လယ်တီဆရာတော်ကြီး၏ ပဋိစ္စ သမုပ္ပါဒ် လင်္ကာ
========================== =
(၁) အ၀ိဇ္ဇာ ပစ္စယာ သင်္ခါရာ
ဗောဓိရတနာ ၊ ယာဉ်စကြာဖြင့် ၊ သစ္စာလေးရပ် ၊ လေးကျွန်းပတ်သား ၊ နတ်ဝိသုဒ္ဓိ ၊
တုမရှိအား ၊ တြိဒွါရ ၊ ရှိဦးခလျက်၊ ဘ၀သုံးပါး ၊ ဟုန်းဟုန်းသွားသည် ၊
ရထားသံသရာ ၊ ယာဉ်စကြာ၏ ၊ ခြင်းရာဋ္ဌုပ္ပတ် ၊ သမုပ္ပါဒ်ကို ၊ အတပ်သိရန် ၊
နိဒါန်းပြန်ပိမ့်….။
အမှန်လေးချက် ၊ သဘောနက်ကို ၊ ဖုံးဝှက်ကွယ်ကာ ၊
အ၀ိဇ္ဇာဟု ၊ မဟာသမ ၊ မှောင်ကြီးကျလျက် ၊ ဘ၀မြုံသိုက် ၊ ရှိန်ရှိန်အိုက်သား ၊
အမှိုက်မီးစာ ၊ ဤခန္ဓာကို ၊ တွယ်တာသမှု ၊ အကြောင်းပြု၍ ၊ အကုသလ ၊
ဓမ္မညစ်ဆိုး ၊ အပြစ်မျိုးကို ၊ ကြိုးကြိုးပမ်းပမ်း ၊ နေ့စဉ်ထမ်းသည် ၊
ပါယ်လမ်းဗီဇ ၊ အပုညနှင့်…,၊ ဘ၀နောင်ခါ ၊ သံသရာဝယ် ၊ လူ့ရွာနတ်ငြမ်း ၊
စည်းစိမ်သွမ်းကို ၊ ချမ်းသာအတိ ၊ အထင်ငြိလျက် ၊ ဂတိနောင်ကို ၊
ကောင်းစေလိုဟု ၊ ကုသိုလ်အရိုး၊ အမျိုးမျိုးကို ၊ ကြိုးကြိုးစားစား ၊
ပြုတုံငြားက ၊ ဆယ်ပါးပုည,၊ အာနေဉ္ဇဟု ၊ ဘ၀နှီးရင်း ၊ ပွါးတုံလျှင်းသည် ၊ ၊
ဝဋ်ခင်း ၀ဋ်နွယ်ရှည်သတည်း။ ။
(၂) သင်္ခါရ ပစ္စယာ ၀ိညာဏံ
ဝဋ်ခင်း
ဝဋ်နွယ် ၊ ရှည်ကြောင်းရွယ်သား ၊ ဆယ်ဖြာပုည ၊ အပုညနှင့် ၊ဘ၀နှီးရင်း
၊ပွါးတုံလျှင်းသော်၊ လေးသင်းပယ်ရွာ၊ အဖြာဖြာလျှင် ၊ ဗြဟ္မာလူနတ် ၊
ဘုံသုံးရပ်၌ ၊ ဓာတ်ပဓာန ၊ ပြဋ္ဌာန်းလှသား ၊ ဒွါရသခင် ၊ ခြောက်ဝိညာဉ်ဟု ၊
အရှင်ဓာတ်မင်း ၊ ပေါ်တုံလျှင်း၍ ၊ ကိုယ်တွင်းကိုယ်ပြင် ၊ ထွက်, ၀င်တံခါး ၊
အင်ခြောက်ပါး၌ ၊ အများရုပ်နာမ် ၊ အတန်တန်လျှင် ၊ ၀န်းရံဖြိုးဖြိုး ၊
အမျိုးမျိုးကို ၊ အုပ်စိုးဆောင်ရွက် ၊ လျှမ်းလျှမ်းတက်လျှင် ၊ ထက်မြက်တေဇာ ၊
သူ့၇ှိန်ဝါကြောင့် ၊ ငါငါ သူသူ ၊ လူပဲ နတ်ပဲ ၊ အထင်လွဲလျက် ၊ ငရဲအပါယ် ၊
အသွယ်သွယ်လျှင် ၊ ၀ဋ်နွယ်ရှည်လျား ၊ တမားမားသည် ၊ ၊ ခြောက်ပါး ၀ိညာဉ်
စွမ်းရည်တည်း။
(၃) ၀ိညာဏ ပစ္စယာ နာမရူပံ
ခြောက်ပါးဝိညာဉ်
၊ စွမ်းရည်အင်ကြောင့် ၊ မီးတွင်ရှိန်ဝါ ၊ ထက်ကြပ်ပါသို့ ၊ မကွာတူကွ ၊
ဖြစ်ပေါ်ကြသား ၊ ဖဿ,ဝေဒနာ ၊စေတနာနှင့် ၊သညာ,၀ိတက် ၊ရောင်စုံယှက်သည်
၊အမျက်ကြောင်ဝယ် ၊ကြိုးစုံခြယ်သို့၊အသွယ်အသွ ယ်
၊ အနွယ်နွယ်လျှင် ၊ ဆန်းကြယ်စွာလှ ၊ နာမ်ကာယနှင့်…,၊ ဘူတ-ဟူပေ ၊ မြေ, ရေ,
လေ, မီး ၊ ဓာတ်ကြီးလေးတန် ၊ အမာခံလျက် ၊ အရံရုပ်သေး ၊ နှစ်ဆယ့်လေးတည့် ၊
ပေါင်းထွေးမျှညီ ၊ အဋ္ဌ၀ီသ ၊ ရုပ်ကာယ-ဟု ၊ နာမ, ရူပ၊ ဓမ္မအပြား၊ ဤနှစ်ပါးလည်း ၊
ထင်ရှားစုံစွာ ၊ ပေါ်တုံလာ၍ ၊ နာနာကာယ ၊အနန္တလျှင် ၊ ရူပရုပ်ဟန် ၊သဏ္ဍာန်အမူ ၊
ဇာတ်မတူသည့်၊ လူအရပ်ရပ် ၊ နတ်အထွေထွေ ၊ ရေမျိုး, ကုန်းမျိုး ၊
ကောင်းဆိုးယုတ်ညံ့ ၊ အကန့်ကန့်လျှင် ၊ ခြားသန့်ပေါယယ် ၊ သောသောကြွယ်သည်၊ ၊
နှစ်သွယ်နာမ်ရုပ် စွမ်းရည်တည်း။
(၄) နာမရူပ ပစ္စယာ သဠာယတနံ
ထင်ရှားစေ့စုံ ၊ အပုံပုံလျှင် ၊ တည်တုံနာမ်ရုပ် ၊ ကိုယ်သမုတ်သား ၊
အထုပ်အထယ် ၊ ကြီးငယ်ကာယ ၊ပေါ်ပြန်ကလည်း၊ ဒွါရတွင်မည် ၊ ဖိတ်ဖိတ်လည်သည် ၊
အကြည်ခြောက်မျိုး ၊ ကိုယ်လုံးဖြိုးလျှက် ၊ အရိုးစီစဉ် ၊ အမြင်-စက္ခု, ၊
ကြားမှု-သောတ,၊ ဃာန-အနံ,၊ လျှက်ရန်-ဇိဝွါ,၊ ကာယာ-တွေ့ထိ,၊ အသိ-မနော ၊
မရောမယှက် ၊ တလက်လက်လျှင် ၊ အမျက်စိန်ရည် ၊ လဲ့လဲ့ကြည်သို့။ ခြောက်မည်အာရုံ
၊ အလုံးစုံလည်း ၊ ပုံသဏ္ဍာန်ရိပ် ၊ နိမိတ်အသွင် ၊ အကုန်ထင်၍ ၊ ဤရှင်, ဤလူ ၊
ဤမူ နေ,လ၊ ရူပသဏ္ဍာန် ၊ အသံအမျိုး ၊ အခိုးလှိုင်ပျံ့ ၊ ရနံ့ထိုထို ၊ အချို,
အချဉ် ၊ ဤလျှင်အပူ ၊ ဤမူအအေး ၊ အတွေးအသိ ၊ ပြည့်စုံဘိ၍ ၊ ငါ၏ဤကိုယ် ၊
ငါမင်းပျိုဟု ၊ အဆိုအထင် ၊ အမြင်မှောက်မှား ၊ စိတ်နေကြွားဘို့ ၊
တံခါးခြောက်သင်း ၊ ကိုယ်လုံးလင်းသည်၊ ၊ခြောက်ခင်းဓာတ်မှန်စွမ်းရည်တည်း။
(၅) သဠာယတန ပစ္စယာ ဖေဿာ
ဓာတ်မှန်အကြည် ၊ ခြောက်မျိုးတည်က ၊ ခြောက်မည်အာရုံ ၊ အလုံးစုံလည်း ၊
ပုံသဏ္ဍာန်ရိပ် ၊ နိမိတ်အသွင် ၊ ကိုယ်လုံးထင်၍ ၊ ၀ိညာဉ်ခြောက်ဆင့် ၊
ဖွားဖွားပွင့်က ၊ နှိုင်းသင့်တူမျှ ၊ ပမာပြမူ ၊သိကြားစက်ရှိန်
၊လက်လက်ထိန်သား၊ ၀ရဇိန်သွား ၊ ရွပ်ရွပ်ဝါးသို့ ၊ ခြောက်ပါးဖဿ ၊
ဖြန်းဖြန်းထ၍ ၊ ရသခြောက်မည် ၊ အာရုံရည်ကို ၊ ကြိတ်နည်သောအား ၊ တွေ့ထိငြားက ၊
ဤကားဣဋ္ဌ ၊ အနိဋ္ဌနှင့် ၊ ဤမျှမကောင်း ၊ ဤမျှကောင်းဟု ၊အကြောင်းသွေးဆော်
၊အရေးပေါ်လျက်၊ ခြောက်ဖော်အာရုံ ၊ ရသဂုဏ်တို့ ၊ အကုန်ပေါ်ထွက် ၊
ရွမ်းရွမ်းတက်၍ ၊ မက်ဖွယ်မုန်းဖွယ် ၊ အနှုန်းခြယ်သည် ၊ ၊ ခြောက်သွယ်ဖဿ
စွမ်းရည်တည်း။
(၆) ဖဿ ပစ္စယာ ဝေဒနာ
ဖဿခြောက်မည် ၊
သူ့စွမ်းရည်ဖြင့် ၊ ကြိတ်နည်သောအား ၊ စက်ရှိန်ဝါး၍ ၊ ခြောက်ပါးအာရုံ ၊
မြေ့မြေ့တုန်လျက် ၊ ခြောက်စုံရသ ၊ အနိဋ္ဌနှင့် ၊ ဣဋ္ဌဟူသည် ၊ အရည်ဒီးဒီး ၊
ယိုထွက်စီးသော်….။ ဓာတ်သီးခြောက်ဖြာ ၊ ဝေဒနာဟု ၊ ထွေလာအထူး ၊ ထွက်ပေါ်မြူး၍ ၊
ခြောက်ဦးရွှမ်းစည် ၊ အာရုံရည်ကို ၊ မည်မည်ရရ ၊ ခံစံကြမှ ၊ သုဘ,သုဘာ ၊
သာ,မသာနှင့် ၊ ထွေလာများတောင်း ၊ ကောင်း, မကောင်းလည်း ၊ ထောင်းထောင်း
ငေါ်ငေါ် ၊ သိထင်ပေါ်၍ ၊ ကောင်းသော် စိတ်ဝမ်း ၊ ဖိတ်ဖိတ်လျှမ်းလျှင် ၊
ရွှင်လန်းနှလုံး ၊ စွင့်စွင့်ပြုံး၏။ မုန်းဖွယ်တွေ့က ၊
ခြောက်သွေ့နွမ်းညိုး၊ နှလုံးဆိုး၍ ၊ အခိုးလူလူ ၊ ပွက်ပွက်ဆူမျှ ၊
ပူပူပင်ပင် ၊ မရွှင်မလန်း ၊ စိတ်ကုန်ခန်း၏။ ချမ်းသာသုခ ၊ တခုမျှ၌ ၊ လောကအထု
၊ အကုန်စု၏။ ပုပုရွရွ ၊ မြင်သမျှလည်း ၊ သုခဖို့ချည်း ၊လုံ့လသည်း၏။
အ၇ည်းသူမြတ် ၊ ပရမတ်ကို ၊ ချန်လှပ်ဖယ်ရှား ၊ အလွတ်ထား၍ ၊ အများလောက ၊
၇ှိသမျှကို ၊ ဒုက္ခပွါးမှု ၊ များစွာပြုသည် ၊ ၊ သုခဝေဒနာစွမ်းရည်တည်း။
(၇) ဝေဒနာ ပစ္စယာ တဏှာ
သုခဝေဒနာ ၊ စွမ်းရည်ဖြာ၍ ၊ ရသာမြိန်ရွှမ်း ၊ အစိမ့်မွှန်းက ၊
သွန်းသွန်းဆူကြွ ၊ ထိုသုခ၌ ၊ ပိယ-ဟူသား ၊ အချစ်ပွါး၍၊ ခြောက်ပါးဝေဒနာ ၊
မြိန်ရှက်စွာကို ၊ လွယ်ကာမနှေး ၊ လိုတိုင်းပေးသည် ၊ သူဋ္ဌေးရတနာ ၊ ပမာအလား ၊
ကြင်မယားနှင့်၊ ၀တ်စားရွှေငွေ ၊ လယ်မြေလုပ်ခင်း ၊ ထမင်းဘောဇဉ် ၊
သဘင်ပွဲလမ်း ၊ အခဏ်းခဏ်းတည့် ၊ ပန်းမျိုးနံ့သာ ၊ အဖြာဖြာလျှင် ၊ ရူပါရမ္မဏ ၊
စသည်အပုံ ၊ ပဉ္စာရုံနှင့် ၊ ခြောက်စုံဖဿ ၊ စက္ခု-စသား ၊ ဒွါရခြောက်မည်၊
အကြည်အလင်း ၊ ကိုယ်တွင်းဓါတ်နု ၊ အစုစုလျှင် ၊ ဗဟုဘေဒါ ၊ များပြားစွာသည် ၊
ဓမ္မာရမ္မဏ ၊ ကာမ၀တ္ထု ၊ အစုအပုံ၊ ခြောက်အာရုံ ၌ ၊ ခုံတမင်မင် ၊ ခင်တများများ ၊
နေ့စဉ်ပွါး၍ ၊ တ၇ားအချက် ၊ သဘောနက်ကို ၊ အိပ်မက်တွင်မျှ ၊ မမြင်ကြပဲ ၊
ကာမထောင်တွင်း ၊ ခန္ဓာကင်းသည် ၊ ၊ ခြောက်သင်းတဏှာ စွမ်းရည်တည်း။
(၈) တဏှာ ပစ္စယာ ဥပါဒါနံ
တဏှာခြောက်မည် ၊ အရင်းတည်လျှက် ၊ အရှည်များလျား ၊ အစဉ်ပွါးက ၊
လေးပါးအမှန် ၊ ဥပါဒါန်လည်း ၊ ခန္ဓာကာယ၊ အဇ္ဈတ္တနှင့် ၊ ကာမအာရုံ ၊ အလုံးစုံ ၌
၊ အကုန်နှီးရင်း ၊ အစွဲပြင်း၏။ ၁-အသင်းပွါးများ ၊ သား,မယားက ၊ စသည်ဖြာဖြာ ၊
မဆုံးရာသား ၊ ကာမ၀တ္ထု ၊ စွဲလမ်းပြုသည် ၊ ကာမုပါဒါန်….။ ၂-တဖန်ထို့ပြင် ၊
မိစ္ဆာညာဉ်ဖြင့် ၊ အမြင်ယွင်းဖေါက် ၊ အယူမှောက်သည် ၊ ခြောက်ဆယ်နှစ်ပါး ၊
ပြားသည်ဒိဋ္ဌိ….။ ၃-တစိထိုမှ ၊ ဂေါသီလကို ၊ ၀ဋ်မှထုတ်တတ် ၊ စွဲထင်မှတ်သည် ၊
သီလဗ္ဗတုပါဒါန်…။ ၄-ခန္ဓာငါးပါး ၊ တရားအစု ၊ ဓာတ်အနုကို ၊ ကိုယ်ဟုစွဲကပ် ၊
အမြဲမှတ်သည် ၊ အတ္တ၀ါဒုပါဒါန်….။ အထန်အပြင်း ၊ အစွဲတင်း၍ ၊ ၀ဋ်ခင်းဝဋ်နယ် ၊
ဝဋ်ပင်လယ်မှ ၊ လွတ်ဖွယ်မအား ၊ တမားမားသည်၊ ၊ လေးပါးဥပါဒါန် စွမ်းရည်တည်း။
(၉) ဥပါဒါန ပစ္စယော ဘဝေါ
စွမ်းရည်ပြင်းထန် ၊ ဥပါဒါန်ဖြင့် ၊ ခန္ဓာဓမ္မ ၊ ကိုယ်ကာယ ၌ ၊ အတ္တအစွဲ ၊
မြဲကြီးမြဲ၍ ၊ ရဲရဲရက်ရက် ၊ ကိုယ့်အတွက်ကြောင့် ၊ သက်သတ်,ခိုးမှု ၊
စသည်ပြုလျက် ၊ အကုသလ ၊ ကမ္မဆယ်တန် ၊ အပြစ်လျှံ၏….။ တဖန်နောက်နှေင်း ၊
ငါလျှင်ကောင်းစိမ့် ၊ အကြောင်းရည်ရော် ၊ အရှည်မြော်လျက် ၊ သူတော်ဓလေ့ ၊
ရသေ့ရဟနုး ၊ လှူဒါန်းဝေငှ ၊ ပဉ္စင်္ဂနှင့် ၊ အဋ္ဌအင်္ဂီ ၊ ဒသင်္ဂီတည့် ၊ လေးလီဗြဟ္မ ၊
ဝိဟာာရဈာန် ၊ ဆယ်တန်ကသိုဏ်း ၊ အလှိုင်းများစွာ၊ ဘာဝနာဟု ၊ ဆယ်ဖြာပုည ၊
ကုသလကို ၊ လုံ့လကြိုးစား ၊ ကောင်းကျိုးပွါး၏…။ နှစ်ပါးကုသိုလ် ၊ အကုသိုလ်ဟု
၊ ထိုထိုဘ၀ ၊ ဖြစ်သမျှ ၌ ၊ ဗီဇပြည့်ဖြိုး ၊ အမျိုးမျိုးကြောင့် ၊
အကျိုးတရား ၊ အရှည်ပွါးသည် ၊ ၊နှစ်ပါးဘ၀စွမ်းရည်တည်း။
(၁၀) ဘ၀ ပစ္စယာ ဇာတိ
ဘ၀စွမ်းရည် ၊ ကံ နှစ်ထွေကြောင့် ၊ သဗ္ဗေသတ္တာ ၊ သတ္တ၀ါတို့ ၊ ဖြစ်ရာဘ၀ ၊
ဆုံးပြန်ကလျှင် ၊ ဧက, စတု ၊ ငါးခုခန္ဓာ၊ ကံချရာ၌ ၊ ဓမ္မတာစစ် ၊ သစ်တလဲလဲ ၊
အနဲနဲလျှင် ၊ ဖြစ်မြဲဇာတိ ၊ သန္ဓေငြိ၍ ၊ တြိဘုံပြင် ၊ နယ်တခွင် ၌ ၊
အစဉ်ပြည့်ပွါး ၊ အစားစားလျှင် ၊ မားမားမတ်မတ် ၊ ဇာတ်အမျိုးမျိုး ၊
တန်ခိုးထင်, တိမ် ၊ ဂုဏ်သိရ်နိမ့်,မြင့် ၊ အကျင့်ဆိုး,ကောင်း ၊
အပေါင်းများစွာ ၊ သတ္တ၀ါဟု ၊ နာနာကာယ ၊ ဖြစ်ပြန်ကြသည်၊ ၊
လေးဝဇာတိစွမ်းရည်တည်း။
(၁၁) ဇာတိ ပစ္စယာ ဇရာ မရဏံ
သန္ဓေဇာတိ ၊
တဖန်ငြိ၍ ၊ တြိဘုံသူ ၊ အဆူဆူလျှင် ၊ လူလူ နတ်နတ် ၊ အရပ်ရပ်တည့် ၊
မတ်မတ်မားမား ၊ ဖြစ်ပြန်ငြားသော် ၊ သုံးပါးအရွယ် ၊ စ, လယ်, အဆုံး ၊
ရှိမြဲထုံးဖြင့် ၊ အနှုန်းစဉ်စီ ၊ သန္ဓေချီက ၊ နာရီစဉ်သင့် ၊ အဆင့်ဆင့်လျှင်
၊ ရင့်မြဲရော်မြဲ ၊ တသဲသဲတည့် ၊ မစဲနေ့ည ၊ တရွရွလျှင် ၊ ခဏ, သန္တတိ ၊
အဂ္ဂိဇရာ ၊ နှစ်ဖြာလောင်မီး၊ ရှိန်ရှိန်ငြီး၍ ၊ အကြီး, အငယ် ၊ အရွယ်ခြားနား ၊
အစားစားလျှင် ၊ အသွားတွင်တွင် ၊ မစဲနှင်၏…။ လေးအင်သေမှု ၊ တခုခုလည်း ၊
ဗဟုအန္တရာယ် ၊ အသွယ်သွယ်နှင့် ၊ နှီးနွယ်ရုံးစည်း ၊ တလုံးတည်းလျှင် ၊
ကြီးကြီး, ငယ်ငယ် ၊ အရွယ်မထောက် ၊ အချိန်ရောက်က ၊ ချုပ်ပျောက်ခန္ဓာ ၊
မငြင်းသာသည် ၊ ၊ ဇရာ, မရဏ စွမ်းရည်တည်း။
(၁၂) သောက, ပရိဒေ၀, ဒုက္ခ, ဒေါမနဿုပါယာသာ သမ္ဘ၀န္တိ
သန္ဓေဇာတိ ၊ ခန္ဓာရှိက ၊ ဥာတိ, ဘောဂ -စသည်သင်းပင်း ၊ ကွေကွင်းခြင်းနှင့် ၊
မကင်းစသာ ၊ ကြုံကြိုက်လာသော် ၊ ပူဆာသောက ၊ ရူတငိုကြွေး ၊ သက်မွေးဝန်ထမ်း ၊
ပူ, ချမ်း ဒုက္ခ ၊ အနိဋ္ဌကြောင့် ၊ စိတ်ကမကြည် ၊ မဆည်ငင်၇ှိုက် ၊ အလှိုက်အလှဲ ၊
ဆင်းရဲငါးပါး ၊ အကျဉ်းအားတည့် ၊ ကျယ်ပွါးအနန္တ ၊ တွေ့ကြုံရသည် ၊ ၊ မူလဇာတိ
အနှုန်းတည်း။
(၁၃) ဧ၀မေတဿ ကေ၀လဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ
ဝဋ်သံသရာ ၊ ၇ှည်မင်းစွာ၌ ၊ သူငါကစ ၊ ဖြစ်သမျှကား ၊ သတ္တမဟုတ် ၊
ဓာတ်မှန်ထုတ်သော် ၊ နာမ်ရုပ်နှစ်သင်း ၊ အမြင်လင်းလော့။ အရင်းအ၀ိဇ္ဇာ ၊
ထိုမှဖြာ၍ ၊ ဇရာ, မရဏ ၊ အဆုံးကျသည် ၊ ဓမ္မအပြား ၊ ဆယ့်နှစ်ပါးကို ၊
ဤကားလူပင် ၊ ဤလျှင်နတ်ပဲ ၊ အထင်လွှဲလျက် ၊ တ၀ဲလည်လည် ၊ ၀ဋ်နွယ်စည်၏….။
ရှည်လေသမျှ ၊ အနန္တကား ၊ သုခဟူသည် ၊ မြူမျှမကွက် ၊ အဆက်ဆက်လျှင် ၊
သက်သက်ဒုက္ခ ၊ ဓာတ်မှန်ရသည်၊ ၊ ဘ၀ ဤကိုယ်ဖြစ်ထုံးတည်း။
( မဟာဗုဒ္ဓ၀င်၊ ပဉ္စမတွဲ၊ စာ-၆၉၂~၇၃၉ )