Monday, July 27, 2015

မာတိကမာတာကို အားကျမိပါသဖြင့်



တစ်ရက်ခွဲ ခန့် လူမမာလုံးလုံး ဖြစ်သွား သောကျွန်မမှာ … ထိုအချိန်များ အတွင်း ကိုယ့်ကိုကို အသုဘကမ္မဋ္ဌာန်း ပွားများရလောက်အောင် စက်ဆုပ်ရွံရှာ ဖွယ် ဖြစ်ခဲ့ရပါတယ်..
ပထမ သွေးစတိုး ကာ အဖျားဝေဒနာ ဖြစ်တော့ သံပုရာရည်များ အသီးများ စား…. နောက်တော့ …ထိုအကျိုးဆက်က နောက်တစ်နေ့ တခါ ၀မ်းသွားသည် မှာ ၁၀ကြိမ်ထက်မနည်း..။
ငါ၏ ကိုယ်မှာ … နံ့သာမွှေးကြိုင် ..
မမြဲခိုင်လှစွာ… ကောင်းရာမမြင်
ဆံပင်သာရှိ..အမွှေးရှိ၍
ခြေသည်းလက်သည်း..သွားလည်း တစ်ထွေ..
အရေ တစ်မျိုး… ညှီနံ့ ဆိုးသည်
အသိုးအပုတ်ချည်းပါတကား..။ အနိစ္စ..ဒုက္ခ..အနတ္တ။ အသုဘ ပါတကား။ ရယ်လို့
သင်္ကြန် တွင်း တုံး က ဓမ္မစက္ခု ဆရာတော် အရှင် ဣန္ဒြိယ (သျှင်မိုးဝေ) သင်ကြားပေးတဲ့ ၃၂ ကောဋ္ဌာသ -တစပဉ္စက ကမ္မဋ္ဌာန်း အနုလုံ၊ ပဋိလုံ ဆင်ခြင် ပုံ ကို သတိရမိပါတယ်..။
အမှန်တကယ် နံစော်...ရေကလည်းမချိုးဝံ့။ မချိုးနိုင်...။ အင်္ကျီ များ ရေချိုးခန်းပုံထားပြီး လဲလှယ် ရပါတော့တယ်..။
ကျောင်းနေဘက် သူငယ်ချင်း တစ်ယောက် က ...* နင်.... ဇရာဆိုတာ လက်မခံ သေးဘူးလား၊ အမှန်လက်မခံဘူးလား၊ ပြန်မရ နိုင်တဲ့ နုပျိုမှု ကို သာယာနေသလား * ဆိုတာမျိုးမပြောသော်လည်းပြော သကဲ့ သို့ သတိပေးလာတာ ...။ သူငယ်ချင်း ရေ ဇာတ်လမ်း ဇာတ်ကွက်ကြောင့် အတိတ်က ဓာတ်ပုံတင်တာများသွား တာပါ..အမှန်တော့ ငါက အိပ်ယာထဲ မှာ အသုဘ အပုပ်ကောင်ဖြစ်နေတာပါ..။
တရားအားထုတ်ရန်ကြွ လာတဲ့ ရဟန်း ၆ ကျိပ် ကို ဆွမ်းသင်္ကန်း၊ ကျောင်း၊ဆေး ဖြင့် ထောက်ပံ့ လှူဒါန်းပြုစုလုပ်ကျွေး တဲ့ * မာတိက မာတာ* မယ်တော် သည်လည်း ၃၂ ကောဋ္ဌာသ ကမ္မဋ္ဌာန်း ဖြင့် အနာဂါမ်တည် သွားတာ ဆရာတော်ကသင်ပေးခဲ့တာ.... လည်းမှတ်မိနေခဲ့ပါတယ်..။
ကောဋ္ဌာသ ဆိုတာကတော့ အစုအပုံ လို့ အဓိပ္ပါယ် ရပါတယ်..။ ကျွန်မ တို့ အားလုံး ရဲ့ ခန္ဓာကိုယ်ကို အစုအပုံ ( ၃၂ ) ပုံ ပုံ လို့ ရပါတယ်..။ ကျွန်မ ပါဠိ၊ မြန်မာ ၊ အင်္ဂလိပ်ဖြင့် ခွဲခြမ်း စာရင်းပြုစု ရှုမှတ်ကြည့်ပါမယ်..။
ပထ၀ီဓာတ် သဘောအစု (၂၀)
-----------------------------------
၁။ ကေသာ = ဆံပင်ပေါင်း (၂၅၀-၀၀၀၀၀)ခန့် = Hair of the head
၂။ လောမာ= အမွှေး (၉၉၀၀၀၀) ခန့် =Hair of the body
၃။ နခါ = လက်သည်းခြေသည်း (၂၀) = Nails
၎။ ဒန္တာ = သွား (၃၂)ချောင်း = Teeth
၅။ တစော = အရေထူ၊ အရေပါး တစ်ကိုယ်လုံး ခွာလျှင် ဇီးစေ့ခန့်= Skin
၆။ မံသံ = အသားတစ် (၉၀၀)ခန့်= Flesh
၇။ နှာရု = အကြော (၇၀၀၀၀)= Sinews
၈။ အဋ္ဌိ = အရိုး (၃၀၀)= Bones
၉။ အဋ္ဌိ မဉ္ဖံ = ရိုးတွင်းခြင်ဆီ၊ အရိုးထဲ မှ ဖြူသောအဆင်း= Bone Marrow
၁၀။ ၀က္ကံ = အညှို့ ၊ နှလုံးသားကိုခြံ ရံ တည်ရှိသော အသားစိုင် နှစ်ခု= Kidneys
၁၁။ ဟဒယံ = နှလုံး၊ တလက်ဖက်မျှသော နှလုံးသွေး၏ တည်ရာနှလုံးသား။= Heart
၁၂။ ယကနံ = အသည်း ၊ကသစ်ရွက် နှင့်တူ၏။= Liver
၁၃။ ကိလောမကံ = အမြှေး၊ နှစ်ခုသောအမြှေး = Membranes
၁၄။ ပိဟကံ = အဖျဉ်း ၊ သရက်ရွက် = Spleen
၁၅။ ပပ္ဖါသံ = အဆုတ်= Lungs
၁၆။ အန္တံ = အူမ ၊ နှစ်ဆယ့်တစ်ပတ်ခွေ = Bowels
၁၇။ အန္တဂုဏံ = အူသိမ်၊ အူမကြီးကို ရစ်ပတ်ခွေနေ၏။= Entrails
၁၈။ ဥဒရိယံ = အစာသစ် ၊စားပြီးစခွေးအံဖတ် နှင့်တူ၏ ။= Undigested Food
၁၉ ။ကရီသံ =အစာဟောင်း ၊ အစာအိမ်မှ ကျက်ပြီးသောကျင်ကြီး = Excrement
၂၀။။ မတ္ထလုင်္ဂံ = ဦးဏှောက် ။ မုန့်ညက်ခဲ နှင့်တူသောဖြူသော ဦးဏှောက်= Brain
အာပေါဓာတ် သဘောအစု (၁၂)
------------------------------------
၂၁။ပိတ္တံ = သည်းခြေ = Bile
၂၂။ သေမှံ = သလိပ် =Phlegm
၂၃။ ပုဗ္ဗော= ပြည်ပုပ်= Pus
၂၄။ လောဟိတံ =သွေး = Blood
၂၅။ သေဒေါ = ချွေး ဆီကြည်အဆင်းရှိ ။= Sweat
၂၆။ မေဒေါ = အဆီခဲ= Fat
၂၇။ အဿု= မျက်ရည် = Tears
၂၈။ ၀ဿာ= ဆီကြည် = Grease
၂၉။ ခေဠာ= တံတွေး= Spittle
၃၀။ သိင်္ဃာဏိကာ = နှပ် =Mucus
၃၁။ လသိကာ= အစေး = Oil of the Joints
၃၂။မုတ္တံ = ကျင်ငယ် = Urine
ထို ၃၂ ကောဋ္ဌာသ အစုတို့ကို ရွတ်ဆိုပွားများ ပြီး..စက်ဆုပ်ဖွယ်…ဆင်ခြင်ရုံမျှ ဆိုတာကတော့ ပညတ်အာရုံ အသွင်သာ ယူထားတဲ့အတွက် သမထ အလုပ်မျှသာ ဖြစ်ပါတယ်..။
ဝိပဿနာ အဖြစ် ပွားများလို တယ်ဆိုရင်ဖြင့် …ပရမတ် အာရုံသို့ ပြောင်းပြီး ရုပ်ကာယ ရဲ့ သဘောအစစ်ကို မြင်အောင်ကြည့်ရပါမယ်..။ ၃၂ ကောဋ္ဌာသ တစ်ခု ချင်းစီကို ခွဲခြားပြီး…..ဥပမာ…ဆံပင် ဆိုလျှင်
ဤ ကိုယ်ကြီး မှာ……( ဆံပင် ) တို့ မည် သည်..အသီးအခြား ဖြစ်သော အစုမျှသာ ဖြစ်၏ ။ စိတ်စေတနာ မရှိ။ အဗျာကတသဘော ဖြစ်၏ ။သတ္တ၀ါ ၊ သူ၊ ငါ၊ မိန်းမ ၊ ယောင်္ကျား သဘောမဟုတ် ။ မာမှု ၊ပျော့မှု ဟူသော ပထ၀ီသဘောမျှ သာတည်း။
ဤ ကိုယ်ကြီး မှာ……( နှပ် ) တို့ မည် သည်..အသီးအခြား ဖြစ်သော အစုမျှသာ ဖြစ်၏ ။ စိတ်စေတနာ မရှိ။ အဗျာကတသဘော ဖြစ်၏ ။သတ္တ၀ါ ၊ သူ၊ ငါ၊ မိန်းမ ၊ ယောင်္ကျား သဘောမဟုတ် ။ ယိုမှု ၊စီးမှု ဟူသော အာပေါ ဓာတ် သဘောမျှ သာတည်း ။
ကျွန်မ အတွက် တော့ အမျိုးအမယ် ၃၂ မျိုး၊ သဘာဝ ကလည်းမတူတော့ ရှု မှတ်ရတာ စိတ်ဝင်စားဖွယ်..တကယ်လည်းယိုစီး လိုက်…ထွက်ကျလိုက်ဆိုတော့..။ (ခယ= ကုန်ခြင်း၊ ၀ယ= ပျက်ခြင်း) သဘောတွေကို မြင် အောင်ကြည့် မိစေ လျက်..အိပ်ယာထက် မှာ နှစ်ရက်ခွဲတာ…. ဖြစ်အောင် အားထုတ် ရပါတော့တယ်..။
ကျမ်းကိုး = ဓမ္မစက္ခု ဆရာတော် အရှင် ဣန္ဒြိယ (သျှင်မိုးဝေ)၏ မဟာသတိပဋ္ဌာန် နှင့် မဇ္ဈိမ ပဋိပဒါကျင့်စဉ် ၊ စာမျက်နှာ ၃၈-၄၃။
ဆရာတော်သို့ ဦးခိုက်လျက်

မေတ္တာဖြင့်
သစ္စာအလင်း

ကျွန်မ ရဲ့ ဇရာ


ပြီးခဲ့တဲ့ စနေနေ့ က ကျွန်မ နဲ့ မြန်မာ့အော်ဂဲနစ
် စိုက်ပျိုးရေးမိသားစု များ ဟာ သံလျင် သဘာဝတရားရိပ်သာ မှာ အလှူဒါနများ ပြူလုပ်ခဲ့ကြပါတယ်..။

သဘာဝ တရားရိပ်သာ လို့ဆိုရင် သက်ကြီးရွယ်အိုများ..လူမမာများ ၊ စိတ်ရောဂါဝေဒနာသည်များ ၊ ခိုကိုးရာမဲ့သူများ ၊ ဒုက္ခသည် အမျိုးမျိုး ကို ကူညီလက်တွဲ ကာသာသနာပြုနေတဲ့ ဆရာတော် ဦးဥတ္တမသာရ ရဲ့ တရားရိပ်သာ ဆိုတာ သိပြီးဖြစ်ကြပါလိမ့်မယ်..။

ဇာတိ ဆိုတာ ရလာတဲ့ သူတိုင်း ဇရာ ဆိုတဲ့ အိုခြင်းဒုက္ခ ကို ရင် ဆိုင်ကြရ မှာ အမှန်ပါ…။ ပဋိသန္ဓေ၊ အိုနာသေ ဟု လေးထွေရင်းမြစ် ဒုက္ခ ဖြစ်တယ် ဆိုတာ…ကျွန်မ မှာ သိရှိနားလည် ထားသော်လည်း အိုမင်းမစွမ်း သူများရဲ့ ဖြစ်အင်ကို မျက်ဝါးထင်ထင် တွေ့ရတဲ့အခါ မှာတော့ စိတ်နှလုံးသည် ညံ့သက်ငုတ်လျှိုး သွား ခဲ့ပါတယ်..။

ဆရာတော်ရဲ့ ကြီးမားတဲ့မေတ္တာတရား… ဝေယျာဝစ္စ ၀ိုင်းဝန်းသူများ ရဲ့ စေတနာ တရား မလေးစား မဦးညွှတ်ပဲ မနေနိုင်ခဲ့ပါ..
ကိုယ်က ကိုယ့်ခန္ဓာ ကိုယ် သယ်နိုင် နေသေးတာ မို့ ဒီ လို အချိန် ရောက်ဘို့ အတန်ငယ် ကာလ တစ်ခု ဝေးသေးတယ် လို့ ထင်နေပေမဲ့ အိုမင်းမစွမ်း ဆိုတဲ့ မစွမ်းသန်သောအချိန်မှာ ဖျတ်ကနဲ ရောက်လာနိုင် တာကိုလည်းကျွန်မ ထည့်တွက်မိပါတယ်..။

ကျွန်မ နဲ့အတူ သုတေသနများ..ပရဟိတ လုပ်ငန်းများ လက်တွဲလုပ်ကိုင် မယ် လို့ ကြံစည်ပြောဆိုနေတဲ့ မိတ်ဆွေ တစ်ဦး ဟာ ဖျတ်ကနဲ လေဖြတ်သွားခဲ့တာ..။ကျွန်မ ကိုယ်တွေ့…ကိုယ့်ဆီ ဒီဒုက္ခ အချိန်မရွေးကျရောက်လာနိုင်တယ်ဆိုတာ မထည့်တွက်ချင်လို့ မရပါ..။
ကိုယ်က ဘယ်လို သြဇာပေးစေခိုင်းခဲ့သူ ဖြစ်ပါစေ… ဦးဆောင် ဦးရွက် ပြုနေသူဖြစ်ပါစေ……. မစွမ်း တော့ပါဘူးဆိုတဲ့အချိန်မှာတော့ ..ဘေးကပြုသမျှ…. ကောင်းသည် ဆိုးသည် ရွေးချယ် နိုင်စွမ်းပင်မရှိ…၊ညင်းပယ်နိုင်အားမရှိ ၊တိတ်ဆိတ်စွာ လက်ခံ ရတော့သည်သာ..။

သဘာဝ တရားရိပ်သာ ကတော့ လူ့လောက ဇာတ်ခုံ မှ ဇာတ်လမ်းဇာတ်ကွက် အမျိုးမျိုး မှ သရုပ်ဆောင်များ သဖွယ် သင်္ခန်းစာများ..သံဝေဂများ..ဆင်ခြင်ဥာဏ်များ ကို ပေးဝေနေတယ် လို့ ကျွန်မ ကထင်မြင်မိပါတယ်..။

ကိုယ်က ပစ္စည်းဥစ္စာ ရှာ ထားခဲ့သောလည်း အတူနေသူ တူ၊ တူမများ က ရွှေ အတု ကို အစစ် နဲ့ လဲလှယ် ယူထားပါသတဲ့..။ ပြီးတော့မယောင်မလည် နဲ့ သိမ်းသွင်းဆွဲဆောင်ခေါ်ယူကာ သဘာဝ ရိပ်သာ နားမှာ ပစ်ထားခဲ့ ပါတယ်။ ကိုယ် ရှာထားခဲ့တဲ့ ပစ္စည်းဥစ္စာ က ချမ်းသာအစစ်ကို မပေးစွမ်းနိုင်မကယ်တင်နိုင်တာကို ရုတ်တရက် အစိမ်းသက်သက် လက်ခံ လိုက်ရချိန်မှာ စိတ်ကမခိုင်…. ယိုင်နဲ့ လဲပြိုရတော့တဲ့အဖွား..တစ်ယောက်…

ဝမ်းနဲ့ ဆီးက မလွတ်တော့ အိမ်သာထိုင်ခုံလေး ကုတင်နားထားပြီး ကိုယ့် ကျင်ကြီးကျင်ငယ်နံ့ နဲ့ကိုယ် နပန်းလုံးကာနေရရှာသော အဖွားတစ်ယောက်မှာတော့ ကျွန်မ တို့ အလှူ ပစ္စည်းပေးတဲ့အခါ ရှိုက်ကြီးတစ်ငင် ငိုချ လိုက်ပါတယ်…။ အကြောင်းပြချက်ကိုမပြောပြသော်လည်း တစ်ခါက သူရှာဖွေကျွေးမွေး ပြုစုယုယခဲ့သော သားသမီးများ၊ အသိုင်းအ၀ိုင်းများ ကို သတိရသည်လား..နာကျည်းသည်လား…၀မ်းနည်းအားငယ် သည်လား မှန်းဆလို့သာ တွေးမိပါတယ်..။

အဖွားဒေါ်တင်ကြည်တဲ့..အသက် က ၈၀ ရှိပြီ..သားသမီး ကလည်းမပစ်ပယ်ခဲ့ပါ..အခုထိ ခင်တွယ် နေဆဲ..။ သို့သော် သမီးက ၄၅ နှစ် ဦးနှောက် ကမကောင်း ဆေးကလည်းကုနေရသေးဆိုတော့ ကိုယ့်ခန္ဓာဝန် က လေးလံ လှ ပြီ ထင်တာ…နှစ်ယောက်စာ ထမ်းရတော့မနိုင်မနင်း..လမ်းဘေး ဆင်းနေရတဲ့ဘ၀…..။ တရားရိပ်သာ ရောက်မှ ကူမဲ့ ကယ်မဲ့လက်များ ဖမ်းဆုပ်ထားခဲ့ရ..သမီးကိုလည်းထားခဲ့ ဘို့ စိတ်ချသွား..ရပါတယ်တဲ့..။

ကုတင် ၁၀ လုံးခန့် ထည့်ထားတဲ့ တဲတန်းလျားရှည် လေးထဲ မှာတော့ အဖိုး လို့ လည်းမဆိုနိုင်…. သက်လတ်တန်း အမျိုးသား တစ်ချို့ကတော့ ကြောင်စီစီ မျက်လုံးများ အပြူးသားနဲ့..ကုတင် တစ်လုံး မှာကတော့ ပုဆိုး ပင်မလုံချင်…။ ပုံမှန် အနေအထားမဟုတ်လေတော့ သူတို့သည် နုပျိုစဉ် က သူတို့ ရဲ့ ပုံမှန်စိတ် ဓာတ် ကြံ့ခိုင်မှု များကို တိုက်စားဖြိုဖျက် ခဲ့တဲ့ မူးယစ်သေစာ များသုံးစွဲခဲ့လေသလား..ရယ်လို့ ခန့်မှန်းကြည့်ရပါတယ်..။

သေခြင်း တရားဆိုတာ အချိန်မရွေး ဖျတ်ကနဲ သေနိုင်တယ် ဆိုတဲ့ မရဏာ နုဿတိ ကတော့ လေယာဉ်စီးချိန် ၊ ကားစီးချိန် ၊ ရထားစီးချိန် ၊ ထိုင် နေချိန် လမ်းလျှောက်နေချိန် Accident သတင်းများဖတ်မိနေချိန်မှာ (ငါလည်း တနေ့ ဒီလို --- အခုနေ သေရင် အကုန် တန်းလန်းထားခဲ့ရမယ်) ဆိုတာ နှလုံးသွင်းသွင်းနေဖြစ်တာမို့ နှလုံးသားဟာ သေခြင်း သတိဖြင့် ထုံနေခဲ့ပါတယ်..

မသေပဲ ဒုက္ခိတ ဘ၀ နဲ့ အိုနေခဲ့ရင် ဆိုတာ ကို တော့ ထို ရိပ်သာ ရောက်မှ ကျွန်မပြက်ပြက်ထင်ထင် တွေး မိပါတော့တယ်..။ မကြာခင် ကျရောက်လာတော့မဲ့ ကျွန်မ ရဲ့ အိုချိန် ၊နာချိန် ကို ကျွန်မ ဘယ်လို ပြင်ဆင် မည် လဲဆိုတဲ့ အတွေး ကို မတွေးချင်လို့မရ ကျွန်မ စနစ်တကျ တွေးရပါတော့မယ်..။

ဒီအချိန် မှာတော့ ကျွန်မဟာ အသက် ၈၃ နှစ် ထိ လူ့လောက ထဲနေသွားခဲ့သောကျေးဇူးရှင်မိခင်ကြီး နှင့် ၈၈နှစ်ထိ နေသွားခဲ့သောကျေးဇူးရှင်ဖခင် ကြီး နှင့် လက်ပွန်းတတီး နေထိုင် ခဲ့ဘူးသော ကျွန်မ မှာ တစ်ချိန် မိဘ တွေ နဲ့ နေခဲ့ရချိန်ကို အထူးပဲ လွမ်း ဆွတ် သတိရ မိပါတယ်…။

ကျောင်းဆရာ၊ ဆရာမများဖြစ်တဲ့အပြင် ၊ မိုးညှင်းဆရာတော်ဘုရား ကြီး ရဲ့ တရားရိပ်သာ မှာ တရားအားထုတ်ထားခဲ့သော ကျွန်မ ရဲ့ကျေးဇူးရှင် မိဘ နှစ်ပါးသည် စနစ်တကျ အို သွားခဲ့တာ ဆိုတာ (တစ်နည်း ) လူအိုဘ၀ကို စနစ်တကျဖြတ်သန်းခဲ့တယ် ဆိုတာ ကျွန်မ ပြန်တွေးလို့ ရခဲ့ပါတယ်..။

ကျွန်မ စိုက်ပျိုးရေးတက္ကသိုလ် စတက်တော့ မိဘများ ပင်စင်ယူတဲ့နှစ်ပါ..။ ကျွန်မ ကျောင်းပြီး လို့ ပြန်လာချိန်မှာ အိုမင်းတဲ့ ဘ၀ကို စနစ်တကျ ဖြတ်သန်း နေခဲ့တယ်..။ စေ့စပ်ချွေတာ ရေးတရား ဟော ကာ နေရာတကာ မိန့်ခွန်းချွေလေ့ရှိသော ဖခင်ကြီး မှာ တရားကက်ဆက် တစ်လုံးဖြင့် စားပွဲမှာ ထိုင်ကာ…ပရိယတ္တိအသင်းမှ ငွေစက္ကူ အစုတ်များကို ပြုပြင်ဖာထေး ၊ ဘဏ်မှာ အသစ်လှဲလှယ် ပေးသည် မှာ နိစ္စဓူဝအလုပ်..။

ဆုံးမ စကား အမြဲပြော ကာအိမ်မှုကိစ္စ များစီမံကွပ်ကဲ တတ်သောမိခင်ကြီး မှာ နဂိုကထက်စကားနည်းသွားတယ်..။ မျက်စေ့မှုန် လို့ ကျွန်မ အား ပရိတ်တော်များကို စာလုံးမည်းမည်းကြီးကြီး နဲ့ ရေးပေးရန်ပြောပါတယ်..။

ကနုတ်ပန်းဖြင့် အလှဆင်ထားသော နှစ်ယောက်အိပ်ကျွန်း ကုတင်ကြီး ကိုဖြုက်သိမ်းလျက် တစ်ယောက်အိပ် သစ်သားကုတင် နှစ်လုံးကို စားပွဲခြားလျက် အဆောင်လို နေသွားသည် မှာ သေသည်အထိ..။

ကျွန်မ မှတ်မိနေတဲ့ စကားလုံးတစ်ခု အခု ကျွန်မ ပြန်လည်ပုံဖေါ် ကြည့်မိပါတယ်..။ သမီးရေ.. *ဘဘ( ကျွန်မ မှ လွဲ၍ အစ်ကို အစ်မများက အဖေ့ကိုဘဘ ဟုခေါ်ကြပါတယ်) တို့ အသက်ကြီးလာပြီး…ကလေးတွေ သားသမီး တွေ ငရဲမကြီးအောင် တတ်နိုင်သမျှ နေသွားတော့မယ်* တဲ့..။

ရိပ်သာ မှ ပြန်လာစဉ် အတွေး မှတဆင့် ကျွန်မ ဖခင်ကြီးပြောခဲ့ဘူးသော ထိုစကားလုံးကို ပြန်လည် သတိရမိပါတယ်..။

-ပစ်ပယ် ကြသော သားသမီး..များလည်း ရှိကောင်းရှိပါလိမ့်မယ်..။
-ယုယချစ်ခင် ကြသော သားသမီးတပည့်တပန်းများလည်း ရှိချင်ရှိပါလိမ့်မယ်..။
-ပြစ်မှား စော်ကားကြမဲ့ ကလေးများတွေ့ခဲ့ရင်တောင်..မကျူးလွန် ခင် ကိုယ်အနေတတ်ဘို့ လိုသည် မဟုတ်ပါလား..။အပြောတတ်ဘို့ လိုသည်မဟုတ်ပါလား..။

တရားအသိ ဖြင့် ကိုယ်ကငြိမ်းအေးခဲ့ပြီ ဖြစ် ပါတယ်..။ သို့သော်လည်း...ကိုယ့်ရဲ့ တရားစွမ်းအားကြောင့် မသိနားမလည် သူများ ပြစ်မှားခဲ့ပါကတန်ပြန် အား မသက်ရောက်စေ လိုပါ..။

ဘာပဲဖြစ်ဖြစ်ပေါ့နော်…. ကျွန်မ မကြာခင်ရောက်ရှိလာတော့ မဲ့ အိုမင်းမစွမ်း ဘ၀ ရဲ့ ရပ်တည်ချက်ကတော့ ကလေး တွေ ငရဲမကြီး အောင် နေထိုင်ပေးဘို့ ပါပဲ..။

မေတ္တာဖြင့်
သစ္စာအလင်း

ဤစာစုဖြင့် ရဲရင့်စွာ သာသနာပြုလျက်ရှိပါသော ကျေးဇူးတော်ရှင် သဘာဝ တရားရိပ်သာ ဆရာတော် ဦးဥတ္တမသာရကို ဦးညွှတ်ကန်တော့အပ်ပါတယ်..။

မက္ခ နှင့် ထမ္ဘ ( နေက္ခမ္မ ပါရမီသို့ ဦးညွှတ်ပူဇော် ခြင်း)



 


ဒီတရား နှစ်ပါး ဟာမာရ်နတ် ရဲ့ အဋ္ဌမ မြောက်စစ်တပ် တွေ ဖြစ်ပါတယ်.။
ကျးဇူးတော်ရှင် ဘုရားရှင် ဖြည့်တင်းဆည်းပူတော် မူခဲ့တဲ့ ပါရမီ များစွာ ထဲက နေက္ခမ္မ ပါရမီ ( ဆွဲဆောင်မှုများမှ ရုန်းထွက်ခြင်း ပါရမီ) ကို ရိုးကျိုးဦးခိုက် ပူဇော် ရင်း ဒီစာစုကို ရေး ဖြစ်ခဲ့ပါတယ်.. ။ ထို ရုန်းထွက်ခြင်းသည်လည်း မိမိအကျိုးစီးပွားအတွက် ဆွဲဆောင်မှုများ မှ ရုန်းထွက်ခြင်း မဟုတ်..။ လောကအကျိုးစီးပွားအတွက် ဆောင်ရွက်နိုင်ရန် ရုန်းထွက်ခဲ့ခြင်းဖြစ်ပါတယ်..။ နေက္ခမ္မပါရမီ အနေနဲ့ ရုန်းထွက်ရမဲ့ ကိလေသာကာမ၊ ၀တ္ထုကာမ တို့ကို မာရ်နတ် ရဲ့ တပ်မကြီး (၁၀) တပ်အဖြစ်တင်စား ၍ ကျမ်းဂန်တွေကဆိုပါတယ်..။

အရင်က ကျွန်မ ဟာ ကျေးဇူးတော်ရှင် ဘုရားရှင် ရဲ့ ပါရမီ တော် (၁၀) ပါးများထဲ မှ နေက္ခမ္မ ပါရမီကို ပူဇော် ကြည့်ညိုရေးသားနေခဲ့တာ မာရ်နတ် ရဲ့ ပဉ္စမ မြောက် စစ်တပ်ထိ ပြီးခဲ့ ပြီ ဖြစ်ပါတယ်.။
အခု ရေးမဲ့ *မက္ခ* နဲ့ *ထမ္ဘ* ကတော့ အဋ္ဌမမြောက်စစ်တပ် ဖြစ်ပါတယ်..။ ကျွန်မ တို့ လုပ်ငန်းတွေကို ဆောင်ရွက်တဲ့အခါ အောင်မြင်ရိပ် ကို တွေ့ တဲ့အခါ တွေ့သည် နှင့်တစ်ပြိုင်နက် ရှေ့သွား ပုဂ္ဂိုလ် တို့ ရဲ့ ကျေးဇူးကို ပယ် ဖျက်တတ်ကြပါတယ်..။
မိမိသာ လျှင် အတော်ဆုံး၊ အတတ်ဆုံး ၊ အဖြစ် တစ်စင်ထောင်တတ်ကြပါတယ် ၊ ဤသို့ သူ့ကျေးဇူးကို ချေဖျက်ခြင်း *မက္ခ* နှင့် တစ်စင်ထောင်ခြင်း ထမ္ဘ တို့ ကိုပြုမိကြတယ် ဆိုလျှင် မာရ်နတ် ရဲ့ အဋ္ဌမ မြောက် စစ်တပ် မှာ ကျဆုံးတယ်လို့ မှတ်ယူရမှာ ဖြစ်ပါတယ်..။

ပိုပြီး အကျယ် တစ်ဝင့်ဖွင့်ဆိုရမယ် ဆိုလျှင်...
*မက္ခ* ဆိုတဲ့စကား ကို အတိုဆုံး ဖေါ်ပြ တဲ့အခါ ( သူ့ကျေးဇူးကိုချေဖျက်မှု) လို့ အဓိပ္ပါယ် ရပါတယ်..။ အဘိဓာန် မှာ ရှာဖွေ တဲ့အခါ မှာတော့ သူတစ်ပါး ရဲ့ ဂုဏ်ကျေးဇူးကို ကြိတ်ချေဖျက်ဆီးခြင်း ၊သူတစ်ပါး ရဲ့ ကျေးဇူးကို မသိခြင်း ၊ဖုံးကွယ်လိုခြင်း ၊ရေချိုးပြီး ကာစ မှာ ကိုယ်ပေါ် မှ ရေကို ကိုယ်သုတ်ပုဝါ ဖြင့် ပြောင်စင်အောင်သုတ်ပစ်သကဲ့သို့ အခြားသူများ ရဲ့ ဂုဏ် နဲ့ ကျေးဇူး တို့ကို ဘာမှ မကျန်အောင် ကာယကံ ၊ ၀စီကံမြောက် ၊ ထိထိရောက်ရောက်ဖျက်ဆီးခြင်း သည် *မက္ခ* ရဲ့ အလုပ်ကိစ္စ (ရသ) ဖြစ်ပါတယ်..။ ဂုဏ်တွေ ပေါ်လွင်ထင်ရှားမလာအောင် လည်းဖုံးကွယ် တတ်တဲ့သဘောတွေလည်းပါပါတယ်..။ဂုဏ် တွေ ကျေးဇူးတရားတွေကို ဖေါ်ထုတ်ပြောဆိုခြင်းမရှိပဲ ၊မကောင်းကွက်ကိုသာပြောဆိုနိုင်တော့တာ ဟာ *မက္ခ* ရဲ့ သဘောပါ။
ထို *မက္ခ* ရဲ့ သဘောကို ဥပမာပေးတဲ့အခါ မစင်ကိုင်ပြီး ကျေးဇူးပြုဘူးသူအားပစ်ပေါက်တာ နဲ့ တူပါတယ်တဲ့..။ မစင် နဲ့ ပစ်ပေါက်တယ် ဆိုလျှင် မိမိလက်ကိုရှေးဦးစွာ မစင်လူးသကဲ့သို့ ဖြစ်ပေါ်သူအား ရှေးဦးစွာ အကျိုးမဲ့ ဖြစ်စေပါတယ် ..။

ထမ္ဘ ဆိုတာကတော့ ဆရာကြီးဦးရွှေအောင် စာအုပ် မှာ ကတော့ မိမိကိုယ်ကို တစ်စင်ထောင်မှု လို့ ဖွင့်ဆိုထားပါတယ်..။ ကျွန်မ ရဲ့ အိုင်ပက် တိပိဋက အဘိဓာန်ကျမ်းအရ ရှာကြည့်တဲ့အခါ မှာတော့ မာန+ ဒေါသ+ လောဘ စတဲ့ကိလေသာတွေ ပေါင်းစပ်ထားတဲ့ကိလေသာ ကြောင့် စိတ်ရဲ့ တောင့်မာခြင်းအကြောင်း လို့ ဆိုပါတယ်..။ ဥပမာအားဖြင့်ဆိုရင်တော့ ထွန်တုံးမြို သော စပါးကြီးမြွေ ကဲ့သို့ တောင့်ခိုင်နေတာ၊ မကိုင်းညွတ်၊ မရိုသေခြင်း အကြောင်း လို့ ဖွင့်ဆိုထားပါတယ်..။ လေဖြင့်ပြည့်သော အိတ်ကဲ့သို့ တင်းမာခြင်း ၊မပျော့ပြောင်းခြင်း အကြောင်း ၊ သည် *ထမ္ဘ* ဖြစ်ပါတယ်..။
ဒီတပ်မ ဟာ အခြားသော တပ်မများထက် ပိုပြီး သိမ်မွေ့ နက်နဲလှပါတယ်..။အပ္ပမာဒ တရားကင်းမဲ့ လျှင် ဤ တပ်မ မှာ ကျဆုံး တတ်ကြတာ… ။ မြန်မာ ရာဇ၀င် ကို ပြန်ကြည့်မယ် ဆိုလျှင် အလောင်းစည်သူမင်းကြီး က * ဘေးတော် ၊ ဘိုးတော်များသည် ငါ့လောက် ဘုန်းကံမကြီး * လို့ နှုတ်က မြွက် လိုက်တာ နဲ့ တစ်ပြိုင်နက် သူ့ ရဲ့ မျက်စိများကွယ် သွား တယ် ဆိုတာ မှတ်တမ်းများအရ သိရပါတယ်..။

အမှန်မှာကတော့ ဘေးတော်..ဘိုးတော်များကို အထင်သေးစိတ် ၊စော်ကားလိုတဲ့စိတ် နဲ့ မြွက်ဆို ကြုံးဝါးခဲ့တာတော့မဟုတ်ပါဘူး..။ သူ့ယုံကြည်မှု နဲ့ သူ သဘောရိုး ဖြင့် မြွက်ဆိုခဲ့တာ တောင် စိတ်လှိုင်း တွေ ရဲ့ သဘာဝ က မျက်နှာ မလိုက် မာရ်နတ်က အဋ္ဌမ မြောက် စစ်တပ်ဖြင့် ၀င်ရောက် တိုက်ခိုက်သည့်အခါ မျက်စိ ကွယ် ခဲ့ရဘူးပါတယ်..။
ဒါကြောင့် မို့ ကျွန်မ တို့ ရဲ့ ကျေးဇူးတော်၇ှင် ပိုင်းလော့ဆရာတော်ဘုရားကြီးက လောက အောင်မြင်မှု သော့တံခါးသည် ကျေးဇူး တရားကို သိတတ်ခြင်း ရယ်လို့ ထောက်ပြ ဆုံးမခဲ့ဘူးပါတယ်..။

ရခဲ လှတဲ့ ပု ဂ္ဂိုလ် (၃) မျိုး ထဲ မှာ -(၁) မိမိ အပေါ်ပြုဘူးတဲ့ ကျေးဇူး ရှိပါတယ်အသိအမှတ်ပြုတဲ့သူ (၂) ကျေးဇူးရှိပါတယ်လို့ လို့ထုတ်ဖေါ် ပြောဘူးတဲ့လူ။(၃) ကျေးဇူးကို ဆပ်တတ်တဲ့ သူ ဆိုတာ ရခဲ လှပါတယ် တဲ့..။
လောက ဆိုတာကလည်း ထို သို့ သူတထူးရဲ့ကျေးဇူးကိုသိတဲ့ သူ ဆိုတာ အလွန် ရှားပါးပါတယ် တဲ့…. ငါသိ၊ ငါတတ် တယ် ဆို တဲ့ *မက္ခ* နဲ့ *ထမ္ဘ* ရှိသူများ သာပေါများ လှပါတယ်..။ ဒါကြောင့်လည်း သိပ်တော် သိပ်တတ်သော်လည်း မာရ်နတ် ရဲ့ အဋ္ဌမ တပ်မ မှာ ကျဆုံးရတဲ့သူတွေ များ တော့တာပါပဲ..။ ခေတ်စကား အရဆိုရင်တော့ မြောင်းထဲ ရောက်ရတော့တာ..။

ဒီတပ် မမှာ အလောင်းစည်သူမင်းကြီး တောင် သတိလက်လွတ် ဖြစ်ရသေးတာ ဆိုတော့ ကျွန်မ တို့ လူသာမန် တွေအဘို့ ဒီတပ်မ ရဲ့ အောက်မှာ အလဲလဲ အကွဲ ကွဲ ပေါ့နော်..။ ကျွန်မ ဒီပိုစ့် ရေး တာက ကျေးဇူးမသိမှုကို အပြစ် တင် ထောက်ပြရန်မဟုတ်..သိရှိပြီး ဘယ်လို ကျော်လွှားကြမလဲ ဆိုတာကို မျှဝေချင်တာသက်သက်ပါ..။

ကျေးဇူးတော်ရှင် ဘုရားရှင် ရဲ့ *မက္ခ* နဲ့ *ထမ္ဘ* ကိုမောင်ထုတ် ခြင်းကို နမူနာအဖြစ် ပြောပြပူဇော်ပါရစေ..။
ကျွန်မ တို့ ရဲ့ ကျေးဇူးတော်ရှင် မြတ်စွာ ဘုရား သည်..* သစ္စာလေးပါး ၊မြတ်တရားကို ဆရာမရှိ၊ ကိုယ်တော်တိုင် သိတော်မူ ခဲ့တာ..။ မိမိဘာသာမိမိ ထိုးထွင်း သိရှိတော်မူခဲ့တာ * ဖြစ်ပါတယ်..။ ဆရာမရှိ ခြင်းအပေါ် မည်သို့ နှလုံးသွင်း ကာ *မက္ခ* နဲ့ *ထမ္ဘ* ကိုမောင်းထုတ်ခဲ့ပါသနည်း။ ကျွန်မ စိတ်ဝင်စားမိပါတယ်..။

 •
 မိမိသည် သစ္စာလေးပါး ၊ မြတ်တရားကို အသစ်အဆန်းအနေနှင့်သိခြင်း မဟုတ် ၊ ရှေးဘုရားများသိတော်မူသည့်အတိုင်းသာ ၊ သိခြင်း ဖြစ်တယ် ဟူ၍ လည်းကောင်း။
• မိမိသည် ရှေးရှေးဘုရားများကျင့်တော်မူသည့်အတိုင်းသာ ကျင့် ခြင်းဖြစ်သည် ဟူ၍ လည်းကောင်း ။
• မိမိသည် ရှေးဘုရားများ အနွယ် သာ ဖြစ်သည် ဟူ၍ လည်းကောင်း ။
ဖခမည်းတော် သုဒ္ဓေါဒန မင်းကြီး အားမိန့် ကြားတော် မူသည့်အပြင် *မက္ခ* နဲ့ *ထမ္ဘ* ကိုမောင်းထုတ်တော်မူခဲ့ပါတယ် တဲ့..။
အရာရာ ကို ငါ ဖယ်ထားရင်တော့အဆင်အပြေဆုံးပါ။
ငါမဖယ်နိုင်သေးရင်တော့ ကျေးဇူးတရား များကိုအသိအမှတ်ပြုခြင်း ။ ထုတ်ဖော်ပြောဆိုခြင်း။ တတ်စွမ်းသရွေ့ပေးဆပ်ခြင်းဆိုတာ ရှိရပါမယ်။
အရာရာ အကြောင်းညီညွတ်မှသာဖြစ်တ္တ်တာ ငါတော် ငါတတ် ငါစီမံတတ်လို့မဟုတ် ဆိုတဲ့ရင်ထဲကစပါးကြီးမြွေတွေ ကိုဖယ်ထုတ်ရပါမယ်။
ကျေးဇူးတော်ရှင် ဘုရားရှင် ဖြည့်တင်းဆည်းပူတော် မူခဲ့တဲ့ ပါရမီ များစွာ ထဲက နေက္ခမ္မ ပါရမီ ( ဆွဲဆောင်မှုများမှ ရုန်းထွက်ခြင်း ပါရမီ) ကို ရိုးကျိုးဦးခိုက် ပူဇော်လိုက်ပါရစေ..။ ကျွန်မ တို့သည် လည်း မာရ်နတ် ရဲ့ တပ်မတွေကနေ လောကအကျိုးစီးပွားအတွက် ဆောင်ရွက်နိုင်ရန် ရုန်းထွက်ဘို့ ကျွန်မ တို့ ရင် ထဲက *မက္ခ* နဲ့ *ထမ္ဘ* ကို ရှာဖွေ မောင်းထုတ်ကြ ရအောင်ပါ..။

ကျမ်းကိုး-ဆရာကြီး ဦးရွှေအောင်(လောကသား တို့ရဲ့အနှိုင်းမဲ့ကျေးဇူးရှင် -စာ

၁၇၃၊ ၁၇၄)
  မေတ္တာဖြင့် 
သစ္စာအလင်း

ကြင်နာတတ်သော နှလုံးသား ( အင်းတော်ကြီးဒေသ)


အင်းတော်ကြီး ကန်ရိပ် ခိုနေတဲ့ ရွာပတ်ပတ်လည် ၈ ရွာ ကို ကွင်းဆင်းလေ့လာ ရင်း တတိယရွာ အရောက်မှာ တောင်သူပညာပေး ဟောပြောပွဲ လေးပါ ဒေသခံ များကတောင်းဆို တာမို့ ကျန်ရွာများမှာဆက်တိုက် ပြုလုပ်ပေးခဲ့ပါတယ်..။

စိုက်ရေး ပျိုးရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ၊ အစားအစာများ ဘေးကင်းရေး ၊ အဟာရဓာတ်ပြည့်ဝအောင်နေထိုင်စားသောက်နည်း တွေ ၊ သဘာဝမြေသြဇာပြုလုပ်နည်းတွေ…… ပြော ပြလိုက်တာ…. ဝေးကွာ နေတဲ့ သွေးသားရင်းချာ တစ်ယောက် ရောက်လာပြီး စီကာပတ်ကုံး ပြောပြ တာကိုနွေးထွေးစွာ နားထောင်ကြ သည့်နှယ် ဆက်ဆံကြတာမို့ ကျွန်မ မှာလည်း မောမှန်းမသိ ပန်းမှန်းမသိ… နာရီများပင်မကြည့်မိ။
မိုးထဲ လေထဲ..ရေထဲ ..လှိုင်းထဲ..ရွှံထဲ ဗွက်ထဲ ရုန်းကန် လှည့်လည် လိုက်တာ…….။
စကားလုံး များမှတဆင့် ဈာန်ဝင်စားကာ တောင်သူများ လူစုခွဲရန်ပင် ခက်ခဲခဲ့ ရသော အမှတ်တရ နေ့ရက်များ ..။

စကားဝိုင်းတွေမှာ ပြောရင်း ဆိုရင်း နဲ့ ကျွန်မမှာ အကျိုးပြုအဏုဇီဝပိုး Lactobacillus ဒိန်ချဉ်ပိုး အကြောင်း ပြောမယ် ကြံစည် တာမို့ ဒိန်ချဉ်သောက်ဘူးလား မေးလိုက်တာ…။တောင်သူအကုန်လုံး တစ်ညီတစ်ညာ တည်းဖြေကြတာ…. ဒိန်ချဉ် မပြော နဲ့ နွားနို့ ပင် မသောက်ဘူးပါ တဲ့..။
ဒီဒေသ မှာ အခြားဒေသ ထက်စာရင် နွားအုပ်တွေ ကိုလမ်းတွေ ပေါ်မှာ သွားလာနေတာ တွေ့ ရတတ်တာ.ပဲ ဘာလို့မသောက်ဘူးပါလိမ့် ပေါ့.။ လမ်းပေါ်မှာ ကား တွေ ဆိုင်ကယ် တွေက ပင် ရှောင်ရတာ မို့ သူတို့ အေးအေးဆေးဆေး ဖြစ်နေတာ တွေ့ ရ ပါတယ်..။ ဒါကြောင့် နွားလည်းမရှားပဲ ဘာလို့ နွားနို့ မသောက်တာလည်း မေးကြည့်တော့မှ..သူတို့ ဒေသ မှာ နွားမ ထံ မှ နွားနို့ ညှစ်ယူတဲ့ အလေ့အထ လုံးဝမရှိပါတဲ့..။ နွားနို့ဆိုတာ နွားကလေးသောက်ဘို့ ပဲ လို့ လက်ခံ ယုံကြည်ထားပါသတဲ့..။ တကယ်ပင်ထူးဆန်းလေစွ ကြင်နာလွန်းစွ ပါတကား..။

အဲဒီအခါ ကျွန်မမှာ

အစာထိုးသွတ် ကျွေးပြီး အသည်းအဆီဖုံး ရောဂါ ဖြစ်စေပြီး မှ ကော့ညက်အရက်နဲ့ စားတတ်တဲ့ Foie Gras အစားအသောက်များ….ထုတ်ယူခံရတဲ့ ငန်းများ ........
အရှင်လတ်လတ် မီးမြှိုက်ရုံမက အော်သံမကြားရအောင် နှုတ်သီးပါ ကြိုးနဲ့ချည်ထားတဲ့ Yulin Dog များ......
စားသောက်ဆိုင် တွေရဲ့ စားပွဲခုံအောက်မှာ အရှင်လတ်လတ်ကြိုးချည် ခံ ထားပြီး မှာ ခေါင်းကို တူထု ပြီးအခွဲခံ ဘို့ အသင့်စောင့်နေရတဲ့မျောက် ကလေး များ .....
နေ့စဉ် အုံနဲ့ ကျင်းနဲ့ သတ်ဖြတ်ခံနေရတဲ့ Factory Animals များကို.....

ကယ် တင်ခွင့် ရလျှင်တော့ ကြင်နာတတ်သော ဒေသခံများ ပူးပေါင်း ကြိုးစားဆောင်ရွက်နေတဲ့ အင်းတော်ကြီးဒေသ ရဲ့ ဇီဝအ၀န်းအ၀ိုင်း မှာ လွတ်လပ်စွာ ရှင်သန်ခွင့်ရစေချင်စမ်းပါဘိတော့တယ်..။

*** ဤစာစုဖြင့် ကျွန်မချစ်ခင်ခဲ့ပြီဖြစ်တဲ့ အင်းတော်ကြီးဒေသ သို့ အမှတ်တရ ဂုဏ်ပြုအပ်ပါတယ်..။

aမေတ္တာဖြင့်
သစ္စာအလင်း

ဘ၀င် ...ဘဝ



ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရား က ဟောဘူးတယ်..။
စိတ်မှီတဲ့နေရာ က ဘ၀င် တဲ့...။
လူတွေ နိုင်ငံခြား မှာ နေ သိပ်ကောင်းတဲ့ ဟိုတယ် တွေ ..ဈေးကြီး တွေ တိုက်တာ အဆောက်အဦတွေ..အစားအသောက်တွေ သုံးဆောင်ခံစား ရတဲ့အခါ စိတ်မှီတဲ့ ဘ၀င်မှာ စွဲထင်နေတတ်တယ် တဲ့...။
တကယ့်လက်တွေ့ တွေ့ကြုံ ရင်ဆိုင်နေရတာ ကတော့ ဘ၀ တဲ့...။
မြန်မာပြည် ပြန်လာ တဲ့ အခါ လက်တွေ့  ဘ၀ ကို ပြန်တွေ့ တဲ့အခါ ..
ဘ၀ နဲ့ ဘ၀င် က ကွာ ဟသွားတယ် တဲ့.. ဘ၀ ကနိမ့် တဲ့အခါတိုင်း....
အင်း.......
ငါတို့ စလုံး မှာ က..ဒီလို
အော်ဇီ မှာဆိုရင်လေ....
ယူအက်စ် မှာ က ဒီလို မဟုတ်ဘူး..
အင်္ဂလန် မှာ က ဘယ်သို့ ဘယ်ချမ်းသာ... စသည်ဖြင့်
ဘ၀င်က အမြင့် မှာ ရောက်သွား တာ...
ဘ၀ ကနိမ့်ပြီး ဘ၀င်က အမြင့်မှာ မို့..
ဘ၀င်မြင့်တယ် ဆို တာ ဖြစ်လာတယ် တဲ့..။
ကိုယ့်မလည်း မြန်မာမှာနေရတာ
ဘ၀င်မြင့်တာလား...
ဘ၀မြင့်တာ လား.......
တစ်ခုခု ပဲ..။