Monday, August 31, 2015

ဘဝ အိုအို နေညိုချိန် အတွက် Que Sera Sera

ThanThan Sein's photo.

လူ့လောက ထဲကို မသိခြင်း များစွာ ဖြင့်ယောင်လည် လည် ရောက်ရှိ လာခဲ့သောကျွန်မ တို့ဟာ အရာရာကို သိလိုစိတ်များ ပြင်းပြထက်သန် ခဲ့တာ မဆန်းလှဘူးပေါ့..လေ။
အဲဒီ သိလို စိတ်များစွာ ထဲမှာ ရှေ့ ဘာဆက်ဖြစ်မှာလဲ ဆို တဲ့ ရောက်မလာသောအနာဂတ်ကို မျှော်လင့် စိတ်ကူး ယဉ် ရတာဟာ လူတိုင်းလို လို ပါပဲ..။
အနာဂတ် မှာ ဘာတွေ ဖြစ်လာမလဲ ဆိုတာ ကို ခေါင်းစဉ်တပ်ထားတဲ့ ကျွန်မ တို့ငယ်ငယ် က Que Sera Sera ဆိုတဲ့ Spanish သီချင်းလေးကို လူတိုင်းမှတ်မိကြမယ် ထင်ပါတယ်..။
စပိန် ဘာသာက အီတလီ ဘာသာ နဲ့ ဆင်တူ တာတွေအများကြီး ရှိပါတယ်။ ဥပမာ Que Ore ဆိုတာ ဘယ် အချိန် လဲ လို့ မေးတာမျိုးပေါ့..။ Que Sera Sera ဆိုတာ ဘာဖြစ်မှာလဲ ..ဘာတွေ ဖြစ်လာမှာလဲ ဆိုတာ မျိုး ဖြစ်ပါတယ်။
မိန်းမငယ်လေးတစ်ဦးဟာ သူကလေးဘဝ တုံးမှာ သူမရဲ့ အမေ့ ကိုမေးကြည့်တယ်..
*အမေ ရယ် သမီးကြီးလာရင်လေ သိပ် ချောတဲ့ မိန်းမလှလေး ဖြစ်မှာလား ၊ ချမ်းသာကြွယ် ဝတဲ့ သူ ဖြစ်လာမှာလာ* မေးတာပေါ့..။
အမေ ကပြန် ဖြေတယ်…*သမီးရယ်..ဖြစ်လာမှာ ဟာဖြစ်လာမှာ ပဲပေါ့..အနာဂတ် ဆိုတာ ငါတို့ မပိုင်ဆိုင်ပါဘူး*တဲ့..။
နောက် အဲလို သိချင်လွန်း တဲ့ကလေးမလေးဟာ ချစ်သူရလာတော့လည်းချစ်သူ ကိုမေးပြန်တယ်..။ *ချစ်သူရေ..ကျွန်မ တို့ ရဲ့ အနာဂတ် ဟာ လှပ တဲ့ သက်တန့် တွေ ဟာ မိုးရွာ ပြီးစ ဆည်းဆာ ချိန်မှာ စောင့်ကြို နေ မှာ လား ။ အဲလို ပျော်ရွှင်စရာ ကောင်းတဲ့နေ့ရက်တွေ ကို ငါတို့ လက်တွဲ ပြီး ဖြတ်သန်းရမှာလား* မေးပါတယ်..။
အဲဒီအခါ သူ့ချစ်သူ ဟာ အမေ့လိုပဲပြန် ဖြေခဲ့ပါတယ်..။*အချစ်ရယ်..ဖြစ်လာမှာ ဟာဖြစ်လာမှာ ပဲပေါ့..အနာဂတ် ဆိုတာ ငါတို့ မပိုင်ဆိုင်ပါဘူး*တဲ့..။
အဲလို နဲ့ ကြီးပြင်းရင့်ကျက် လာတဲ့ကလေးမလေးဟာ တနေ့ မှာ သူကိုယ်တိုင် အမေ ဖြစ်လာတဲ့ အချိန်မှာ ဒီမေးခွန်းကို သူက မမေးတော့ဘူး။သူဟာ လောက ကို နားလည် တဲ့သူဖြစ်ခဲ့ပြီ..။
သို့သော် သူ့ သမီး လေးက သူငယ်ငယ် ကလို မေးတာကိုောတ့ကြုံ တွေ့ ရပြန်တာပါပဲ..။ ဒီတော့ သူ့ ရဲ့ အဖြေ ဟာ မိတ္တူ ကူးချတာ မျိုးမဟုတ် ပဲ ဘဝ ပေးအသိ နဲ့ ယှဉ် တဲ့ အဖြေ ပဲ ဖြစ် နေတာ..။
*ချစ်သော သမီးလေးရယ်..ဖြစ်လာမှာ ဟာဖြစ်လာမှာ ပဲပေါ့..အနာဂတ် ဆိုတာ ငါတို့ မပိုင်ဆိုင်ပါဘူး* ဆိုတဲ့ မရိုး နိုင်သောအဖြေ ပဲ ဖြစ်ပါတယ်..။
ကျွန်မ မှာလည်း ဘဝရဲ့ အနာဂတ်ကို မျှော်ငေးတမ်းတတဲ့အခါ ဒီသီချင်း လေးကို အမှတ်ရမိလေ့ရှိပါတယ်..။
ကျွန်မ ကတော့ ဒီသီချင်းလေးထဲကလိုအမေ နေရာ ရောက်ရတဲ့အခါ…. သီချင်းထဲကလို တော့မဟုတ် …ပဲဖြေချင်မိပါတယ်။
တရားအလုပ်လုပ် တဲ့အခါ..အနာဂတ်ဆိုတာ လက်ရှိ ဘဝ ပစ္စုပ္ပန် ရဲ့ အကျိုးဆက် ပုံ ရိပ်များ ဖြင့် ထိုက်သင့်သလောက် ထုဆစ်နိုင်တယ် ဆိုတာ သိ လာခဲ့ပါတယ်..။
ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး ရဲ့ အဆုံးအမ ကြောင့် လည်း ဘဝဆိုတာ ရဲ့ အကြောင်းအကျိုးကို သိရှိခဲ့နားလည်ခဲ့ ကျင့်သုံးလိုက်နာ နိုင်ခဲ့ပါတယ်..။
*အခုတွေးသော စိတ်ကူး အမျိုးအစားသည် အနာဂတ် ဘဝ အတွက်မျိုးစေ့ဖြစ်ပါသည်။
*အချိန်တိုင်း တွေးနေရင်း ဘဝပြောင်းနေသည်။
*အကျိုးကို ပွားလို့ မရ အကြောင်းကိုတည့်အောင် ပြုလုပ်ပေးရမယ်..။
*အရင်က ကောင်း လို့ အခုကောင်းသည် ။အခုကောင်းလျှင် နောင်ကောင်းပါလိမ့်မည် ။
စတဲ့ လမ်း ညွှန် ချက်များသည် * Que Sera Sera ,The future not ours to see * ထက်တော့ သာလွန် လိမ့်မယ် ဆိုတာ ကျွန်မ တော့ ယုံကြည်နေမိပါတယ်..။
တစ်ခါ တစ်ခါ ဝိပဿနာ အားထုတ်သော ယောဂီများက စီးပွားကျ မှာလည်းကြောက်တတ်ကြပါသေးတယ်…။
တရား အားထုတ် ဘို့ အတွက်အချိန် ပေးရဲသော သတ္တိ…။
ကုသိုလ် တရားအတွက် အချိန် ပေးရဲသောသတ္တိ သည် နုံ့ နဲ့ လွန်းစွ.ပါတကား။
အသက်ကြီး ရင် ဘယ် သူက ကျွေးထားမှာလဲ..။
နေမကောင်း ရင် ဘယ်သူကပြုစုလုပ်ကျွေး မှာလဲ..။
ဆေးခန်းကို တစ်ယောက်တည်းသွားရမှာလား စတဲ့ မေးခွန်း တွေဟာ အသက် ၅၀ကျော်လာကတည်းက ချိမ်းခြောက် နေသော * Que Sera Sera များစွာ…။
ဒီတော့လည်း ဝိပဿနာ တရားပြဆရာ ကျေးဇူးတော်ရှင်ပိုင်းလော့ဆရာတော်ဘုရားသည်…. Whatever will be will be ရယ်လို့ မဖြေပါ..။ တိကျသော လမ်းညွှန်ချက်များ ဖြင့် တိကျ စွာ ဖြေကြားပေးခဲ့ပါတယ်..။
• မျက်စေ့ တစ်ကမ်း ၊ လက်တစ်လှမ်း အတွင်း မှ လူတစ်ဘက်သား များစွာကို ကုသိုလ် ၊ပညာ၊ ဥစ္စာ တိုးတက်အောင် ဘာလုပ်ပေးရမလဲ အမြဲ စဉ်းစားပြီး လုပ်ကိုင် ဖြည့်ဆည်းပေးနေရပါမယ်..။
• တစ်ဘက်သားပျော်အောင် ၊ စိတ်ချမ်းသာ ၊ကိုယ်ချမ်းသာ ရှိအောင်စောင့်ရှောက်ပျော် တဲ့ ၊ အပေးနဲ့ ပျော် တဲ့ သတ္တိ နှလုံးသားမှာ ရှိနေပါစေ..။ တဲ့..။
ဒါဆို အနာဂတ် မှာ အိုဇာတာ မကောင်းမှာတွေးပူမနေပါနဲ့ တော့ တဲ့..။ ထိုထို သောကုသိုလ် မှ သည် မဂ်ဥာဏ် ၊ဖိုလ် ဥာဏ်ကို လက်လှမ်း မီကာ တဏှာ အစပ်ဖြတ်နိုင်ကြ လိမ့်မယ် ဆိုတာ ကျွန်မ ကတော့အသေအချာ ယုံကြည်မိပါတယ်..။ The Future must be ပါရှင့်။


မေတ္တာဖြင့်
သစ္စာအလင်း


0 မှတ်ချက်ရေးရန်: