Saturday, November 20, 2010

စိမ်းလန်းသော ကန္တာရ သို့ မေတ္တာရေစင်

Israel နိုင်ငံTel Aviv မြို့, Hebrew University, Rehovot campus ကိုကျွန်မ ရောက်ရှိ ခဲ့ တဲ့အချိန်မှာ တော့ နိုဝင်ဘာလ၊ ၁၄ရက်ရဲ့ သန်းကောင်ယံ ရောက်လုနီးခဲ့ပါပြီ..။

ဒီနိုင်ငံနဲဒီလူမျိုး ဆိုတာ ကထူးခြားဆန်းကြယ်တဲ့ ရာဇဝင်တွေ များစွာရှိခဲ့ပေမဲ့လည်းကျွန်မ အတွက် တော့ ကျေးဇူးတရားရှိသူတွေလို အမြဲ နှလုံးသွင်း ဖြစ်ခဲ့ပါတယ်..။ လွန်ခဲ့တဲ့ ၁၉နှစ် အချိန်က အစ္စရေးလူမျိုးဆရာ နှစ်ဦး ရဲ့ သင်တန်းတခု ကို တက်ရောက်ခဲ့ပြီး ဘဝလမ်းကြောင်း တစ်ဆစ်ချိုး စေခဲ့တာဟာ အမှတ်တရဖြစ်လို့နေခဲ့ပါတယ်..။

ဘဝသံသရာမှာ ပုံစံမျိုးစုံနဲ့ သေခဲ့ပေါင်းများခဲ့တော့ အသစ် အသစ် သော နေရာဆိုတာမရှိပါတဲ့။ တစ်နောက်မှာ သုည အလုံးပေါင်း ၁၄၀ ဆိုသောပမာဏ သည် အသင်္ချေယျဆိုတဲ့ ဂဏန်းတစ်ခု… ထိုထိုသော အသင်္ချေယျပေါင်းသည်လည်း အနန္တ .. အနန္တ ဆိုသည် မှာ လည်း ကမ္ဘာတွေဆိုတော့…..။

မမြှုပ် နှံဘူးသော သချိုင်္င်း မြေဆိုသည် မရှိ…။

မတော်ဘူးလေးသောဆွေမျိုးမရှိ။

မတော်စပ်ခဲ့ဘူးသောမိဘ မရှိ… နေရာဟောင်း တွေ..လူဟောင်းတွေ ချည်းပဲရယ်လို့ တွေးမိလေတော့ .. စိတ်အရှိန်အဟုန်သည် တည်ညိမ် ညံ့သက် သွားခဲ့ ပါတယ်…။

ဆန်းသစ်မက်မောဘွယ် အာရုံတွေတွေ့လို့ ပေါ်လွင်တက်ကြွ နေသေးတယ် ဆိုရင် တရားတိုးကျင့် ပါအုံး၊ သံဝေဂဉာဏ် တိုးပါအုံး လို့ ပြောနေတာနဲ့ တူတူပဲဆိုတဲ့ ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော် ဘုရားကြီးရဲ့ အဆုံးအမ က စိတ်အစဉ် ကို ဝင်ရောက်လာ ခဲ့ပါတယ်..။ အိုနာသေနဲ့ အဆုံး သတ်ခဲ့ရတဲ့ ဘဝများစွာ တွေ ထဲက တစ်ခု ၊ နေခဲ့ ဘူးတဲ့ နေရာ တစ်ခု ဖြစ်နေမှာ ပဲရယ်လို့သာ နေထိုင်ခွင့်ရတုံး မှာ၊ အတူနေရတုံးအခိုက်အတန့်လေး မှာ မေတ္တာပို့သခွင့်ရတယ် လို့ သဘောပိုက်ထားမိပါတယ်…။


အသားအရောင် ၊ အတွေးအခေါ်၊ အနေအထိုင် ဘယ်လို ကွဲကွဲ လူသားဆိုတာတွေ ကတော့ အတူတူ ပါပဲ။ ငါ့နိုင်ငံငါ့လူမျိုးမှဆိုတာက ကျဉ်းမြောင်းတဲ့…မာနပါတဲ့ ၊ ဘယ်နေရာနေနေ မိခင်မျက်လုံး နဲကြည့်တတ်ပါစေ လို့ ဆရာတော် ဘုရား ဆုံးမ ထားတာမို့ အရာရာ ဟာ အေးချမ်းပေါ့ပါးကြည်လင် လှပါတယ်..။

ကျွန်မ နဲ့ အတူနေရတဲ့သူတွေကတော့ ဂျော်ဂျီယာ မှ တစ်ဦး ကင်ညာမှ ဆရာ မတစ်ဦး တို့ နဲ့ အတူ နေရပါတယ် ။အိပ်ခန်းကတော့သီးသန့်ဆီပါ။ ထမင်းစားခန်းသာ အတူ သုံးရတာပါ..။ ဒီနေ့ကတော့ ကင်ညာက အဂ္ဂနက်စ်က နေမကောင်းဖြစ်လို့နေခဲ့ပါတယ်။ မြန်မာလို အထက်လှန်အောက်လျှော ဖြစ်တာပါ..။


အဖရိကလူမျိုးတွေ က သွားမှုလာမှု နည်းနည်းလေးကြမ်းတမ်းပါတယ် ၊ ဝုန်းကနဲတံခါးဖွင့်တာ ၊ လမ်း လျှောက်ကြမ်းတာ၊ စကားကျယ်ကျယ် ပြောတတ်တာ ကို နားလည်သည်းခံ ပေးထားရပါတယ်..။ သူတို့ အုပ်စုလိုက် သတင်းလာမေး ကြ တာကို စိတ်ရှည် ၊လက်ရှည် တံခါး ထဖွင့်နေရတာမို့….ပြုတ်ပြုတ်ကျတဲ့ မိခင်မျက်လုံး ခဏခဏ ပြန်ကောက် တပ်ရပါတယ်..။

အစ္စရေးဆရာဝန် ရောက်လာခဲ့တော့ ကျွန်မကို ဟီးဘရူးဘာသာ တတ်လားလို့မေးပါတယ်..။ မတတ် ဘူးဆိုလေတော့ သူက ဖုန်းလေးဖွင့်ပြီး ဘာသာပြန်တယောက်ကို ခေါ်ပါတယ်..။ ဖုန်းထဲက ဘာသာပြန်က ကျွန်မကို ဘာလုပ်ရမယ် ဆိုတာ ညွှန်ကြားပါတယ်..။သူက ဆေးတစ်လုံး ထိုး ပြီး သည်းလာရင် ဆေးရုံ တင်ဘို့ ညွှန်ကြား ပြီး ပြန်သွားခဲ့ပါတယ်.။ဆေးတော့ပေး မသွားခဲ့ပါဘူး ရေပဲသောက်ဘို့ပြောသွားခဲ့ပါတယ်..။ ကျွန်မလည်း ဆရာဝန် ပြောတဲ့အတိုင်း လူနာ ကိုပြောပြပြီး အိပ်ရာ ဝင်ခဲ့ပါတယ်..။

မနက် ၃နာရီ ခွဲလောက်မှာ ကျွန်မ အိပ်ရာကနိုးတော့ အဂ္ဂနက်စ်က ဒယီးဒယိုင် နဲ့ အ ခန်းထဲက ထွက်လာ ပါတယ်..။ မသက်သာကြောင်း နဲ့ ဒီဆေး သောက်ရင် ရမလား ဆိုပြီး ဆေး ကဒ်ကလေး တစ်ခုလာပေးပါတယ်…။ ကျွန်မက ဖုန်းဆက်ပေးရမလားမေးပါတယ်။ သူကတော့တော်တော်လေး ဖျော့တော့နေတာ သတိထားမိပါတယ်..။

ကျွန်မ က ကလေး နှစ်ယောက်အမေ ဖြစ်ခဲ့လေတော့ အဲလို ဖြစ်ရင် ဓာတ်ဆားရည် များများ တိုက်ရမယ် ဆိုတာ ခန့်မှန်း မိပါတယ်။ လူမျိုးခြား ဆိုတော့ ရမ်းလည်းအကြံမပေး ရဲလို့ ညက ဝင်မပါခဲ့တာပါ..။အခုတော့ ဝင်ပါရတော့မယ် ဆိုတာ သဘောပေါက်လိုက်ပါတယ်။ အဆောင်တစ်ခုလုံးက အိပ်မောကျနေတော့တာကိုး..။

သူ့ကို အရင်မေးရပါတယ်..။ ငါ့တိုင်းပြည် မှာ ငါ့ကလေးတွေကို လုပ်ပေးသလို လုပ်ပေးရင် နင်သဘောတူလားဆိုတော့ တူပါတယ် တဲ့..။ အားကိုးရာမဲ့နေတဲ့ သူ့မျက်နှာလေးကိုကြည့်ပြီး ကျွန်မမှာ တကယ့် မိခင်နေရာကိုကော စိတ်ဝိဥာဉ် ပါ ပူးဝင်လိုက်မိပါတယ်..။

ရေနွေးအိုးကို တည် ထားပြီး သူ့ ဝမ်း ဗိုက်ကို ပါလာတဲ့ ပရုပ်ဆီနဲ့ သာသာလေးပွတ်သပ်နှိပ်နယ်ပေး လိုက်ပါတယ်..။ ရေနွေးအိုး ဆူလေတော့ ဖန်ခွက် လေး ခွက်တန်းစီပြီး ထည့်ရပါတယ်..။ Tea Bag တစ်ခုကို ခဏတာစီထည့် စိမ်ပြီး ထုတ်ထားလိုက်ပါတယ် သကြား တစ်ဇွန်းစီရယ်ဆားနည်းနည်းရယ် ထည့် ပြီး အအေးခံထား လိုက်ပါတယ်..။ လက်ဆေးရင်း မေတ္တာသုတ်တော် နဲ့ ပရိတ်တော်များ ရွတ်ဆိုပူဇော် ပေးနေလိုက်ပါတယ်..။

ပထမ တစ်ခွက် တိုက်ပြီးချိန်မှာတော့ အားရှိလာကြောင်းပြောပြပါတယ် ..။ ကျွန်မလည်းအားတက်လာပြီး သူ့ကိုမှောက်ခိုင်း ပြီး ကျောရော ခါးတွေပါ အသာအယာ နှိပ်နယ်ပေးလိုက်ပါတယ်…။သူမဟာ တစ်ညလုံး အိမ်သာထသွားလိုက် အန်လိုက် လုပ်နေခဲ့ရတာ ညောင်းညာတောင့်တင်းနေမှာ အမှန်ပါ..။ ငယ်ငယ် ကလေနာ ဖြစ်လို့ ကျွန်မကို တစ်ည လုံး မအိပ်စေပဲအဲလိုနှိပ်မှ အိပ်ပျော်တတ်တဲ့ သား ကိုအုတ် ကကျွန်မကို သင်ပေးခဲ့တဲ့ နည်းတွေပါပဲ..။

ကျွန်မက Breathing In , Breathing Out အာနာပါန ရှုမှတ်နည်းကို ပါသင်ပေးလိုက် တာအဂ္ဂနက်စ်ဟာ ညိမ်ကျသွားပါတော့တယ် ။နောက်ထပ် ဓာတ်ဆား ၂ဖန်ခွက်ဆက်တိုက် ထ သောက်ပြီး ချိန်မှာ သူမရဲ့ မျက်လုံးလေးဟာ ကြည်လင်လာပါတယ်..။

ကျွန်မ က ဘာမှ မတွေး ဘို့ ကြွက်သားလျှော့ထားဘို့ပြောရင်း အိပ်စေလိုက်ပါတယ်..။မနက် ၇နာရီ့ခွဲ ချိန်မှာ အာဖရိကံ ပရိသတ်ဟာ ထုံးစံအတိုင်း ဝုန်းဒိုင်း ဝုန်းဒိုင်း တက်ကြွစွာ ချီတက်လာကြပါတယ်..။ ကျွန်မ ကလူနာကို အိပ်စေချင်သေးလို့ တားပေမဲ့ တားမရပါဘူး..။


ကျွန်မတို့ သင်တန်းမှာ တစ်ဝက်လောက်ဟာ အာဖရိက တိုက်ကဖြစ်ပါတယ်..။ နည်းနည်း ရဲတင်းတဲ့ သူတို့မျက်လုံးလေး တွေ ညံ့သက်စွာ နဲ့ အဂ္ဂနက်စ် ရဲ့ အခန်း ကပြန်ထွက်လာကြ တာမို့ ကျွန်မ အားလုံးကို သဘောပေါက်လိုက်ပါတယ်..။ ကျွန်မရဲ့ တစ် မနက်တာ သူနာပြု စုမှုအောင်မြင်ခဲ့တယ်ဆိုတာကိုပါ..။

အဂ္ဂနက်စ် ဟာလူကောင်းပကတိ ပမာ အတန်းတက်နိုင်ခဲ့ပါတယ်..။ အတန်းကတော့ Food Microbiology Lab ထဲမှာ ဖြစ်ပြီး၊ Lab ထဲ မှာတော့ မြန်မာဆေး တွေစွမ်း တယ် Virus Infection ကိုတောင်နိုင်သတဲ့ ဆိုတာ ကို အာဖရိကံများ ပြောနေသံများကြားရပါတော့တယ်..။

အော်……. ပညာရှင်တို့ရေ… Osmosis Simple Concept မှာ မိခင်တယောက် ရဲ့ မေတ္တာ ပေါင်းစပ်ပေး ခဲ့တယ် ဆိုတာကို တော့ Power Point Presentation လုပ်စရာမလိုပဲ နားလည်စေဘို့ အားလုံးကို ကျွန်မ ပြုံး ပဲပြခဲ့ပါတော့တယ်..။

0 မှတ်ချက်ရေးရန်: