Friday, December 24, 2010

ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များ အသင်း၏ သီလရှင်ကျောင်းအလှူ

ကျွန်မ နဲ့ သီလရှင် ဆရာလေး ဒေါ်သီလဝတီ တွေ့ဆုံဖြစ်ခဲ့တာ ကတော့ ပိုင်းလော့ဆရာတော်ဘုရားကြီးရဲ့ တရား စခန်းမှာပါ..။ သည်နှစ် ဝါမဝင်ခင်ကာလ၊ တရား အားထုတ်ခဲ့တဲ့ အချိန်မှာ တစ်ခန်းထဲ အတူနေခဲ့ရလို့ ဖြစ်ပါတယ်..။ ရိုးသားတဲ့ မျက်နှာ ပိုင်ရှင် ဆရာလေးဟာ ဆရာကြီးသစ္စာဒီပက ဦးကြည်ရဲ့တရားတွေ ကို နာယူကြတာ ချင်းတူနေတာမို့ ဆွေးနွေးကြရင်း နွေးထွေးစွာ ခင်မင်ခဲ့ရ ပါတယ်..။ မေတ္တာဓာတ်ပါတဲ့ လေသံလေးကလည်း နူးညံ့နေတာမို့ သတိထားခဲ့ပါတယ်..။

ရင်းနှီးလာကြတော့မှ ဆရာလေးက သူသီတင်းသုံးဘို့ရာ ကျောင်းအခက်အခဲ ရှိတဲ့အကြောင်းကို ဖွင့်ဟရှာ တာပါ..။ အလှူ ခံလိုတဲ့သဘော မဟုတ်တာတော့ သေချာပါတယ်..။ ကျွန်မကလည်း သိပ်ချမ်းသာ တဲ့ပုံစံ ပေါက်မနေဘူး ဆိုတာ ကိုယ့်ကိုယ်ကို သိနေတာကိုး။

စား၊ ဝတ်၊ နေရေး အရေးသုံးပါး ရှိ တဲ့ထဲမှာ နေရေးဆိုတဲ့ ဒုက္ခဟာ တော်တော်လေး ဆောက်တည်ရာမဲ့ ခိုကိုးရာမဲ့ ရတယ် ဆိုတာ ပြောမယုံ ကြုံဘူးမှသာ သိနိုင် တာမျိုး ဖြစ်ပါတယ်..။ ကျောတစ်နေရာ ဖျာတစ်ချပ်ရဲ့ တန်ဘိုးက ရန်ကုန် မြို့်ကြီးမှာ တော့ ခက်ခဲမြင့်မား လွန်းလှပါတယ်..။

သီတင်းသုံးရာ ကျောင်း အခက်အခဲ ဒုက္ခတွေကို ကျွန်မ ခံစားကြားနာ ခဲ့ရပါတယ်..။ ပိုင်းလော့ ဆရာတော်ကျောင်းမှ ဘတ်စ်ကား မှတ်တိုင် ၈မှတ်တိုင်လောက်သွား လိုက်ရင်.. ရွာသာကြီး ရပ်ကွက် ဆိုတာ ရောက် ပါတယ် ။ ထို ရွာသာကြီး ရပ်ကွက်ထဲမှာ ပေ ၂၀ နဲ့ ပေ ၆၀ မြေတစ်ကွက် ကို သုံးသိန်းပေးဝယ်ဘို့ ဆိုင်ထားတယ် လို့ပြော ပါတယ်..။မြေတစ်ကွက်ကို သုံးသိန်းနဲ့ ရလား လို့မေးရင်း ကျွန်မ စပ်စုမိပါတယ်..။

သေချာမေးကြည့်တော့မှ သုံးသိန်းမှာ နှစ်သိန်းသာ ရှိနေပြီး လို အပ်နေတဲ့ တစ်သိန်း ကို တစ်လ ၁၀ကျပ်နှုန်းနဲ့ ချေးပြီးဝယ်မှာ ကိုပြော ပြတော့ကျွန်မ တော်တော် ကရုဏာ သက်မိပါတယ်..။

တစ်ခါက ထေရဝါဒ လူငယ်လေးများအသင်း မှ ကိုထွန်းထွန်းလှိုင်က (အံတီရေ.. ဆွမ်းဆန်ချို့တဲ့ တဲ့ သီလရှင်ကျောင်းရှိရင် သားကို အသိပေးပါ) လို့ စကားအခံရှိထား တာမို့ အလှူခံပေးဘို့ ကျွန်မ တေးမှတ်ထားလိုက် မိဘူးပါတယ်..။ အဲဒီက အဆင်မပြေခဲ့ ရင်လည်း ကျွန်မတို့ အေအိုင်တီ (Asian Institute of Technology) ကျောင်းသားဟောင်း များရဲ့ လူမှုရေး အလှူအဖွဲ့ သို့မဟုတ် သဒ္ဓါတရားရှိကြတဲ့ ကျောင်းဆင်းသူငယ်ချင်းများ ထံမှာ စုစည်းရရှိ နိုင်တဲ့ ပမာဏ (တစ်သိန်း).. ဖြစ်တယ် ဆိုတာ သိထားတာမို့လည်း… (ဆရာလေးရေ.. ဘာမှ ပူမနေနဲ့ ရပြီလို့သာ မှတ်ထားပြီး စိတ်အေးအေး တရားအားထုတ်ပါ) လို့ ချက်ချင်း ပြောလိုက်မိပါတယ်..။ သူ့ခမျာ ယုံရခက်ခက် မျက်နှာလေး ဖြစ်သွားတာကို ခိုင်မာအောင်တော့ ယုန်ရုပ်ရေး မပြတော့ပါဘူး.. ။

ဆရာလေးအနေနဲ့ကလည်း အဲဒီ ကျောင်းမဝယ်ခင်မှာ ဆရာတော် အရှင်ပုညာနန္ဒ ရဲ့ ရက် ၁၀၀ တရားစခန်းမှာ ဝါတွင်းသုံးလ တာ တရားအားထုတ်ပြီး မှသာ ဝယ်ယူမယ်ဆိုတာမို့ ကျွန်မ ၃ လ အချိန်ရ မှာကိုး။

ကြောင့်မို့လို့ ဒီ သီလရှင် ကျောင်းကို ဖြစ်မြောက်အောင်မြင်အောင် လှူဒါန်း ခဲ့ကြတဲ့သူတွေ ထဲမှာ ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များ အသင်း(ရုရှ) ရဲ့ ပံ့ပိုးမှု က အဓိက ကျခဲ့ပါတယ်..လို့ ဆိုချင်ပါတယ်..။

သီတင်းကျွတ်ပြီး မကြာခင်မှာပဲ မင်္ဂလာဒုံ တပ်မတော်ဆေးတက္ကသိုလ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်ကြီး ထွန်းထွန်းလှိုင် နဲ့ ဗိုလ်ကြီး ဇော်ဇော်အောင်တို့က (အံတီရေ အလှူငွေ တစ်သိန်းကို လာယူလှည့်ပါ) လို့ ဆက်သွယ်လာတာ မို့ ဒေါ်သီလဝတီအတွက် သီလရှင်ကျောင်း အလှူဒါနလေးဟာ စတင်အကောင် အထည်ပေါ်လာခဲ့ပါတယ်..။

ဆရာလေး ခေတ္တ သီတင်းသုံးရာ ကြို့ ပင်ကောက် သီလရှင်ကျောင်းကို ကျွန်မ ရောက်သွားချိန်မှာတော့ ဆရာလေးဟာ မျက်ရည် ဝဲသည်ထိ လှိုက်လှဲဝမ်းသာ နေရှာပါတယ်.. ။ ရက် ၁၀၀ တရားစခန်းက ထွက်လာတာမို့လည်း အေးအေးမြမြလေး ဖြစ်နေပါသေးတယ်..။ လွန်ခဲ့တဲ့ သုံးလခန့်က ပေးထားခဲ့တဲ့ ကတိ.. ဖြစ်တဲ့အပြင်၊ ကတိပေးသူ ကျွန်မရဲ့ လိပ်စာကိုလည်း တောင်းမထားမိလေတော့… မရေရာသော… ဇာတ်မျောလေများလား လို့ တွေးနေမိပါသတဲ့။

လာမဲ့အပတ်မှာ ကျင်းပမယ့် ပိုင်းလော့ဆရာတော် ကျောင်းရဲ့ ကထိန်ပွဲ အလှူမှာ လိုက်ရှာမယ်၊ စုံစမ်းမယ်လို့တော့ စီစဉ်ထားကြောင်း မဝံ့မရဲ ပြောပြရှာပါတယ်..။ ဆရာလေးရဲ့ ရက် ၁၀၀ တရားအားထုတ်ခဲ့တဲ့ ကုသိုလ် ဆွဲအားက ထေရဝါဒ လူငယ်လေးများ အသင်းရဲ့ စေတနာ၊ သဒ္ဓါအား- ကို ဆွဲယူ ရရှိစေခဲ့ပါတယ်..။

ကျွန်မ အစ္စရေးကို သွားခါနီးအချိန် မှာတော့ တဲကျောင်းလေး ဆောက်ပြီးပြီ.. လာကြည့်လှည့်ပါ ဆိုတာနဲ့ ဝမ်းသာအားရ ပြေးသွားခဲ့ပါတယ်..။ (ကင်မရာ ပါမသွား တာကြောင့် ဘုန်းဘုန်း ဦးတိက္ခ (Yaw Community) ထံဆွမ်းပို့ရင်း ဖြစ်နေတာမို့ ဘုန်းဘုန်းထံမှ ငှားသွားရပါတယ်..)။

ပိုင်းလော့ဆရာတော် ဘုရားကြီးရဲ့ ကျောင်းကနေ စီးပွားရေးတက္ကသိုလ် တည်ရှိရာ လမ်းမကြီးကနေ ရွာသာကြီး မှတ်တိုင်ထိ ကားစီးပြီး လမ်းအတွင်းကို ၁၀ မိနစ်လောက် လမ်းလျှောက် ဝင်ခဲ့ချိန်မှာတော့ ပုံမှာမြင်ရတဲ့ သီလရှင် တဲကျောင်းအသစ် လေးကို ရှင်းကနဲ မြင်ရပါတော့တယ်..။

နားခိုရာ..၊ စိတ်လွတ်လပ်စွာ ..စိတ်အေးချမ်း စွာ ကိုယ်ပိုင် အချိန်တို့ကို ပိုင်ဆိုင် စီမံခွင့် ရရှိလေသော နေရာ ရိပ်မြုံလေး ဆိုတာဖြစ်နေလေတော့ တဲဖြစ် ပေမဲ့လည်း အဓိပ္ပါယ်ရှိရှိ ..ပီတိဖြစ်ရတာ အသေအချာပေါ့နော်..။ ကျွန်မကလည်း ထပ်တူထပ်မျှ ပျော်ရွှင်ရပါတယ်..။

ကျောင်းလေးရဲ့ ဘုရားကျောင်းဆောင်လေး ရှေ့မှာ အားပါးတရ ဝတ်ပြုမယ်.. အသံထွက် ပူဇော်လို့လည်း ရနိုင်တာပဲ..။ လွတ်လပ်အေးမြတဲ့ လေညှင်းနဲ့ အတူ အခြေခံလူတန်းစားတို့ရဲ့ တဲအိမ်တန်းများဆီသို့ နှလုံးစိတ်ဝမ်း အေးချမ်းစေဘို့ စီးမျော နိုင်ရမှာပေါ့လေ..။

အဖိတ်နေ့တွေ ဆွမ်းဆန်ခံ ပြန်လာရင်း အမောပြေ ခြေညောင်းလက်ဆန့် အနားယူ ဘို့ ဝါးကြမ်းခင်းလေးက ခက်မာနေပေမယ့်လည်း စိတ်မော လူမော၊ ဇောတွေ ပြေစေမှာပါ။

ဆွမ်းကပ်မယ့်သူမရှိ.. ခြေညောင်းခံထားရတဲ့ တစ်ဇွန်းဆန်… တစ်ခွက် တစ်စလောင်းကို ကိုယ်တိုင်ထချက် လေမှသာ ဆွမ်းကွမ်းကိစ္စ ပြေလည်ရတဲ့ သီလရှင် ဘဝပေမို့ သေးငယ်တဲ့မီးဖိုချောင်လေး ကိုလည်း ထည့်ရပါ သေးတယ်။

ရှိတဲ့ငွေက သစ်အရှည် ဝယ်ယူဘို့ ကန့်သတ်ထားလေတာ မို့လို့ အကျယ်ကို ၇-ပေသာ ထားခဲ့ ရတဲ့ ကျောင်းလေးရဲ့ ဘေး မြေကွက်လပ်မှာ ဟင်းရံခင်း နဲ့ ပန်းခင်းလေးတွေ လည်း ဖန်ဆင်းနိုင်သေးတာပေါ့..။ ကျွန်မ ကလည်း ကင်ပွန်းချဉ်၊ ဆူးပုတ် စတာတွေကို စိုက်ပေး ဘို့ စဉ်းစားထားပါတယ်..။

ကျောင်းတစ်ခု ရဲ့ လိုအပ်တဲ့ အသုံးအဆောင်တွေ (ဖျာ၊ ပန်းကန်ခွက်ယောက်၊ ဓာတ်ဘူး စတာတွေကတော့ သုံးလတာ ဆော်သြ မှုကြောင့် ကြိုတင် အလှူရှင်တွေထံ သွားယူ ပို့ဆောင်ပေးရန်သာ ကျန်ပါတော့တယ်..။

ဆရာလေးဆိုတာ မိန်းမသား တစ်ဦး ဖြစ်လေတာမို့ ညရေးညတာ လုံခြုံ စိတ်ချရတဲ့ ခိုင်ခန့်မှုမျိုး ကို ရစေဘို့ ဆက်လက် လုပ်ဆောင် ပေးချင်ပါသေးတယ်..။

ဒါကြောင့်မို့ လို့ကျောင်းအလှူ ဆိုတာက.. အနှိုင်းမဲ့ အလှူ ဖြစ်တယ် လို့ ဆရာတော် အရှင် ဆန္ဒာဓိက ထံမှ တဆင့်နာယူထားမိတဲ့ ဗုဒ္ဓ ရဲ့ စကားတော် ကို ကိုယ်တွေ့နားလည် ဦးခိုက် မိပါတယ်..။

ကျောင်းအလှူထက် ပိုပြီး အလှူခံပုဂ္ဂိုလ် ကို အကျိုးကြီးစေပါတယ်..။ အလှူပေး ပုဂ္ဂိုလ်ကို ကုသိုလ် တိုးစေပါတယ်.. ဆိုတဲ့ အလှူမျိုး မရှိပါဘူး။ အမြတ် ဆုံး ဓမ္မဒါန ပြီးရင်ပေါ့နော်..။

နေထိုင်စရာ အဆောက်အဦတွေ အားလုံးထဲမှာ ရဟန်း သံဃာတော်တွေ သီတင်းသုံးတဲ့ ကျောင်း ဆိုတာ အမြတ်ဆုံး ဖြစ်လို့သာ ကျောင်းလှူတဲ့ အလှူဟာ ပစ္စည်း အလှူတွေထဲမှာ အမြတ်ဆုံး လို့ ပြောထားရပေမယ့် ဇရပ်၊ တန်ဆောင်း၊ အိမ်၊ ကျောင်း လှိုဏ်ဂူ၊ မဏ္ဍပ် စတဲ့ နေထိုင်စရာ၊ ခိုနားစရာ အဆောက်အဦး မှန်သမျှ ဘာပဲလှူလှူ၊ ကျောင်းအလှူ ထဲမှာ အကျုံးဝင် ပါတယ်..။ ဘာအဆောက်အဦးပဲ လှူလှူ ကောင်းကျိုးချမ်းသာ အားလုံးကို လှူရာရောက်ပါတယ်..။

နောက်ဆုံး ဒီကျောင်းလေး (နေရာထိုင်ခင်းလေး) ကို အမှီပြုပြီး ကောင်းကျိုးတရားတွေ ဖြစ်စေမယ်..။ ဆွမ်း၊ ဆီမီး၊ ရေချမ်း ပန်းအလှူဒါန တွေဖြစ်စေမယ်..။ ဘုရားဝတ်တက်ဖြစ်မယ်..။ သီလဆောက်တည် ဖြစ်မယ်..။ ဘာဝနာတွေ အားထုတ်ဖြစ်မယ်..။ နောက်ဆုံး… မဂ်ဥာဏ် ဖိုလ်ဥာဏ်ထိအောင် ဆောင်နိုင်လိမ့်မယ် ဆိုတဲ့အထိ အထွဋ်အထိပ် ချမ်းသာတွေ ဖန်တီးပေးစေ နိုင်တာပဲလေ..။

ဒါကြောင့် မို့ (သော စ သဗ္ဗဒဒေါ ဟောတိ ၊ ယော ဒဒါတိ ဥပဿယံ)- ကျောင်းလှူ တဲ့ သူဟာ ကောင်းကျိုး ချမ်းသာအားလုံး ကို လှူ ရာရောက်ပါတယ်..လို့ ကျေးဇူးတော်ရှင် မြတ်စွာဘုရား ဟောကြားခဲ့တာပါ..။

ကောင်းမွန်တဲ့ အကြောင်းတရားတွေ ဖြည့်ဆည်းနေတဲ့ ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်လေးများအသင်း ရဲ့ စေတနာ မေတ္တာရေစင် သည် နွမ်းနယ်သော နှလုံးသားများစွာကို အားပြည့်လန်းဆန်း နိုင်ကြပါစေသား.. လို့ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်..။


မေတ္တာဖြင့်

သစ္စာအလင်း

2 မှတ်ချက်ရေးရန်:

ee said...

ကျောင်းအလှူသည် အလုံးစုံ လှူသောအလှူမည်၏ ထိုထက် ကျောင်းလိုအပ်သော နေရာ၌ သစ်ရွတ်ကျောင်း တစ်ဆောင် လှူဒါန်းခြင်းသည် ၊ ကျောင်းမလိုအပ်နေနေ ရာ၌ သိန်းရာချီ တိုက်ကျောင်းကြီးများ ဆောက်လှူခြင်းထက် အစပေါင်း မြောက်များစွာ သာလွန် မြင့်မြတ်ပေ၏ ၊ ကျောင်းလှူတန်းခြင်းသည် အလုံးစုံကို လှူ သည်မည်၏ ဆိုရာဝယ် လိုအပ်သော နေရာ၌ လှူတန်း ခြင်းမျိုးကိုသာ ဆိုလိုပေ၏ ၊ ယနေ့အလှူကား အလုံးစုံကို လှူသောအလှူပေတည်း ၊ သာဓုခေါ်ဆိုလိုက်ပါ၏ အလှူပေး အလှူခံ နှစ်တန်သော ပုဂ္ဂိုလ်များ သာသနာကို စောင့်လျှောက်နိုင်ပါစေသတည်း ။ အရှင်တေဇိန္ဒာလင်္ကာရ

အရှင်အာစာရ said...

တူသောအကျိုးပေးလို့ ကိုယ့်အလှည့်ကျရင်လည်း လှူဒါန်းသူတွေ ပေါပါစေ။ :)