Wednesday, August 5, 2009

ဝါခေါင်လပြည့်- မေတ္တာအခါတော်နေ့

မေမေချစ်သော သားသားနဲ့မီးမီးရေ..
ဝါခေါင်လပြည့်နေ့ဟာ ခေတ္တာငုံ-ချပ်လွှာမှုန် ရနံ့သင်းလို့--- ဝါခေါင်မိုးတွေ နဲ့အတူ ရောက်ရှိလာပြန်ပြီ ပေါ့နော်..။
(လဆန်းရယ်တဲ့ငွေဘုံဆောင်---၊
ပြည့်ဝှန်းကြယ်သရဝဏ်နှင့်
နယ်တဝန်းရှစ်ခွင်တိုင်းမှာ--- မှိုင်းရီိလို့မှောင်၊
ငွေတာရာ ကြယ်သိန္ဒဝငယ်တို့ ဝေဟာမှာ အရှိန်ပြပါတဲ့၊
ချိန်ခါသမယ ဝါခေါင်မှာ--ငွေတောင်ပြည့်လွှမ်း။
ခတ္တာငုံ၊ ချပ်လွှာမှုန် တကြူကြူနဲ့
ပြည်နိဗ္ဗူ ပတ္တနာသန်လို့-----
စာရေးတံလှူတော်ပွဲကို နွှဲပျော်ဘို့လှမ်း။)

ဆိုတဲ့ ဆရာကြီးဦးပြုံးချို ရေးသားခဲ့တဲ့ လေးဆစ် သဖြန် ကလေး ကိုတောင် ရွတ်ဆိုနေမိရင်း အလှူရေစက် လက်နှင့်မကွာ --- ၁၂ရာသီကာလမှာ ပုံစံအမျိုးမျိုးနဲ့ လှူတတ် တန်းတတ်တဲ့ အမိမြေကို တကယ်ပဲလွမ်း ဆွတ်နေမိ ပါတယ်ကလေးတို့ရေ။


ဝါခေါင်လပြည့်နေ့ဟာ စာရေးတံမဲပွဲ ကျင်းပပြုလုပ်ကြသလို မေတ္တာအခါတော်နေ့ လို့လည်း သတ်မှတ်ထား ပါတယ် ကလေးတို့ရေ..။ မေမေတို့ကျေးဇူးတော်ရှင် မြတ်စွာဘုရားလက်ထက်မှာ သံဃာ အများနဲ့စပ်ဆိုင်တဲ့ ဆွမ်းအလှူကိစ္စ၊ ဝိနည်းကိစ္စ တို့တွေမှာပြဋ္ဌာန်းဆုံးဖြတ်တဲ့အခါ စာအက္ခရာပါတဲ့ ဝါခြမ်းတံ ကိုမဲနှိုက်ပြီး ဆုံးဖြတ်စေပါတယ်။ အဲဒီဝါးခြမ်း တံလေးကိုစာရေးတံလို့ခေါ်ပါတယ်။
ဘယ်ဆွမ်းဒါယိကာဒါယိကာမကတော့ ဘယ်သံဃာကိုလှူပါ ဆုံးဖြတ်လို့ မရကောင်းတဲ့ အခါမျိုးမှာ စာရေးတံနဲ့ မဲနှိုက်ဆုံးဖြတ်စေတာပေါ့..။ ဒါ့အပြင် ရဟန်းသံဃာ အသုံးအဆောင် ဖြစ်တဲ့ထီး ဖိနပ်စတာတွေကို ပါ မဲနှိုက်ပြီးမှ လှူဒါန်းစေပါတယ်..။ အလှူရှင်တွေရော ရဟန်းသံဃာတွေပါ သဒ္ဓါပီတိ ဖြစ်စရာ ဝါခေါင်လ-စာရေး တံမဲပွဲ လို့သတ်မှတ်ထား တာပေါ့နော်--။
မေတ္တာအခါတော်နေ့ လို့သတ်မှတ်တာ ကတော့ သည်လိုပါ..။ မေမေတို့ ကျေးဇူးတော်ရှင် မြတ်စွာဘုရားသည် သာဝတ်္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ကာလမှာ ရဟန်းငါးရာတို့သည် မြတ်ဗုဒ္ဓ ထံမှ ကမ္မဋ္ဌာန်းတရားကိုနာယူပြီး ဟိမ၀န္တာ နှင့်စပ်လျက်ရှိသော တောအုပ် ကြီးအတွင်းသို့ ဝင်ရောက်ကာ သစ်ပင်ရင်းများမှာ တရားအားထုတ်နေကြပါတယ် ။
မိမိတို့နေထိုင်ရာ သစ်ပင်အောက်တွေကို ရဟန်းများရောက်လာတဲ့အတွက် ဘုမ္မစိုး ရုက္ခစိုးနတ်တွေဟာ ရဟန်းတို့ရဲ့ သီလတန်ခိုးကြောင့် နေရာဖယ်ဖယ် ပေးနေခဲ့ရလေတော့--- သူတို့ဟာ အမျိုးမျိုး၊အဖုံဖုံ ခြောက်လှန့်ပြီး ရဟန်းများမနေနိုင်အောင် အနှောင့်အယှက်ပြုကြပါတယ် ကလေးတို့ရေ….။
အဲဒီအခါမှာရဟန်းများ စိတ်ချောက်ချားကာ ရောဂါများရကြပြီး ခရီးမသွားရတဲ့ ၀ါတွင်းကြီးမှာပင် ဘုရားရှင်ထံ ပြန်ပြေးကြ ရပါတော့တယ်။ ထိုအခါမှာ မြတ်စွာဘုရားရှင်က ရဟန်းငါးရာတို့ အား မေတ္တသုတ်တရားတော်ကို ဟောဖော်ညွှန်ပြပြီး အဲဒီ တောအုပ်သို့ပြန်သွားပြီး မေတ္တဘာဝနာကိုပါ ပွားများကြရန် မိန့်တော်မူခဲ့ပါတယ် ကလေးတို့ရေ---။

မေတ္တာဆိုတာကတော့တစ်ဦးနှင့်တစ်ဦး ချစ်ခင်လေးမြတ်စွာ အတူတကွ ပူးပေါင်းနေထိုင်နိုင်တဲ့ နှလုံးသွင်းမှု ဖြစ်နေတာကိုး--။ သားသားတို့ Social Science ဘာသာရပ်ထဲကစကားလုံးနဲ့ပြောရရင် Negotiation Skills ပေးလိုက်တာပေါ့နော်…။ သည်တောအုပ်က ရဟန်းတွေအတွက် သပ္ပါယဖြစ်တဲ့နေရာ ဆိုတာ ဘုရားရှင်က သိတော်မူပါတယ်။ ဒါကြောင့် နေရာပြောင်းမပေးဘူးလေ..။ ရဟန်း ၅၀၀ အတွက် မျှတတဲ့နေရာ-- တရားရမဲ့ နေရာဖြစ်နေတာကိုး။ ရဟန်းများဟာ တောအုပ်ကိုပြန်သွားပြီး ဘုရားရှင် ဆောင်ရွက်ခိုင်းတဲ့အတိုင်း မေတ္တာ ဘာဝနာများ ပွားများကြပါတော့တယ်။
ထိုအခါမှာ ဘုမ္မစိုး ရုက္ခစိုး နတ်တွက မေတ္တာဓာတ်ကြောင့် ရန်မပြုကြတော့တဲ့အပြင် ရဟန်းတွေကို ပြုစုစောင့်ရှောက် ဖော်တောင် ရလာကြပါတယ်။ ရဟန်းများ ၀ိပဿနာ ဘာဝနာပွားများ အားထုတ်ခြင်းကို ချမ်းသာ စွာ ပြုလုပ်လာနိုင်တဲ့အတွက် မကြာမီမှာ လေးမဂ်လေးဖိုလ်ရပြီး ရဟန္တာများ ဖြစ်သွားကြပါတော့တယ်..။ မေတ္တာရဲ့ အထောက်အပံ့က မဂ်ဉာဏ် ဖိုလ်ဉာဏ်ထိအောင် ဆောင်ယူနိုင်စွမ်းရှိပါတယ်။
အသံလှိုင်းတွေ အလင်းလှိုင်းတွေလိုပဲတဲ့ မေတ္တာဆိုတာ လှိုင်းအသွင်နဲ့ Electro Magnetic Wave ထိခိုက်စေ စားနိုင်တယ်လို့ ဒေါက်တာဓမ္မရက္ခိတ ဆရာတော်ဘုရား မေမေတို့ကိုသင်ပေးတာ သားသားမှတ်မိမှာပါ။
ဘုန်းဘုန်းဦးတိက္ခဉာဏ ကလည်း တကယ်ပို့ရင် တကယ်ရောက်ပါတယ် ဒကာမကြီးရေလို့ သူ့ရဲ့အေးချမ်းတည်ငြိမ်တဲ့ အသံတော်နဲ့ ပိုင်နိုင်စိတ်ချစွာ ပြောခဲ့ဘူးတာ မေမေ အသေအချာမှတ်ထားမိပါတယ်။
မေမေကြားဘူးတာ လိပ်မကြီး တစ်ကောင်ဟာ ဥတွေကို သဲသောင်ပြင်မှာ အုချ သဲတွေနဲ့ဖုံးလို့ ပင်လယ် ထဲကိုဆင်းသွားတယ်။ အဝေးကို ထွက်သွားပေမယ်လို့ သူ့ရဲ့ရင်က ဖြစ်တဲ့သားသမီး လိပ်က လေးတွေကို မေတ္တာပို့သ နေပါတယ်တဲ့။ တကယ်လို့များ အဲဒီလိပ်မကြီး ဟာအကြောင်း တစ်ခုခုကြောင့် သေဆုံးသွားခဲ့ရင် အဲဒိ လိပ်ဥလေးတွေဟာ ဥ ဘဝကနေ အကောင်မပေါက်ကြရှာ တော့ဘူးတဲ့။ မမြင်နိုင်ပေမဲ့ တကယ်ရှိတဲ့ စွမ်းအားတွေကို ယုံကြည်ကိုးစား နေမိပါတယ်ကလေးတို့ရေ..။

ဘုရားရှင်သည် သာမာန်လူသားဘဝကနေ အတုမရှိ ဉာဏ်တော်ထွန်းလင်းတဲ့ ဘုရားရှင် အဖြစ်ကို ရောက်တော်မူအောင် (ဒါန၊ သီလ၊ နိက္ခမ၊ ပညာ၊ ဥပေက္ခာ၊ ခန္တီ၊ သစ္စာ၊ ဓိဋ္ဌာန၊ မေတ္တာ၊ ဝီရိယာ) စတဲ့ ဆယ်ပါးသော ပါရမီကျင့်စဉ်တွေကို ဖြည့်ကျင့်ခဲ့လို့ပါ။
မေတ္တာပါရမီကစကျင့်ရင် ဆယ်ပါးလုံး ဖြည့်ကျင့်သလို ပါဝင်သွားပါတယ်လို့ ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး သင်ပြပေးထားခဲ့ပါတယ်။ အမြဲ ဝိပဿနာ အာရုံနဲ့မပြတ်မလပ် ရှုမှတ်နေနိုင် တာ ဘုရားရှင် တစ်ပါးသာရှိတာမို့-- မေမေတို့ဟာကျန်အချိန်တွေ မှာ ကိုယ်စောင့်တရားလေးပါး - စတုရာရက္ခ တရားလေးပါးဖြစ်တဲ့ (ဗုဒ္ဓါနုဿတိ၊ မရဏာနုဿတိ၊ မေတ္တာကမ္မဋ္ဌာန်း၊ အသုဘကမ္မဋ္ဌာန်း) တွေကို အမြဲဆင်ခြင်ပွားများ နှလုံးသွင်း နေရမယ်လို့မိန့်ကြား တော်မူခဲ့ပါတယ်။
မေမေတို့ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီးကလည်း အမြဲ ဆုံးမတော်မူတဲ့ ဆောင်ပုဒ် လေးရှိပါတယ်။
ကျေးဇူးမြင်ရင် မေတ္တာပေါ်သည်၊ ကျေးဇူးပျောက်ရင် မာနပေါ်သည်။ မေတ္တာဖြစ်ပေါ်စေသော အနီးဆုံးသော အကြောင်းရင်းသည် ကျေးဇူးဖေါ်ပြပေးခြင်းဖြစ်သည်.. လို့ မှတ်သားကျင့်ကြံ ကြရပါလိမ့်မယ်ကလေးတို့ရေ..။ မေမေတို့ လက်တွေ့ဘဝထဲမှာတကယ် အသုံးဝင်ပါတယ်---- မေမေက မာန မထားတတ်ခဲ့ဘူးပါတယ်..။ မာနတွေ နေရာယူတော့ကျေးဇူးကို မမြင်တတ်တော့ဘူး။ မမြင်တာဟာ တခြားမြန်မာစကားလုံး ဖလှယ်သုံးရရင် ကန်းတယ်ခေါ်တာပေါ့နော်..။ မာနတွေဝင် ကျေးဇူးတွေမမြင် တတ်ခဲ့တော့ ကျေးဇူးကန်းသူကြီး ဖြစ်သွားတော့တာပေါ့..။
မေတ္တာ ပို့တော့မယ်ဆိုတော့ အဲဒီလူ ဆောင်ရွက် ကူညီဘူးတာတွေ ပြန်ပုံဖော်တဲ့အခါ တကယ့်ကိုပဲ ချစ်ခင်မြတ်နိုးတန်ဘိုးထားတဲ့ စိတ်ဟာနှလုံးအိမ်ထဲကို အလိုလို စီးဆင်းဝင်ရောက်လာတော့တာ မေမေ့လက် တွေ့ပါပဲ..။ မကျေနပ်တာတွေ အပြစ်တင်တာတွေကို ပုံမဖော်မိအောင် ကြိုးစားထားလိုက်တယ်။

ကိုယ်အပါအဝင် လူတိုင်းလူတိုင်းဟာ အချိန်ပိုင်း လူမိုက်၊ အချိန်ပိုင်း ပညာရှိ၊ အချိန်ပိုင်း လူလိမ္မာ၊ ဖြစ်နေကြတာကိုး။ မမှားဘူးသောသူဆိုတာ မရှိတာသိမျာပေါ့နော်။ ပံ့သကူသင်္ကန်း ကောက်တဲ့ ဥပမာလိုပါပဲတဲ့ ပိုင်းလော့ဆရာတော်ဘုရားဟောကြားတော်မူပါတယ်။ ကောင်းတဲ့ အပိုင်းလေး ရွေးချယ်၊ မကောင်းတာ ဖယ်ယူ အသုံးပြုကြ သလို လူတွေထံကကောင်းတဲ့အရည်အသွေးတွေ ထုတ်ယူတန်ဘိုး တတ်ရပါလိမ့်မယ် ကလေးတို့ရေ..။
စော်ကား တုန့်ပြန်မှ ရယ်မဟုတ်ပါဘူး၊ သူတထူးရဲ့ကျေးဇူးတရားကို မမြင်တာ၊ မမြင်ချင်ယောင်ဆောင်တာ အသိအမှတ်မပြုတာ၊ မေ့ထားတာတွေ၊ ထုတ်ဖေါ်ပြောဆိုဘို့ ဝန်လေးတာတွေဟာ ကျေးဇူးကန်းတဲ့ အပြုအမူတွေပဲဆိုတာ သတိကြီးစွာထား တတ်ရပါလိမ့်မယ်ကလေးတို့ရေ..။
သားသားနဲ့မီးမီးရေ---- မေတ္တသုတ်ကို ဟောကြားတော်မူသော ၀ါခေါင်လပြည့်နေ့- မေတ္တာအခါတော်နေ့၊ နေ့ထူးနေ့မြတ်ကြီးမှာ ကောင်းမှုကုသိုလ်များပြုလုပ်ပြီး မေတ္တာဘာဝနာများ ပွားများအားထုတ်လို့ မဂ်ဉာဏ်ဖိုလ်ဉာဏ် ဆောင်နိုင်ကြဘို့ ကြိုးစားရအောင် မေမေရဲ့ ဓမ္မလက်ဆောင်ကို မေတ္တာတွေနဲ့ အတူပို့သလိုက်ပါတယ်။ ကလေးတို့ ချမ်းမြေ့ရွှင်လန်းကြပါစေ။

(ဤရက်ပိုင်းများအတွင်း ပိုင်းလော့ဆရာတော် ဘုရားကြိး၏ တရားတော်များ ဆက်တိုက်နာယူခွင့် ကြည်ညိုဖူး မျှော်ခွင့် ရရှိအောင် http://live.dhammathukha.com မှ စွမ်းစွမ်းတမံ ဆောင်ရွက် ပေးကြသော ဓမ္မသုခ ညီအကို များကို မေတ္တာပို့သ ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။)


0 မှတ်ချက်ရေးရန်: