Tuesday, January 22, 2013

မုဒိတာ နှလုံးသား ( အရှင်သာရိပုတ္တရာ)




ဒေါက်တာမေခင်စိုး ရဲ့ သားလေး ပုံကို ယူသုံးမိတာ ခွင့်လွှတ်ပါ နော်..။

*အဆင်မပြေဘူးဆိုတာ စေတနာ အထား မှားနေလို့ ပါ...ပြင်လိုက်ပါ..* ဆိုတဲ့ ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရား ရဲ့ သြဝါဒ စကား လေး ဟာ တိုတောင်း သော် လည်း  အင်မတန် မှ ကျယ် ဝန်းနက်ရှိုင်းလှပါတယ်..။
မိ မိ ရဲ့ စိတ်ကို သိအောင် အမြဲ လေ့ကျင် ထားတဲ့ လူတစ်ယောက် ဟာ သူတစ်ပါးက စကားဆိုလာ တဲ့အခါ စကားလုံးနောက်ကွယ် မှာ မည်သို့ သော စေတနာ အမျိုးအစား က စေ့ဆော်လိုက် လို့ ဒီလို ပြောရတာ လည်းဆိုတာ မဆန်းစစ်သော်လည်း အလိုလို သိနေတတ်ပါတယ်..။

 လူတွေက ဆက်ဆံရေး ကိရိယာ လို့ခေါ် တဲ့ စကားလုံးတွေဟာ ဗြဟ္မစိုရ် တရားတွေ ဆောင်ကျဉ်း တတ်သလို ဒေါသ..လောဘ..မောဟ..မာန ဆိုတဲ့ကိလေသာတရားတွေ သယ်ဆောင်လာကာ  ရင် ထဲ အသည်း ထဲကို ဘဝ ထဲကို စူးနစ် လောင်မြိုက်စေတာ့တာ ပါပဲ..။

စိတ်ပညာရှင် တွေ ရဲ့ စစ်တမ်း အရ.. လုပ်ငန်းခွင်တွေ မှာ စိတ်မချမ်းမသာ ဖြစ်ရခြင်း ရဲ့ ၈၀% သည် ဆက်ဆံ ရေးမပြေပြစ်လို့ ဖြစ်ကြရတာ ဖြစ်ပြီး..လုပ်ငန်းမကျွမ်းကျင်တာကတော့ ၂၀% ခန့်သာရှိပါတယ် တဲ့။
အဲလို အမြင် စူးရှလာ တဲ့အခါ သူတပါး ရဲ့ မှားနေတဲ့ စေတနာကို မခံစားနိုင်အောင် လည်းတစ်ခါ တစ်လေ ဖြစ်တတ်ပါတယ်..။

အပြစ်တင်လို စိတ်တွေ.... ထောက်ပြ ဝေဖန် ချင်တာတွေ နဲ့ ရင် ထဲပြည့်တက်လာ တဲ့အခါ မှာတော့ ထွက်ပေါ်လာ တဲ့စကားလုံးတွေ ဟာ ကိလေသာ အပြည့် နဲ့ ထုံမွှမ်းတတ်ပါတော့တယ်..။
ကိုယ်က မပြောမိ အောင် ထိန်းသိမ်း သော်လည်း ကိုယ့်ကို ကြမ်းရှ ရိုင်းပြစွာ ဆက်ဆံ ခံရတဲ့အခါ ...အပြော ခံ ရ တဲ့အခါ  အဲဒီ အခါ လောက နဲ့ အဆင်မပြေ ဖြစ်တော့ တာပါပဲ..။

 လူများများ နဲ့ ဆက်ဆံပြီး စကားကို များများ ပြောရတဲ့ အလုပ် ကို လုပ် နေတဲ့ ဆရာ၊ ဆရာမ၊ အထက်လူကြီး၊သူဌေး စတာတွေ ဟာ ဒီလို အမှား ဝင်္ကပါတော ထဲ မှာ ခဏခဏ မှောက်လျက် လဲကျ မှားကြရ ပါတော့တယ်..။

လိုချင် မှုကို ဦး စားပေး ရတဲ့ စီးပွားရေး လောက မှာ လောဘ ဦးဆောင် တဲ့ ကိလေသာ စကားတွေ လှိုင်းထန် နေတတ်သလို.......။
ရာထူးရာခံ တွေ နဲ့ သြဇာ ရှိသူတွေ အဘို့ မှာတော့ စိတ်တိုင်းမကျခြင်း၊ ကြောက်စရာမလို ခြင်းတို့ကြောင့်  ဒေါသ ဦးဆောင် တဲ့ စကားတွေ နဲ့ မုန်တိုင်းဆင်တတ်ပါတယ်..။
 ပညာ တွေ တတ်အောင် သင်ထားတဲ့သူတွေ ရဲ့ လောက မှာလည်း မာန ခေါင်းဆောင် တဲ့ စကားတွေ တလူတလူ တလွင့်လွင့် ရှိနေတတ်တာ မို့........။
 ကြိုတင် တွက်ဆ ပြီး သတိ နဲ့ နေတတ်အောင် လေ့ကျင့် ရှောင်ကွင်းနေမိပါတယ်..။
ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး ရဲ့ တရားစခန်း တို့ လို ..စာသင်ခန်း တို့ ထဲ ဝင်ရောက် ရင် တော့ အမြဲတစေ စိတ်လွတ်လပ် ပေါ့ပါးနေတာ အမှန်ပါပဲ..။
စိတ် အဆင်မပြေလို့ လက်ခံသိမ်းပိုက် မိတဲ့အခါ ကူးဆက် တုံ့ ပြန်ပြီး ပူလောင်တတ်တာ မို့.. *ဘယ်သူ မှန်မှန် ဘယ်သူမှားမှား ၊ အဲဒီအပေါ် မှ လက်ခံသိမ်းပိုက်ပြီး ပူမိရင် ဘာကြောင့် ပဲ ပူပူ..ကိုယ် ရှုံးတယ်* ဆိုတဲ့ ဆရာတော်ဘုရား ရဲ့ ဆုံးမစကား နဲ့ လွတ် သွားတဲ့ အခါ မျိုး မှာတော့ ကိုယ်က အရှုံး နဲ့ အပူ....ယူငင် မိတော့တာပါပဲ..။
လောက နယ်ပယ် မှာ ဒေးကာနက်ဂျီ ရေး တဲ့ လူပေါ် လူဇော်လုပ်နည်း ( How to influence the people) တို့ ဦးနု ဘာသာပြန် တဲ့ မိတ္တဗလ ဋီကာ တို့က သင်ကြား ပေး လိုက်  တဲ့ method တွေက အဆင်ပြေ ပေမဲ့ ရင်ထဲ အသည်းထဲ က လှိုက်လှဲ တဲ့  စေတနာ မျိုးတော့ အမြဲတစေ ဟုတ်မနေပေဘူး ပေါ့။
ဒါကြောင့် လည်း စံပြု နည်းယူစရာ... လေးစား ကြည်ညို စရာ သူတော်ကောင်းတို့နှလုံးသား ကို ဦးညွှတ် ကိုးကွယ် မိပါတော့တယ်..။
ကျွန်မ ကလည်း လောကီပညာလေးတွေ သင်ထားမိ တဲ့ လူဆိုတော့ လောက နယ် ပယ် က ပညာတတ် တို့ ရဲ့  နှလုံးသား ကို များများ ထိတွေ့ ခံစားရပါတယ်..။
ဒီနယ် ပယ် မှာ ငါသာ အသိဆုံး၊ အတတ်ဆုံး ဆိုတဲ့ စိတ်ကလေး ဖြစ်အောင်လည်း ဒီ လို လူတွေက အချိန်တွေ ပေးခဲ့ကြတယ်.. ဘဝ တွေ ပေးခဲ့ကြတယ်...။
 ဒါကို နားလည် ထားတော့ မာနတွေ  ကြီးလိုက်တာ လို့ တော့ အပြစ် ယူတဲ့ စိတ် နဲ့ ဘယ်သော ခါမှ မတွေး မိအောင်ကြိုးစားပါတယ် ။ မြတ်နိုးတန်ဘိုးထားတတ်အောင် ပဲ ကြည့်မြင် မိပါတယ်..။ ရ တဲ့အခါ လည်းရပေသပေါ့..။
ဒီနေရာမှာ ပညာ အရာ အလွန်သာလွန် မြင့်မြတ် တဲ့ အရှင်သာရိပုတ္တရာ မထေရ်မြတ် ရဲ့ မုဒိတာ အားကောင်းတဲ့ သူတော်ကောင်းနှလုံးသား ဟာ အားကျ အတုယူဖွယ် ရာ ငြိမ်းချမ်းအေးမြလှပါတယ်..။
အရှင်သာရိပုတ္တရာ ဟာ စကြာဝဠာ တိုက် တစ်သောင်းမှာ ဘုရားရှင် ကလွဲရင် ဥာဏ်ပညာ အကြီးမားဆုံး မထေရ်မြတ် တစ်ပါးဖြစ်ပါတယ်..။ တစ်ကမ္ဘာ လုံးမှာ ရွာချ တဲ့ မိုးရေစက်တွေ မိုးရေပေါက်တွေကိုတောင်  ရေတွက် နိုင်တဲ့ပညာရှိပါတယ်..။ လူ့ပြည်မှာရှိတဲ့ အဘိဓမ္မာ တရားတော်တွေဟာ အရှင်သာရိပုတ္တရာ မထေရ်မြတ် ရဲ့ ဥာဏ်ပညာ ကြီးမားတော် မူမှု ရဲ့ အမှတ်သင်္ကေတ ဖြစ်ပါတယ်..။

အရှင်မြတ် ရဲ့ ဒေသနာတော်ကို နာယူ ရလို့ သစ္စာ လေးပါးသိမြင်သူတွေဟာ အင်္ဂုတ္တရ နိကာယ် ကျမ်းလာ *သမစိတ္တသုတ္တန်* ဟော ကြားတော်မူ တဲ့နေ့ မှာ ပဲ နတ်ဗြဟ္မာ ကုဋေ တစ်သိန်း အရဟတ္တဖိုလ် ဆိုက်ပြီး အောက် မဂ် ၃ပါးဆိုက် တဲ့ နတ်ဗြဟ္မာ တွေဆိုတာ မရေ မတွက် နိုင်အောင် များပြားလှပါတယ်..။

မထေရ်မြတ်ကြီး ရဲ့ ကြည်ညို ပူဇော် ရုံမျှဖြင့်ပင်  နတ်ပြည်ရောက်ကြတဲ့မိသားစု အရေ အတွက်ဟာ ရှစ်သောင်းမျှ ရှိကြောင်း ပိဋက စာပေ မှာ မှတ်တမ်းတင် ဖေါ်ပြထားပါတယ်..။

မထေရ်မြတ်ကြီးဟာ ရှင်တော်မြတ်ဘုရား ပြီးရင် ဒုတိယ အကြီးအကဲ ဖြစ်တာ နဲ့ အညီ သံဃ အဖွဲ့ အစည်းပေါ် မှာ အထူးကြောင့်ကျစိုက်ပြီး စောင့်ရှောက်တော်မူပါတယ်..။

ရဟန်း သံဃာ အားလုံးနောက်မှ ဆွမ်းခံဝင်ပါတယ်..။ဆွမ်းခံကြွ သွားပြီးတဲ့အခါ မှာလည်း ကျောင်းစဉ် လှည့်ကာ တံပြက်လှည်းသင့်ရာ လှည်းကျင်းပြီး အမှိုက်ကျုံးသင့်ရာမှာ ကျုံးတော်မူပါတယ်..။

အသုံးအဆောင် ပစ္စည်းတွေကိုလည်း နေရာတကျ ထားသိုကာ အမြင်မတော်တာတွေ ဖြုတ်သိမ်းပြုပြင် တော် မူပါတယ်..။
နာမကျန်းဖြစ်တဲ့သူတွေကိုလည်း ဆေးဝါးဓာတ်စာ လိုမလို မေးပြီး ရအောင်လည်းရှာ ဖွေပေးတော်မူပါတယ်..။
သူနာပြု ပုဂ္ဂိုလ် တွေကိုလည်း ပြုစုချင်လာအောင် အားပေးစကားပြောကြားတတ်ပါသေးတယ်..။

ခရီးပန်းလာလို့ နွမ်းနယ် ညောင်းညာ တတ်သူတွေကိုလည်း ဆီ။ နနွင်းစတာ တွေ နဲ့ ဆုပ်နယ်ပြီး သက်သာကျန်းမာ လာအောင်ပြုစုတတ်ပါသေးတယ်..။

သာသနာ မှာ မပျော် ပိုက် တဲ့ ရဟန်းငယ် ၊ရှင်ငယ် လေးတွေကို လည်းပျော် မွေ့အောင်၊ ပျော် မွေ့ နေတဲ့ ရှင်ရဟန်း တွေကိုလည်း ပုထုဇဉ် ကနေ သောတာပန်ဖြစ်အောင် သောတာပန်က နေ ရဟန္တာ ဖြစ်အောင် အကြိမ်ပေါင်းများစွာ အထပ်ထပ် တရားဟောပြတတ်ပါတယ်..။ဒီလို နည်း နဲ့ ရဟန္တာ ဖြစ်သူတွေ မနည်းလှပါဘူး။

ဒီနေရာ မှာ စာတစ်ခု ထဲ ဖတ်..ကွန်ပျူတာ ကို မျက်နှာအပ် ပြီး နေချင် တဲ့ ကျွန်မ ဟာ တခါ တခါ ရှုပ် ပွ နေတဲ့စာသင်ခန်းလေးကို မရှင်းလင်းမိရင် ဒီအချက်ကိုပြန်သတိရ ကိုယ့်ကိုကို ဆုံးမ ရပါတယ်..။

Two mountains never meet ဆိုတဲ့ လောက နယ် ပယ် က စကား ဟာ မုဒိတာ မထားတတ် တဲ့ အောင်မြင်သူ နှစ်ဦး အတူတူ နေရာ တစ်ခု မှာ နေပြီးအပြိုင် အဆိုင် ဖြစ်လာ ကြရင် တစ်ဂူ ထဲ ခြင်္သေ့ နှစ်ကောင် မအောင်းဘူး ဆိုတဲ့ စိတ်ထားနဲ့ အပြန်အလှန် မာန်စောင်ကြတော့တာ.. သဘာဝ လို ဖြစ်နေပါတယ်..။

ပညာ အရာ မှာ ဧတဒဂ် ရပြီး အဂ္ဂသာဝက ဖြစ်တော် မူတဲ့ အရှင်မြတ်ကြီးကတော့ ဥာဏ်ပညာ ထူးချွန်တဲ့ သူတော်ကောင်းကို ဖူးတွေ့ရရင် လွန်စွာ အရေးထားမြတ်နိုးတော်မူပါတယ်..။ဓမ္မကထိက အရာ မှာ ဧတဒဂ် ရတော် မူ တဲ့ အရှင်ပုဏ မထေရ် ကို တွေ့ တဲ့အခါ ဝိသုဒ္ဒိ ၇-ပါးတရားတော်ကိုမေးတော်မူပါတယ်..။

အရှင်ပုဏ မထေရ်က အာဇာနည် မြင်းကတဲ့ ရထား ၇- စီး နဲ့ ဥပမာပြုပြီး ပြည့်စုံစွာ ရှင်းလင်းစွာ ပြန်လည် ဖြေကြားတော်မူပါတယ်..။ အဲလို အဖြေ စကားကို နာကြားတော်မူ ရတဲ့အခါ မှာ မထေရ်မြတ်ကြီးက * ဒီလို မေးတိုင်းအဖြေကောင်းပေးနိုင်တဲ့ ပညာရှင် ပုဂ္ဂိုလ်မျိုးကို တစ်ကျောင်းထဲ အတူ နေရုံမျှ မကျေနပ်နိုင်ပဲ မေးလို တဲ့အခါ တိုင်း မကြာမတင် မဆိုင်းမတွ အဖြေ ရနိုင်ဘို့ ဦးခေါင်းတင်ပြီးခေါင်းခု နဲ့ အမြဲ ရွက်ထားချင်တယ်* လို့ အမိန့်ရှိတော်မူပါတယ်..။

ကျွန်မတို့ မှာတော့ ကိုယ့်ထက်တော် တဲ့သူတွေ တွေ့ တဲ့ အခါ ပြုံးပြီး ချီးကျူး နိုင်တဲ့ မုဒိတာ နှလုံးသားကို သတိဦးစီးလာ တဲ့အခါ မျိုးမှာသာ ခက်ခက် ခဲခဲ စိတ်အလို နဲ့ ဆန့်ကျင်ပြီး အားခဲ တည်ဆောက် ရတာမျိုးပါ..။ ဒါတောင် ဘယ်နေရာမှာ မှားမလဲ..အားနည်းချက်ရှိမလဲ ထောက်ပြလိုက်မယ် တည့်မတ်လိုက်မယ် တစ်ကဲကဲ နဲ့ (ပညာ ယူဘို့နေနေသာသာ) ချဲလင့်ဂျင်း တွေ လုပ်ချင်နေတော့တာ..။

အရှင်သာရိပုတ္တရာမထေရ် မြတ်ကြီး ရဲ့  သီလ သမာဓိ ပညာ တောင်ထွတ်တော်ဟာ  ကြီးကျယ် မြင့်မားတော်မူသလောက် မိမိကိုယ်ကို နှိမ့်ချမှု ၊ စိတ်နေသဘောထားကြီးမြတ်မှု ၊ ချိုင့်ဝှမ်းကြီး ကလည်း အင်မတန် မှ ကျယ်ဝန်း နက်ရှိုင်းတော်မူလှပါတယ်..။
မထေရ်မြတ်ကြီးဟာ တစ်နေ့မှာ အမှတ်မထင်မို့ သင်္ကန်းအနားစွန်းဟာ မညီ မညာ ဖြစ်တော်မူ နေခဲ့ပါတယ်..။ အဲဒါကို ရှင်သာမဏေဖြစ်စ အသက် ၇-နှစ်ရွယ်  ကိုရင်ငယ်လေးက * အရှင်ဘုရား သင်္ကန်းကို ညီညီ ညာညာ ဝတ်ရုံသင့်ပါတယ် ဘုရား* လို့ လျှောက်ထားပါတယ်..။ အဲဒီအခါ မထေရ် မြတ်ကြီးက သင့်တော် တဲ့နေရာမှာ ကောင်းမွန်စွာ ပြင်ဝတ်လိုက် ပြီး ကိုရင် ထံပြန်လာကာ *ဒီလောက်ဆို သင့်တော်ပါပြီလား * လို့ ဆရာ အရာမှာ ထားပြီး တလေးတစား တုန့် ပြန်တော်မူပါတယ်...။

မထေရ် မြတ်ကြီး က ကိုယ့် အမှားကိုထောက်ပြပြီး သွန်သင်ဆုံးမ သူမှန်သမျှကို ရွှေအိုးကို လက်ညှိုးထိုး ညွှန်ပြ ပေးသူလို  မြတ်နိုးတန်ဘိုးထားပြီး ဆည်း ကပ် ပါတယ် * လို့ ဥဒါန်းကျူးရင့်က ဒီအဖြစ်အပျက် လေးကို မိန့်ကြားတော်မူ ခဲ့ပါတယ် တဲ့..။
စီနိီယာ..ဂျူနီယာ စသည်ဖြင့်အမည် တတ် ကာ အနိမ့်အမြင့် ရှိနေတတ်တဲ့ ကျွန်မတို့ ပညာတတ်လောက ကြီးမှာတော့..ဂျူနီယာ သည် အမြဲတမ်း ဝေဖန်ခွင့်ရှိမနေပါဘူး။

အမှန်သိလို့  ပြောပြ ခဲ့ လျှင်လည်း (ငါ့ထက် အနှစ် ၂၀ လောက်ငယ် တဲ့ဂျူနီယာက ဆရာလုပ်လေခြင်း) ဆိုပြီးစပ်ဖျင်းဖျင်း ဖြစ်ပြီး  ဆတ်ဆတ်ခါ နာတတ် တဲ့အထဲ ကျွန်မ လည်းပါခဲ့ဘူးတာပေါ့နော်..။

ဒါဆို ရင် ကျွန်မ တို့ ရဲ့ ဘဝ မှာ အဘိုးတန် ရွှေ အိုးတွေ ဘယ်လောက် ပျောက်ဆုံး ခဲ့ပြီ လဲ မသိပါလေတော့..။

ဆရာတော် ဝင်နွယ် ကတော့ * သူတော်ကောင်းတို့နှလုံးသားဆိုတာ ဝါးရုံပင်မြင့်မြင့်ကြီးတွေလို ပဲ အထက်ကို ပိုမိုမြင့်မားလေးလေ အောက်ကို ပိုမို ကိုင်းညွှတ်လေလေ ဖြစ်ပါတယ်* တဲ့..။

အဆံ ကင်း တဲ့ စပါး နှံသာ မိုးသို့ထောင်မတ်ပြီး အဆံ ပြည့်တဲ့ စပါးပင် သည် လည်းကိုင်းညွှတ် မြဲ ဖြစ်ပါတယ်...။
အရှင်သာရိပုတ္တရာ အရှင်မြတ်ဘုရား...

အဆံကင်း  တဲ့ စပါးနှံ လို ထောင်မတ် မော်ကြွားဝင့်ဝါ ပြီး ရွှေအိုး များစွာ တူးဖေါ် ခွင့်မရတဲ့ တပည့်တော် အား အရှင်မြတ် ရဲ့ မုဒိတာ နှလုံးသား ကို တစ်သျှူး တစ်စ မျှ ပင် ပါရမီ မမှီ ပါသဖြင့် လေးမြတ်စွာ ကြည်ညို ပူဇော် ခွင့် ကို ပေးသနားတော်မူပါဘုရား။

မုဒိတာ တရားများ ထွန်းကားပါစေသတည်း။

( ဆရာ တော် ဝင်နွယ် - ရေးသားသော * သူတော်ကောင်းတို့ နှလုံးသား * စာမျက်နှာ ၃၇- ၅၂  ကို ဖတ်ရှု ကိုးကားရေးသား ပါသည်။)

မေတ္တာဖြင့်
သစ္စာအလင်း

3 မှတ်ချက်ရေးရန်:

ူlay said...

မှတ်သားလိုက်နာစရာတွေမို့  ကျေးဇူးအထူးတင်ပါတယ်.သာဓု သာဓု သာဓု ပါ

ူlay said...

မှတ်သားလိုက်နာစရာမို့ ကျေးဇူးအထူးတင်ပါတယ် သာဓု သာဓု သာဓု ပါ

ူlay said...

မှတ်သားလိုက်နာစရာမို့ ကျေးဇူးအထူးတင်ပါတယ် သာဓု သာဓု သာဓု ပါ