Saturday, June 12, 2010

ကိုယ်တို့ပိုင်ဆိုင်ရာ မေတ္တာမြေဝယ်၊ သစ္စာအသီးအပွင့် ဖူးပွင့်စေမယ်

ကိုယ်တို့ပိုင်ဆိုင်ရာ မေတ္တာမြေဝယ်၊ သစ္စာအသီးအပွင့် ဖူးပွင့်စေမယ်

မြန်မာပြည်ကို ပြန်လည် ရောက်ရှိနေတဲ့ ကျွန်မ တို့ (ဓမ္မဘလော့ဂါ) များဟာ ပေါင်းဆုံမိကြပြီး တတ်နိုင်သမျှသော၊ ဘာသာရေး၊ လူမှုရေး ဆောင်ရွက်ချက် များကို ဆက်လက် ကုသိုလ်ပြု ဆောင်ရွက်လျက်ရှိ နေကြပါတယ်။

သားကိုဦး (ဓမ္မရသ)က မတ်လကုန်မှာ ပြန်လည် ရောက်ရှိလာပြီး၊ ကိုထွန်းထွန်းလှိုင် (အေးငြိမ်းပျော်ရွှင် ဓမ္မရိပ်) ၊ ကိုသုခ(သုခရိပ်)၊ အမောင် (ရေနံ့သာ) တို့နဲ့ အတူ ပိုင်းလော့ ဆရာတော်ကျောင်းမှ ဒါနဥပပါရမီ အဖွဲ့ အတွက် ထေရဝါဒ လူငယ်လေးများ အသင်းရဲ့ အလှူငွေ ကျပ်လေးသိန်းကို လာရောက် ပေးလှူသွား ခဲ့ကြပါတယ်။

ယခုအခါ သူတို့ဟာ သင်တန်း တက်ရောက်နေကြပြီး သင်တန်း တက်နေတဲ့ နေရာဒေသမှာပဲ အားလပ်ချိန်မှာ ယဉ်ကျေးမှု သင်တန်းဖွင်လှစ်ဘို့ ကိုလည်း စီစဉ်ဆောင်ရွက် နေကြပါတယ်။,

နောက် ရှေ့ဆင့်နောက်ဆင့် ဆိုသလို ပြန်လည် ရောက်ရှိလာသူများ ကတော့ ဘုန်းဘုန်း အရှင်တိက္ခဉာဏာ လင်္ကာရ (ယောအသင်း) နှင့် ကိုဝင်းမြင့်ဇော် (သစ္စာတရား) တို့ပဲဖြစ်ပါတယ်။

ဘုန်းဘုန်း က ကျွန်မ ဆောင်ရွက်နေတဲ့ လူမှုရေး အသင်း (ပညာအလင်း- ပညာပါရမီအဖွဲ့) ရဲ့ ဆောင်ရွက်ချက်များ အတွက် စင်္ကပူဒေါ်လာ (၅၀) ပေးလှူပါတယ်။ ဘုန်းဘုန်းနဲ့ ဆက်နွယ်ပြီး ကျွန်မဟာလည်း ကမ္ဘာအေး မဟာဂန္ဓာရုံ စာသင်တိုက်ကို ရောက်ဘူးခဲ့ရပြီး၊ သာသနာကို စောင့်ရှာက်နေကြတဲ့ စာချ သံဃာတော် အရှင်မြတ်တွေရဲ့ ဘဝ၊ စာသင်သားကိုရင်၊ ဦးဇင်းလေးတို့ ရဲ့ ဘဝ တစိတ်တစ်ဒေသကို ခံစားသိမြင်ခွင့် ရရှိခဲ့ပါတယ်။

ဘုန်းဘုန်း ဦးတိက္ခစာသင်သား ဘဝက သီတင်းသုံးခဲ့တဲ့ နေရာလေးကိုလည်း ရိုးရိုးရှင်းရှင်း တွေ့မြင်ခဲ့ရပါ သေးတယ်။ ဘုန်းဘုန်းရဲ့ ဆရာ ပိဋကတ် နှစ်ပုံဆောင် ဆရာတော် အရှင်ပညာဝံသ နဲ့ မိတ်ဆက်ပေးချိန် မှာတော့ စာချခြင်းဖြင့် ပရိယတ္တိသာသနာ ကို ဘဝတစ်ခုလုံး မြှပ်နှံထားတဲ့ တည်ကြည်လေးနက်တဲ့ အသွင် ဖြင့် ကြည်ညိုဖွယ်ရာ ဖူးတွေ့ခဲ့ရပါတယ်။

မြေဇင်း တောရ ဆရာတော် ဘုရားကြီး ရဲ့ ဆရာ ကန္နီဆရာတော် ဘုရားကြီး ရဲ့ တပည့် အရှင် ထေရတိဿ ထံမှ ဥပနိဿယ ခံယူ အားထုတ်ထားတဲ့ တရားပြဆရာကြီး ဦးစောသာယံ ရဲ့အိမ်ကိုတော့ ဘုန်းဘုန်ဦးတိက္ခ နဲ့အတူ ကျွန်မလည်း လိုက်ပါ တွေ့ဆုံ လေ့လာခဲ့ပါတယ်။ ဆရာကြီး ဦးစောသာယံ ကတော့ ၂လ တာ မဟုတ်ပဲ (၁၀)ရက် စခန်းဖြင့် ဤနည်းအတိုင်း တရားပြသနေတာ ဖြစ်လို့ ဘုန်းဘုန်း ဦးတိက္ခ ကိုယ်တိုင် ဝင်ရောက် အားထုတ်ဘို့ စီစဉ် နေပါပြီ။

ကျွန်မ က(အာဂျန်) လို့ခေါ်တဲ့ ကိုဝင်းမြင့် ကတော့ မြန်မာ ပြန်ရောက်ရောက်ချင်း ဆိုသလို ကျေဇူးတော်ရှင် ပိုင်းလော့ ဆရာတော်ဘုရား ထံ ဦးတိုက်ဖူးမျှော် သွားကြောင်း သတင်းရရှိလိုက် ပါတယ်။ သူ့မိဘ၊ ညီမ များ က လေးစား ခင်မင်ဖွယ်ရာ၊ ရခိုင်အမျိုးသားများ ဖြစ်ကြပြီး ပိုင်းလော့ ဆရာတော်ဘုရား ကိုဖူးမျှော်လြိုက တာကို အကြောင်ပြုပြီး ကျွန်မနဲ့ သူ့ထက်ဦးစွာ ကျွမ်းဝင် ခင်မင်ခဲ့ပြီး ဖြစ်ပါတယ်။ အွန်လိုင်းမှာတောင် ၅နာရီ ၆နာရီကြာ မရပ်မနား၊ တရားဆွေးနွေးနိုင်တာ ဆိုတော့ သူ့နဲ့တွေ့ရန် အချိန်များစွာ ရှိဘို့ ကျွန်မ ပြင်ဆင် ရပါအုံးမယ်။,

ကျွန်မဟာ မြန်မာ အော်ဂဲနစ် အဖွဲ့မှာ တာဝန် ထမ်းဆောင်နေပြီး တနင်္ဂနွေ တစ်ရက် အားလပ်ချိန် ဘာသာရေး၊ လူမှုရေးတွေကို ရတတ်သမျှ ဆောင်ရွက်ရပါတယ်။

ထေရဝါဒတို့တိုင်းပြည် ဘလော့မှ ဘုန်းဘုန်း ဦးဝရသာမိ တို့နှင့်တွေ့ဆုံဘို့ ကို စိတ်သာရှိလျှက် မဆောင်ရွက်နိုင် သေးပါဘူး။

နိုင်ငံရပ်ခြားမှာ ကျောင်းနေစဉ်ကလို အင်တာနက် မှာ ထိုင်ရချိန် နည်းသွားတာကို နားလည်ပေးကြရန် ပန်ကြားလိုပါတယ်။ မြန်မာပြည်သူ လူထုရဲ့ ကြားကို တိုးဝင်ရင်း တတ်စွမ်းသမျှ ဆောင်ရွက်ကြအုံးမှာပါပဲ။

ကျွန်မ အမ အိမ်သွားလည် ရင်းကြားခဲ့ရတဲ့ သီချင်းဟောင်းလေး တစ်ပုဒ်က စာသားလေးဟာ ရင်ထဲ အသည်းထဲ သို့စွဲညိ ပါလာခဲ့ပါတယ်။,

(ကိုယ်တို့ပိုင်ဆိုင်ရာ မေတ္တာမြေဝယ်၊ သစ္စာ အသီးအပွင့် ဖူးပွင့်စေမယ်…..) တဲ့။,


ဤစာစု ဖြင့် ပြည်တွင်းပြည်ပမှ ဓမ္မဘလော့ဂါ အားလုံးသို့ အမှတ်တရ.. သတိတရ.. ဦးညွှတ်လျှက်။,

မေတ္တာဖြင့်, သစ္စာအလင်း

1 မှတ်ချက်ရေးရန်:

ee said...

သာဓုပါ အမိမြေကျေးဇူးဆပ်နေတာကို ၀မ်းသာစရာအဖြစ်
ကြားသိရပါတယ် ၊ မိမိကိုယ်ကိုကိုယ်လဲကျေးဇူးဆပ်ဖြစ်
အောင်ကြိုးစားစေလိုပါကြောင်း...