Friday, November 26, 2010

ကန္တာရထဲက ကာကီသီး



သစ်ပင် တော်တော် များများ ကပြောတဲ့ စကားလုံး တွေ ခံစားချက်တွေ ကို နားလည် အောင် ကြိုစားနေတဲ့ ကျွန်မဟာ လူတွေကိုလည်း သစ်ပင်နဲ့တူတဲ့အချက်တွေ အမြဲ နှိုင်းယှဉ် စဉ်းစားမိလေ့ရှိတတ်ခဲ့ပါတယ်..။ သရက်ပင်လို…လူများ…ဒူးရင်းပင်လိုလူများ.. ထန်းပင် အုန်းပင်လို လူများ…. ဖရဲသီး လိုလူများ သံပရာသီးလိုလူများ…..................အဲဒီများစွာထဲမှာ ကျွန်မ ကတော့ ကာကီသီး လို ဖြစ်ချင်ခဲ့မိပါတယ်…။

အီတလီမှာ ကာကီ သီး (KakiFruit) လို့ခေါ်တဲ့ သူ့ရဲ နောက်အင်္ဂလိပ်နာမည်တမျိုး ကတော့ Perismon ဖြစ်ပါတယ်…။ သိပ္ပံနာမည်ကတော့ (Diospyros digyna) ဖြစ်ပါတယ်…။ ရှေးဟောင်း ဂရိဘာသာစကား အရ ကတော့ Diospyros ဆိုတာ "the fruit of the gods" နတ်ဒေဝါ များရဲ့ အသီး လို့ အဓိပ္ပါယ်ရပါတယ်..။

နတ်ဒေဝါများ ရဲ့ အသီး လို့တင်စားချင်းငှာထိုက်တန်လောက်အောင် သူ့စရိုက်လေး အလေ့အထလေးတွေဟာ တကယ် ပဲချစ်စရာကောင်းလှ ပါတယ်..။သည် အပင် နဲ့ ဒီအသီး ဟာ ကျွန်မရဲ့စိတ်နှလုံးကိုတော်တော် ဖမ်းစားနိုင်စွမ်းရှိခဲ့လို့ သူ့အကြောင်းကို ရေးချင်နေခဲ့တာ ကြာ ပါပြီ……။ နိုဝင်ဘာ လဆိုတာ က သူအသီးသီးတဲ့ရာသီ..ရင့်မှည့်တဲ့အချိန် ရောက်နေတယ် ဆိုတာ ပြန်လည် စစ်ဆေးစရာ မလို ပဲ ကျွန်မ မှတ်မိနေခဲ့ပါတယ်…။

ကျွန်မ အီတလီနိုင်ငံမှ နေထိုင်ခဲ့စဉ်က နှစ်စဉ် နိုဝင်ဘာလရောက်တိုင်း ကျွန်မတို့နိုင်ငံတကာ ကျောင်းသား တွေဟာ ကျောင်းနဲ့ နီး တဲ့ Mercerata မြို့ကို နေထိုင်ခွင့်သက်တမ်းတိုး ဘို့သွားကြရပါတယ်..။ အဲလို သွားကြရ လေတိုင်း လမ်းတလျှောက်က အိမ်ဝိုင်းတွေထဲမှ တွေ့ နေကျဖြစ်ခဲ့လို့ပါ..။ အဲဒီရာသီတွေမှာ ဆိုရင် အပင်မှာ အရွက် တစ်ရွက်မှ မကျန်ပဲ အသီးတွေချည်း သာ ကျန်ပါတော့တယ်..။

ရွှေဝါရောင်းဝင်းပနေတဲ့အသီးတွေ ညွှတ်နေအောင်သီးနေတာ ကို မြင်ရတာ ငယ်ငယ် ကရောင်စုံချယ် ဘို့ ပေးထားတဲ့ ပန်းချီကား တစ်ချပ်လို…….မြင်ကွင်းက တိတိပပ လှ နေတော့တာ အမှန်ပါ..။ မက္ကဆီကို က ကျွန် မ သူငယ်ချင်းကတော့… ဗိုက်တာမင်နဲ့ ပရိုတင်း ကြွယ် ဝကြောင်းတဖွဖွ ပြောပြီး ဆင်းခူးဘို့ ကြိုး စားလေ့ရှိ တတ်ပါတယ်..။

မှည့်တဲ့ထိမစောင့်ပဲ ဝမ်းဗျင်းလေး ကို ခွဲစိတ်စားရတဲ့ အရသာကကို ကျွန်မပိုနှစ်သက်ပါတယ်…။ မှည့်သွား တော့လည်း ချိုမြိန်အေးမြတဲ့အရသာ က ဇွန်း နဲ့ ကော်စားရုံ ပါပဲ..။ အသီးမှာလည်း လွှတ်ပစ်စရာ အစေ့ မပါ တတ်သလို.. အခွံကိုလည်းစားလို့ရပါတယ်..။

။မကောင်းတာကို ဖယ်ထုတ်ပစ် မှ အတွင်း ကိုစားလို့ ကောင်းတတ်တဲ့ အသီးတွေလို မဟုတ်ဘဲ လွှင့်ပစ်ချင်စရာ ၊ ရွံမုန်းစရာ…ဘာမှ မရှိတဲ့ ကာကီသီးလေး လို လူ မျိုး ကျွန်မ ပတ်ဝန်းကျင်မှာ အမြဲရှာကြည့်တတ်ပါတယ်..။ ဒီလို သက်ရှိ အပင် မျိုး စိတ် လေးတစ်ခု ကတောင် ပတ်ဝန်းကျင်ကို အကျိုးပြုစေတယ်ဆိုရင် လူ ကသာ ဒီလို အလေ့အကျင့်တွေ ဖြစ်ခဲ့ရင် သူ့ရဲ့ ပတ်ဝန်းကျင်ဟာချိုမြငြိမ်းအေးမြ ရမှာ အမှန်ပါ…။

ဒီနေ့တော့ ကျွန်မ ခေတ္တ ရောက်ရှိနေတဲ့ အစ္စရေးနိုင်ငံ ရဲ့ စိုက်ပျိုးရေးနဲ့ Wastte Water Treatment ကိုလေ့လာဘို့ ကျွန်မတို့ တောင်ပိုင်း ကို လေ့လာရေးခရီးထွက်ရပါတယ်..။ အဝေးက နေကြည့်တော့ ဝင်းမှည့်နေတဲ့ အသီးတွေ ပြွတ်သိပ်နေတဲံ အပင် ငယ်ငယ် လေးတွေမို့ လိမ္မော်ခင်းတွေလို့ထင်နေခဲ့မိတာ…။ ကားပေါ်ကဆင်းတော့မှ ကျွန်မ ချစ်တဲ့ကာကီပင် များကို ဘွားကနဲတွေ့လိုက်ရ တော့ ကျွန်မ အလွန်ပျော်ရွှင်သွားခဲ့ရပါတယ်..။ အခင်းလိုက်စိုက်ပျိုးထားတဲ့ ခြံတစ်ခု ဖြစ်နေတာပါလား။

အီတလီမှာ က အလေ့ကျ ပေါက်တာလို အိမ်တွေ မှာ တစ်ပင်စ နှစ်ပင်စ တွေ့ရဘူးပါတယ်..။ ပြီးတော့ အပင်ကြီးတွေပါ..။ ဒီမှာ က သေချာ နိမ့်အောင် ကိုင်းဖြတ် ပြီး သီးအောင် ပြုစုပျိုးထောင်ထားတဲ့သဘော ပါပဲ..။ သက်တမ်းကတော့ ၇နှစ်၈နှစ်သားလောက်တွေရှိနေကြပါတယ်..။

တစ်ခါက ကာကီသီးလို လူမျိုး ကို အရင် ရှာဖွေ တယ် တိုင်းတာတယ်ရှိ ခဲ့ပေမဲ့.. အခုတော့ကိုယ်ကိုယ်တိုင် ကာကီပင်လို ဖြစ်အောင်လုပ်ဘို့လိုတယ်ဆိုတဲ့အတွေး ကလည်းခေါင်းထဲဝင်လာခဲ့ပါတယ်..။ ပျိုးထောင်မွေးမြူရင် ရနိုင်တယ် ဆိုတာ ကိုလည်း အသိ အမြင်ရှင်းလာသလို ခံစားရခဲ့ပါတယ်..။

အစ္စရေးနိုင်ငံဆိုတာက တကယ်တော့ သဲကန္တာရ ကြီးပါ..။ အဟာရဆိုတာကိုလည်း လူတွေသုံးတဲ့ ရေ ဆိုးတွေကို သန့်စင်ပြီး ပြန်အသုံးပြုထားတာ ဖြစ်ပါတယ်…။အပင်စားသုံးမဲအဟာရတွေကို မလိုအပ်တဲံ Heavy Metal တွေကို သန့်စင်ထားတာ ဖြစ်ပါတယ်..။ ရေငွေ့ပျံပြီး လေလွင့်မှုမရှိအောင်လည်း ပိုက်လိုင်း တွေမြှုပ်ပြီး Drip Irrigation လုပ်ကြတာ အင်မတန်တော်တဲ့လူမျိုးတွေပါ..။

စိုက်ထားတဲ့မျိုးက တကယ်တော့ တရုတ်ပြည် ကတင်သွင်းလာတာပါ… ။ ဒီမှာ မူရင်းဒေသ မဟုတ်ရှာပါဘူး…။ ဒါကို ဖြစ်ထွန်းအောင်မြင်အောင် စိုက်ပျိုးနိုင်တယ် ဆိုတဲ့သူတို့ရဲ့ ဇွဲ၊ လုံ့လ ၊ဝီရိယ ၊တီထွင်ကြံဆမှုတွေ ၊ကြိုးစားအားထုတ်မှုတွေကို ကျွန်မ မလေးစားပဲမနေနိုင်ခဲ့ပါ..။

ရန်သူအာရပ်နိုင်ငံတွေ ဝိုင်းဝိုင်း လည်နေတဲ့ကြား မှာ ကာကွယ်ရေး ကိုလည်း သတိရှိပြီး ကိုယ် လုပ်စရာရှိတဲံအလုပ်ကို စူးစူးနစ်နစ် တစ်စိုက်မတ်မတ် ထူထောင်လုပ်ကိုင်ခဲ့တယ်ဆိုတဲ့ သမိုင်းကြောင်းကလည်း အထင်ကရ ရှိခဲ့တာပါ..။

ဘဝဆိုတာ ကောင်းမွန်တဲ့ ရေခံမြေခံ အဆင်သင့် နဲ့ ကြီး ထွားရှင်သန် ရတတ်သလို.. ကန္တာရလို ဆုံးရှုံး ခြောက်ခမ်း ၊ လောင်ကျွမ်းရတဲ့ ဘဝတွေ လည်းရှိတတ်ပါတယ်..။ ကြံ့ခိုင် မြဲမြံတဲ့ လက် အစုံနဲ့ ခံနိုင်ရည် တွေ..သတ္တိတွေ ၊ခွန်အားတွေဆိုတာ လက်တွဲဖေါ်တွေဖြစ်သင့်လှပါတယ်..။ လဲကျခဲ့သော်လည်း သဲတစ်ဆုပ် ကိုင်ပြီး ပြန်လည် ထမြောက်နိုင်ဘို့ သာအရေး ကြီး ပါတယ်..။

ဒုတိယ ကမ္ဘာစစ် အချိန်တုံးက နာမည်ကြီးထင်ရှား ခွန်အားတွေပေးခဲ့ဘူးတဲ့ Winston Churchill ရဲ့ Famous Speech ..ကို ကျွန်မ ပြန်လည်ရွတ်ဆိုဖြစ်ခဲ့ပါတယ်..။

(I have nothing to offer, but tear, blood, toil and sweat . We shall never surrender)

မျက်ရည်တွေ ၊ချွေးစက်တွေ..။ နီရဲတဲ့သွေးတွေ..။ သတ္တိခွန်အားတွေ ပေးဆက်ရင်း ဝန်းကျင်လောက ကို ချိုမြိန်အေးမြ အလှအပတွေ ဝေငှ ခွင့်ရနိုင် ကောင်းမယ် လို့တော့ မျှော်လင့်မိပါတယ်..။

ကန္တာရထဲက ကာကီသီး လေးတလုံးလိုပေါ့..။

3 မှတ်ချက်ရေးရန်:

Anonymous said...

Thanks for an idea, you sparked at thought from a angle I hadn’t given thoguht to yet. Now lets see if I can do something with it.

Mr. Koe said...

ဒီဆောင်းပါးလေးကိုဖတ်ရတာ.ကာကီသီးတလုံးစားရသလို
ပါပဲ၊ ဆောင်းပါးရှင်ကတော့ ကာကီသီးပင်ပဲပေါ့။
လူ့ အကျိုးပြုစာပေများဆထက်ထမ်းပိုးရေးသားနိုင်ပါစေ
လို့ ဆန္ဒပြုရင်း..ဂုဏ်ပြု၊ ကြိုဆို၊ ချီးကျူးလျက်..

Aye Aye Khine said...

မမက ကာကီသီးလေး ဖြစ်ချင်သလို ဖြစ်အောင်လည်း ကြိုးစားနေသူပါ ကာကီသီးလေးလို ပစ်ရက်စရာမရှိအောင်အတွင်းရော အပြင်ပါလှပြီး အများအကျိုးဆောင်ရွက်နေတာမို့ မမဆုတောင်းတွေပြည့်ပါစေ