို့ ထင်မှတ် ရသေးတယ်တဲ့။ အထင်မှားရသေးတယ်။ ဒီလို အထင်မှား တော့မှ ငါ-ငါ့ အိမ် ဒီလိုထင်တာ။ သဘောပေါက်ရဲ့ လား။
ပေါ်တဲ့ အာရုံ အရိပ်ကို အကောင်ထင်သေးတာ။ ဒီလို အကောင်ထင် တော့မှ ဒါဟာ ငါ့အိမ်၊ ငါ့ သားသမီး လို့ သတ်မှတ်တာ။သဘောပေါက်တယ်နော်။ အဲဒီ ၂-ခုကို ဘုရားရှင်က ဘယ်လို အမိန့် ရှိလဲဆိုရင် အစိုင်အခဲ၊ အတုံးအခဲ လို့ထင်မှတ်တယ် ဆိုရင် သက္ကာယဒိဋ္ဌိ လို့ခေါ်တယ်။
အာရုံသိသဘော လေးကို အကောင်အထည် လို့ထင်တာ နဲ့ သက္ကာယဒိဋ္ဌိ လို့ခေါ်တယ်။ သေသေချာချာ မှတ်ပါနော်။ အာရုံသိဆိုတာ ဘာကြောင့်လဲဆိုတော့ နောက်တော့ရှင်းပြပါမယ်။ တစ်ခါပေါ်တာကို အကောင်အထည်လို့ထင်တာနဲ့ တစ်ပြိုင်နက် နယ် နမိတ်ဆိုတာ ပေါ်လာတော့ ငါ၊ငါ့အိမ်လို့ ထင်မှတ်တာ ဒိဋ္ဌိ၊ နယ် နိမိတ်ခြားလိုက်တယ်ဆိုရင် ဒိဋ္ဌိပေါ်တာပဲ။
ဒီတော့မှ တဏှာ က ဒီအာရုံကို ကပ်ထားပြီး ဆက်မယ်တဲ့။ ငါ့အိမ်အတွက်၊ ငါပိုင်တဲ့အိမ်အတွက် ဘာလုပ်အုံးမယ်လို့ဆက်တာ။ ဒီလိုဆက်ပြီးတော့မှ ဆုံးဖြတ်ချက်ကို ချလိုက် တယ်။ ဥပါဒါန် ကို ကူးတော့တာနော်။ ဒါဟာ ငါ့အိမ်ကြီးပဲ ၊ငါ့အိမ်အတွက် ဥပါဒါန်ကို ကူးလိုက်ပြီ။ လက်ဆင့်ကမ်းပြီးတော့ ဘာလုပ်မယ်လို့ ဆုံးဖြတ်ချက် ချလိုက်ရင် နှလုံးအိမ်က အရှိန်ထွက်လာပြီ ၊နားလည်ပြီနော်။
အင်မတန် သိမ်မွေ့တယ်နော်။ ဘုရားရှင်ရဲ့ ဉာဏ်တော်ကြီးက အင်မတန်မြင်နိုင်ခဲတဲ့ တရားကိုမြင်ခဲ့တယ်။ တဏှာ ဆိုတာ သည် အကောင်အထည် ရှာလို့မရဘူးနော်။
အမြင်မှား အထင်မှားနယ် ပယ် က ဒီတော့ပေါ်တဲ့ အာရုံကို အကောင်အထည် ထင်လိုက်ကာမှ တဏှာ ကဝင်လာတာ။ အာရုံကို ဆက်လို့ရတာ။ ပေါ်တဲ့ အာရုံကို အမှန်အတိုင်း သိလို့ရှိရင် တဏှာ ဟာ လာလို့မရဘူး ။နားလည်တယ်နော်။

0 မှတ်ချက်ရေးရန်:
Post a Comment