Wednesday, September 19, 2012

Green Growth, Promise Box နှင့် ချစ်လျှင်ပျော်မိ .. အထင်ရှိ ကြကုန်လေသော..


ဂင်ကို ဘိုင်လိုဘာ လို့ အမည်ရတဲ့ အသက်ရှည်ဆေးအပင်များ နဲ့ မေပယ် ပင်များ တန်းစီ စိုက်ပျိုးထားလို့  တောင်ကိုးရီးယား နိုင်ငံ ရဲ့ဆိုးလ် မြို့တော် လေး ဟာ Green Growth ရှိပါ တယ်ရယ် လို့ ကြွေးကြော်ရလောက်အောင် မိုးနှောင်းရာသီရဲ့  ရင်ခွင်အောက် မှာ စိမ်းလန်း ရွှန်းစိုနေပါတယ်..။  တစ်ဆောင်းသစ် ပြန်အုံးတော့မယ် လို့ ငံ့လင့်နေတဲ့ အပင် တစ်ချို့ တစ်လေ မှာတော့ စိမ်းရောင်စိုလွင် မှုများလျော့ပါး လျက် သိင်္ဂီ တစ်ဝက် ..မြတစ်ဝက်  ….။

ဂင်ကို ဘိုင်လိုဘာ Gingko biloba  ဆိုတာကလည်း Phyto-remediation ဖြင့် Air pollution  ကို လျော့ပါးစေသော ၊ဖန်လုံအိမ်ဓာတ်ငွေ့တွေ GHG (Green House Gas ) နဲ့  လေထု ညစ်ညမ်းမှုကို လျော့ကျစေနိုင် တာမို့  တယ်တော်ပါလား ....ကိုးရီးယား ပေါ့လေ..။ Mr. Ben Kimon ရေ..သင့်မွေးရပ်မြေ အတွက် …Congratulations ပါနော်..။

Waste water Treatment ကို နိုင်နင်း လှတာ မို့ ဟန်မြစ် ရေပြင် ကလည်းကြည်လင်သန့်စင် စွာစီးဆင်း နေတာ …. သဘာဝ ရတနာ တစ်ပါး။ အဲဒီ ဟန်မြစ် ကို ဖြတ်ကူးနိုင်တဲ့ တံတားပေါင်းကလည်း ဆိုးလ် မြို့ထဲမှာတင်  ၂၇စင်းရှိနေတာ..။ သပ်ယပ်တောက်ပြောင် နေတဲ့ လမ်း တွေ….ရယ်  မိုးထိမြင့်မား တိုက်တာများကတော့ သူတို့ရဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ကို အထင်းသား မြင်တွေ့နိုင်ပါတယ်..။

အော်တောင် ကိုးရီးယား ကိုးရီးယား..မြန်မာတို့ ရဲ့ နှလုံးသား ကို သူတို့ရဲ့ အနုပညာနဲ့ ဖမ်းစား ထား တဲ့ နိုင်ငံပါလား။ တနည်းအားဖြင့် စိတ်ဝင်စားစရာ ဇာတ်လမ်းတွဲတွေ နဲ့ မြန်မာတို့  ရဲ့ ညနေချမ်း တွေကို အိမ် တွေထဲမှာ တစ်ညီတစ်ညွတ်တည်းညိမ်သက်စေနိုင် အောင်လွှမ်းမိုးနိုင် သော သူများ ပါကလားလို့လည်း သတိတရဖြစ်တဲ့အကြည့်နဲ့ သေချာ ကြည့် နေခဲ့ မိပါတယ်..။

 ကာလကြာရှည်စွာ ရုပ်မြင်သံကြား မကြည့်ဖြစ်တဲ့ ကျွန်မ ကသာ အထူးအဆန်း ဖြစ်နေပေမဲ့ မြန်မာ တော်တော်များများ  က အညာစရော= မင်္ဂလာပါ။ ကင်ဆာ မီဒါ= ကျေးဇူးတင်ပါတယ် ။ အိုးပါး= အစ်ကို ၊ အိုညိ= အမ၊ အိုမ= အမေ။ အာဘူးကြီး= အဖေ  စသည်ဖြင့် ခေါ်ဝေါ်ကြကာ …. တော်ပုကီ..ကင်ချီ..ဆန်မုန့် စတဲ့အစားအသောက်တွေ ကိုပါ စိမ့်ဝင်ရင်းနှီးနေတာယဉ်ကျေးမှုချင်းရောနှော ခဲ့ပါပြီ.။
 အမျိုးသမီးတော်တော်များများ ကတော့ ပိန်ပိန်ပါးပါး သန့်သန့် ခန့်ခန့် တွေ များပါတယ်..။ ရိုးသားဖြောင့်စင်း ပြီး အကြောသိပ် မတင်း တဲ့ မျက်နှာများစွာ ကိုလည်း တွေ့ရှိနိုင်ပါတယ်..။

Korea Night Life ကတော့ ညနေ ရုံးအဆင်း မှာ စားသောက်ဆိုင်မှာ  Soju သောက်ကြပြီး  အမျိုးသမီးများ ကို ကျောတွင် ချီပိုးကာ စောင့်ရှောက် ကာ အိမ်ပြန်ပို့ တဲ့အထိ အကြင်နာကြီးသော….မေတ္တာတရားကြီးမားသော  ထူးဆန်းလှစွာသော …ရှားရှားပါးပါး အမျိုးသားများ ဤ နိုင်ငံ မှာ ရှိနေသတဲ့…..။ အံ့ဘွယ်သုတပါတကား…။

ကျွန်မ က သူတို့ ရဲ့ စိတ်နှလုံးကို ပိုလို့စိတ်ဝင်စားနေမိပါတယ်..။ နန်ဆန်တာဝါ ကို သွားကြည့်တဲ့နေ့မှာတော့  လျှပ်တပြက်သိလိုက်ရပါတယ်..။


ကတိသစ္စာပြုကြပါသော..သော့ဂလောက်များစွာ..နန်ဆန်တာဝါ

ရောမ က Love Bridge မှာလုပ်သလို  သော့ဂလောက်များစွာ တွေ့လိုက်ရပါတယ်..။ ရောမ မြို့ မှာတော့ ချစ်သူစုံတွဲများ သော့ဂလောက် ကို ခတ်ကာ သော့ ကို တိုင်ဘာ - Tiber မြစ် ထဲ နောက်ပြန် ပစ်ပြီး ထာဝရ ချစ်ရပါစေကြာင်း ဆုမွန်ကောင်း တောင်းကြတဲ့ သော့တွေ သော့တွေ… ရောမ နဲ့ ဖလောရင့် နှစ်ခု ပေါင်းရင်တောင် က နန်ဆန်တာဝါ က သော့များကို မီမယ် မထင် ပါ..။ ချစ်လျှင်ပျော်မိ အထင်ရှိကြသော သူ တယ်လည်းပေါများလှပါကလား။ ။


မော်ကွန်း တင်ထားပါသေးတယ်..။

ကိုးရီးယားမှာကတော့ မြစ်နဲ့ ဝေးတာကလည်းတစ်ကြောင်း၊ တောင်ပေါ်ဖြစ်နေတာမို့ သော့ ပစ်ထည့် တဲ့ ပုံး ကို အနီရောင် ရှိသော Promise Box အဖြစ် စုစည်းတည်ရှိစေပါတယ်..။
ဤ သေတ္တာ နှင့် ဤ နေရာသည် သစ္စာတရားများ စုဝေးရာဖြစ်စေသတည်း ပေါ့လေ..။

3 R (Reduce, Reuse, Recycle ) ဆိုတဲ့ သဘာ)ပတ်ဝန်းကျင်ထိန်းသိမ်းရေး မျက်စိ နဲ့ တစ်ဖန်ကြည့်ပြန်တော့ သောဂလောက် တန်ဘိုးများ ထုတ်လုပ်စရိတ် ကိုတွက်ကြည့်ကာ လွဲချော် နေတဲ့ ယဉ်ကျေးမှုကို ဘ၀င်မကျ ဖြစ်ရပါတယ်..။

Green Growth ကြောင့် လျော့ကျသွားတဲ့ ကာဗွန် တွေ သော့ဂလောက်ထုတ်လုပ်ရေး မှာ တိုးခဲ့တာမို့ ပြန်ပေးဆပ် ဘို့ Carbon Compensation ကိုတွက်ချက် ကြည့်လိုက် ပြီး Mr. Ben Kimon ထံပြန်တောင်း ရတော့မလို ..။


ယတ္တကာ - တစ် နှစ် သုံး လေး ဂဏန်းရေးက ၊စစ်တွေးဆက်ပွား ၊ အကြင်မျှလောက် များကုန်၏

ကျွန်မ ကတော့တောင်မြို့ မဟာ ဂန္စ္ဒာရုံဆရာတော် ဘုရား ရေးသားတော်မူတဲ့ ဂါထာလေး ကို သတိရမိပါတယ်..။

***မာနိတာ ယတ္တကာ ယဿ ၊ ဒုက္ခတာ တဿ တတ္တကာ၊
ကိံနုနော ဒုက္ခဘာယန္တာ ၊ပိယမှာ စ အဘိရုနော။*****

ယဿ -ချစ်လျှင်ပျော်နိုး ၊ ချစ်စပျိုး ၍ ၊ ချစ်ရိုးချစ်စဉ် ၊ အကြင် ပုထုဇဉ်၏
မာနိတာ - မြတ်နိုးစုံမက် ၊ နှစ်သက်ဖွယ်ရာ ၊ အဖြာ ဖြာ တို့သည်၊
ယတ္တကာ - တစ် နှစ် သုံး လေး ဂဏန်းရေးက ၊စစ်တွေးဆက်ပွား ၊ အကြင်မျှလောက် များကုန်၏
တဿ -ချစ်လျှင်ပျော်မိ ၊ အထင်ရှိ၍ ၊ခင်မိခင်ရာ ၊ခင်ကြရှာတောင်း ၊ထိုပုထုဇဉ်အပေါင်း ၏
ဒုက္ခတာ - မကင်းစမြဲ ၊အတင်းတွဲ၍ ၊ ဆင်းရဲရန်ကြောင်း ၊ဒဏ်အပေါင်း သည်
တတ္တကာ - ချစ်ချစ်သမျှ ၊ တစ်နှစ်ကလျှင် စ၍ တွက်ရေ၊ ထိုမျှလောက်ပင်များပြားလေကုန်၏ ။
နော - သူတော် သူမြတ် အတူမှတ်၍ ၊လူ့ဇာတ်ရှောင်သွေ ၊တို့တတွေသည်
ဒုက္ခဘာယန္တာ - ဒုက္ခမြောက်မြား ၊ရောက်မသွားဘို့ ၊ထောက်ထားထိုထို ကြောက်အား ပိုကြပါကုန်လျက်
ပိယမှာစ - ဒုက္ခဖြစ်ကြောင်း ၊အချစ်အပေါင်းမှကား၊
ကိံ နုအဘိရုနော- မကြောက်နိုင်ပဲ ရဲကြီးရဲလျက် ၊ အမြဲ ပုံသေ အဘယ်ကြောင့် ချစ်ခင်၍ နေ၀ံ့ ကြကုန်လေဘိသတည်း။

သည် ဂါထာ လေးကို ရွတ်ဆိုမိရင်း ချစ်ခြင်း ဆို တဲ့ တဏှာ ရဲ့ လှည့်စားမှု  အမည် သဘောမှ သည် စစ်မှန်သော မေတ္တာ တရား ၊အကြင်နာတရား များ နှလုံးသားများ စွာသို့ ဟန်မြစ်လို တစ်သွင်သွင် စီးဆင်း ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်..။


မေတ္တာဖြင့်
သစ္စာအလင်း

ဤ စာဖြင့်..ကိုရီးယားတွင် စာတမ်းဖတ်နိုင်အောင် ဖိတ်ကြားစီစဉ် ပေးသော ဆရာ နှင့်  ညီမ အိ ...၊ ဧည့်ဝတ်ကျေပြွန်ကြသော ကိုးရိးယားမိတ်ဆွေများ ကို ကျေးဇူးတင်ကြောင်း အမှတ်တရ ပြု ဖေါ်ပြ အပ်ပါတယ်..။
နန်ဆန်တာဝါ အကြောင်း အကျယ် သိလိုပြီးသစ္စာ ပြု လိုကြလျှင်ဖြင့် http://en.wikipedia.org/wiki/N_Seoul_Tower ဒီလင့်လေး မှာ ဖတ်ရှု သွားရောက်နိုင်ပါတယ်..။

0 မှတ်ချက်ရေးရန်: