သည်ခေါင်းစဉ်ပါ နာမည်လေးကိုတော့ အဖြူရောင်မေတ္တာ ပိုင်ရှင်-ကိုဖိုးသား (ပြည့်စုံအောင်) ရဲ့ အီးမေးလ် မှတဆင့် ကြားဘူးမှတ်မိနေကြမယ်ထင်ပါတယ်။ (ပြည့်စုံအောင် ရလျှင်လူ အကုန်ရတယ်) လို့ပြောစမှတ်ပြုရ လောက်အောင်၊ သတင်းများကိုစေတနာ ပြည့်ဝစွာဖြန့်ချီ ပေးနေတတ်တာကိုး။
ကျွန်မလည်း သူ့အီးမေးလ် လေးက အေသွေးအရေးပေါ်လိုအပ်နေတဲ့ အရိုးကင်ဆာဝေဒနာရှင်တစ်ဦး ဖြစ်ကြောင်း ဖော်ပြထားတာမို့ ချက်ချင်းပဲ ဖုန်းနဲ့ဆက်သွယ်ဖြစ်ခဲ့ပါတယ်။ ဖုန်းက မနက်ဖြန်မနက် သွေးလှူဘဏ်ကိုလာခဲ့ပါ ဆိုတာနဲ့ ကျွန်မ နဲ့ မောင်သက်ဝေဖြိုး ဆုံဆည်းဖြစ်ခဲ့ပါတယ်။
အသက် ၂၁ နှစ်အရွယ် မွန်မွန်ရည်ရည် ကလေးပါ။ သူကင်ဆာဖြစ်တာ အသက် ၁၈နှစ်လောက်က ရုတ်တရက် နှာခေါင်း သွေးတွေလျှံလာတာကို နေပူလို့ဖြစ်တာပဲ ထင်ခဲ့ပါတယ်တဲ့။ ဒါပေမဲ့ ပုံမှန်မဟုတ်ပဲ အိပ်လည်းခေါင်းအုံးတွေ ရဲရဲနီပြီး ရွှဲနစ်သွားအောင် ယိုလာတာမို့ ဆေးရုံပြတဲ့အထိ ရောက်ခဲ့ရပါတယ်။ နား၊ နှာခေါင်း၊ လည်ချောင်း ဆေးရုံက အသားစ
စစ်ဆေးလိုက်တဲ့အခါ မှသာ အသက်ရှူ လမ်းကြောင်း ကင်ဆာ ဖြစ်နေပြီဆိုတာ သူဟာ ထိတ်လန့်စွာ သိလိုက်ရပါတယ်။
မိဘတွေက ဝါးခယ်မမြို့နယ်၊ နဲသမိုင်ကျေးရွာက လယ်သမားတွေ ဖြစ်ကြပါတယ်။ သူကလည်း မြန်မာစာ အဓိက နဲ့ စာပေးစာယူ သင်တန်းတက်ရောက်နေခဲ့တာ နောက်ဆုံးနှစ် ကိုရောက်လို့နေခဲ့ ပါပြီ။ အခုနှစ်တော့ ရောဂါကြောင့် စာမေးပွဲ
မဖြေဆိုနိုင်ခဲ့ပါဘူး။ ရန်ကုန်ဆေးရုံကြီး ဓာတ်ရောင်ခြည်ဋ္ဌာနမှာ ရောင်ခြည်ပေးတာ၊ ဆေးရည်သွင်းတာ အကြိမ်ကြိမ်အခါခါ ပြုခဲ့ချိန်မှာ ခေတ္တသက်သာလာ ခဲ့ပါတယ်။ ကင်ဆာဆိုတဲ့ရောဂါဆိုးဟာ တစ်ကြိမ် ပြန်ခေါင်းထောင်လာပြီး လက်မောင်း တစ်ဖက်ကိုက်လာတယ်လို့ သတိပြုမိချိန်မှာတော့ အရိုးကင်ဆာကို့ပြောင်းလဲခဲ့ ပြီဖြစ်ကြောင်း သိလိုက်ရပါတယ်။
ဆေးသွင်းကုသတာကို ခံနိုင်ရည်ရှိဘို့ သွေးအားအလွန်နည်းနေတာမို့ သွေးအလှူခံရရှာတာပါ။ မိဘတွေကလည်း လိုက်မလာနိုင်တော့ ရန်ကုန်မှ ဝမ်းကွဲ အမ နှစ်ဦးက စောင့်ရှောက်လိုက်ပါပေးရတာ ဖြစ်ပါတယ်။ ကျွန်မက သဒ္ဓါတရား ရှိပေမဲ့စစ်ဆေးလိုက်တဲ့ အချိန်မှာ သွေးအားနည်း နေဆဲ အခြေအနေက ကျွန်မရဲ့ ဒါနဥပပါရမီကို မအောင်မြင် ရန် ဟန့်တားထားနေဆဲ ဖြစ်ပါတယ်။ သွေးလှူဘဏ်အနေနဲ့ ကလည်း အေ နဲ့ အေဘီ သွေးလုံးဝ ပြတ်လပ်နေပါတယ်။ ဘီနဲ့ အိုကတော့ အလှူခံတောင်ရပ် ထားရပါသတဲ့။
အားငယ်သွားတဲ့မောင်နှမ သုံးယောက်ကိုအားပေးရင်း ကျွန်မ တစ်နေ့တာ လူနာရှင်ဝင်လုပ်ဘို့ ဆုံးဖြတ် လိုက်ပါတယ်။ သမီး တို့ မနေ့ က အံတီ့ ဖုန်းအပြင် တခြားဆက်သွယ်လာတဲ့လူ ရှိသေးလား မေးမြန်းရပါတယ်။ ရှိပါတယ် ဒါပေမဲ့
သွေးလှူဘဏ်ကို မချိန်းလိုက်မိကြောင်းပြောပြီး နံပါတ်၅ခုလောက် ထုတ်ပြရှာပါတယ်။
ကျွန်မက ချက်ချင်းဆက်သွယ်တော့ နံပါတ် ၄ခု ကခေါ်ရတာ အဆင်မပြေပါဘူး နံပါတ်တစ်ခုကပဲ ပြန်ဖြေပါတယ်။ Youth Development Program ကပါ။ ဖုန်းလက်ခံတဲ့ ကလေးက သူတို့မှာ အဆင်မပြေကြောင်း ဖြေပါတယ်။ ပြီးတော့မှ
ကံအားလျော်စွာ နောက်ကစကားပြောသံတစ်ခုထွက်လာပြီး လာခဲ့ပါမယ် ဆိုတဲ့ အဖြေကိုရပါတယ်။
တစ်ပုလင်းနဲ့ စိတ်မချတဲ့ကျွန်မက ပိုင်းလော့ဆရာတော်ကျောင်း၊ ဒါနဥပပါရမီ အဖွဲ့ကို လှမ်းခေါ်ရပါတယ်။ ဖုန်းဖြေတဲ့ မောင်ဝင်းမင်းဋ္ဌေးက သူကအေသွေးပါ၊ ချက်ချင်းလာခဲ့ပါ့မယ် ဆိုတော့ ကျွန်မစိတ်အေးသွားပါတယ်။
သူတို့ကို စောင့်နေရင်း သွေးလှူဘဏ်ရှေ့ကို အေသွေးအလှူရှင် တစ်ဦး ထပ်ရောက်လာတော့ ကျွန်မက မောင်သက်ဝေဖြိုးအတွက် ဆွဲခေါ်ထားလိုက်ပါသေးတယ်။ အင်း… သုံးယောက်ဆို လောက်တန်ကောင်းရဲ့ လို့လည်း ဆုတောင်းနေမိပါတယ်။ ကျွန်မက သူ့ အတွက်ပူနေပေမဲ့ လူနာ မောင်သက်ဝေဖြိုးကတော့ သူကဲ့သို့ အေသွေး လိုအပ်နေတဲ့ တခြား လူနာ နှစ်ဦး အတွက် စိတ်ပူနေရှာပါတယ်။
သူ့မေတ္တာကြောင့်ပါပဲ ပထမရောက်လာတဲ့ -Youth Development Program က အလှူရှင် ဗိုလ်ကြီး ကျော်သူမျိုးမြင့်ရဲ့ သွေးက မောင်သက်ဝေဖြိုး ရဲ့လိုအပ်ချက်နဲ့ အကုန် ကိုက်ညီ နေလို့ ဝမ်းသာရပါတယ်။ ဗိုလ်ကြီးက ဖိုးသား
တို့လို စစ်အင်ဂျင်နီယာ တစ်ဦး ဖြစ်ပါတယ်။ ဖိုးသားရဲ့ စီနီယာ ဖြစ်ပါလိမ့်မယ်။ စိတ်ကောင်းရှိတဲ့ မောင်နှမ သုံးယောက်က ခွဲစိတ်တုံးမှာ အရေးပေါ်လိုအပ်နေတဲ့ လူနာအတွက် ဒုတိယ သွေးလှူရှင်ကို လွှဲအပ်ပေးကြပါတယ်။
ပိုင်းလော့ဆရာတော်ကျောင်း၊ ဒါနဥပပါရမီ အဖွဲ့က သွေးလှူရှင်ကိုဝင်းမင်းဋ္ဌေး ရောက်လာချိန်မှာတော့ ကျွန်မက
ရှင်းပြရပါတယ်။ မောင်သက်ဝေဖြိုး တော့အဆင်ပြေသွားပြီ။ ဒါပေမဲ့ လိုနေတဲ့လူနာ- ဦးသောင်းညွန့် (အစာအိမ်ကင်ဆာ- အသက်၈၂နှစ်) ရှိတယ်။ လှူမလားဆိုတော့ လှူပါ့မယ်တဲ့။
အလှူရှင်တွေ သွေးလှူတာကိုစောင့်ရင်း ကျွန်မ ကမောင်သက်ဝေဖြိုးကို တရားအားထုတ်ဘို့ စည်းရုံးရပါတယ်။ သူ ကအခုလာမဲ့ နွေမှာ ပိုင်းလော့ဆရာတော်ကျောင်းကို လာရောက် ရဟန်းဝတ် အားထုတ်မယ် ကတိပေးရှာပါတယ်။ သူကအလွန်အားငယ်ကြောင်း။ တက်ကြွရှင်သန်မယ်လို့ အားယူတဲ့ အချိန်မှာ ဘဝ တစ်ခုဟာ အဆုံသတ် လက်လွှတ်ရမယ်လို့ သိလိုက်ရတဲ့ အသိဟာ ဆောက်တည်ရာမဲ့၊ တော်တော်တုန်လှုပ် ချောက်ခြားစေပါတယ်တဲ့။ လျှောက်ရမဲ့ လမ်းကလည်း ပျောက်။ ရှေ့ဆက်ဘို့ ခွန်အားသတ္တိ ကလည်းမရှိတာကို မခံစားနိုင်ကြောင်းရင်ဖွင့်ပါတယ်။
အံတီရေ… အေအိုင်ဒီအက်စ် လူနာတွေ အတွက် နှစ်သိမ့်ဆွေးနွေး ပညာပေးတာရှိသလို၊ ကင်ဆာ ဝေဒနာရှင်တွေ အတွက်လည်း ရှိရင်ကောင်းမယ် လို့ပြောရှာပါတယ်။ ကျွန်မကလည်း မာန်ကြီး တဲ့ခါချဉ်ကောင် တစ်ကောင်သာ ဖြစ်လို့
ခါးသန်အောင်စောင့်ရပါအုံးမယ်။
စွမ်းနိုင်သူ စာဖတ်ပရိသတ်များအတွက် ကျွန်မ မျှဝေလိုက်ရင်း သွေးလှူရှင် ဗိုလ်ကြီးကျော်သူမျိုးမြင့် နဲ့ အင်ဂျင်နီယာ ကိုဝင်းမင်းဋ္ဌေး တို့ရဲ့ အောင်မြင်ထမြောက်သော ဒါနဥပပါရမီ အလှူကို ဝမ်းမြောက်စွာ သာဓုခေါ်စေရန် မျှဝေရေးသားလိုက်ပါတယ်။
သတ္တဝါမှန်သမျှ၊ ဆင်းရဲဒုက္ခ ဘေးမှကင်းဝေးကြပါစေ။
Sunday, February 28, 2010
Saturday, February 27, 2010
တပေါင်းလပြည့်နေ့ (သို့မဟုတ်) အောင်မြေပြည်မ ကပိလသို့
နွေမိန်တပေါင်း နေရှိန်လောင်း၊ ရွက်ဟောင်းကြွေကျ မြေခ သော- မိန်ရာသီဟု၊ သရဖီပိတောက်။ ခက်ညှောက်ညွန့်ညောင်း၊ ဝတ်မှုန်လောင်းသည့်၊ တပေါင်းလသာ လတကာထက်၊ နှိုင်းရာဖက်ရှောင်၊ လများနောင်ကို ရောက်ရှိခဲ့ပြန်ပါပြီ။
ကျေးဇူးတော်ရှင် မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်၊ ဝေဠုဝန်ကျောင်းတော်မှာ သီတင်းသုံးနေထိုင်ကာ အင်္ဂတိုင်းသားနဲ့ မာဂဓတိုင်းသားတွေကို တရားရေအေး တိုက်ကျွေးတော်မူနေတဲ့ အချိန်ပဲဖြစ်ပါတယ်။အဲဒီ သတင်းကိုကြားသိတာနဲ့ မြတ်စွာ ဘုရားရဲ့ ဖခမည်းတော် သုဒ္ဓေါဒန မင်းကြီးဆောင် ကြားသိလေတော့ ခေါင်းဆောင်အမတ် ၁၀ဦး တို့ကို နောက်ပါ အခြွေအရံ တစ်ထောင်စီနဲ့ ၁၀ကြိမ် ခွဲပြီးတော့ မြတ်စွာ ဘုရားကိုပင့်ဘို့ ရာဇဂြိုဟ် ကိုစေလွှတ်ခဲ့တာ မြတ်စွာဘုရားရှင်နဲ့ တွေ့ လို့ တရားနာယူရတဲ့ အချိန်မှာတော့ ကပိလဝတ်သို့ မပြန်ကြတော့ပဲ၊ တစ်ယောက်မကျန်၊ သာသနာ့ဘောင်သိုပဝင်ရောက်ကြပြီး ဧဟိဘိက္ခု ၊ရဟန်းတွေချည်း ဖြစ်ကုန်ကြပါတယ်။
ဖွားဘက်တော် ဖြစ်တဲ့ ကာဠုဒါယီ အမတ်ကြီးကတော့ ရာဇဂြိုဟ်ကို မသွားခင် ကတိစကားရှိထားတဲ့ အတိုင်း ခမည်းတော်ပေးအပ် လိုက်တဲ့ တာဝန်ကို ကျေပြွန်စွာထမ်းဆောင် နိုင်ခဲ့ပါတယ်။ သူကနောက်ဆုံးအသုတ်မှာ ခေါင်းဆောင် ပါဝင်ခဲ့ တာမဟုတ်လား။
ဖွားရာဇာတိဖြစ်တဲ့ ကပိလဝတ်နေပြည်တော်ကို ကြွရောက်ချိန်တန်ပါပြီ ဖြစ်ကြောင်း ဂါထာ ၆၄-ဂါထာသီကုံးလျှောက်ထားခဲ့ပါတယ်။ ပါဠိဘာသာမှာ ဂါထာဆိုတာ ကဗျာပါ ။ စုန္နိယ ဆိုတာကတော့ စကားပြေလို့ မှတ်သားဘူးပါတယ်။ ဒီတော့ ၆၄ဂါထာ ဆိုတော့ တပေါင်းလရဲ့သာယာပုံကို သီကုံးဖွဲ့ဆိုထားပြီး မွေးရပ်ဋ္ဌာနီကို ပြန်လည် ကြွချီဘို့ လျော်ကန်လျောက်ပတ်၊ကောင်းမြတ်တဲ့ အခါသမယဖြစ်ပါကြောင်း တောင်းပန်လျှောက်ထားခဲ့တဲ့ ကဗျာပေါ့နော်။
သည်လျှောက်ထားချက်၇ဲ့ အစွမ်းသတ္တိကြောင့် မြတ်စွာဘုရားသည် ရဟန္တာပေါင်း နှစ်သောင်းခြံရံပြီး မဟာ သက္ကရာဇ် ၁၀၃ ခုနှစ် ရဲ့ တပေါင်းလပြည့်ကျော် တစ်ရက်နေ့မှာ ရာဇဂြိုဟ်မှ ယူဇနာ ၆၀ ဝေးကွာတဲ့ ကပိလဝတ်နေပြည့်တော်ကို တစ်နေ့လျှင် တစ်ယူဇနာ ခရီးနဲ့ ဒေသစာရီကြွချီတော်မူခဲ့ပါတယ်..။
သာသနာတော်သမိုင်းမှာထူးခြားတဲ့ အကျိုးဆက်တွေ လည်း ဖြစ်ပေါ်လာခဲ့ပါတယ်။
အရှင်သာရိပုတ္တရာ လျှောက်ထား၍ နိဂြောဓာရုံကျောင်းတော်ကြီးပေါ်ပေါက်လာခြင်း။
သာကီဝင်မင်းမျိုးတို့ရဲ့ မာန်စွယ်ကို နှုတ်ပယ်သော အားဖြင့် ပေါက္ခရဝဿ မိုးရွာသွန်းစေခြင်း။
ဂါထာတော် တစ်ထောင်ဖြင့်တန်ဆာဆင်အပ်သော ဝေသန္တရာဇာတ်တော်ကြီး ဟောကြားတော်မူခြင်း။
မဟာ ဓမ္မပါလ ဇာတ်တော်ကြီးကို နာကြားရ၍ ခမည်းတော်ဘုရား အနာဂမ်တည်ပြီး နောင်အခါမှာ အရဟတ္တဖိုလ်တည်ခြင်း၊မိတွေးတော် ဂေါတမီ သောတာပန်တည်ခြင်း၊ နောင်သော အခါ ဘိက္ခုနီသာသနာ ထူထောင်ခွင့်ကြုံခြင်း။
ယသောဓရာကို အကြောင်းပြုပြီး စန္နကိန္နရီဇာတ်တော်ကို ဟောကြားခြင်း၊
ဇနပဒကလျာဏီရဲ့ ကြင်ယာတော် နန္ဒမင်းသား ရဟန်းဖြစ်ခြင်း။
သားတော်ရာဟုလာ အမွေတောင်းလို့ သာမဏေဘဝကိုရောက်ရှိခြင်း။
သာကီဝင်အမျိုးမှ မင်းသားတစ်ထောင် ရဟန်းဘောင်သို့ ရောက်ခြင်း။
ကာဠုဒါယီမထေရ်ကို ဆွေမျိုး တို့အား မြတ်စွာဘုရားကို ကြည်ညိုစေရန် စွမ်းဆောင်ရာ၌ အမြတ်ဆုံးဘွဲ့ (ကုလပ္ပသာဒ) ဧတဒဂ် ကိုချီးမြှင့်တော်မူခြင်း။ ဗုဒ္ဓဝင်ဒေသနာကို ဟောကြားတော်မူခြင်း။ ဆိုတဲ့ အကျိုးဆက်များစွာ ဖြစ်ပေါ်လာခဲ့ပါတယ်။
တကယ် တော့လည်း မြတ်စွာဘုရားရှင်ရဲ့ ဆွေတော်မျိုးတော်များနဲ့ ပြန်လည်တွေ့ဆုံ ပွဲဟာ တပေါင်းလရဲ့ ဥတုရာသီ နဲ့လိုက်ဖက်ညီညွတ်စွာ လှပတင့်တယ် ကြည်နူးဘွယ်ရာပါပဲ။ ကျေးဇူးတုံ့ပြန်မှု တွေများစွာလည်းပါဝင်နေတာ အမှန်ပါပဲ။ ကျွန်မကတော့ စာဆို-ရှင်အုံးညို ဖွဲ့ဆိုခဲ့တဲ့ ဂါထာ ၆၀ ပျို့ထဲ က---
အောင်မြေပြည်မ၊ ကပိလတွင်၊ မွေးဘသုဒ္ဓေါ်၊ ဒကာတော်နှင့်၊ ယသော်ဓရာ၊ ဗိမ္မာမြောက်သား၊ သည်းချားရာဟု၊ မျှော်ရာရှုလျက်၊ တစ်စု တစ်ရုံး၊ ပန်းနှယ်ကုံးမျှ၊ သက်လုံးမေတ္တာ၊ ပြက်ကြင်နာသော်၊ ဖူးပါလှချင်၊ ငါ့သခင်ကို၊ သို့ပင်ဆိုတမ်း၊ နိစ္စလွမ်း၍၊ မျက်ယမ်းထိထိ၊ မြော်ချင်ဘိဟု၊ ကြားသိတုံလို၊..
ဆိုတဲ့ စာပိုဒ်ထဲက ဖူးပါလှချင်၊ ငါ့သခင်ကို ဆိုတဲ့စကားလုံးရဲ့ ညွန်ကြားချက်ကို ခံစားနေမိပါတယ်။
ဘဝဆက်ဆက် လက်ချင်းယှက်ခဲ့တဲ့၊ ပါရမီဖက် တစ်ဦး ရဲ့ နှလုံးသားဟာ စကားများစွာပြောနေမှာအမှန်ပါပဲ။ လေးသင်္ချေနဲ့ ကမ္ဘာ တစ်သိန်း ကာလကြာ ပါရမီခရီး ပြီးမြောက်အောင်မြင်ချိန်မှာ ထိုက်တန်သော အသိအမှတ်ပြုမှုကို မိန်းမသားပီပီ မျှော်လင့်ရှာပေလိမ်မယ်လို့ ကျွန်မက နားလည်နေမိပါတယ်..။
မြတ်ဗုဒ္ဓရဲ့ ပြည်တော်ပြန်ခရီးမှာ ထွက်လို့ မကြိုဆိုပဲ ခန်းဆောင်ထဲကစောင့်လို့နေခဲ့တာ။ မြတ်ဗုဒ္ဓ က ပါရမီဖက် ကို ပြန်လည်တွေ့ဆုံချီးမြှောက်ဘို့ ကြွချီ ပေးခဲ့တာဟာ တစ်ချိန်က မတောင်းဆိုပဲ၊ ရရှိခဲ့ဘူးတဲ့ ကြာငါးခိုင် အတွက် ဖြစ်လိမ့်လေမလားလို့ လည်း ကျွန်မကစဉ်းစားနေမိပါတယ်။
လောကီအကျိုး ကိုဆောင်ရွက်တဲ့နေရာ မှာ ကရုဏာ ထက်ကြီး သော စွမ်းအားမရှိပါ။ လောကုတ္တရာ အကျိုး ကိုဆောင်ရွက်တဲ့နေရာ မှာ ပညာ ထက်ကြီးတဲ့ အရာ မရှိပါတဲ့။ အမျိုးသားသည် ပညာကို ကိုယ်စားပြု ပြီး အမျိုးသမီးသည် ကရုဏာ ကိုကိုယ်စားပြုပါတယ်။ ပညာနဲ့ ကရုဏာ ဆိုတာ နေနဲ့လလိုပါပဲ လို့ မှတ်သားဘူးပါတယ်။
ကပိလဝတ်နေပြည်တော် ရဲ့ နေ နဲ့ လ တွေ့ဆုံပွဲကို ကျွန်မက မြင်ယောင် ကြည်ညိုရင်း တပေါင်းလပြည့်ကို ပူဇော်ကန်တော့လိုက်ပါတယ်။
ကျမ်းကိုး = အရှင်ပညာသာမိ၊ မာဂဓီ (သာစည်) အရှင်မြတ်ရေးသားတော်မူသော ၊ အခါတော်နေ့များ စာအုပ်ကို ဖတ်ရှု ကိုးကားရေးသားပါတယ်။

Friday, February 26, 2010
ကတညုတ မျက်စိ ဖြင့်လောကကို ကြည့်ခြင်း
လုံးတော်ပြည့်ရွှေချထားလို့ ငြမ်းဖျက်ထားခါစဖြစ်တဲ့ လေးဆူဓာတ်ပုံ၊ ရွှေတိဂုံ စေတီတော်ကြီးသည် အလွန့် အလွန် ကြည်ညိုဖွယ်ရာ ရွှေရောင်ဝင်းသစ် တင့်တယ် လွန်းလှပါတယ်။ အထက်ပစ္စယံက စေတီရံများ၊ ရင်ပြင်တော်ပေါ်က စေတီရံများသည်လည်း လူ့ပြည်လူ့ ရွာရဲ့ အလှပဆုံး၊ စိတ်ညွှတ်နူးဖွယ် အကောင်းဆုံး မြင်ကွင်းကို အားဖြည့်တန်ဆာ ဆင်လျက်ရှိကြပါတယ်။စေတီတော်နောက်ခံ မိုးပြာရောင်ကောင်းကင်ကြီးသည် အပြာရင့်ရောင်မှ အမှောင် တွင်းသို့ ချင်းနင်းကာ အားကောင်းသော အလင်းဆောင် ရပ်တည်နေမှုကို ပေါ်လွင်ထင်ရှားနေစေပါတယ်။ ထေရဝါဒဗုဒ္ဓ ဘာသာဝင်တို့ရဲ့ အထွဋ် အထိပ်၊ အနှိုင်းမဲ့ သဒ္ဓါတရား ရဲ့ ပြယုဂ်၊တည်ကြည် ခိုင်မာ တဲ့ လေးစားတန်ဘိုးထားမှု ရဲ့ ပုံရိပ် တွေ ဆိုတာကို သန်းခြောက်ထောင် သောလူသားများထဲမှ အဘယ်သူလာကာ ညင်းဆိုနိုင်ပါအံ့နည်း။
ကျွန်မ ပါဝင်တဲ့ တနင်္လာ သန့်ရှင်းရေး အသင်းမှာ လှဲကျင်းရတဲ့ ညောင်ရွက်ကြွေတွေ၊ ပါးရှားစပြု လာချိန်ကျတော့မှ မြောက်ဖက်မုခ်ရင်ပြင်တော်က ညောင်ပင်ကြီးကို အသေအချာမော့ကြည့်ဖြစ်ပါတယ်။ ရှားပါးလှသော အစိမ်းနုရောင်၊ သစ်လွင်သော၊ လန်းဆန်းသော၊ နုနယ် ပျိုမျစ်သော ညောင်ရွက်နုသစ်လေးများ တဝေဝေ နဲ့ စိမ်းလန်း စိုပြေသော-တပေါင်းသာခေါင်လများနောင်- ကိုရောက်ရှိခဲ့ ပါပြီဆိုတာ ပြောပြနေပါတယ်။ သည်တပေါင်းလပြည့်ဆိုရင်တော့၊ ကျွန်မရဲ့မွေးရပ်မြေက ရွှေတိဂုံ စေတီတော်ကြီးဟာ ၂၅၉၈ ကြိမ်မြောက် သက်တမ်းကို ရောက်ရှိခဲ့ပါ ပကောလား။ တပေါင်း လပြည့် ဗုဒ္ဓ ပူဇနိယ ပွဲတော် အခမ်းအနားများ စွာ ကို လပြည့်နေ့ မတိုင်ခင် ၁၀ရက် အလို ကတည်းက ကျင်းပ နေခဲ့တာ၊ လူပုဂ္ဂိုလ် ဝတ်အသင်း များရဲ့ ပဋ္ဌာန်း ရွတ်ဆိုပူဇော်ပွဲ၊ ရဟန်းသံဃာတော် အပါး ၁၂၀ တို့ရဲ့၊ ၂၁၆ နာရီကြာ အသံ မစဲ ပဋ္ဌာန်း ရွတ်ဆိုပူဇော် ပွဲတွေ၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတော် နဲ့ စည်ကား သိုက်မြိုက်စွာ ပါဝင် ဆင်နွှဲ ကြသလို အားလုံးရဲ့ ရင်ထဲ မှာကိန်းနေတဲ့ကုသိုလ် တရားရဲ့ အအေးဓာတ် အရှိန်အဟုန်ကိုပါ ပူးဝင်ခံစားနေရသလိုပါပဲလေ။
ချမ်းသာကြီးတန်ဆောင်းအတွင်းယာယီတည်ဆောက်ထားတဲ့၊ ရတနာဃရ၊ ပဋ္ဌာန ဓမ္မဗိမာန် အတွင်း ရွတ်ဆို ပူဇော် နေတဲ့ ပဋ္ဌာန်းတရားကို နာယူရင်း ဗုဒ္ဓဂါယာ- ရတနာဃရ- သတ္တာဟမှာ ပဋ္ဌာန်းကျမ်းကို ဆင်ခြင်တော်မူခဲ့တဲ့ ကျေးဇူးတော်ရှင်၊ မြတ်ဗုဒ္ဓကို မြင်ယောင် ကြည်ညို နေမိပါတယ်။ ဆင်ခြင်တော်မူရင်း ရောင်ခြည်တော် ခြောက်သွယ်ကို တစ်ပြိုင်တည်း ကွန့်မြူးထွက်ပေါ်ခဲ့တဲ့ အထိ၊ ကျယ်ဝန်းနက်နဲ လှတာကိုလည်း သတိရမိပါတယ်။
လောကမှာ အရေးအကြီးဆုံး အချက်က ကျေးဇူးသိတတ်ဘို့ပါပဲ။ ကျေးဇူးတရားကို မြတ်ဗုဒ္ဓက ပဋ္ဌာန်းတရားတော်မှာ ဟောကြားခဲ့ တာမို့ အနှစ်သာရကို ကျွန်မတို့ သိတတ်ဘို့လိုပါလိမ့်မယ်။ပဋ္ဌာန်း ဆိုလျှင် ကျွန်မတို့က ပဋ္ဌာန်းရေ သောက်မယ် အန္တရာယ်ကင်းတယ်၊ လူပြုစားမခံရဘူး။ ပဋ္ဌာန်းရွတ်လျှင် ကိုယ်တွင်းက ပုန်းအောင်းနေတဲ့ တန်ခိုးသတ္တိတွေ ထွက်ပေါ်လာ တတ်တယ်လောက်သာ သိရှိနေခဲ့တာကိုး။ တကယ့် အနှစ်သာရ ဖြစ်တဲ့ ကျေးဇူးတရားသိတတ်ဘို့၊ လက်တွေ့ဘဝထဲမှာခံယူ ကျင့်သုံးဘို့ ဆိုတဲ့ အဆင့်ထိ တက်လှမ်းကြရအောင် ကျွန်မ ပြောကြည့်ချင်လှပါတယ်။
ပဋ္ဌာန်းပါဠိတော်ရဲ့ ဥပနိဿယပစ္စယောမှာ (ဥတုဘောဇနမ္ပိ- ဥပနိဿယပစ္စယေနပစ္စယော၊ ပုဂ္ဂလောပိ-ဥပနိဿယ ပစ္စယေနပစ္စယော၊ သေနာသနမ္ပိ- ဥပနိဿယ ပစ္စယေန ပစ္စယော) ရာသီဥတု၊ အစာအဟာရ၊ ပုဂ္ဂိုလ်သတ္တဝါ၊ နေရာဒေသ တို့သည် ထိုထို သတ္တဝါအား ဥပနိဿယ ပစ္စည်း၊ အားကြီးသော အထောက်အပံ့ဖြင့်ကျေးဇူးပြုသည်- လို့ ဟောကြားတော်မူထားတာ ဖြစ်လို့ ပတ်ဝန်းကျင် လောကဆိုတာ လူသားအားလုံးရဲ့ ကျေးဇူးရှင် ဖြစ်တာ ထင်ရှားနေပါတယ်။
အမှန်တကယ်တော့ ကျွန်မတို့ လူသားတွေဟာ ပတ်ဝန်းကျင်လောက ကမွေးထုတ်လိုက်တဲ့အတွက် ပတ်ဝန်းကျင် လောကရဲ့ သမီးသားတွေပဲ ဖြစ်ပါတယ်။ ပတ်ဝန်းကျင်လောကရဲ့ ကျေးဇူးဆိုတာ သိတတ်မှသာ ကျေးဇူး ဆပ်တယ်ဆိုတဲ့ အလုပ်ကို အားကျိုးမာန်တက်၊ လုပ်ဆောင်နိုင်ကြမှာ မဟုတ်ပါလား။
ပတ်ဝန်းကျင်လောကရဲ့ ကျေးဇူးကိုသိတတ်သူများစွာ တွေထဲမှာ ကျေးဇူးတော်ရှင် မြတ်စွာဘုရားဟာ အသိဆုံးဆိုသူ ပုဂ္ဂိုလ်တို့ထက်သိတတ်တော် မူခဲ့သူသာ ဖြစ်ခဲ့ပါတယ်။ ပတ်ဝန်းကျင်လောကရဲ့ ကျေးဇူးကို သဗ္ဗညုတဉာဏ် ဖြင့်ပြည့်စုံအောင် သိတော်မူခဲ့ပါတယ်။
ဒါကြောင့်မို့လို့လည်း သုမေဓာ ရှင်ရသေ့ ဘဝ ကတည်းကိုက ပတ်ဝန်းကျင်လောကရဲ့ ကျေးဇူးကို အသိ ဆုံးပုဂ္ဂိုလ် တို့ထက် ပိုသိသူ၊ ပတ်ဝန်းကျင်လောကရဲ့ ကျေးဇူးကို အဆပ်နိုင်ဆုံး ပုဂ္ဂိုလ်တို့ထက် ပို၍ ဆပ်နိုင်သူ ဖြစ်ပါစေရန်- ဒီပင်္ကရာ မြတ်စွာ ဘုရားသခင်ကိုယ်တော်မြတ် လက်ထက်တော်မှာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပါလျက်၊ မျက်မှောက်မပြုသေးပဲ၊ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းတို့ ကာလပတ်လုံး ပါရမီတော်များ ဖြည့်ကျင့်တော်မူခဲ့ခြင်း ဖြစ်ပါတယ်။
ပတ်ဝန်းကျင်လောကရဲ့ကျေးဇူးဆပ်ခြင်း ဆိုတာက ပတ်ဝန်းကျင်လောကနဲ့ ဆက်ဆံတဲ့နေရာမှာ၊ မြင့်မြတ်တဲ့ ဆက်ဆံနည်းနဲ့ ဆက်ဆံတာပဲ ဖြစ်ပါတယ်။ အဲဒါကို ပါရမီ ဖြည့်တယ်လို့ ခေါ်တာပါပဲ။ ဝိသုဒ္ဓိမဂ်မှာ၊ (ကတ္တဗ္ဗ မေဝိဒံ )လို့ ဖွင့်ဆိုကြောင်း လယ်တီဆရာတော်ဘုရားက၊ ဥတ္တမပုရိသ ဒီပနီမှာ ဆိုပါတယ်။ ဘယ်လုပ်ငန်းကို လုပ်သည် ဖြစ်စေ လုပ်သင့်လုပ်ထိုက်သောလုပ်ငန်း အဖြစ်ခံယူပြီး ဖြူစင်တဲ့စေတနာနဲ့ လုပ်ဆောင်ခြင်း ဆိုတာ (ကတ္တဗ္ဗ မေဝိဒံ) ပါပဲ။ ပါရမီလုပ်ငန်းလို့ခေါ် နိုင်သလို၊ လောကအပေါ် ကျေးဇူးဆပ်ခြင်းလို့လည်း ခေါ်ဆိုနိုင်ပါတယ်။
ကျေးဇူးတော်ရှင် မြတ်စွာဘုရားရဲ့ ဂုဏ်တော် ဆိုတာ အသင်္ချေယျပါ။ ဒီနေရာမှာ ကျွန်မပြော ပြချင်တာ သူတထူးရဲ့ ကျေးဇူးတရားနှင့် ဂုဏ်ကိုသိမှု (တနည်း) ကတညုတ မျက်စိဖြင့်လောကကို ကြည့်တတ်မှု တစ်ခု ကလေးကိုပါ။
အဲဒီ မျက်စိကို တကယ် ရရှိကျင့်သုံးတဲ့ အခါ အများကြီး အဆင်ပြေလာပါတယ်။ စိတ်အမြင်ပြောင်း တယ်ခေါ်မှာပေါ့နော်။ ရင်ထဲက အကျိတ်အခဲ တော်တော်များ များကိုလည်း ချေဖျက်နိုင် လာပါတယ်။ ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော် ဘုရား ဆုံးမတော်မူခဲ့တဲ့၊ ဘဝ သံသရာ ရှည်လွန်းလို့ မတော်ဘူးသော အမိ၊ မတော်ဘူးသော အဘ မရှိ၊ ဆိုတာလည်း ထပ်မံအားဖြည့်ပေးပါတယ်။ ကျေးဇူးကို မြင်အောင်ကြည့်တဲ့ အခါ မေတ္တာ ဆိုတာ အလိုလို ထွက်ပေါ် စမြဲမို့ ပတ်ဝန်းကျင်လောကဟာ ချစ်ခင်စရာ၊မြတ်နိုးဖွယ်ရာ၊ ခွင့်လွှတ်ဖွယ်ရာ၊ စောင့်ရှောက်ကူညီ ဖွယ်ရာ အဖြစ် တစ်ဖန်အသစ် မွေးဖွားလိုက်သလိုပါပဲ။
လောကသဘာဝ အရ မိမိ ချစ်တဲ့သူ အတွက်ဆိုရင် အနစ်နာ ခံတတ်လာပါတယ်၊ ဒုက္ခတွေ့ရင်လည်း သည်းခံစိတ်နဲ့ ဆောင်ရွက်ပေးတတ်လာပါတယ်။ ကုသိုလ်လုပ်ရင်လည်း ဘဝသမ္ပတ္တိ၊ ဘောဂ သမ္ပတ္တိ၊ တစ်ခုခုကိုရရှိခံစား စံစားလိုတဲ့ အကျိုးမျှော်စိတ်တွေ မပါဝင်တော့ပါဘူး။ မျှော်လို့မောရတဲ့ ဘဝ အမောတွေ နေရာမှာ လေးနက်တဲ့ အဓိပ္ပါယ် တစ်ခု စီးဝင်လာပါတယ်။
ဂုဏ်တော် တစ်ပုဒ် ပွားများပြီးတိုင်း င့ါမျှော်မှန်းချက်တွေ ပြည့်တော့မယ် ဆိုတဲ့ နှလုံးသွင်းမှုထက်။ ဘုရားရှင်ရဲ့ကျေးဇူးကို တစ်ကြိမ်ဆပ်ပြီးပြီ ဆိုတဲ့ ပီတိက နေရာယူလာပါတယ်။ ကျေးဇူးဆပ်ခြင်း သဘောအရ ကျေးဇူး များများဆပ်နိုင်လေ များများ ကြည်နူးရလေ ဖြစ်ပြီး လုပ်သင့်သော လုပ်ငန်း များများလုပ်နိုင်လေ များများကြည်နူးရလေ ဆိုတာ ပြောမယုံ။ ကြုံဘူးမှသာ သိနိုင် တာမျိုးပါပဲ။
ဘယ်လိုနည်းနဲ့ ဘယ်အတိုင်းအတာထိအောင် ဆပ်ကြမှာလဲဆိုတာကို ကျွန်မ ဆက်လက်ရေးသား ချင်ပါတယ်။ ပစ္စည်း ဥစ္စာနဲ့လား၊ အတတ်ပညာနဲ့လား ဆိုတာ စိစစ်ပါ့မယ်။ ကတညုတ မျက်စိ ဖြင့်လောကကို ကြည့်ခြင်း ဆိုတာ ကတော့ ကျွန်မရဲ့ တပေါင်းလပြည့် အကြို ဓမ္မလက်ဆောင်ကလေး ဖြစ်ပါတယ်။ ကျွန်မ ချစ်သော စာဖတ်သူများ အေးမြငြိမ်းချမ်း ကြပါစေရန် ဆုတောင်းမေတ္တာပို့ သလိုက်ပါတယ်။
ကျမ်းကိုး- ဆရာကြီး ဦးရွှေအောင်ရေးသားသော- ဗုဒ္ဓ- လောကသားတို့၏ အနှိုင်းမဲ့ကျေးဇူးရှင် (ကိုယ်ကျင့် ဗုဒ္ဓဝင်) စာအုပ်မှ ပေးအပ်သော အတွေးအခေါ်နဲ့ စာသားများကို ကိုးကားရေးသားပါတယ်။

Sunday, February 21, 2010
လောကမှလွန်မြောက်ခြင်း
လောကသုံးပါး
မောဟ ဖုံးထားသမျှ...
သောကနှလုံးသားအား.... အရှုံးထားလက်မြှောက်
လမ်းပျောက်တော့မခံဘူး။
အမှန်အမှား၊ သိထားကြည်လင်
စင်ကြယ်ခြင်းဖြင့်... ရှင်းသန့်စွာဖြတ်သန်း... ရဟန်းတစ်ပါး ဖြစ်ပါတယ်။
လောကဓံဆိုတဲ့... လောကဓမ္မတရား တွေဟာ
ဖြစ်ပျက်တတ်တာ.... ဒီလိုပါပဲ...။
ဘဝထဲမှာ...
ထိုးခွဲမွှေနှောက်၊ ချောက်ခြားတတ်တာ... သိနေတာပေါ့။
သတိဖြင့်ကွယ်ကာ၊ ပညာ ဖြင့်ဆင်ခြင်ရင်း
အပ္ပမာဒ စံအိမ်တွင်း
ထိုးထွင်းချိန်ဆ...၊ ဗုဒ္ဓသားတော်လည်း ဖြစ်ပါတယ်။
ကြားနာရုံပင် အပူစင်လို့
ကျင့်လျှင်ချမ်းသာ လွန်စွာငြိမ်းအေး
အမြိုက်ဆေးတွေ...
တိုက်ကျွေးနေသူ... ဖေးမသူပဲ။
အပူကျန်သမျှ
ယူပြန်ရ
လူမှန်သမျှ
ကုသ ဆေးဖော်...
ဓမ္မသမားတော် တစ်ဦးလည်း ဖြစ်ပေတယ်။
မရဏမင်းရေ
သင်ရဲ့ ခြေရင်း... ဝပ်စင်းခဲ့ရ
ဘဝတွေများ... ကာလလျားခဲ့။
သင်နိုင်စားရ... တစ်ခဏပေါ့။
သင်ရဲ့ ပိုင်နက်... အဘယ်မျှ ခက်ပစေ။
သင့်လှို့ဝှက် ပုံ... နည်းပေါင်းစုံပစေ..။
သင့်ပရိယာယ်... နည်းစုံကြွယ် ပေါ့။
သင်ရဲ့မာယာ... ဝင်္ကပါပေါ့။
ဘာဘဲဖြစ်ဖြစ်... သင့်အားနည်းချက်
သင့် မြှုပ်ကွက်ကို... အချက်ကျဖော်ထုတ်
သုတ်သင်တူးဖြို
သူလျှိုတစ်ဦးလည်းဖြစ်ပါတယ်။
သင်မမြင်နိုင်တဲ့နေရာ... ရှာဖွေညွှန်ပြ... မြတ်ဓမ္မသာ... ကိုးကွယ်ရာပါ။
သင်မတွေ့နိုင်တဲ့တရား... အားထုတ်ထားတယ်။
သင် မစွမ်းနိုင်တဲ့ ခွန်အား... ပွားများထားတယ်
သင်၏ပိုင်နက်၊ အစွမ်းထက်လှ... အစွမ်းပြလည်း
လောက အတွင်းသာ... သင့်အရာပေါ့။
လောက ရဲ့ အလွန်... ဟိုးအစွန်မှာ... လောကုတ္တရာ
သင်နားလည်မှာ မဟုတ်ပါ...။
လောကုတ္တရာတရား
လောကုတ္တရာ စကား
လောကရဲ့ ကိုးကွယ်ရာများ...
အားထား နိုးထ... (လောက နာထ)...
ဤနာမ ဖြင့်...
သင့်အားနှုတ်ဆက်လိုက်ပါတယ်။
(အခါခပ်သိမ်းအောက်မေ့မှု သတိရှိလျက်..မိမိကိုယ်ဟု စွဲယူမှု အတ္တာနု ဒိဋ္ဌိ ကို
နှုတ်ပယ် ၍ လောကကို ဆိတ်သုဉ်းသော အားဖြင့်ရှုပါလော့။)
မောဃရာဇသုတ်တော် - မြတ်ဗုဒ္ဓ ဟောကြားတော်မူသော သေမင်း မမြင်နိုင်သော တရား
ကို အခြေခံပြု ကိုးကားရေးသားပါတယ်။
မရဏနုဿတိကို အသိဖြင့်ဆင်ခြင်ကာ သာသာနာထွန်းကားပြန့်ပွားရေး
အတွက် ဆယ်ခု မကသော ဓမ္မ Website များအချိန်ပြည့်ရေးသား ဖန်တီးတော်မူလျက်ရှိသော
ဆရာတော်- အရှင်လောကနာထ ( အလိုတော်ပြည့်ကျောင်း၊ ကယ်လီဖိုးနီးယား၊
အမေရိကန် ပြည်ထောင်စု ) ၏ စွမ်းပကားကို ကြည်ညိုပူဇော်၊ ဦးခိုက်၍ ဤ
ကဗျာကို ရေးဖွဲ့ပါတယ်။
သစ္စာ အလင်း

Friday, February 19, 2010
Wednesday, February 17, 2010
*ပညာအလင်း* ပညာပါရမီ အဖွဲ့ ပထမအကြိမ် လှူဒါန်းမှု
မြန်မာ ပြည် ကို ပြန်လည်ရောက်ရှိကတည်းက ဆောင်ရွက်ရန်ချိန်ဆနေခဲ့တာ ကြာ ခဲ့ပါတယ်။ ပညာ သင်ကြားရေး အတွက် အခက် အခဲရှိနေသူများ၊ ငွေ ကြေး မရှိလို့ အထက်တန်း ပညာ မသင်ယူ နိုင်သော ကျောင်းသားများကို ရှာ ဖွေကူညီထောက်ပံ့ရန် နှင့် ထောက်ပံ့ကူညီလိုသော သူငယ်ချင်းများနှင့်စုစည်း အကောင်အထည်ဖေါ်ရန်ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ဇန္နဝါရီ လမှာ ပိုင်းလော့ဆရာတော် ဘုရားကြီး ရဲ့ တရားစခန်း ပွဲ အပြီး ကျွန်မ အိမ်ပြန်ရန် ဓမ္မာရုံမှ အထွက်၊ လူငယ် တစ်ယောက်က ကျွန်မအား စကားပြောရန်စောင့်ဆိုင်းနေပါတယ်။ ကိုသီဟ ရဲ့ သတင်းပေး ချက်ကတော့ တက္ကသိုလ်ကျောင်း သား နှစ်ဦး ရဲ့ ပညာရေး အခက် အခဲကို ကူညီဖြေရှင်းကြဘို့ အကြံဉာဏ်တောင်းခံ လာတာ ဖြစ်ပါတယ်။
အခြေ အနေရဲ့တောင်းဆိုချက်ကြောင့်ပဲ ကျွန်မ နှစ်ရှည်လများ ယဉ်နေခဲ့၍ စိတ်ကူးမှာတင်ရပ်တန့်ခဲ့ရသော
*ပညာအလင်း* ပညာပါရမီ အဖွဲ့ ကို စတင် အကောင်အထည်ဖော်လိုက်ရပါတယ်။ အခု ထောက်ပံရန် ရွေးချယ်ထားတဲ့ ကျောင်းသူ ကျောင်းသားနှစ်ဦး ကတော့ရန်ကုန်တိုင်း၊ ကွမ်း ခြံကုန်း မြို့နယ်။ တောကျောင်းရွာ မှ ရန်ကုန် တွင်အဆောင်နေကျောင်းတက်နေကြသော
မချစ်စုပုံ့ ( ယဉ်ကျေးမှု တက္ကသိုလ်- ပန်းချီ ပထမနှစ်) နှင့် မောင်အေးမင်း ( ပညာရေးတက္ကသိုလ်- ပထမ နှစ်) တို့ ဖြစ်ပါတယ်။
တစ်ဦးလျှင် တစ်လကို ကျပ်ငွေ-ငါးသောင်းနှုန်းဖြင့်ထောက်ပံ့ မှာ ဖြစ်ပါတယ်။ပထမအကြိမ် ဤ သို့ထောက်ပံ့ နိုင်ရန် ကူညီလှူဒါန်းကြသော စင်္ကပူနိုင်ငံ မှ အလှူရှင်များမှာအောက်ပါအတိုင်းဖြစ်ပါတယ်။
ကိုမင်းဇော် ( Civil Engineer )... စင်္ကပူဒေါ်လာ ၅၀
ဦးခင်မောင်ကြည်( Moegoke Building, Yangon ) ....စင်္ကပူဒေါ်လာ ၅၀
မောင်မြတ်ကို.. စင်္ကပူဒေါ်လာ ၂၀
ဖြိုးဝေအောင်....စင်္ကပူဒေါ်လာ ၂၀
မောင်ရဲဇော်ထွန်း.....စင်္ကပူဒေါ်လာ ၁၀
ကောက်ခံရရှိသော အလှူငွေများ-ကို မူတည်ပြီး ကျောင်းသားဦးရေ ကို တိုးတက်ဆောင်ရွက် ထောက်ပံ့သွား မှာ ဖြစ်ပါတယ်။ဤသတင်းကို ဖတ်ရှု ပြီး ပညာပါရမီ ကူညီ ဖြည့်ဆည်း လိုသူများ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း ကြေညာလိုပါတယ်။
ဆက်သွယ်လှူဒါန်းလိုပါက ကျွန်မ ၏ အီးမေလ်း
thitsaralin@gmail.com
သို့လည်းကောင်းပြည်ပ မှဆိုလျှင် ဒေါ်ဆွေ ဆွေ မြင့် (စင်္ကပူ -ဖုန်း ၉၈၅၃၇၀၄၂) သို့လည်းကောင်း ဆက်သွယ် လှူဒါန်းနိုင်ကြပါတယ်။ပထမအကြိမ် လှူဒါန်းမှု အတွက် အလှူရှင်များ ၏ ထက်သန်သော စေတနာ နှင့် သဒ္ဓါတရားကို ဝမ်းမြောက်စွာသာဓုခေါ်လျက် မှတ်တမ်းတင်ဂုဏ်ပြု လိုက်ပါတယ်။

Subscribe to:
Posts (Atom)