Monday, July 27, 2015

အေအိုင်တီမှ ကျေးဇူးတရားများ

၂၀၁၅ မေ လဆို အေအိုင်တီကနေကျေ
ာင်းဆင်းခဲ့တာ ၁၀ နှစ်တင်းတင်းပြည့်ခဲ့ပါတယ်။ ဒီပုံလေး ကတဆင့် ကျေးဇူးတရား တစ်ခုဖော်ပြရန်ကျန်နေပါသေးတယ် ။
*******************************************************************
လွန်ခဲ့တဲ့ ၁၀နှစ်ကပေါ့လေ

ကျွန် မတက်ရောက်သင်ယူနေတဲ့ Master program, က FEBT လို့ အတိုကောက် ခေါ်တဲ့ Food Engineering and Bioprocess Technology ဖြစ်ပါတယ်..။
ကျွန်မ ရဲ့ စီနီယာ တွေကတော့ ဒေါက်တာ ကျော်ညိမ်းအေး၊ ဒေါက်တာစံလင်း ၊ဒေါက်တာ နီတာနွယ် နဲ့ ဒေါက်တာ ၀ါဝါသိန်းဟန် တို့ ပါ..။ စီနီယာ မပါရင် ဘာမှ မလွယ် တဲ့ အေအိုင်တီ မှာ စီနီယာ ကျေးဇူးတွေက အနန္တ ပါ…။

ဘွဲ့ ရခါ နီးအချိန် ဆိုတာ…ကျွန်မတို့ လို ဓာတ်ခွဲခန်းအဖြေ နဲ့ thesis ရေးရသူတွေအဘို့ Lab Test တွေ မပြီးလေ..ပြာလောင်ခတ် လေလေ..ပါ..။
အခု ပုံမှာပြတဲ့ Laminar Flow ကိုလည်းလုရပါတယ်…..။ တခါတခါ အားတဲ့အချိန် က ညဘက်ဖြစ်နေရင် Lab ကပြန်တဲ့အချိန် မနက် ၂နာရီ ၊ ၃နာရီ ဖြစ်တတ်ပါတယ်..။ မနက် ၇နာရီ မှာ Professor က thesis တွေ အရေးအသားစစ်တဲ့ ဆီ မှာ တန်းစီရတော့ မနက် ကိုလည်း အိပ်ရေးက မ၀..။ အလွန်ပင်ပန်း ခဲ့ရသော နေ့ရက်များ…။
Lab Test အလွန်များတဲ့ခေါင်းစဉ် ရွေးထားမိသူမို့၊ အခန်းပြန်ရောက်တာနဲ့ ဆရာတော် ဦးဇောတိ ကရဲ့ ငြိမ်းချမ်းခြင်း တရားတော်ကို ဖွင့်ထား မှ အိပ်ပျော်ပါတယ်..။ စိတ်လည်းတည် ညိမ် လာပါတယ်..။

ဒီလို နေခဲ့တာတောင် ဘ၀ အကျိုးပေး က အကွက်ကျကျ ဖြစ်ခဲ့ပါတယ်..။
အခု ပုံမှာပြတဲ့ Laminar Flow မှာ ခလုတ် ၃ခုပါတာ..တစ်ခု က မီး အတွက်၊တစ်ခုက Air Flow အတွက်..။ နောက်ဆုံး တစ်ခု က အသုံးပြုပြီးတိုင်း အချိန်မှာ ကိရိယာကို ပိုးသတ်ဘို့ ဖွင့်ပေးရတဲ့ UVLight ခလုတ်ဖြစ်ပါတယ်..။ အလုပ်လုပ်ရင်မဖွင့်ရ အလုပ်ပြီးမှသာဖွင့်ရတာ။

အိပ်ရေးကလည်းပျက်..ဇောကလည်းတင်း..အကြောကလည်းတင်း… လောကလည်းလောနေတဲ့ ကျွန်မမှာ ကျွန်မ ရဲ့ နောက်ဆုံး Experiment အတွက် ထိုင် ရင်း Safety တွေမမှတ်မိတော့ပဲ ခလုတ် ၃ခုလုံးကို ကပျာကယာဖွင့်လိုက်မိပါတယ်..။
ဖွင့်ပြီး ၁၅ မိနစ်လောက် အလုပ်လုပ်ပြီး တဲ့အချိန် မှာ ကျွန်မ ရဲ့ စီနီယာလည်းဖြစ် Lab Supervisor လည်းဖြစ်တဲ့ Dr.Shri က..ဟေး..စိန် နင်ဘာလို့ UVLight ကို ဖွင့်ရတာတုံး အော်ပြော မှ ကျွန်မ ကြောက်လန့်တကြား ထပိတ်ရပါတယ်…။ သို့သော် ထိ မိသည် မှာ ၁၅ မိနစ်လောက်ရှိခဲ့တာ…။

သူက Ph.D ( Biotech)ဖြစ်သော်လည်း ဗုံတီးဝါသနာ ပါရုံမက…. ပညာရှင် အဆင့်..သူ့ဇနီး က သူဗုံတီးရင် ကပါသတဲ့..။ ဘန်ကောက်ထဲ မှာ သူက Concert တွေ ဘာတွေလည်း ကတာ..သိရတာ။ ကျွန်မ တို့ ဋ္ဌာန မှာ Experiment တွေ နဲ့ ပတ်သက်ရင် သူ့ ရဲ့ အဖြေ… ညွှန်ကြားချက်တွေကိုယုံကြည်လေ့မရှိကြ..။ အဲဒီထဲ ကျွန်မ တို့ကျောင်းသားတွေလည်းနည်းနည်းတော့ပါခဲ့ပါတယ်..

အဲဒီနေ့ သူရှာဖွေ ဖြင်ဆင်ပေးတဲ့ E.coli ကို DNA Extract လုပ်တာအဆင်မပြေ..နောက်တော့မှ သူက ပေးခဲ့တာ 48 Hr old culture မဟုတ်ပဲ သူများဆီက ယူပေးခဲ့တာ သိခဲ့ရတာ..။
အခုတော့ ကျွန်မ တို့ အထင်အမြင်သေးသော သူက ကျွန်မ ရဲ့ ဘ၀ကိုကယ်လိုက်ပါပကော..။
အဲလို ထိပြီး ကာစက ဘာမှ မဖြစ်..ညနေ ၅ နာရီလောက်မှ အစွမ်းပြပါတော့တယ်… ဒီအထိ ကျွန်မ စက်ဘီးစီးနိုင်သေးတယ်..။ နောက်တော့ မဟန်နိုင်မျက်လုံး ထဲ မှာ ငရုတ်ရည်ခတ်လိုက်သလို..ပူစပ် နာကျင်လာတာ..။
မျက်ရေတွေ..နှာရည်တွေ မှာ ဒလဟော စီးကျ ခဲ့ ရတာ..။ နာကျင်လွန်း တာနဲ့ အေအိုင်တီ ဆေးခန်း ထဲ ကိုယ့်ဖာသာပြေးဝင်ပြီး ကျွန်မ မှာ…I am emergency…တစ်ခွန်းသာ ပြောနိုင်လျက် လဲကျ သွားခဲ့တာ..။
နောက် တော့ သူငယ်ချင်းများ ( Dr. Myint Lwin, U Aye Chan, Ju Ju)တို့ က အနီးက Tharmasart University ကို ပို့တော့ ကျွန်မ ဘာမှ မမြင်ပါလေတော့..။ Wheel Chair ဖြင့်သာ….ဘာကိုမှမသိတော့ပါ..။ တညတာလုံးကန်းသွားခဲ့တာ..။။ နောက်နေ့ ဘန်ကောက်ဆေးရုံကြီးမှာ ထပ်စစ်တော့ ၁၅ မိနစ် မို့ တဲ့ ၁နာရီ ၂နာရီ သာဆို မျက်လုံးကွယ် နိုင်ပါတယ် တဲ့…။
ဘုရားဘုရား...ကုလားလေး..ဗုံတီးဆရာ ဒေါက်တာ ရှရီ ကို ကျွန်မ ကျေးဇူးတင် ဝန်ချတောင်းပန်မိပါတယ်..။ သူကယ်လို့ နင့်မို့ ဆို ဘွဲ့လည်းမရ မျက်စိလည်းကန်း ဖြစ်ရတော့မှာ အသေအချာ..။
အဲဒီ ကစပြီး ဘယ်သူ့ကို မှ ပေတံများ ကို ပုံသေချ ပြီး မတိုင်းတာမိဘို့ အရေးကြီးတာ..ကျွန်မ သင်္ခန်းစာ ရမိပါတယ်..။
နောက် ၃ ရက်လောက် ရှိတော့ Lab Coat မှ လွတ်နေသော နဖူး တို့ ရင်ပတ်တို့ မှ အရေခွံများအလွှားလိုက်ကွာကျ ခဲ့ရကား…။ ကျွန်မ မျက်စိအတွက် ပိုပြီး ထိတ်လန့် ရပါတယ်…။

ကျောင်းကထွက်ခဲ့ပြီး ၃နှစ်လောက်အကြာမှာတော့ ဒေါက်တာရှရီ အင်္ဂလန် ကတက္ကသိုလ် တစ်ခု မှာ အလုပ်ရတယ် ကြားပါတယ်..။ ကျွန်မ မုဒိတာ နဲ့ ၀မ်းသာရပါတယ်..။
ဤ စာစုဖြင့် ကျွန်မ ရဲ့ အေအိုင်တီ စီနီယာများ ၊ အတန်းဖေါ်များ အားလုံး သို့ ၁၀နှစ်ပြည့်ဂုဏ်ပြု လိုက်ပါရစေ..။

မေတ္တာဖြင့်
သစ္စာအလင်း

0 မှတ်ချက်ရေးရန်: