Thursday, June 11, 2015

ကရွတ်ခွေ နှင့်ရေခဲ သေတ္တာ

 

ကျွန်မ ငယ် ငယ် ကဖတ်ဘူးခဲ့ တဲ့ ဝတ္ထု တိုလေး တစ်ပုဒ် ရဲ့ နာမည် ပါ..။
ရေးတဲ့ ဆရာက ဝတ္ထုတိုပြိုင်ပွဲ မှာ ဆုရတာ….ဆရာသိုက်ထွန်းသက် လို့ မှတ် ထားမိပါတယ်..။ နာမည် ကိုဖေါ်ပြဘို့ မှားသွားခဲ့ရင် ခွင့်လွှတ်ပါ..ရှင့်။
ဝတ္ထု မှာ ဖေါ် ပြတာက တကယ့်အဖြစ် အပျက် လေးပါ..။
လမ်းတစ်လမ်း ထဲ မှာ ကျောင်းဆရာ အို တစ်ဦးရယ် ဋ္ဌာန ဆိုင်ရာအရာရှိတစ်ဦး ရယ် နေပါတယ်..။
တစ်နေ့ မှာ ကျောင်းဆရာ ပင်စင်မယူခင် သူပြုစုပျိုးထောင်မြေထောင်မြှောက်ပေးခဲ့တဲ့ တပည့်တစ်ဦး ဟာ ကားကြီးမောင်းပြီး ၊ ဇနီးမယားကလည်းလက်ဝတ်လက်စားအပြည့်အစုံ ဝတ်ပြီး ပစ္စည်း ပစ္စယ တွေ တပုံတပင် နဲ့ လမ်းထဲကို မောင်းဝင်လာပါတယ်..။
ဆရာက သူ့တပည့် ကသူ့ဆီလာတယ် အထင် နဲ့ သူရဲ့ သစ်သားအိမ် ဝင်းတံခါးလေးကနေ မျှော်ကြည့်နေပါသတဲ့..။
နောက်တော့ အဲဒီကားလေး က သူ့အိမ်ကို ကျော်ပြီး ဋ္ဌာန ဆိုင်ရာအရာရှိကြီး တစ်ဦး ရဲ့ တိုက်ရှေ့ မှာ ရပ်လိုက်မှ….သူ့ဆီမလာမှန်းသိသွားပြီး သူ့ရဲ့ အိမ်လေးထဲ ကို ပြန်ဝင်ခဲ့ပါတယ်..။
အဲဒီဆရာ ရဲ့ ရင်ထဲ ဘယ်သို့ ရှိမယ် ကို စာရေးဆရာကဖေါ်ပြမထားပါဘူး..။
ရေ တစ် ခွက် အသုံးဝင်ပြီးသောက်သုံးခံရဘို့ အတွက် ရေအိုးအောက်ကနေ ပင့်ဆောင် မတင်ပေးထား ရတဲ့ *ကရွတ်ခွေ* လို ဘဝမျိုး ဟာ ကျောင်းဆရာ ရဲ့ ဘဝမျိုးပါ..တဲ့..။
ရာထူးတက်အောင်၊ နိုင်ငံခြားသွားဘို့ကော တခြား အခွင့်အရေးတွေ ပေးနိုင်တဲ့ ဋ္ဌာန ဆိုင်ရာ အကြီးအကဲ တွေ ဆိုတာ ကတော့ *ရေခဲသေတ္တာ* လို ပါလို့ တင်စားပြော ဆိုခဲ့တဲ့ ဒီဝတ္ထုလေး ကို ကျွန်မ သတိရနေမိပါတယ်။
ကိုယ်တိုင်..ဆရာမ တစ်ယောက် ဘဝ ကို ရောက်တဲ့ အခါ အဲဒီဝတ္ထုလေးကို ပြန်ဖတ်ချင်မိပါတယ်..။ ကရွတ်ခွေ လို အေးစိမ့် လှတဲ့ မေတ္တာ တရား နဲ့ ဘဝကို ဆွေးမြေ့ သွား စေတဲ့ ဆရာများဘဝကို တကယ် ပဲ နှလုံးသားနဲ့ ရင်းပြီး အမှန်တကယ်ပဲ နားလည် ခံစားတတ်လာ လို့ပါပဲ..။
အဲဒီအချိန်မှာ အိမ်ထဲကို ပြန်ဝင်သွားတဲ့ ဆရာ့ရဲ့နှလုံးသားထဲက စကားလုံးတွေ ဝတ္ထု ထဲ မှာဖေါ်ပြမထားပေမဲ့... ဘာ..ဆိုတာ ရှင်းရှင်းလင်းလင်း ဖတ်လို့ တတ်နေခဲ့ပါပြီ..။
သူတစ်ပါးနားလည် အောင် ရှင်းလင်းပြသ တတ်သော ဆရာများ သည် ..စာအလွန်ဖတ်ရသော ဆရာများသည် ....
သူများသိသလို စီးပွားရေးသော့ချက်များ ၊ လုပ်ဆောင်မှု များကို သိတာချည်းပါပဲ..။
သို့ သော် ….
ထို စီးပွားရေး ကြီးပွားချမ်းသာရေးအတွက် အချိန်မပေးပဲ
ဘဝ ရဲ့ နုပျိုမှုတွေ..
သူ့ရဲ့ဖျတ်လတ်တက်ကြွ မှုတွေ
ထက်မြက် သွက်လက် တဲ့ ဥာဏ်ပညာ တွေ…..
ဆည်းပူးလေ့လာ အားကောင်း တဲ့ အရည်အချင်းတွေ..
အဘိုးအတန်ဆုံး အချိန်တွေ..ကို သူပြုစုပျိုးထောင် တဲ့ တပည့်များ အတွက် ပေးဆပ်ခဲ့ လိုက်တယ်..။
စာသင်ချိန် ၄၅ မိနစ်ဆိုသော်လည်း ထို ၄၅ မိနစ်ကို ရင်ဆိုင် ဘို့ စေတနာများစွာ မိနစ်စက္ကန့် များစွာ ကို ဝါသနာ ၊အနစ်နာ တို့ဖြင့် တည်ဆောက်ထားကြ ရတာ မျိုးပါ..။
မမြင်ရတဲ့ နောက်ကွယ်က အစိုင်အခဲက ထုထည် အလွန်ကြီးမားကြ တာကို တပည့်များမမြင်မသိမခံစားမိကြ တာများပါတယ်..။သိနားလည်ပေးသူ နည်း ပါးလှပါတယ်..။
ထိုကဲ့သို့သော သဘော တရားကို တပည့်များ နားလည် ကြရင် သိပ်ကောင်းမယ် လို့ ကျွန်မ တွေးနေမိပါတယ်..။
ဒါကြောင့် သူ့ဘဝ ဟာ *ကရွတ်ခွေ*လိုပါ ။
ထင်ပေါ်ကျော်ကြားမှုလည်းရှိချင်မှရှိပါမယ်..။
သူများလို ပြည့်စုံချင်မှ ပြည့်စုံပါလိမ့်မယ်..ကျေးဇူးမတင်တတ်ခဲ့ရင်တောင် .....အထင်မသေးမိဘို့ ၊ မစော်ကားမိဘို့ အရေးကြီးလှပါတယ်..။
သို့သော် …..
ကျွန်မ ရဲ့ ဆရာမ ဘဝ မှာ ဒီလိုတပည့်မျိုး ကြုံဆုံလာခဲ့ရင် တော့ ဝတ္ထုထဲက *ကရွတ်ခွေ ဆရာ* လို ဆိတ်ဆိတ်ပဲ နေပါ့မယ်..တိတ်တိတ်ပဲဖြေပါ့မယ်။
*ရေခဲသေတ္တာ* ထဲရောက်သွားတဲ့ ရေခဲရေတွေ ထာဝရအေးမြပါစေကြာင်း ဆုတောင်းပါမယ်..။
ကိုယ်ကျိုး အတွက်ပါဝင် နေတဲ့ စွန့် လွတ်မှု ၊ အကျိုးမျှော်တဲ့ ပူဇော် မှုမျိုးကို လုပ်ဆောင်တတ်ကြတဲ့ လောကသဘာဝ ကိုနားလည် ပေးနေပါမယ်..။
ကျွန်မ က တပည့်တစ်ဦး ဖြစ်နေတဲ့ ဘဝမှာတော့ တစ်ကားတစ်ခွန်း… အီးမေလ်း တစ်ကြောင်းမျှ ဖြင့် ပင် သင်ကြားပြသပေးသူများ …ဆရာ၊ ဆရာမများကို အနန္တ ဂိုဏ်းဝင် ဆရာသခင်ကျေးဇူးရှင် များရယ်လို့ အမြဲသိမှတ်ပူဇော် နေပါ့မယ်..။ပူဇော် တုန့် ပြန်ခွင့်မရှိသေး ရင်တောင် ဆင်ခြင် အောက်မေ့သတိရကာ အမြဲ ဖေါ်ပြလေးစားနေပါ့မယ်..။
• ဤ စာစု ဖြင့် မသိနားမလည် မှုများကို စိတ်စေတနာဖြင့် သင်ကြားပြသခဲ့သော ငယ် စဉ် ဘဝမှ အခုချိန်အထိ ကျေးဇူးရှင်ဆရာ၊ ဆရာမ များ ကို မြတ်နိုးတန်ဘိုးထားလျက် ရိုကျိုးဦးခိုက်ပူဇော်လိုက်ပါတယ်။

မေတ္တာဖြင့်
သစ္စာအလင်း

Tuesday, June 9, 2015

ကျွန်မ ရဲ့ ဇရာ



ပြီးခဲ့တဲ့ စနေနေ့ က ကျွန်မ နဲ့ မြန်မာ့အော်ဂဲနစ် စိုက်ပျိုးရေးမိသားစု များ ဟာ သံလျင် သဘာဝတရားရိပ်သာ မှာ အလှူဒါနများ ပြူလုပ်ခဲ့ကြပါတယ်..။
သဘာဝ တရားရိပ်သာ လို့ဆိုရင် သက်ကြီးရွယ်အိုများ..လူမမာများ ၊ စိတ်ရောဂါဝေဒနာသည်များ ၊ ခိုကိုးရာမဲ့သူများ ၊ ဒုက္ခသည် အမျိုးမျိုး ကို ကူညီလက်တွဲ ကာသာသနာပြုနေတဲ့ ဆရာတော် ဦးဥတ္တမသာရ ရဲ့ တရားရိပ်သာ ဆိုတာ သိပြီးဖြစ်ကြပါလိမ့်မယ်..။
ဇာတိ ဆိုတာ ရလာတဲ့ သူတိုင်း ဇရာ ဆိုတဲ့ အိုခြင်းဒုက္ခ ကို ရင် ဆိုင်ကြရ မှာ အမှန်ပါ…။ ပဋိသန္ဓေ၊ အိုနာသေ ဟု လေးထွေရင်းမြစ် ဒုက္ခ ဖြစ်တယ် ဆိုတာ…ကျွန်မ မှာ သိရှိနားလည် ထားသော်လည်း အိုမင်းမစွမ်း သူများရဲ့ ဖြစ်အင်ကို မျက်ဝါးထင်ထင် တွေ့ရတဲ့အခါ မှာတော့ စိတ်နှလုံးသည် ညံ့သက်ငုတ်လျှိုး သွား ခဲ့ပါတယ်..။
ဆရာတော်ရဲ့ ကြီးမားတဲ့မေတ္တာတရား… ဝေယျာဝစ္စ ၀ိုင်းဝန်းသူများ ရဲ့ စေတနာ တရား မလေးစား မဦးညွှတ်ပဲ မနေနိုင်ခဲ့ပါ..။
ကိုယ်က ကိုယ့်ခန္ဓာ ကိုယ် သယ်နိုင် နေသေးတာ မို့ ဒီ လို အချိန် ရောက်ဘို့ အတန်ငယ် ကာလ တစ်ခု ဝေးသေးတယ် လို့ ထင်နေပေမဲ့ အိုမင်းမစွမ်း ဆိုတဲ့ မစွမ်းသန်သောအချိန်မှာ ဖျတ်ကနဲ ရောက်လာနိုင် တာကိုလည်းကျွန်မ ထည့်တွက်မိပါတယ်..။
ကျွန်မ နဲ့အတူ သုတေသနများ..ပရဟိတ လုပ်ငန်းများ လက်တွဲလုပ်ကိုင် မယ် လို့ ကြံစည်ပြောဆိုနေတဲ့ မိတ်ဆွေ တစ်ဦး ဟာ ဖျတ်ကနဲ လေဖြတ်သွားခဲ့တာ..။ကျွန်မ ကိုယ်တွေ့…ကိုယ့်ဆီ ဒီဒုက္ခ အချိန်မရွေးကျရောက်လာနိုင်တယ်ဆိုတာ မထည့်တွက်ချင်လို့ မရပါ..။
ကိုယ်က ဘယ်လို သြဇာပေးစေခိုင်းခဲ့သူ ဖြစ်ပါစေ… ဦးဆောင် ဦးရွက် ပြုနေသူဖြစ်ပါစေ……. မစွမ်း တော့ပါဘူးဆိုတဲ့အချိန်မှာတော့ ..ဘေးကပြုသမျှ…. ကောင်းသည် ဆိုးသည် ရွေးချယ် နိုင်စွမ်းပင်မရှိ…၊ညင်းပယ်နိုင်အားမရှိ ၊တိတ်ဆိတ်စွာ လက်ခံ ရတော့သည်သာ..။
သဘာဝ တရားရိပ်သာ ကတော့ လူ့လောက ဇာတ်ခုံ မှ ဇာတ်လမ်းဇာတ်ကွက် အမျိုးမျိုး မှ သရုပ်ဆောင်များ သဖွယ် သင်္ခန်းစာများ..သံဝေဂများ..ဆင်ခြင်ဥာဏ်များ ကို ပေးဝေနေတယ် လို့ ကျွန်မ ကထင်မြင်မိပါတယ်..။
ကိုယ်က ပစ္စည်းဥစ္စာ ရှာ ထားခဲ့သောလည်း အတူနေသူ တူ၊ တူမများ က ရွှေ အတု ကို အစစ် နဲ့ လဲလှယ် ယူထားပါသတဲ့..။ ပြီးတော့မယောင်မလည် နဲ့ သိမ်းသွင်းဆွဲဆောင်ခေါ်ယူကာ သဘာဝ ရိပ်သာ နားမှာ ပစ်ထားခဲ့ ပါတယ်။ ကိုယ် ရှာထားခဲ့တဲ့ ပစ္စည်းဥစ္စာ က ချမ်းသာအစစ်ကို မပေးစွမ်းနိုင်မကယ်တင်နိုင်တာကို ရုတ်တရက် အစိမ်းသက်သက် လက်ခံ လိုက်ရချိန်မှာ စိတ်ကမခိုင်…. ယိုင်နဲ့ လဲပြိုရတော့တဲ့အဖွား..တစ်ယောက်…။
ဝမ်းနဲ့ ဆီးက မလွတ်တော့ အိမ်သာထိုင်ခုံလေး ကုတင်နားထားပြီး ကိုယ့် ကျင်ကြီးကျင်ငယ်နံ့ နဲ့ကိုယ် နပန်းလုံးကာနေရရှာသော အဖွားတစ်ယောက်မှာတော့ ကျွန်မ တို့ အလှူ ပစ္စည်းပေးတဲ့အခါ ရှိုက်ကြီးတစ်ငင် ငိုချ လိုက်ပါတယ်…။ အကြောင်းပြချက်ကိုမပြောပြသော်လည်း တစ်ခါက သူရှာဖွေကျွေးမွေး ပြုစုယုယခဲ့သော သားသမီးများ၊ အသိုင်းအ၀ိုင်းများ ကို သတိရသည်လား..နာကျည်းသည်လား…၀မ်းနည်းအားငယ် သည်လား မှန်းဆလို့သာ တွေးမိပါတယ်..။
အဖွားဒေါ်တင်ကြည်တဲ့..အသက် က ၈၀ ရှိပြီ..သားသမီး ကလည်းမပစ်ပယ်ခဲ့ပါ..အခုထိ ခင်တွယ် နေဆဲ..။ သို့သော် သမီးက ၄၅ နှစ် ဦးနှောက် ကမကောင်း ဆေးကလည်းကုနေရသေးဆိုတော့ ကိုယ့်ခန္ဓာဝန် က လေးလံ လှ ပြီ ထင်တာ…နှစ်ယောက်စာ ထမ်းရတော့မနိုင်မနင်း..လမ်းဘေး ဆင်းနေရတဲ့ဘ၀…..။ တရားရိပ်သာ ရောက်မှ ကူမဲ့ ကယ်မဲ့လက်များ ဖမ်းဆုပ်ထားခဲ့ရ..သမီးကိုလည်းထားခဲ့ ဘို့ စိတ်ချသွား..ရပါတယ်တဲ့..။
ကုတင် ၁၀ လုံးခန့် ထည့်ထားတဲ့ တဲတန်းလျားရှည် လေးထဲ မှာတော့ အဖိုး လို့ လည်းမဆိုနိုင်…. သက်လတ်တန်း အမျိုးသား တစ်ချို့ကတော့ ကြောင်စီစီ မျက်လုံးများ အပြူးသားနဲ့..ကုတင် တစ်လုံး မှာကတော့ ပုဆိုး ပင်မလုံချင်…။ ပုံမှန် အနေအထားမဟုတ်လေတော့ သူတို့သည် နုပျိုစဉ် က သူတို့ ရဲ့ ပုံမှန်စိတ် ဓာတ် ကြံ့ခိုင်မှု များကို တိုက်စားဖြိုဖျက် ခဲ့တဲ့ မူးယစ်သေစာ များသုံးစွဲခဲ့လေသလား..ရယ်လို့ ခန့်မှန်းကြည့်ရပါတယ်..။
သေခြင်း တရားဆိုတာ အချိန်မရွေး ဖျတ်ကနဲ သေနိုင်တယ် ဆိုတဲ့ မရဏာ နုဿတိ ကတော့ လေယာဉ်စီးချိန် ၊ ကားစီးချိန် ၊ ရထားစီးချိန် ၊ ထိုင် နေချိန် လမ်းလျှောက်နေချိန် Accident သတင်းများဖတ်မိနေချိန်မှာ (ငါလည်း တနေ့ ဒီလို --- အခုနေ သေရင် အကုန် တန်းလန်းထားခဲ့ရမယ်) ဆိုတာ နှလုံးသွင်းသွင်းနေဖြစ်တာမို့ နှလုံးသားဟာ သေခြင်း သတိဖြင့် ထုံနေခဲ့ပါတယ်..။
မသေပဲ ဒုက္ခိတ ဘ၀ နဲ့ အိုနေခဲ့ရင် ဆိုတာ ကို တော့ ထို ရိပ်သာ ရောက်မှ ကျွန်မပြက်ပြက်ထင်ထင် တွေး မိပါတော့တယ်..။ မကြာခင် ကျရောက်လာတော့မဲ့ ကျွန်မ ရဲ့ အိုချိန် ၊နာချိန် ကို ကျွန်မ ဘယ်လို ပြင်ဆင် မည် လဲဆိုတဲ့ အတွေး ကို မတွေးချင်လို့မရ ကျွန်မ စနစ်တကျ တွေးရပါတော့မယ်..။
ဒီအချိန် မှာတော့ ကျွန်မဟာ အသက် ၈၃ နှစ် ထိ လူ့လောက ထဲနေသွားခဲ့သောကျေးဇူးရှင်မိခင်ကြီး နှင့် ၈၈နှစ်ထိ နေသွားခဲ့သောကျေးဇူးရှင်ဖခင် ကြီး နှင့် လက်ပွန်းတတီး နေထိုင် ခဲ့ဘူးသော ကျွန်မ မှာ တစ်ချိန် မိဘ တွေ နဲ့ နေခဲ့ရချိန်ကို အထူးပဲ လွမ်း ဆွတ် သတိရ မိပါတယ်…။
ကျောင်းဆရာ၊ ဆရာမများဖြစ်တဲ့အပြင် ၊ မိုးညှင်းဆရာတော်ဘုရား ကြီး ရဲ့ တရားရိပ်သာ မှာ တရားအားထုတ်ထားခဲ့သော ကျွန်မ ရဲ့ကျေးဇူးရှင် မိဘ နှစ်ပါးသည် စနစ်တကျ အို သွားခဲ့တာ ဆိုတာ (တစ်နည်း ) လူအိုဘ၀ကို စနစ်တကျဖြတ်သန်းခဲ့တယ် ဆိုတာ ကျွန်မ ပြန်တွေးလို့ ရခဲ့ပါတယ်..။
ကျွန်မ စိုက်ပျိုးရေးတက္ကသိုလ် စတက်တော့ မိဘများ ပင်စင်ယူတဲ့နှစ်ပါ..။ ကျွန်မ ကျောင်းပြီး လို့ ပြန်လာချိန်မှာ အိုမင်းတဲ့ ဘ၀ကို စနစ်တကျ ဖြတ်သန်း နေခဲ့တယ်..။ စေ့စပ်ချွေတာ ရေးတရား ဟော ကာ နေရာတကာ မိန့်ခွန်းချွေလေ့ရှိသော ဖခင်ကြီး မှာ တရားကက်ဆက် တစ်လုံးဖြင့် စားပွဲမှာ ထိုင်ကာ…ပရိယတ္တိအသင်းမှ ငွေစက္ကူ အစုတ်များကို ပြုပြင်ဖာထေး ၊ ဘဏ်မှာ အသစ်လှဲလှယ် ပေးသည် မှာ နိစ္စဓူဝအလုပ်..။
ဆုံးမ စကား အမြဲပြော ကာအိမ်မှုကိစ္စ များစီမံကွပ်ကဲ တတ်သောမိခင်ကြီး မှာ နဂိုကထက်စကားနည်းသွားတယ်..။ မျက်စေ့မှုန် လို့ ကျွန်မ အား ပရိတ်တော်များကို စာလုံးမည်းမည်းကြီးကြီး နဲ့ ရေးပေးရန်ပြောပါတယ်..။
ကနုတ်ပန်းဖြင့် အလှဆင်ထားသော နှစ်ယောက်အိပ်ကျွန်း ကုတင်ကြီး ကိုဖြုက်သိမ်းလျက် တစ်ယောက်အိပ် သစ်သားကုတင် နှစ်လုံးကို စားပွဲခြားလျက် အဆောင်လို နေသွားသည် မှာ သေသည်အထိ..။
ကျွန်မ မှတ်မိနေတဲ့ စကားလုံးတစ်ခု အခု ကျွန်မ ပြန်လည်ပုံဖေါ် ကြည့်မိပါတယ်..။ သမီးရေ.. *ဘဘ( ကျွန်မ မှ လွဲ၍ အစ်ကို အစ်မများက အဖေ့ကိုဘဘ ဟုခေါ်ကြပါတယ်) တို့ အသက်ကြီးလာပြီး…ကလေးတွေ သားသမီး တွေ ငရဲမကြီးအောင် တတ်နိုင်သမျှ နေသွားတော့မယ်* တဲ့..။
ရိပ်သာ မှ ပြန်လာစဉ် အတွေး မှတဆင့် ကျွန်မ ဖခင်ကြီးပြောခဲ့ဘူးသော ထိုစကားလုံးကို ပြန်လည် သတိရမိပါတယ်..။
-ပစ်ပယ် ကြသော သားသမီး..များလည်း ရှိကောင်းရှိပါလိမ့်မယ်..။
-ယုယချစ်ခင် ကြသော သားသမီးတပည့်တပန်းများလည်း ရှိချင်ရှိပါလိမ့်မယ်..။
-ပြစ်မှား စော်ကားကြမဲ့ ကလေးများတွေ့ခဲ့ရင်တောင်..မကျူးလွန် ခင် ကိုယ်အနေတတ်ဘို့ လိုသည် မဟုတ်ပါလား..။အပြောတတ်ဘို့ လိုသည်မဟုတ်ပါလား..။
တရားအသိ ဖြင့် ကိုယ်ကငြိမ်းအေးခဲ့ပြီ ဖြစ် ပါတယ်..။ သို့သော်လည်း...ကိုယ့်ရဲ့ တရားစွမ်းအားကြောင့် မသိနားမလည် သူများ ပြစ်မှားခဲ့ပါကတန်ပြန် အား မသက်ရောက်စေ လိုပါ..။
ဘာပဲဖြစ်ဖြစ်ပေါ့နော်…. ကျွန်မ မကြာခင်ရောက်ရှိလာတော့ မဲ့ အိုမင်းမစွမ်း ဘ၀ ရဲ့ ရပ်တည်ချက်ကတော့ ကလေး တွေ ငရဲမကြီး အောင် နေထိုင်ပေးဘို့ ပါပဲ..။
မေတ္တာဖြင့်
သစ္စာအလင်း
ဤစာစုဖြင့် ရဲရင့်စွာ သာသနာပြုလျက်ရှိပါသော ကျေးဇူးတော်ရှင် သဘာဝ တရားရိပ်သာ ဆရာတော် ဦးဥတ္တမသာရကို ဦးညွှတ်ကန်တော့အပ်ပါတယ်..။