Sunday, June 5, 2016

တွယ်တာ…ကပ်ညိ မှု သည် ဘဝ ရဲ့ ကံကြမ္မာ ကို ဦးဆောင် တတ်တယ် (၂ )

*ရဟန္တာ ထေရီမ အမ္ဗပါလီ* တစ်ခါ က သံယောဇဉ် ကို သတိရ ပါသေးရဲ့လား …….. ဆိုတဲ့ အခါ…….။

ဘယ်တော့မှ ပြန်မလာ တော့ပါသော အတိတ်…….
မရေမရာ မသေမချာ ဖြစ်ပေါ် မလာသေးပါသော အနာဂတ် ….
လက်ရှိ ပစ္စုပ္ပန် ဟူသည် ပင် ရေ ပေါ်အရုပ်ရေး သလို တစ်ရိပ်ရိပ် ကုန်ဆုံး ချုပ်ပျောက် လျက်ရှိပါသဖြင့်
ကာလသုံးပါး မှ လွတ်မြောက် နေသူအဘို့ ထိုမေးခွန်းအား မည်သို့ ဖြေရပါမည် နည်း..။

ရဟန္တာ ထေရီမ အမ္ဗပါလီ သက်တော် ၆၀ အထိ ပင် လှပနေဆဲ…ဖြစ်တယ် ဆိုတာ…။
ထို အချိန်က ဝေဠုဝန် ကျောင်းတော်ကို ထေရီမ ကြီး ကြွ ချီ လာမည် ဆိုလျှင် ထိုနေ့အဘို့ သတိပဋ္ဌာန် တရား ပိုမို ပွားများထားပါ လို့ တောင် မိန့်ကြား ထားရပါတယ် တဲ့…။

*မသိတော့ဘူး * ဟူသောအဖြေ နဲ့ တစ်ခါက ချစ်သူ….နှင့် လိမ္မာသော သားရတနာ တို့ အား မြတ်စွာ ဘုရားရှင် ရဲ့ ဓမ္မအေးရိပ် မှာ သူက စွန့်ခွာ ထားရစ် …..ခဲ့ရတာ .....

သို့သော်လည်း..။

သူတို့က တော့သံသရာမှ လွတ်မြောက်ခဲ့ပြီး ချစ်တတ်လွန်းသူ သံသရာထဲ ဝဲလည် နေရဆဲ ပါလား.. ရာဇဂြိုလ် ပြည့်ရှင်...။

ပြီးတော့ ကိုယ့်ကို ဒုက္ခပေးမဲ့ သားဆိုးသားမိုက် ကိုပွေ့ ပိုက်ထွေးပွေ့ ရတော့တာပါ..။
တကယ်တော့လည်း ရာဇဂြိုလ် ပြည့်ရှင် ဘုရင် ဗိမ္မိသာရ မသိ၍ မဟုတ်..ကြိုတင်သိခဲ့ပါတယ်….သို့သော် တွယ်တာ မှု ကြင်နာမှုများ ဖြင့် မည်သူ့ကိုမျှ အပြစ်မဆို…ခဲ့ ။

သန္ဓေစတည် ကတည်းက ချစ်သော ဝေဒဟီ မိဖုရားခေါင်ကြီး လက်ရုံးသွေး ကို သောက်ချင်တယ် ရယ် လို့ ချဉ်ခြင်းတပ်ရ သတဲ့လား..။

တစ်ပိန်ပိန် တစ်လိမ်လိမ် ဖြစ်တဲ့အခါ..ဘာကြောင့်လဲရယ်လို့ ဂရုစိုက်ခဲ့ရှာတာ ….။ အရာရာ ကိုယ့်စိတ်တိုင်းကျ ဆိုတဲ့ ဘုရင် တစ်ပါး ဟာ ချက်ချင်း ဆိုသလို ..*ဒါဘာခက်လို့ တုံး* ဆိုပြီး ရွှေဓါးငယ်လေးယူ ကိုယ် တိုင်လက်မောင်းသွေးဖောက်ကာ မိဘုရားကို ကိုယ် တိုင် တိုက်လိုက်ပါသတဲ့..။

သည်လို သတင်းကို ကြားသိတဲ့ ပုဏ္ဏားတော် တွေက သည်ကလေး သည် ကြီးပြင်းလာတဲ့အခါ ဖခင်ကို ပြန်သတ်လိမ့်မယ် လို့ အတိတ်နမိတ်ကို ကောက် ယူ ဟောကိန်း ထုတ် ခဲ့ပါတယ်..။

မိဘုရား ကြီး က ဘုရင့်အတွက် တောထဲထွက်တာ ကိုယ်ဝန်ကို ဖျက်ဆီး ဘို့ကြိုးစားတာကို သိသွားတော့ ဘုရင် ဗိမ္မိသာရ ကခွင့်မပြု ခဲ့ပါ…။

မိမိ အတွက် ကာကွယ် ဘို့ အရေး ….ဘာလို့ မတွေး ရတာပါလဲ ရာဇဂြိုလ် ပြည့်ရှင်…။
မွေးလာကတည်းကလည်း ဒီကလေး လေးကို သိပ်ချစ်ရှာတယ်..သတ်ကာမှ သတ်ကော..သားရယ် တဲ့..။

ခူနာ ပေါက်တော့ သူ့ပါးစပ် နဲ့ ငုံပေး ထားတာ..လူ့ရဲ့ အာငွေ့ နဲ့ဆိုတော့ သက်သာပြီး ပြည်ပေါက်တာ ထွေးမပစ်ဘူး ..မြိုချ ပစ်တဲ့အထိ ချစ်တတ်ခဲ့ရှာသော ရာဇဂြိုလ် ပြည့်ရှင်….။

သင်ဟာ ယနေ့အထိ ဖခင်မေတ္တာ ကိုစာဖွဲ့ ညွှန်းဆို ရာ မှာ ယနေ့ထိတိုင် စံပြ ဖြစ်နေဆဲပါလား..
ဘုရားရှင်တောင် ဇာတ်ဝတ္ထု များ ဟောကြား သတိပေးစကားဆို ခဲ့သည့်တိုင် ချစ်ခင် မြတ်နိုးဆဲ…။

ဒေဝဒတ် ရဲ့ စည်းရုံး သိမ်းသွင်းမှုကြောင့် ဖခင်ကို သတ် ဘို့ အဇာတသတ် မင်းသားလေး နန်းဆောင်ထဲဝင်….မသင်္ကာဘွယ် တုန်လှုပ်နေလေတော့ ဖမ်းဆီး ကြပါတယ်..။ တစ်ချို့သောအမတ်တွေက သားတော် နှင့် တကွ သူ့ဆရာဒေဝဒတ် ကိုပါ သေဒဏ် ချမှတ်သင့်တယ် ရယ်လို့လည်းဆုံးဖြတ်ကြပါတယ်..။

သားကိုနယ် နှင် ထား မယ် ဆိုရင် ဒီလို အဖြစ် မျိုးရောက်မှာ မဟုတ်ပါဘူး.. လို့ ဂရုဏာဒေါသော ပြောသူလည်းပြော..။

သာသနာကြည်ညို လွန်းသူ သောတာပန် ဘုရင်မင်း မို့ *မြတ်စွာ ဘုရားရှင် ရဲ့ သားတော် များအား လောကီ ဥပဒေကြောင်းအရ အရေးမယူ ရဘူး* လို့ အမိန့်ထုတ်ထား တာ ကြောင့် ရှင် ဒေဝဒတ် အား လက်ဖျား နဲ့ ပင် ထိခွင့်မရှိ….။

ထီးနန်း လိုချင် လို့ ဒီလို လုပ်ရပါတယ် ဆိုတော့ အလွယ် တကူ ပဲ ထီးနန်း ကဆင်း သားတော် ကို လွှဲအပ်ပေး လိုက်တယ် လို့ ကြားနာသိရှိ ရချိန် မှာ ……ကျွန်မ အနေနဲ့ ကြည်ညို လေးစားမှု ပါပိုခဲ့ပါတယ် ရာဇဂြိုလ် ပြည့်ရှင်..။

သာမန်လူတွေ ဖက်တွယ် မက်မော လှတဲ့ ထီးနန်းစည်းစိမ် ကို *မထီမလေး တံတွေးပေါက် နှယ် စွန့်ပစ်ပယ် ၍*..ဆိုတာ စိတ်ထားဟာ သားကိုချစ်တဲ့ ချစ်ခြင်း ဖြင့်ပင် မဟုတ်ပါလော…..။

ဆက်ပါဦးမည်..
မေတ္တာဖြင့်
သစ္စာအလင်း
 

0 မှတ်ချက်ရေးရန်: