Wednesday, March 7, 2012

တပေါင်းလပြည့်နေ့ (သို့မဟုတ်) အောင်မြေပြည်မ ကပိလသို့


နွေမိန်တပေါင်း နေရှိန်လောင်း၊ ရွက်ဟောင်းကြွေကျ မြေခ သော- မိန်ရာသီဟု၊ သရဖီပိတောက်။ ခက်ညှောက်ညွန့်ညောင်း၊ ဝတ်မှုန်လောင်းသည့်၊ တပေါင်းလသာ လတကာထက်၊ နှိုင်းရာဖက်ရှောင်၊ လများနောင်ကို ရောက်ရှိခဲ့ပြန်ပါပြီ။

ကျေးဇူးတော်ရှင် မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်၊ ဝေဠုဝန်ကျောင်းတော်မှာ သီတင်းသုံးနေထိုင်ကာ အင်္ဂတိုင်းသားနဲ့ မာဂဓတိုင်းသားတွေကို တရားရေအေး တိုက်ကျွေးတော်မူနေတဲ့ အချိန်ပဲဖြစ်ပါတယ်။အဲဒီ သတင်းကိုကြားသိတာနဲ့ မြတ်စွာ ဘုရားရဲ့ ဖခမည်းတော် သုဒ္ဓေါဒန မင်းကြီးဆောင် ကြားသိလေတော့ ခေါင်းဆောင်အမတ် ၁၀ဦး တို့ကို နောက်ပါ အခြွေအရံ တစ်ထောင်စီနဲ့ ၁၀ကြိမ် ခွဲပြီးတော့ မြတ်စွာ ဘုရားကိုပင့်ဘို့ ရာဇဂြိုဟ် ကိုစေလွှတ်ခဲ့တာ မြတ်စွာဘုရားရှင်နဲ့ တွေ့ လို့ တရားနာယူရတဲ့ အချိန်မှာတော့ ကပိလဝတ်သို့ မပြန်ကြတော့ပဲ၊ တစ်ယောက်မကျန်၊ သာသနာ့ဘောင်သိုပဝင်ရောက်ကြပြီး ဧဟိဘိက္ခု ၊ရဟန်းတွေချည်း ဖြစ်ကုန်ကြပါတယ်။
ဖွားဘက်တော် ဖြစ်တဲ့ ကာဠုဒါယီ အမတ်ကြီးကတော့ ရာဇဂြိုဟ်ကို မသွားခင် ကတိစကားရှိထားတဲ့ အတိုင်း ခမည်းတော်ပေးအပ် လိုက်တဲ့ တာဝန်ကို ကျေပြွန်စွာထမ်းဆောင် နိုင်ခဲ့ပါတယ်။ သူကနောက်ဆုံးအသုတ်မှာ ခေါင်းဆောင် ပါဝင်ခဲ့ တာမဟုတ်လား။


ဖွားရာဇာတိဖြစ်တဲ့ ကပိလဝတ်နေပြည်တော်ကို ကြွရောက်ချိန်တန်ပါပြီ ဖြစ်ကြောင်း ဂါထာ ၆၄-ဂါထာသီကုံးလျှောက်ထားခဲ့ပါတယ်။ ပါဠိဘာသာမှာ ဂါထာဆိုတာ ကဗျာပါ ။ စုန္နိယ ဆိုတာကတော့ စကားပြေလို့ မှတ်သားဘူးပါတယ်။ ဒီတော့ ၆၄ဂါထာ ဆိုတော့ တပေါင်းလရဲ့သာယာပုံကို သီကုံးဖွဲ့ဆိုထားပြီး မွေးရပ်ဋ္ဌာနီကို ပြန်လည် ကြွချီဘို့ လျော်ကန်လျောက်ပတ်၊ကောင်းမြတ်တဲ့ အခါသမယဖြစ်ပါကြောင်း တောင်းပန်လျှောက်ထားခဲ့တဲ့ ကဗျာပေါ့နော်။
သည်လျှောက်ထားချက်၇ဲ့ အစွမ်းသတ္တိကြောင့် မြတ်စွာဘုရားသည် ရဟန္တာပေါင်း နှစ်သောင်းခြံရံပြီး မဟာ သက္ကရာဇ် ၁၀၃ ခုနှစ် ရဲ့ တပေါင်းလပြည့်ကျော် တစ်ရက်နေ့မှာ ရာဇဂြိုဟ်မှ ယူဇနာ ၆၀ ဝေးကွာတဲ့ ကပိလဝတ်နေပြည့်တော်ကို တစ်နေ့လျှင် တစ်ယူဇနာ ခရီးနဲ့ ဒေသစာရီကြွချီတော်မူခဲ့ပါတယ်..။
သာသနာတော်သမိုင်းမှာထူးခြားတဲ့ အကျိုးဆက်တွေ လည်း ဖြစ်ပေါ်လာခဲ့ပါတယ်။

အရှင်သာရိပုတ္တရာ လျှောက်ထား၍
နိဂြောဓာရုံကျောင်းတော်ကြီးပေါ်ပေါက်လာခြင်း။
သာကီဝင်မင်းမျိုးတို့ရဲ့ မာန်စွယ်ကို နှုတ်ပယ်သော အားဖြင့် ပေါက္ခရဝဿ မိုးရွာသွန်းစေခြင်း။
ဂါထာတော် တစ်ထောင်ဖြင့်တန်ဆာဆင်အပ်သော ဝေသန္တရာဇာတ်တော်ကြီး ဟောကြားတော်မူခြင်း။
မဟာ ဓမ္မပါလ ဇာတ်တော်ကြီးကို နာကြားရ၍ ခမည်းတော်ဘုရား အနာဂမ်တည်ပြီး နောင်အခါမှာ အရဟတ္တဖိုလ်တည်ခြင်း၊မိတွေးတော် ဂေါတမီ သောတာပန်တည်ခြင်း၊ နောင်သော အခါ ဘိက္ခုနီသာသနာ ထူထောင်ခွင့်ကြုံခြင်း။
ယသောဓရာကို အကြောင်းပြုပြီး စန္နကိန္နရီဇာတ်တော်ကို ဟောကြားခြင်း၊
ဇနပဒကလျာဏီရဲ့ ကြင်ယာတော် နန္ဒမင်းသား ရဟန်းဖြစ်ခြင်း။
သားတော်ရာဟုလာ အမွေတောင်းလို့ သာမဏေဘဝကိုရောက်ရှိခြင်း။
သာကီဝင်အမျိုးမှ မင်းသားတစ်ထောင် ရဟန်းဘောင်သို့ ရောက်ခြင်း။
ကာဠုဒါယီမထေရ်ကို ဆွေမျိုး တို့အား မြတ်စွာဘုရားကို ကြည်ညိုစေရန် စွမ်းဆောင်ရာ၌ အမြတ်ဆုံးဘွဲ့ (ကုလပ္ပသာဒ) ဧတဒဂ် ကိုချီးမြှင့်တော်မူခြင်း။
ဗုဒ္ဓဝင်ဒေသနာကို ဟောကြားတော်မူခြင်း။

ဆိုတဲ့ အကျိုးဆက်များစွာ ဖြစ်ပေါ်လာခဲ့ပါတယ်။
တကယ် တော့လည်း မြတ်စွာဘုရားရှင်ရဲ့ ဆွေတော်မျိုးတော်များနဲ့ ပြန်လည်တွေ့ဆုံ ပွဲဟာ တပေါင်းလရဲ့ ဥတုရာသီ နဲ့လိုက်ဖက်ညီညွတ်စွာ လှပတင့်တယ် ကြည်နူးဘွယ်ရာပါပဲ။ ကျေးဇူးတုံ့ပြန်မှု တွေများစွာလည်းပါဝင်နေတာ အမှန်ပါပဲ။

ကျွန်မကတော့ စာဆို-ရှင်အုံးညို ဖွဲ့ဆိုခဲ့တဲ့ ဂါထာ ၆၀ ပျို့ထဲ က---

အောင်မြေပြည်မ၊ ကပိလတွင်၊ မွေးဘသုဒ္ဓေါ်၊ ဒကာတော်နှင့်၊ ယသော်ဓရာ၊ ဗိမ္မာမြောက်သား၊ သည်းချားရာဟု၊ မျှော်ရာရှုလျက်၊ တစ်စု တစ်ရုံး၊ ပန်းနှယ်ကုံးမျှ၊ သက်လုံးမေတ္တာ၊ ပြက်ကြင်နာသော်၊ ဖူးပါလှချင်၊ ငါ့သခင်ကို၊ သို့ပင်ဆိုတမ်း၊ နိစ္စလွမ်း၍၊ မျက်ယမ်းထိထိ၊ မြော်ချင်ဘိဟု၊ ကြားသိတုံလို၊..

ဆိုတဲ့ စာပိုဒ်ထဲက ဖူးပါလှချင်၊ ငါ့သခင်ကို ဆိုတဲ့စကားလုံးရဲ့ ညွန်ကြားချက်ကို ခံစားနေမိပါတယ်။
ဘဝဆက်ဆက် လက်ချင်းယှက်ခဲ့တဲ့၊ ပါရမီဖက် တစ်ဦး ရဲ့ နှလုံးသားဟာ စကားများစွာပြောနေမှာအမှန်ပါပဲ။ လေးသင်္ချေနဲ့ ကမ္ဘာ တစ်သိန်း ကာလကြာ ပါရမီခရီး ပြီးမြောက်အောင်မြင်ချိန်မှာ ထိုက်တန်သော အသိအမှတ်ပြုမှုကို မိန်းမသားပီပီ မျှော်လင့်ရှာပေလိမ်မယ်လို့ ကျွန်မက နားလည်နေမိပါတယ်..။

မြတ်ဗုဒ္ဓရဲ့ ပြည်တော်ပြန်ခရီးမှာ ထွက်လို့ မကြိုဆိုပဲ ခန်းဆောင်ထဲကစောင့်လို့နေခဲ့တာ။ မြတ်ဗုဒ္ဓ က ပါရမီဖက် ကို ပြန်လည်တွေ့ဆုံချီးမြှောက်ဘို့ ကြွချီ ပေးခဲ့တာဟာ တစ်ချိန်က မတောင်းဆိုပဲ၊ ရရှိခဲ့ဘူးတဲ့ ကြာငါးခိုင် အတွက် ဖြစ်လိမ့်လေမလားလို့ လည်း ကျွန်မကစဉ်းစားနေမိပါတယ်။

လောကီအကျိုး ကိုဆောင်ရွက်တဲ့နေရာ မှာ ကရုဏာ ထက်ကြီး သော စွမ်းအားမရှိပါ။ လောကုတ္တရာ အကျိုး ကိုဆောင်ရွက်တဲ့နေရာ မှာ ပညာ ထက်ကြီးတဲ့ အရာ မရှိပါတဲ့။ အမျိုးသားသည် ပညာကို ကိုယ်စားပြု ပြီး အမျိုးသမီးသည် ကရုဏာ ကိုကိုယ်စားပြုပါတယ်။ ပညာနဲ့ ကရုဏာ ဆိုတာ နေနဲ့လလိုပါပဲ လို့ မှတ်သားဘူးပါတယ်။

ကပိလဝတ်နေပြည်တော် ရဲ့ နေ နဲ့ လ တွေ့ဆုံပွဲကို ကျွန်မက မြင်ယောင် ကြည်ညိုရင်း တပေါင်းလပြည့်ကို ပူဇော်ကန်တော့လိုက်ပါတယ်။
ကျမ်းကိုး = အရှင်ပညာသာမိ၊ မာဂဓီ (သာစည်) အရှင်မြတ်ရေးသားတော်မူသော ၊ အခါတော်နေ့များ စာအုပ်ကို ဖတ်ရှု ကိုးကားရေးသားပါတယ်။


1 မှတ်ချက်ရေးရန်:

Mr. Koe said...

အကျိုးများတဲ့ခရီးရှည်တခုကိုမြတ်ဗုဒ္ဓကြွရာက်ခြီးမြှောက် ရကျိုးနပ်ပါပေတယ်၊ တပေါင်းလ၏ ထူးခြားလှတဲ့ ဂုဏ်အပေါင်းကိုလည်းမြင်တွေ့ ခံစားရပါတယ်။ သာဓုသာဓုသာဓုပါ။