Sunday, April 5, 2015

လူသားတို့အား ထုဆစ်ပုံဖေါ်ခြင်း

လူသားတို့အား ထုဆစ်ပုံဖေါ်ခြင်း
==================
*ရေရှည် တည်တံ့ရန် အမျှော် အမြင်ဥာဏ် * ဆိုတဲ့ နာမည် နဲ့ ကိုတာ ဘာသာပြန်ထားတဲ့ စာအုပ်ကလေး ဟာ ထိုင်းက Dr. Sulak Sivaraksa ရေးသားတဲ့ *The Wisdom of Sustainability *ဆိုတဲ့ စာအုပ်ကလေးဖြစ်ပါတယ်..။

ဒီစာအုပ်ကိုဖတ်ရှုပြီး ဒီစာစုကိုရေးသားပါတယ်..။

ဒီစာအုပ်ကို ဖတ်ပြီးကတည်းက ကျွန်မ ရဲ့ ပညာသင်ကြားမှု ဦးတည်ချက်များကို ဘယ်လို သတ်မှတ်ရမယ် ဆိုတာ ကိုလည်းလှုပ်လှုပ်ခတ်ခတ်ဖြစ်စေခဲ့ပါတယ်..။

မနေ့ကတော့ကျွန်မ လိုပဲ တောင်သူပညာပေးလုပ်ဆောင်နေတဲ့ ညီမတစ်ယောက် နဲ့ တွေ့ ပါတယ်..။ စာသင်တဲ့အခါ ဘယ်သူတွေကို အဓိက ထားသင်ပါသလဲ ဆိုတော့.... စိုက်ပျိုးရေး ညီအမ နှစ်ယောက် အတွေ့အကြုံ မှ ပေးသော ခံစားချက်များ တူညီ ခဲ့ကြပါတယ်..။

ဘာဘွဲ့လက်မှတ်မှမရှိတဲ့ ပညာရေး နေ၀န်းကွယ်နေတဲ့ ရှစ်တန်းနဲ့ လမ်းဆုံးနေတဲ့ကလေးများကို သင်ကြားပေးပါသတဲ့..။ ကျောင်းသင်ပညာရေး တစ်ခုက ချီးမြှင့် လိုက်တဲ့ လက်မှတ် တခုခု ရမနေတဲ့ လူငယ်များကို အဓိက ထားသင်ပါတယ်တဲ့..။ ကျွန်မ ရဲ့ Target group သည် လည်းသည်သို့သာပါပဲ..။

လက်ရှိပညာရေး စနစ်က မွေးထုတ်ပေးလိုက်သော ပညာတတ်များ ဆိုတာ လစာကောင်းတဲ့ အလုပ် တစ်ခု ရရန် ကိုသာ ဦးတည် သင်ကြားပေးနေသည်လား ထင်မှတ်မှားစရာ..။
အနာဂတ်ရေရှည် တည်တံ့ မဲ့ လူ့ အဖွဲ့ အစည်းအတွက် မည်သို့ သောအရည်အချင်းများ နှင့်ပြည့်စုံသော မျိုးဆက်သစ်များကို မွေးထုတ်ပေး ပါမည်နည်း ။

ကျွန်မ တို့ ရဲ့ ရေရှည် တည်တံ့မဲ့အနာဂတ် ကိုမည် သို့သော ပုံစံ ဖြင့်တည်ဆောက်ပါ မည် လဲ..။
အနာဂတ်ကို ရိုးရာ ဥာဏ်ပညာ အမြော် အမြင် ဓလေ့ထုံးစံအပေါ်တည်ဆောက်ရ မှာလား ။

ထို ကမ္ဘာကို အားလုံးအတွက် ငြိမ်းချမ်းခြင်း ၊ အကြမ်းမဖက်ခြင်း ။ တရားခြင်း မူတို့အပေါ် တည်ဆောက်ရ မှာလား ။

လူ့နှလုံးသားမှန်သမျှက တမ်းတမ်းတတ ဖြစ်သော ..အမှန်တကယ် တင်းတိမ်ရောင့်ရဲခြင်းအပေါ် ၌ တည်ဆောက်သင့် တယ် ဆိုတဲ့အချက်ကိုကော လက်ခံကြမည်လား ကျွန်မက စဉ်းစားနေမိပါတယ်..။
ကိုယ့်ကိုကို အားကိုး၊ ကိုယ့်ကိုကို လေးစား၍ ကိုယ့်ယဉ်ကျေးမှု ၌ ဂုဏ်ယူ ၊ နှိမ့်ချသော ၊ ရိုးရိုးနေတတ်သော ၊ ရက်ရောသော၊ အမြဲ သတိတရားရှိသော သူများ ဖြစ်လာသော် ကျွန်ပ်တို့ ချမ်းသာမည် မှာ မုချ အ မှန်ပါ..။ လို့ အာဂျန်ဆူလတ်က ဆိုပါတယ်..။

အတ္တ ၌ ဗဟိုပြုခြင်းကို လျှော့ချနိုင်ရန် အသိစိတ်ကို တည်ဆောက်နိုင်သော် လူ့အဖွဲ့အစည်းကို ဖိနှိပ်ခြင်းများ ၊ခေါင်းပုံဖြတ်ခြင်း များ မှ ဝေးအောင်တည်ဆောက် နိုင်ပါတယ်..။

ပညာတတ်တွေ ဆိုတာက အောက်ခြေ လူတန်းစားတို့ ၊ အပယ်ခံ လူများ တို့ ရဲ့ အသံ ၊ ရင်တွင်းစကားကို နားထောင်ရန်မလို အပ်တော့ပြီလော..။

ပညာရေး စနစ်သည် မသိချင်ယောင်ဆောင်ခြင်း ကို အားပေးသော စနစ်ဖြစ်နေပြီလား..။ ပညာရေးစနစ် သည် ကိုယ့်ကိုကို နားလည် စေခြင်းမှ ကင်းဝေးစေလေသလား။
Ecologist ဂေဟဗေဒပညာရှင် Thomas Berry ကတော့ အခုခေတ်တက္ကသိုလ်များကို အလွန်အန္တရာယ်ကြီးမားတဲ့ အင်စတီကျူးရှင်း များရယ်လို့ ဆိုပါတယ်..။

အမှန်တကယ် ဖြစ်နေသော ပြဿနာများမှ ကွာဝေး နေသော သူများကို မွေးထုတ်တယ်လို့လည်းဆိုပါတယ်..။
တက္ကသိုလ်ကျောင်းထွက်တွေဟာ ငွေကြေးအကျိုးစီးပွားဖြစ်ခြင်း သာကြောင်းကျိုးထိုက်၏ ဟု ယူဆကာ ကမ္ဘာ့စီးပွားရေး ရဲ့ နက်ရှိုင်းသော နေရာက ပါဝင်နေတယ်..။
တက္ကသိုလ်တွေ မှာ ဝိဇ္ဇာ ပညာ ရပ်များနှင့်လစ်ဘရယ် ပညာရေး အတွက် အလှူဒါန ပြုကြပါတယ်..။ သိပ္ပံပညာ အတွက်လည်း အကြီးအကျယ် လှူကာ ငွေသုံးစွဲ တဲ့ စီးပွားရေးအလုပ်ကြီး တွေ ရှိပါတယ်..။
စီးပွားရေး သမားများဟာတက္ကသိုလ် ရဲ့ သုတေသန လုပ်ငန်းတွေ မှာ ငွေ လှူ ပြီး ချယ်လှယ် လွှမ်း မိုးကြတာ လည်းကျွန်မ ကိုယ်တွေ့ ဖြစ်ခဲ့ပါတယ်..။

ကျွန်မ တို့ ဖတ်ရတဲ့ Ph.D Comic တစ်ခု မှာ သုတေသန လုပ်ရမဲ့ အဆိုပြုချက် မူကြမ်း Hypothesis တစ်ခု ကိုဘယ်လို တွေးမလဲ (Where is Hypothesis coming from?) ဆိုတော့ ကျောင်းသားတွေက ငေါ့ပြီး Donor Corporation တွေ ရဲ့ ဆန္ဒ မှာ မူတည်တာပေါ့လို့ ဖြေခဲ့ဘူးတာ….။ဒါအဖြစ်မှန် ပါ..။

ဘာပဲဖြစ်ဖြစ်ပေါ့နော်.. Thomas Berry ကတော့ တက္ကသိုလ်တွေ မှာ သီလပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာ ထိန်းကျောင်းပဲ့ပြင် မဲ့ သီလဆိုင်ရာဋ္ဌာနမှူး များခန့်သင့်တယ် လို့ဆိုပါတယ်..။

ပညာရေး စံနစ် ဆိုတာကတော့ အပြန်အလှန်ဆွေးနွေးခြင်းတွေ ၊ အတူတကွ ပူးပေါင်းပါဝင်ခြင်းတွေ ၊ ကြင်နာခြင်းများကို နေရာပေး ခြင်းများ ပါဝင်ရပါမယ်..။
ကျင့်ဝတ်များဖြင့် သီလရှိသော ဘ၀ဖြစ်စေရန်လမ်းညွှန်ရပါမယ်..။

သဘာဝ ရဲ့ သန့်ရှင်းဖြူစင်ခြင်း ကို နားလည် တန်ဘိုးထားသော …. သဘာဝ နဲ့ သပ္ပါယ ဖြစ်အောင်နေတတ်ကာ သိက္ခာ နှင့်လည်းညီ……ရိုသေလေးမြတ်ဖွယ် ၌ လည်း ရိုသေသည့်အသိရှိအောင်သင်ပေးသင့်တာပါ..။

သိပ္ပံက အသစ်တွေ့ ရှိချက် အသိများကို ဒေသန္တရ တိုင်းရင်း ရိုးးရာ အမြော်အမြင်များ နဲ့ ညှိနှိုင်းဘို့လည်းလိုအပ်ပါတယ်..။
ကျွန်မ သင်ကြားတဲ့ ဇီဝနည်းပညာ ရပ်ရဲ့ အသစ်တွေ့ရှိချက်တွေ အပေါ်ထားသင့်တဲ့ သဘောထားကတော့ တကယ် ပဲ လိုအပ်နေတာပါ..။
ဒီ့အတွက် ဘယ်လို ခံယူသင့်တယ်ဆိုတာ ကျွန်မ တပည့်လေးများကို လက်ဆင့်ကမ်းလိုလှပါတယ်..။

အဓိက အရေးကြီးဆုံး ကတော့ တက္ကသိုလ် ရဲ့ အလုပ်ဟာ ကျောင်းသားတွေကို အခွင့်ထူးခံလူတန်းစား တစ်ရပ် ဖြစ်လာရန် သင်ပေးဘို့ မဟုတ် …. လို့ ရေးသားချက်ကို တော့ကျွန်မ ယုံယုံကြည်ကြည် ထောက်ခံမိပါတယ်..။

ဆက်ပါဦးမည်။
မေတ္တာဖြင့်
သစ္စာအလင်း

0 မှတ်ချက်ရေးရန်: