Wednesday, December 8, 2010

အချစ်ကို...မထိစေနဲ့


အချစ်ဆိုသောအရာကိုဘယ်လို မြင်ပါသလဲလို့မေးလာခဲ့လျှင်..သန်း ၆၀၀၀ သော လူများ ရဲ့ အမြင် သန်းပေါင်း ၆၀၀၀ တို့ဖြင့်ဖွဲ့စည်း အပ်သောပုံရိပ်သည် မျက်မမြင်ပုဏ္ဏားတို့ရဲ့ ဆင်ကဲ့ သို့ပင် မူကွဲများစွာ ထွက်ပေါ်လာမှာတော့ အမှန်ပင်..။ သုတေသနပြု သူများလည်း ရှိကြပါလိမ့်မယ်..။

ကျွန်မ ကတော့ ကိုယ် မကျွမ်းကျင်သော ဘာသာရပ်တစ်ခု လို ဝေးဝေး က ငေး ကြည့်ဘူး ပါတယ်..။ ရာဇဝင်ထဲက အချစ်သူရဲကောင်း တွေလည်း ရှိတတ်ကြသလို နိုင်နင်းစွာ ကိုင်တွယ် တတ်လို့ မတိမ်းစောင်းပဲမောင်းနှင် နိုင်သူတွေလည်း ရှိတတ်ကြပါတယ်..။

အဲဒါတွေ မြင်ရကြားရ ပြီး…..အချစ်ဖြင့် ပျော်ဝင်စီးမျောလို့ ဘဝပျက်ခံ ကြသူများ၊ ရည်မှန်း ချက်ပျောက်ဆုံး ကြသူများ၊ ဆို့ပိတ်ပူကျွမ်းရသူများကို တွေ့ရလေ တိုင်း ကျွန်မကတော့ ပိုင်းလော့ဆရာတော်ဘုရားကြီး ဟောကြားတော်မူခဲ့ဘူး တဲ့ ( မထိစေနဲ့ ) ဆိုတဲ့ဇာတ်လမ်းလေးကို သတိတရ ပြောပြ မိပါတယ်..။

ဆရာတော် ဘုရားကြီး ပြောတာကတော့ အချစ်ဆိုတာ တကယ်တော့မရှိပါဘူးတဲ့..။ ကျွန်မ အပါအဝင် သုံးဆယ့်တစ်ဘုံ သားတွေဟာ ခုထိ သံသရာမှာ ကျင်လည် နေကြရသေး တယ် ဆိုတာက ဆိုတဲ့ ကိုယ့်ကိုကို ငါထင်တဲ့ သက္ကာယဒိဋ္ဌိ ကြောင့်ပါတဲ့..။ သက္ကာယ ဆိုတာက အထင်အရှား ရှိသော သဘော (ခန္ဓာ ငါးပါး) ကို ဒိဋ္ဌိ ဆိုတဲ့အမြင်မှား နဲ့ ငါ..သူတစ်ပါး..ယောင်္ကျား..မိန်းမ ရယ်လို့ သတ်မှတ် စွဲ မြဲ၊ သိမ်းပိုက် လာခဲ့ကြ တဲ့ အစွဲဟာ ထု နဲ့ ထည် နဲ့ ၊ ကမ္ဘာမြေကြီးထုထက် အဆများစွာ သာပါတယ်တဲ့..။

ငါဆိုတာ ရှိလေတော့ အဲဒီ ထိုထို ငါ……တွေ ဟာ ချမ်းသာကို အချိန်ပြည့် တောင့်တတ်ကြပါတယ် တဲ့။ ဒီတော့ ကိုယ့်ကို ချမ်းသာပေးစွမ်းနိုင်မယ် ထင်တဲ့ သက်ရှိ သက်မဲ့တွေကို တွေကို တွယ်တာတတ်ကြ တာ ဟာ လည်း အဲဒီ ငါ ရှိတယ် ဆိုတဲ့အထင် များရင် များသလို တွယ် ကြတော့တာ ပါတဲ့..။

ဒီတရား ကိုနာကြား ပြီးတဲ့အချိန် မှာ ကိုယ့်ကို ကို သတိထားမိစပြု လာခဲ့ပါတယ်..။ ချီးမွမ်း မြောက်စား တဲ့ စကား တွေ ကြားလို နာလို တယ်..။ လှ ပ သာယာ အာရုံတွေ ကို ဆိုရင် ဆုပ်ကိုင် ဖမ်းယူသိမ်းဆည်း ထားချင်တယ်ဆိုတာ…ဟာ ငါ နဲ့ သိမ်းပိုက်မိတဲ့အတွက် ကြောင့်လေပဲ ဆိုတာ ရေးရေးလေးတော့ သဘောပေါက်မိပါတယ်..။

တစ်ခါ က ရွာတစ်ရွာ မှာ အင်မတန်မှ စုံမက်မြတ်နိုးလို့ လက်ထပ်ပေါင်းသင်းနေထိုင်ကြတဲ့ အကြင်လင်မယား နှစ်ယောက်ရှိပါတယ်..။ ချစ်စခင်စ မှာတော့ အဆင်ပြေလို့ပဲ ယောင်္ကျားက လယ်ထဲကိုင်းထဲမှာ အလုပ်လုပ် မိန်းမ က မီးဖိုချောင် ဝင်..လျှော်ဖွပ် ချက်ပြုတ် ဝေယျာဝစ္စ လုပ် ဆောင် ပြီး တက်ညီလက်ညီ နဲ့ ပျော်ရွှင်စရာမိသားစု ဘဝတည်ဆောက်ခဲ့ကြပါတယ်..။

တစ်နေ့ အသက်တွေရလာတော့ မိန်းမဖြစ်သူက ရောဂါတစ်ခု စွဲကပ်ပြီး အိပ်ယာထဲလဲပါတော့တယ်…။ တစ်နေ့ မဟုတ် နှစ်နေ့မဟုတ်..တစ်ပတ်မဟုတ်.. နာတာရှည် သဘောမျိုး ဖြစ်လာခဲ့တာ..နဲ့ တစ်အိမ်လုံး ရဲ့ တာဝန်မှန်သမျှ ဟာ အိမ်ဦးနတ် ယောင်္ကျားသား အပေါ်မှာလုံးလုံး ကျရောက်လို့သာနေပါတော့တယ်..။

ရက်တွေ လတွေ တင်မက နှစ်တွေ ပါ ရှည် ကြာလာတော့… သူ့ခမျာ ထွက်ပေါက်မရှိ ပဲ ချောင်ပိတ်အရိုက်ခံ ရသူလို…တပိန်ပိန် တလိန်လိန် နဲ့ စိုပြေသာယာမှုဆိတ်သုဉ်း လာခဲ့ပါတယ်…။ ဟိုး အရင်တုံး က ချစ်ခဲ့တယ် ဆိုတဲ့ သံယောဇဉ် က လက်ရှိ ပင်ပန်းဆင်းရဲမှု ကို မလွှမ်းမိုး နိုင်တော့ပါဘူး။

ကံအားလျှော်စွာ ..အဲလို ခြေကုန်လက်ပန်းကျနေတဲ့ တစ်နေ့ မှာ မိန်းမ ဖြစ်သူက ဆုံးပါး သွားခဲ့ပါတယ်..။ ကျေးလက်ထုံး စံ အလောင်းကို ဖျာလိပ်ပတ် ကာလသားတွေ ချီမြှောက် ကစားပြီး အသုဘချ ပါလေတယ်..။ နောက် က ယောင်္ကျား က ဟန်ဆောင်မျက်ရည် ကျရင်းပူဆွေး လိုက်ပါလာတာ..စိတ်ထဲက တော့ ပေါ့ပါးလန်းဆန်း လွတ်မြောက်သွားသလို ခံစားနေရပါ တယ်တဲ့..။

မမျှော်လင့်ပဲ အလောင်း ဟာ လမ်းကို ကိုင်းညွှတ်ကျနေတဲ့ သစ်ကိုင်း တစ်ခု နဲ့ ဒုံးဆို တိုက်မိတဲ့အချိန်မှာ ..မေ့မြောနေတဲ့မိန်းမ ဟာ အသက်မသေ ပဲ ပြန်လည် ရှင်သန်လာခဲ့ တော့… အိမ်ပြန်ခေါ်ခဲ့ရပါတယ်..။

ယောင်္ကျား ကလည်း ဝမ်းသာလေတဲ့ ဟန် ထပ်ပြီး ဆောင်ခါ ပြုစုရပေမဲ့ သူ့ရင် ထဲ့ အပူသူသာ သိမှာပါ..။

ဒါပေမဲ့ တစ်ချိန်မှာတော့ ကံဆိုးသူ ဇနီးသည် က အမှန်တကယ် သေဆုံး သွားခဲ့ပါတယ်…။ လူတွေရှေ့ မှာ ထပ်ပြီး ပူဆွေး ဟန်ပြရင်း စိတ်ထဲကတော့ဝမ်းသာနေ တာကို မရိပ်မိအောင်လည်း နေပါတယ်..။အသုဘချတဲ့ အချိန်ကျ တော့ အရင်ကလမ်းအတိုင်း၊ သစ်ပင်ကြီးအောက်ကို ဖြတ်သန်းသွားတဲ့အချိန်မှာ ..သူ့ ရင်ထဲမှာကိန်းနေတဲ့ အမှန်တရား…နဲ့စိုးရိမ်မှု ဟာ မအောင့်နိုင်ပဲ ဘွားကနဲ ပေါ်လာပါတော့တယ်..။

လမ်း ပေါ် မှာ ကိုင်းညွှတ်နေတဲ့ သစ်ကိုင်းကြီး ကိုလက်ညှိုးထိုးကာ ( မထိစေနဲ့ နော် မထိစေနဲ့ ) တဲ့..။

ရုပ်ရှင်တွေ သီချင်းတွေဆိုတာကလည်း သက္ကာယဒိဋ္ဌိ အစွဲကို မီးလောင်ရာလေပင့်ပြီး..မြှောက်ထိုးပင့်ကော် လုပ်ကြ လေတော့..ချစ်သူတွေ ဟာ စိတ်ကူလည်းယဉ် လို့ကောင်း၊ ကြည်နူးလို့လည်းကောင်းတာပေါ့နော်..။ အရိပ်ကိုအကောင် လုပ် ရင်း ပျော်ဝင်စီးမြော ခဲ့ ရ တာ ဘယ်ကမ္ဘာများကြာရှည်ခဲ့လေပြီလည်း မသိနိုင်ပါလေတော့..။

ဗုဒ္ဓတရားတော်တော်ဟာ လောက လှို့ ဝှက်ချက်အမှန်ကို ဖေါ်ထုတ် ညွှန်ပြ ရင်းလောက မှ လွန်မြောက်စေတာဆိုတော့….။

  • · အရိပ် ဟာ အရိပ်..အတိတ် ဟာ….အတိတ် ….စိတ်ကနေ သိသိ နေ…သိသိနေ….။
  • · လှို့ဝှက် ချက်အမှန်ကို မသိယောင်ဆောင်လို့ကတော့ လောကထဲမှာ….နစ်မွန်း မှောင်မိုက်….ရမယ်..သိသိနေ..သိသိနေ..။
  • · တကယ်တော့လည်း အချစ်ဆိုတာ ဟာ…. (မထိစေနဲ့ ) တဲ့..သိသိနေ..သိသိနေ…။

မေတ္တာဖြင့်

သစ္စာအလင်း

0 မှတ်ချက်ရေးရန်: