Saturday, March 9, 2013

ရင်းရဲသူတစ်ပါး ရဲ့ ရာဟုလာနှလုံးသား (ဒေါက်တာ အရှင်အာစာရ)


သာသနာတော်မှာ ရာဟုလာမထေရ် ဆိုတာကတော့ အဆုံးအမ သြဝါဒကို စဉ် အမြဲ မျှော်လင့်တတ်သူရယ် လို့ နာမည် ကြီးပါတယ်။

အရှင်ရာဟုလာ ရဲ့ ပါရမီခရီးဟာ ပဒုမုတ္တရ ရှင်တော်ဘုရား ရဲ့  လက်ထက်တော် ကတည်းက အစပြုခဲ့တယ်လို့ဆိုရမှာပါ။ အဲဒီအချိန်မှာ ပထဝိန္စ္ဒရ နဂါးမင်းဖြစ်လို့ နေခဲ့တယ်..။

အဲဒီအချိန်မှာ  ပဒုမုတ္တရ ရှင်တော်ဘုရား ရဲ့ သားတော် ရှင်ဥပရေဝတ သာမဏေငယ်ကို အားကျ ကြည်ညိုတော်မူကာ ( နောင်ပွင့်လတ္တံ့ သောတစ်ဆူဆူသော ဘုရားရှင်  ရဲ့ ရင်သွေးသည်းချာ သားရတနာ ဖြစ်ရပါလိုကြောင်း) ဆုတောင်းခဲ့ပါတယ် ။ ကမ္ဘာ တစ်သိန်းကြာအောင်လည်းပါရမီ တွေဖြည့်ဆည်းတော်မူခဲ့ပါတယ်..။


 ကဿပ ဘုရားရှင်လက်ထက်မှာ လည်း ကီကီ မင်းကြီး ရဲ့ သားတော်အိမ်ရှေ့မင်းသားဘဝ နဲ့ ကျောင်းတိုက်ကြီးပေါင်း ၅၀၀ ကို လှူဒါန်းတော် မူခဲ့ဘူးတဲ့ကောင်းမှု အထူးရှိ တော်မူခဲ့ပါတယ်။

ဖခမည်းတော်ဖြစ်တဲ့ ဘုရားရှင်ထံ မှာ သားတော်ရာဟုလာ တောင်းတဲ့ လောကီအမွေ ဟာ ဒုက္ခသစ္စာ ရဲ့ လောင်စာတွေ ဖြစ်တာမို့ ဝဋ်ဆင်းရဲ အပူဟပ်မှာစိုး လို့ ငြိမ်းအေးရာငြိမ်းအေးကြောင်း လောကုတ္တရာအမွေကို သာ ပေးတော်မူခဲ့ တာ ဖြစ်ပါ တယ် ။

ရှင်သာမဏေ ဖြစ်တဲ့ရက်က စပြီး ရှင်ရာဟုလာ ဟာ နံနက်မိုးသောက် အလင်းရောက်ပြီဆိုတာ နဲ့ နံနက်စောစောထကာ လက်ခုပ် နှစ်ဘက် နဲ့ အပြည့် သဲတွေကိုမြှောက်ချီ ပြီး (ရှင်တော် ဘုရား နဲ့ ဥပဇ္ဈယ် ဆရာတွေ ထံက ဒီသဲပွင့် တွေ အရေအတွက် နဲ့အမျှ အဆုံးအမ သြဝါ ဒတွေ နာခံရပါမူကောင်းလေစွ) လို့နေ့စဉ် နဲ့ အမျှ မျှော်လင့်တောင့်တတော် မူတတ် ပါတယ်..။

လောကီမျက်လုံး နဲ့ကြည့်မယ် ဆို်ရင်တော့ စတင် မွေးဖွားလာတယ် ဆို ကတည်းက ဖခင် နဲ့ နီးနီးကပ်ကပ် ၊ ထိထိစပ်စပ် မနေခဲ့ ရသလို .... လောကုတ္တရာအမွေကြောင့်လည်း ရလာတဲ့ ပါရမီ ဘဝ မှာ ဆုံးမ သြဝါဒ တွေကို သူများတွေ ထက် ပိုလို့ တန်ဘိုးထား တတ် တောင့်တ တတ်သူ ဖြစ်ခဲ့ရပါတယ်..။

တကယ်တော့လည်းဆုံးမ သြဝါဒ ဆိုတာ learningလုပ်ချင်စိတ် သင်ယူလိုစိတ် ရှိနေတယ်ဆိုတာ မိမိ ကိုယ် ကို ပဲ့ပြင်ထိန်းကျောင်းလို စိတ်ရှိတယ် လို့ ချီး ကျူးရမှာပါ။ ဒီစိတ်ထားဟာ စံနမူနာ ယူရမဲ့ စိတ်ထားမျိုး ဖြစ်ပါတယ်..။

ဘဝ မှာ အောင်မြင်ကြသူအများစု ကိုလေ့လာ ကြည့်မိတဲ့အခါ..ဖြစ်ချင်တာတွေ သိပ် များများရှိမနေဘူး။ ဖြစ်ချင်လွန်း လှသော၊ ထက်သန်ပြင်းပြတဲ့ စိတ်ဆန္ဒ ဟာ တစ်ခု ပဲရှိတတ်ပါတယ်..။ အဲဒီရွေးချယ်လိုက်တဲ့ ရည်မှန်းချက် တစ်ခု ကိုပဲ စူးစူးနစ်နစ်၊ တစ်စိုက်မတ်မတ် ဆောင်ရွက်ဘို့ စိတ်ပါဝင်စားကာ ဘဝတစ်ခုလုံး နဲ့ ရင်းရဲတဲ့သတ္တိ တွေ ရှိကြပါတယ်..။

အဲဒီ ရင်းရဲတဲ့သတ္တိ ဟာ အောင်မြင် မှု ရဲ့ အခြေခံ ပဲ ဖြစ်ပါတယ်။

ကျွန်မတို့ကို ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရား အမိန့်ရှိဘူး တာလေးကို အမှတ်ရမိပါသေးတယ်..။

ကိုယ့်ဘဝ တစ်ခု လုံးကို အားစိုက်ပြီး ဘာအတွက်အချိန်ပေးကြ မှာလဲ ။ဘာအတွက် ဘဝကို ရင်းရဲကြမှာလဲ..။

အိမ်ထောင်ရေး ဆိုတဲ့ အိမ်ထောင်ဘက် နဲ့ အတူ နေရေး အတွက် လမ်းကြောင်းရွေးတဲ့သူလည်းရွေး ကြ..။

သားရေးသမီးရေး၊ သူတို့ကောင်းစား အတွက် လမ်းကြောင်းရွေးတဲ့သူလည်းရွေးကြ......။

ကျွန်မ ဆိုရင်လည်း ထိုစဉ်ကာလ က အကြီးကျယ် ဆုံး လို့ ကိုယ့်ဖာသာမှတ်ယူထားတဲ့ ပညာသင် ကာလ ခရီးအတွက် ဘဝ တစ်ခု လုံးမဟုတ်တောင်၊ ဘဝ ရဲ့ အချိန်တော်တော်များများ အားစိုက်ခဲ့ဘူးပါတယ်..။

(စာသင်ခန်း တံခါး တွေကို ဖွင့်ပေးတာ ဟာ ထောင် တံခါးတွေကို ပိတ်တာ နဲ့ တူတူပါပဲ) ဆိုတဲ့ ဆိုရိုး စကားလေးကတော့ ကျွန်မ နားမှာ ပဲ့တင်ထပ်လို့နေခဲ့ပြီး ဘယ် အဆောက်အဦ ကိုမြင်မြင် စာသင်ခန်းလေး လုပ်လိုက်ရရင်ဆိုတဲ့  စိတ်ကူး ပုံရိပ်တွေဟာ အမြဲတစေ ကြီးစိုးနေခဲ့ဘူးပါတယ်..။

အသိဥာဏ် ရှိခြင်း နဲ့ မရှိခြင်း ဆိုတာ ထိုထို သော ဘဝ တွေကို မြေသားမှောင်မှောင် ထဲက တီကောင် နဲ့ ပန်းပွင့် တွေကြား ထဲက ရောင်စုံလိပ်ပြာတွေ ကွာခြား သလို ခြားနားစေခဲ့တာပါပဲ။
 လောကီပညာတွေက ကောင်းတယ် ဆိုပေမဲ့လည်း ဘုရားပေး တဲ့ပညာကို နားမလည် ရင်တော့ မိုက်တဲ့ ထဲ ထည့်ရတော့မှာပဲ ....ဝီရိယ အထားမမှားစေနဲ့ ဆိုတဲ့ ဆရာတော်ဘုရား စကားရဲ့ ဆုံးမ မှုကြောင့် တော့ လက်ကျန် ဘဝ အချိန်များကို အဓိပါယ် ရှိစေခဲ့ပါတယ်။

အမှန်တကယ်တော့ လောကုတ္တရာ ဆိုင်ရာ အသိဥာဏ် ရှိခြင်း နဲ့ မရှိခြင်း ဆိုတာ ကတော့ နိဗ္ဗာန် နဲ့ ငရဲ ကွာဝေး သလို ကွာဝေးစေတော့ တာပါ။ တကယ် တော့ လောကုတ္တရာအသိဥာဏ်တွေ ဖြန့်ဝေတယ် ဆိုတဲ့အလုပ် ဟာ ၃၁ ဘုံသားတွေကို အပါယ်လေးဘုံ ကနေ ကယ်တင်ပေးနေတဲ့အလုပ်ပဲ ဖြစ်ပါတယ်။ မိုက်မဲခြင်း ဆိုတာ တွေကို ဖြစ်ပွားစေတဲ့ မသိခြင်း ဆိုတဲ့ မောဟ ကမ္ဘာ ထဲ မှာ အလင်းတစ်စ ထွန်းညှိ ပြရတာ မို့ အလင်းစေတမန် လို့လည်းတင်စားခေါ်ဝေါ် ခဲ့ဘူးကြပါတယ်..။

စာသင်ခန်း ဆိုတာကတော့ သင်ပေးတဲ့သူ နဲ့ သင်ယူတဲ့သူ ဆုံစည်းဖြစ် ကြ တဲ့ မည်သည့်နေရာမဆို ခေါ်ဆို နိုင်တာပါပဲ။ အဲလို တွေ့ကြုံ ဆုံဆည်း ဖြစ်ကြရင် ရင် အလင်းစေတမန် တို့ရဲ့ အလင်းတန်း ဟာ အဟန့်အတားမရှိ ထိုးဖောက်ဝင်ရောက် ပြီး ဘဝတွေကို လင်းလက်စေ တော့တာပါပဲ..။

ဒီအလင်း ရဲ့လမ်းပြ မှု နဲ့ တည့်မတ်မှန်ကန်၊ လမ်းမှန်ရောက်ကြ ရင်ဖြင့် အလင်းစေတမန် တွေကတော့ကျေးဇူးသိတတ်သည် ဖြစ်စေ..မသိတတ်သည် ဖြစ်စေ..ဝမ်းမြောက် ကြတာ အမှန်ပါ။
ကျွန်မကတော့ ရာဘင် ဒြာနတ်တဂိုး (Rabindranath Tagore) ရဲ့ သျှန္တနိကေတန်(Shantiniketan) ကျောင်းလေးဟာ သစ်ပင်အောက်ကစခဲ့တာ အခုဆို ကမ္ဘာ့နာမည် ကြီးတက္ကသိုလ် ကြီးတောင်ဖြစ်နေတာ သတိရမိပါတယ်..။

ကျွန်မတို့ နိုင်ငံ မှာ အလုပ်လက်မဲ့ ဖြစ်ပြီး မူလတန်းလောက်တော့ သင်ပေး နိုင်မဲ့ ဘွဲ့ရပညာတတ်တွေ များစွာ ရှိနေကြပါတယ်..။

တစ်ခါတစ်ခါ လဘက်ရည် ဆိုင်တွေမှာ ထိုင်နေတဲ့ လူငယ်များ စွာ ကို သူတို့ရဲ့အချိန်တွေ နဲ့ အတူ သူတို့ ရဲ့ ပညာမျှဝေလိုမှုတွေကို ကျေးလက်က  စာသင်ခန်းတွေထဲ ဆွဲ ဆွဲ သွင်းကြည့်မိ ၊ ပုံဖေါ် ခံစား မိ တာ ကလည်း မကြာခဏ ဆိုသလိုပါ..။
ထန်းပင်ကြီးတွေ ဝေဝေဆာ တဲ့အရပ်ဒေသ မှာ ကတော့ ထန်းပင်ထန်းရွက် ထန်းလက်တွေ နဲ့ ထန်းရွက်တဲ တစ်လုံး ဟာ စာသင်ခန်း တစ်ခု ပမာ ကောင်းစွာ အရိပ် အုပ်မိုးအေးမြစေမှာပါ..။

စာသင်ကျောင်းက ကလေးတွေ ရဲ့စာအံသံ ဟာ အသာယာ ဆုံးဂီတ သံဖြစ်စေရမှာပဲပေါ့..။
ကျေးလက် ကသားငယ် သမီးငယ်တွေ ရေ...... ကံကောင်း ခြင်း လက်ဆောင်တွေ နဲ့ မွေးဖွားနိုင်ပါစေသား။

ပညာကို သင်ယူချင်ရှာလွန်းလို့ ပညာ သင်ယူ ခြင်း ကိုရဘို့ လွတ်လပ်ပျော် ရွှင် စွာ ဆော့ကစားရတဲ့ ကလေးဘဝ ကို  ရဲရဲ ဝံ့ဝံ့ လဲလှယ် ခဲ့လိုက် တဲ့ (ကိုရင်လေး) တစ်ပါး ဟာ စစ်ကိုင်းတိုင်းဒေသကြီး ၊ ဒီပဲယင်းမြို့နယ် ၊ ရင်းရဲရွာ သမိုင်းကြောင်း မှာ အမှန်တကယ် ရှိခဲ့ဘူးပါတယ်..။

-ရင်းရဲ ရွာ- က မို့ တကယ် ပဲဘဝ နဲ့  ရင်းရဲ တဲ့ သတ္တိတွေ နဲ့ လောကုတ္တရာအမွေကို မိမိဖာသာ ရဲရဲဝံ့ ဝံ့ ရယူ ခဲ့ဘူး တာမို့ ယူလို့ရထားတဲ့ ဘဝ၊ ဇွဲသတ္တိ နဲ့ တည်ဆောက် ခဲ့တဲ့ ဘဝ ပဲ ဖြစ်ခဲ့ပါတယ်။
အဲ ဒီ ရင်းရဲသူ တစ်ပါး ကတော့ ဒီနေ့ (ရာဟုလာ ဓမ္မ သင်တန်း ကျောင်း) ရဲ့ ဥသျှောင် ဘုန်းဘုန်း ဒေါက်တာ အရှင်အာစာရ ပဲဖြစ်ပါတယ်..။


ဒါဟာ ပိုလို့ ပိုလို့ ကံကောင်းစေ ခဲ့တာ ပဲမဟုတ်ပါလား။

ဘဝ နဲ့ ရင်းနှီး၊ ရဲ ဝံ့ ခဲ့ရတဲ့ အသိဥာဏ်တွေ ကြီးစိုးစေစားနိုင်တာ မို့
(ဘုန်းဘုန်း တို့ ရွာမှာ မူလတန်းကျောင်း တစ်ကျောင်း မဖွင့်လှစ်ပေး ခဲ့ တဲ့ သူကို ကျေးဇူးတင်ပါတယ်) ဆိုတဲ့ တရား ကို သူ ဒေါက်တာဘွဲ့ရရှိပြီး နိုင်ငံ တကာ အသိုင်းအဝိုင်းမှတင့်တင့်တယ်တယ် ရပ်တည် နေချိန်မှာ ထုတ်ဖေါ်ပြောကြား ခဲ့ဘူးပါ တယ်..။
သူဟာ ဘဝ နဲ့  ရင်းရဲခဲ့တဲ့ သူမို့ လောကုတ္တရာ အမွေကို ပိုင်ပိုင် နိုင်နိုင် ရရှိကာ ၊ ဒေါက်တာ ဘွဲ့ရသည် ထိ ပညာ တတ်မြောက် ခဲ့ပါတယ်။ သို့ သော်လည်း ပါရမီ နုနယ် ငယ် ရွယ် ကြသူများ အတွက် ဘုန်းဘုန်းက အမြဲ တွေးတော ကြံဆ ပေးခဲ့တာ ယနေ့ထိ တိုင်အောင် ပါပဲ..။

အရင်ကတည်းက စာသင်ကျောင်းမရှိတဲ့ ရင်းရဲရွာ မှာ (ဘုန်းတော်ကြီးသင် စာသင်ကျောင်း- ဘကကျောင်း) ဖွင့်လှစ်နိုင် အောင် ကြိုးစားခဲ့ပါတယ်..။

ဘက ကျောင်း က စတုတ္ထတန်းထိ သင်ကြားပေးရာကနေ သတ္တမ တန်းထိ သင်နိုင်အောင် လည်း ဦးဆောင်ကြိုးစား ခဲ့ပါတယ်။
ဒီပရင်္ဂ ဆို တဲ့ ကျောင်းဆောင်တစ်ဆောင် တည်ဆောက် နိုင်ခဲ့တာ ကလည်း ဘုန်းဘုန်း ရဲ့ အဆက်အသွယ် စွမ်းဆောင် နိုင်ခခြင်း ရဲ့ ထင်ရှားတဲ့ ပြယုဂ် တစ်ခုပါ။

ဘုန်းဘုန်း ဟာ (မယ်တော်ကြီး ဒေါ်ကောင်းဆင့်) နာမည် နဲ့ ပညာသင်ဆုများ ပေးနိုင်အောင် ပစ္စုပန် အရင်းအနှီး သံသရာ အရင်းအနှီး များ နဲ့ သားရွှေ အိုးထမ်းတာ မြင်စေတဲ့အစီအစဉ် တွေများစွာ ဖန်တီးခဲ့သူလည်းဖြစ်ပါတယ်..။

ရင်းရဲ ရွာ ကနေ တက္ကသိုလ် တက်တဲ့ ကျောင်းသားကျောင်းသူတွေ၊ အစိုးရ နည်းပညာ တက္ကသိုလ် တက်ရောက်နေတဲ့ သူတွေ ကိုလည်း လစဉ် ပညာသင်စ ရိတ် ထောက်ပံ့ ပေးခဲ့ ပါတယ်..။ အဌမ တန်းကနေ အခြေခံ ပညာ အထက်တန်းအထိ တက်ရောက် ကြသူများအတွက်လည်း ပညာရေး ရံပုံငွေ ထူထောင်ပေးခဲ့ပါတယ်..။

လောကီပညာ တွေသာမက ဘူး။ လောကုတ္တရာ ပညာသင်ပြီး ဘုန်းဘုန်းလို ဘဝ နဲ့ ရင်းရဲ နိုင် သူ တွေကိုတော့လောကုတ္တရာအမွေ ပေး ခဲ့ပြီး ကိုရင်၊ ရဟန်းရှင်လူ ဖြစ်စေခဲ့တယ်။ သူ တို့အတွက်လည်း သင့်တော်ရာ စာသင်တိုက်ကို ပို့လွှတ် ပြီး ၊ ပရိယတ္တိစာပေ သင်ယူစေခဲ့ပါတယ်..။

ရင်းရဲရွာ ဘက ကျောင်းလေး မှာ သတ္တမ တန်းအထိ သာ ပညာသင်ကြားပေးနိုင်ပြီး ကျောင်းသား တွေရဲ့  အဆင့်မြင့် ပညာသင်ယူရေး သည် မိဘ တွေရဲ့ ငွေရေးကြေးရေးပေါ် မှာမူတည် နေရ ရှာတာပါ။

 သတ္တမတန်း အောင်ပြီ ဆိုတာ နဲ့ မိဘ တွေဟာ အဌမ တန်းကို ထားနိုင်ဘို့ ဆိုတာ စဉ်းစားရပါတော့တယ်..။ ရွာ နဲ့ ဝေး သောကျောင်း အတွက် ဘယ်လို လွှတ်မှာလဲ..စက်ဘီး နဲ့ လား၊ ကားနဲ့လား၊ ဆိုင်ကယ်လား။
ထမင်း ချိုင့်နေ့စဉ် ထုပ်ပေး နိုင်ရေး ကလည်း ရှိပါသေးတယ်..။

နေ့စဉ် ကျောင်းမုန့် ဘိုး။ သူများ နဲ့ တန်းတူ စာမလိုက်နိုင်ခဲ့လျှင် ကျူရှင် စရိတ် များလည်းရှိပါအုံးမယ်..။
ဒါတွေဟာ ဖြင့်အခက်အခဲ အတားအဆီးများ ဖြစ်ခဲ့ကာ.... တစ်ရွာ လုံး မှ လူများစုရဲ့ ပညာရေး ဟာ ပုံစံခွက် ကကျလာ သလို သတ္တမတန်းအောင်များသာ ဖြစ်လို့ လယ်ထဲ ယာထဲ..ထန်းတော ထဲ က ဘဝ ဆိုတဲ့ကျောင်းကို ရွှေ့ပြောင်း ရပါတော့တယ်..။
ဒါတောင် ဘုန်းဘုန်း အာလေး နဲ့ ရွာမိ ရွာ ဖတွေ ကြိုးပမ်းကြလို့..။ အရင်ကဆို တစ်ရွာလုံး မှာ စတုတ္ထ တန်းအောင်များ သာ ရှိခဲ့တဲ့ တစ်ခေတ်တစ်ခါ...လည်းရှိခဲ့ဘူးပါတယ်..။

ဒီ့ထက်စော တဲ့တစ်ခေတ် တစ်ခါ ကတော့ မူလတန်းကျောင်း တောင်မရှိလို့ တစ်ခြား ရွာ မှာ သင်ယူ နိုင်သူတွေသာ စာတတ်ခဲ့ရ ရှာတာပဲ..။
ဘုန်းဘုန်းကတော့ အဲလို လောကီနယ် ရဲ့ တကယ့် ဘဝ တွေကို နှလုံးသား နဲ့ရင်းပြီး ခံစားနားလည် ခဲ့ပါတယ်။
အခု တော့ ဘုန်းဘုန်း က ကိုယ်ပိုင် (ရာဟုလာ ဓမ္မ သင်တန်းကျောင်း) ဖွင့်လှစ်ပြီး အခြေခံ ဗုဒ္ဒ ဘာသာ နဲ့ အင်္ဂလိပ်စာ ၊ ကျေးလက် ဖွံ့ ဖြိုးရေး သင်တန်း တွေ နဲ့ သင်ယူလိုမှု တွေ ဖန်တီးပေးခဲ့တာဟာ လှပ တဲ့ ရာဟုလာ နှလုံးသား နဲ့ ပညာအမွေ ပေး နေတာ ပဲ လို့ ကျွန်မ က တင်စားထင်စားဝံ့ပါတယ်..။

ဘုန်းဘုန်းဟာ စကားနည်းသော် လည်း စာသင်ကောင်း သလို.. စာရေးလည်းကောင်း တဲ့ ဓမ္မဘလော့ဂါ ဘုန်းဘုန်း တစ်ပါး လည်းဖြစ်ပါတယ်။  ဘုန်းဘုန်း ကိုယ် တိုင် ရေး ခဲ့ဘူး တဲ့ ဒီစာလေး ကို ဖတ်ရင်း ၊ ဘုန်းဘုန်း ရဲ့ ရာဟုလာ နှလုံးသား ကို အတိုင်းသား တွေ့ မြင် ကြည်ညိုရ ပြီး ကျေးလက်နေ ပြည်သူတို့ ရဲ့ ဘဝ များစွာ ကို ကျွန်မ မှာ မျက်ရည် ဝဲသည်ထိ ထိရှ ခံစား နားလည် ရပါတယ်။

*ဘက်စုံနုံချာသူ* တဲ့လား ဘုရား။

နမူနာလေး ဖေါ်ပြပါရစေ။


“ကျေးရွာဝါဒ”
-------------
အတိတ်တံခါးတို့ကို ခပ်ဟဟသာ ထားလေ့ရှိသဖြင့် ဆန္ဒရှိတိုင်း လွယ်လွယ်ဆွဲဖွင့် ကြည့်နိုင်သည်။ အတိတ်တံခါးတို့ မပိတ်၏သို့ ပိတ်၏သို့။ ပစ္စုပ္ပန်မျှဖြင့်သာ မမျှတနိုင်သည်ဖြစ်၍ ရှေ့နောက်ချိန်ထိုးကာ သုံးသပ်နေမိလေ့ ရှိသည်။
ကံပစ်ချရာ ရှင်သန်ရသော ကျေးလက် သူငယ်တိုင်း မြေမှုန့်လူး ကစားရင်း ကြီးပျင်းလာသော်လည်း ရွှံ့ထဲမှာပဲ ဘ၀ဆုံးဖို့ စီရင်ချက် ချခံထားရသူတို့လော။

ပမာ ပြရသော် . . . ၂၁ရာစု ခေတ်ဦးထိတိုင် ရွာမှ ၁၁၉မိုင်သာ ကွာဝေးသည့် မဟာမြတ်မုနိ ကိုယ်တော်မြတ်ကြီးကို ဓာတ်ပုံမှတစ်ဆင့် အာရုံယူပြီး၍သာ ဖူးမျှော်နေကြရသည်အထိ ဘက်စုံနုံချာသူ ရွာသူရွာသားများ၏ ဘ၀များစွာကို လက်နှစ်ဘက်ဖြင့် ပွေ့ချီပင့်မြှောက်သကဲ့သို့ မ မတင်နိုင်သော်ငြားလည်း အနုံအချာတို့၏ ရင်နှစ်သည်းချာများ၊ ထိုထိုထို ထိုထိုထို အနီးအပါး ရွာများမှ ကျေးလက်ဖွားတို့၏ ကြီးထွားခွင့်ကိုကား မျှော်တလေ့ ရှိသည်။
ကယ်တင်ရှင် မဟုတ်သော်ငြား ၎င်းတို့အား သာသနာရေးအသိ သွန်သင်ရင်း လောကီလွတ်လမ်း ညွှန်ပြရသော် ကောင်းလေစွဟု အတများစွာ အတန်တန် တမိလေ့ ရှိသည်။
အဖန်ငါးရာမက အဆများစွာ ထပ်ပြန်တမိသော် အတအတွေးတို့ သိပ်သည်းဆ များသည်ထက် များလာပြီး . . . . .။
-----
Comment:
ရည်ရွယ်ချက်(၁)ကို စတင်အကောင်အထည် ဖော်နေပြီ ဖြစ်သည်။ တန်းခွဲ ခုနစ်ခု ခွဲ၍ သီတင်းပတ်စဉ် အစိုးရကျောင်းပိတ်ရက်များ၌ ဓမ္မသင်တန်းများ ဖွင့်လှစ်နေသည်သည်။ “ဗုဒ္ဓဘာသာ မြန်မာစာ” နှင့် “ဗုဒ္ဓဘာသာ အင်္ဂလိပ်စာ” ဘာသာပ်ရပ်နှစ်မျိုး သင်ကြားပေးသည်။ ထို့ပြင် သီတင်းတစ်ပတ်လျှင် သုံးရက် ညကျောင်းဖွင့်လှစ်၍ တရုတ်စကားပြောနှင့် အင်္ဂလိပ်စကားပြော သင်တန်းများ ပို့ချပေးနေသည်။

ရည်ရွယ်ချက် (၂)အတွက် အစိုးရ အခြေခံပညာသင်ကျောင်း မဖွင့်လှစ်ရသေးသော ကျေးရွာများ၌ မူလတန်းအဆင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ ဖွင့်လှစ်နိုင်အောင် ပံ့ပိုးပေးမည်။ မူလတန်းကျောင်းသာရှိ၍ အလယ်တန်းကျောင်း အထက်တန်းကျောင်းများနှင့် အလှမ်းဝေးသော ကျေးရွာများမှ ကျောင်းသူကျောင်းသားများအတွက် အထက်တန်းကျောင်း ရှိရာဒေသများ၌ အခမဲ့ (သို့မဟုတ်) စရိတ်သက်သာသော (အလယ်တန်းနှင့် အထက်တန်း) ဘော်ဒါဆောင်များ ဖွင့်လှစ်မည်။

ရည်ရွယ်ချက် (၃)အတွက် ရှင်သာမဏေများကို ပစ္စည်းလေးပါး ထောက်ပံ့၍ ပရိယတ္တိစာပေများ သင်ကြားပေးမည်။ အထူးသဖြင့် သာမဏေကျော် စာမေးပွဲများ ၀င်ရောက်ဖြေဆိုမည့် ရှင်သာမဏေများကို သီးသန့် ပြုစုပျိုးထောင်ပေးမည်။
တရားနီးသူ နှင့် တရားဝေးသူ မြန်မာဗုဒ္ဓဘာသာဝင်တို့၏ ဘာသာရေး အသိ၊ ဘာသာရေး အရည်အသွေး ကွာဟမှုမှာ ကြီးမားလွန်းလှသည်ဟု အကဲခတ် သုံးသပ်မိသည်။ ဤကွာဟမှုကြီးကို မြန်မာ့သာသနာ၏ ဟာကွက်ကြီးတစ်ခုအဖြစ် ရှုမြင်မိသည်။
-----------------------------------------------------------------------------

ဒီစာလေးကို ဖတ်ကြည့် ပြီးတယ် ဆိုရင် ဖြင့် ဒီရွာသားတစ်ပါး ဖြစ်တဲ့ ဘုန်းဘုန်း အာလေး ( ဒေါက်တာ အရှင်အာစာရ) ကတော့  ရေရှည် စီမံချက်၊ ရေတို စီမံချက်တွေ တစ်ပုံတစ်ပင် နဲ့ ပညာရေး ကို ထောက်ပံ့ ပေး နေတဲ့ ဘုန်းဘုန်း ရဲ့ ရာဟုလာ နှလုံးသား ကို ခံစားနားလည် ကြမယ် လို့ ယုံကြည် ရပါတယ်။

အဆုံးအမ သြဝါဒကို စဉ် အမြဲ မျှော်လင့်တတ်သူ ၊ရာဟုလာ ဆိုတဲ့ ပုံရိပ်ကို ပီပြင်အောင်ကြီုးစားပုံဖေါ်နေတဲ့ ဘုန်းဘုန်း ဒေါက်တာအရှင်အာစာရ လို ဘဝ နဲ့ ရင်းရဲ တတ်ပါသော ရာဟုလာ နှလုံးသားများ စွာ ပေါ်ပေါက်ပါစေကြောင်း ကျွန်မ ဆန္ဒခါခါ ပြုမိပါတယ်..။

ထို နှလုံး သားများစွာ တို့သည် သည် * ဘက်စုံ နုံချာသူ*
တို့ ရဲ့ ဘဝ များစွာ ကို ပွေ့ချီပင့်မြှောက် နိုင်ကြပါစေကုန် သတည်း။

လောကုတ္တရာ အမွေများပေးနိုင်ကြပါစေကုန် သတည်း။

ဤ မွေးနေ့မှသည်...ရာဟုလာ ဆရာတော် ၏ ဘဝခရီး၊ ဓမ္မခရီး လမ်း ဖြောင့်တန်း တိုးတက်၊ ဆက်လက် ထက်မြက်ပါစေကြောင်းဆုတောင်းမေတ္တာ ပို့ သလျက် ပူဇော် ကန်တော့အပ်ပါသည်။

မေတ္တာဖြင့်
သစ္စာအလင်း

မှတ်ချက်။        ။ ဤ စာစု သည်...စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်း မြို့နယ်၊ စိုင်ပြင်ကြီးကျေးရွာ တွင် (ရာဟုလာ ဓမ္မ သင်တန်းကျောင်း) ဖွင့်လှစ်ကာ ရဲရဲရင့်ရင့် သာသနာ ပြု လျက်ရှိပါသော ဘုန်းဘုန်းအာလေး ( ဒေါက်တာ အရှင်အာစာရ-ပါမောက္ခ- ပါဠိစာပေဆိုင်ရာ အင်္ဂလိပ်စာဌာန၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်၊ မန္တလေး ) ၏ ၁၄. ၃.၂၀၁၃ တွင်ကျရောက်သော မွေးနေ့ အတွက် မွေးနေ့လက်ဆောင် ဂုဏ်ပြု ဆောင်းပါးတစ်ပုဒ် ဖြစ်ပါသည်။

0 မှတ်ချက်ရေးရန်: