Wednesday, April 28, 2010

မြတ်ရွှေတိဂုံ ရဲ့ လမြတ်ကဆုန်ပုံရိပ် အချို့


မနှစ်က ကဆုန်လပြည့်နေ့ မှာတော့ ဗုဒ္ဓနေ့အကြောင်း နဲ့ ဗောဓိပင်အကြောင်း (သွန်းလောင်းရေစဉ် ဗောဓိပင်အားဦးထိပ်ထားလျှက်) ဆိုတဲ့ ပိုစ့် ကို ရေးခဲ့ဘူးပါတယ်။ ဆက်စပ်ဖတ်ရှု နိုင်ကြပါစေရန် ပြန်လည်ဖေါ်ပြချင်ပါသေးတယ်

သည်နှစ်တော့ အမိမြေကို ပြန်လည်ရောက်ရှိနေလေတော့ ကဆုန်ညောင်ရေသွန်းပွဲတော်ကို ကိုယ်တိုင် ပါဝင်ဆင်နွှဲ လိုစိတ်တွေ ဖြစ်ပေါ်နေခဲ့တာမို့ လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော် ရဲ့ ထီးတော်ရိပ် ကိုခိုလှုံရောက်ရှိခဲ့ရင်း ဗောဓိပင် တွေကို ပူဇော် ခဲ့ပါတယ်

ဗောဓိ ဆိုတဲ့ပါဠိ သည် သိမြင်တော်မူခြင်း၊သိမြင်တော်မူရာလို့ အဓိပ္ပါယ်ရပါတယ်။ ဘုရားရှင်အဆူဆူတို့ရဲ့ သစ္စာလေးပါးမြတ်တရားကို ပိုင်းခြားထင်ထင်သိမြင်တော်မူရာ သစ်ပင်ထူး ၊သစ်ပင်မြတ်တွေကို ဗောဓိ ပင်လို့ သတ်မှတ်ခေါ်ဆိုကြတာ ပေါ့နော်

ဝေဿဘူ ၊ ကကုသန်၊ ကောဏာဂုံ၊ ကဿပ ဘုရားရှင် တို့ပွင့်တော်မူရာ သစ်ပင်တွေက တော့ အင်ကြင်းပင် ၊ ကုက္ကိုပင်၊ ရေသဖန်းပင်၊ ပညောင်ပင် တို့ဖြစ်ကြပါတယ်။ ကျွန်မတို့ရဲ့ဂေါတမ မြတ်စွာဘုရားရှင် သစ္စာလေးပါး၊မြတ်တရားကိုသိမြင်တော်မူရာ သစ်ပင်ကတော့ ညောင်ဗုဒ္ဓဟေ၊ (ညောင်နီပင် ဖြစ်ပါတယ်)

တပေါင်းလကတည်း ကစပြီး ကျွန်မ က ဗောဓိညောင်ပင် တော်တော် များများ ကို အာရုံစိုက်နေဖြစ်ခဲ့တာ မို့ ရွက်သစ်လောင်းစ အချိန်လေးမှာ ညောင်ရွက်နုသစ်လေးတွေ ဟာ ပန်းနုရောင် ပြေပြေလွင်လွင် နဲ့ တွဲရရွဲကျဆင်းနေပြီး အရွက်မရင့်တရင့်လေးတွေ က စိမ်းဖန့်ဖန့်ဖြန့်ကျက်နေတာကို ကျွန်မ ကြည့်မဝခဲ့ပါ

အခုတော့ ကဆုန်လပြည့် ရောက်ခဲ့ ပြီမို့ ရွက်သစ်တွေ လည်းစိမ်းစို အုပ်ဆိုင်းလို့ နွေအပူကို ရင်ဆိုင်ကြရှာပါတယ်။

ဗောဓိပင် ဆိုတာဖွားဘက်တော်လည်းဖြစ်သလို ပရိဘောဂ စေတီ ထိုက်တယ်ဆိုတာကို ဘုရားရှင်သက်တော်ထင်ရှား ရှိကတည်း အရှင်အာနန္ဒာကို မိန့်ဆိုခဲ့ပါတယ်။ဘုရားရှင်ကိုယ်စား ပူဇော်ထိုက်ကြောင်း တေရသကနိပါတ်တော်လာ ၊ကာလိင်္ဂ ဗောဓိဇာတ် မှာပြဆိုထားပြီး ၊ခုဒ္ဒကပါဠိ အဋ္ဌကထာ နိမိကဏ္ဍသုတ်အဖွင့်၌ လည်း ပရိဘောဂစေတီ မည်ကြောင်းဖွင့်ဆိုထားပါတယ်

မနက် ၆နာရီ ကတည်းက မြန်မာ့ ရုပ်မြင်သံကြား လိုင်းသုံးလိုင်းမှ ထုတ်လွှင့်ပေးတဲ့ ကဆုန်လပြည့်ဗုဒ္ဓနေ့ တရားတော် များ ကို နာခံမှတ်သား ရတာ နဲ့ ဓမ္မပီတိဖြစ်ပေါ်ခဲ့ရပါတယ်။

ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော်ဘုရားကြီး က ဘုရားရှင် ရဲ့ ဂုဏ်ကျေးဇူး ကိုသိရင် တုံ့ဆပ်ပူဇော် ရပါမယ်တဲ့။ အကောင်းဆုံး ပူဇော် နည်းကတော့ လောကုတ္တရာ တရားကိုးပါး အားလျော်သော ကျင့်ဝတ် ပဋိပတ် အကျင့်မြတ်နဲ့ ပူဇော် ဘို့ကို ကျွန်မ သေချာ မှတ်သားလိုက်မိပါတယ်။

ကျွန်မ ဟာ ရေအပြည့်ထည့်ထားတဲ့ မြေအိုးအနီလေးမှာ မွှေးပျံ့ လှတဲ့ စပယ်ပွင့်ဖြူဖြူလေးတွေ စီးမျော နေတာ။သပြေခက်ကလေးလည်း စိုက်လို့ပေါ့။ မြတ်ဗူဒ္ဓရဲ့ ကိုယ်စား သက်ရှိထင်ရှားရှိ ပုံအာရုံယူပြီး ရေစင်သွန်းလောင်း ရတာ အေးမြတဲ့ရေစီးကြောင်းတစ်ခု ရင်ထဲစီးဝင်လာသလို ခံစားရပါတယ်။လူငယ်တော်တော်များများဟာ တက်ကြွစွာ ရေအလှူလုပ်အားပေးနေတာ အားရကျေနပ် သာဓုခေါ်စရာပါပဲ။ ဓာတ်ပုံမှတ်တမ်းယူပြီး ဓမ္မပူဇာ ပြုဘို့ ရှင်မထီး တန်ဆောင်းကို ရောက်ရှိခဲ့ ပါတယ်။

အေးချမ်းလှတဲ့ ဓမ္မရိပ်မှာ အားထုတ်ရတာ နွေအပူ ကတောင်မထိုးဖောက်နိုင်ရှာပါဘူး။

စောင်းတန်း များတလျှောက်မှာလည်း ဖယောင်းတိုင်လှူ တဲ့သူတွေ၊ အအေးတိုက်တဲ့သူတွေ ၊ မုန့်လက်ဆောင်းတိုက်ကျွေးလှူဒါန်းသူတွေ အရှေ့ဘက်မုခ် မှာတင် ၈ဖွဲ့လောက်ရှိနေခဲ့ပါတယ်။ ဘုရားဖူးများက ညင်းယူရတဲ့အထိပါပဲ။

ကျွန်မမွေးရပ်မြေရဲ့ ပွဲတော် တစ်ခု ကို ဆင်နွှဲကုသိုလ်ယူခဲ့တာ အမျှပေးဝေ လို့ ကဆုန်လပြည့် အမှတ်တရ ဓမ္မဒါန မှတ်တမ်းပြုလိုက်ရင်း မေတ္တာရေစင်များ သွန်းလောင်းလိုက်ပါရစေ။

0 မှတ်ချက်ရေးရန်: