Sunday, August 9, 2015

အမရာ ရဲ့ နှလုံးသား အလင်းရောင် (သူတော်ကောင်းတို့ နှလုံးသား)



အခု ခေတ် ဘာသာရေးမေးခွန်းတွေ ဆိုတာက မိလိန္ဒ မင်းကြီး က အရှင်နာဂသေန ကိုမေးမြန်းတော်မူသောမေးခွန်းများ ထဲ ကမလွတ် ဆိုတဲ့ စကားကို ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော် ဟောကြားတော်မူသည်ကိုနာကြား ရကတည်းက မိလိန္ဒပဥှာ ပါဠိတော် နှင့်မြန်မာပြန် ကို ကျွန်မ စိတ်ဝင်စားခဲ့ပါတယ်..။
ဆရာတော်ဘုရား ဟောကြားသောတရားမှတဆင့်လည်း တချို့သော မေးခွန်းများကို ကြားသိထားတာလည်းပါပါတယ်…။ ကျွန်မ မွေးနေ့ အတွက် သားကြီး ကိုအုတ် က ဒီစာအုပ်ကို လက်ဆောင်ဝယ်ပေး ခဲ့တာပါ..။
အမျိုးသမီးတွေ နဲ့ ပတ်သက်တဲ့မေးခွန်း တစ်ခု ကို စိတ်ဝင်တစားဖတ်ရှု ပူဇော်မိတာ…။ ကျွန်မ တို့ မိန်းမ တွေ ဆိုတာကလည်း အပြစ်ပြောစရာ တယ် များတဲ့ ဘ၀ မို့လား။
မိလိန္ဒ မင်းကြီး မေးတဲ့မေးခွန်း တစ်ခု က *သဗ္ဗညုတ ဥာဏ၀ဂ်* မှာ ပါတဲ့ *အမရာဒေ၀ီ ပဥှာ* နဲ့ ပတ်သက်ပြီး ဒီလိုမေးပါတယ်..။
အသျှင်ဘုရားနာဂသေန
*((မိန်းမအားလုံး တို့သည် ပင် အခွင့်အခါ ကို ၄င်း ၊ ဆိတ်ကွယ် ဖုံးလွှမ်းရာကို၎င်း ၊ အကယ်၍ ရကုန်သည်ဖြစ်အံ့ ။ မိမိလင် နှင့်တူသော ဖိတ်မန်သူကိုလည်း အကယ်၍ ရကုန် သည်ဖြစ်အံ့။ မကောင်းမှုကို ပြုကုန်ရာ၏ ။ တပါးသော သူကို မရခဲ့ သော် ခြေလက်ဆွံ့ သူနှင့်သော်လည်း အတူတကွ မကောင်းမှုကို ပြုကုန်ရာ၏))*ဟု ဤ စကားကို မြတ်စွာ ဘုရားရှင် ဟောကြားတော်မူခဲ့ပါတယ်..။တဲ့။
တဖန်လည်း * (( မဟောသဓာ ၊ ပညာရှိ ရဲ့ မယား အမရာမည်သော မိန်းမသည် ရွာငယ် ၌ ပစ်ထားခဲ့ ၍ လင် နှင့်ကွေကွင်းလွတ်လပ်လျက် ဆိတ်ကွယ် ရာ၌ နေရ၍ ဆိတ်လည်းဆိတ်ငြိမ်ပါလျက် မင်းနှင့်တူသော လင်ကို ပြု၍ တစ်ထောင်သော အဿပြာ နှင့်ဖိတ်မန်ပါလျက် မကောင်းမှုကို မပြုပေ ))* ဟုလည်း ဆိုပြန်ပါ၏။
ထိုသို့ အစွန်းနှစ်ဘက် ထွက် နေသော တရားစကား တွင် ဘယ် အရာ သည် အမှန်ဖြစ်သနည်း ဖြေကြားပေးပါ တဲ့..။
ဒီနေရာ မှာ ကျွန်မ စဉ်းစားမိတာက အော်…မိန်းမ တွေ က ဒီလို သဘာဝ ရှိတယ်လို့ စွပ်စွဲ ခံရတယ်ဆိုတာ တရားတော် ထဲ မှာ ရှိခဲ့တာ ကိုး..။ မဟာပဒုမ တို့ ဘာတို့ ရဲ့ ပေါင်တို ဇာတ်လမ်း များကိုလည်းငယ်ငယ် ကတော့ကြားဘူးနားဝ ရှိခဲ့ဘူးပါတယ်..။
အော်..တော်လေးဝ ၀င် တဲ့ ( အမရာ၊ ကိန္နရီ၊ မဒီ၊ သမ္ဘုလ) တို့ ကလွဲ ပြီး ဒီလို လေပဲ လား လို့ တွေးမိပါတယ်..။
သို့ သော် အသျှင်နာဂသေန ရဲ့ အဖြေစကား ကြောင့် ကျွန်မ ဘ၀င်ကျ ကာဝမ်းသာခဲ့ရပါတယ်..။
အဖြေက တော့ဒီလိုပါ..။
*(( မင်းမြတ် ၊ ထို အမရာ ဟူသော မိန်းမသည် စိစစ် တတ်သော ဥာဏ်ပညာ အလင်း ရှိသော ကြောင့် သူမ ရဲ့ ဥာဏ်အလင်းရောင် အောက် တွင်…
၁။ အခွင့်အခါ ( အခွင့်အလန်း)
၂။ ဆိတ်ကွယ်ရာ
၃။ မိမိ လင်နှင့်တူသော ဖိတ်မန်သူ တို့ ကို တစ်ဦးမျှ ပင်မမြင်ပါလေ….တဲ့။ ထို့ကြောင့် ထို အမရာ ဆိုသော မိန်းမ သည်မကောင်းမှုကို မပြုပေ ။ ))* လို့ ဖြေကြားတော်မူပါတယ်..။
ထိုသို့ မမြင် သော အမရာ ရဲ့ ဥာဏ်အလင်း ကို ကျွန်မ က အထူးစိတ်ဝင်စားမိပါတယ်..။ မိန်းမ သည် လည်း သွေးသား နှင့်ပြုလုပ်အပ်သော ၊ နှလုံးသားရှိသော ၊ အမျိုးအစားပင် မဟုတ်ပါလား။
၁။ အခွင့်အခါ (ဒါ ဟာ ငါ့အတွက်အခွင့်အလန်းပဲ) ရယ်လို့ အမရာမမြင် ရတဲ့ အကြောင်း တွေကတော့….
= ဤလူ့ပြည်လောက ၌ သူတပါးကဲ့ရဲ့ မည် ကြောက်သောကြောင့် အခွင့်အခါကိုမမြင်လေ..။
=တမလွန် လောက ၌ငရဲဘေး မှကြောက်သောကြောင့် အခွင့်အခါကိုမမြင်လေ..။
=မကောင်း မှုဟူသည် ခါးသက်သော ၊ စပ်ရှားသော အကျိုးရှိသည်ဟု စိစစ် ၍ အခွင့်အခါကိုမမြင်လေ..။
=တရားကိုရိုသေ သည် ဖြစ်၍ အခွင့်အခါကိုမမြင်လေ..။
= မစင်ကြယ် အမှုကို ကဲ့ ရဲ့ စက်ဆုပ်သည်ဖြစ်၍ အခွင့်အခါကို မမြင်လေ..။
=မိမိပြုသင့်သည့်ဝတ်အကျင့်ကို မဖျက်ဆီးလိုသည် ဖြစ်၍ အခွင့်အခါကိုမမြင်လေ.. ။
= လင်ကိုအလေးအမြတ်ပြု သည်၏ အဖြစ်ကြောင့် အခွင့်အခါကိုမမြင်လေ..။
= ချစ်သောလင်ကို မစွန့်လွှတ်လိုသောကြောင့် အခွင့်အခါကိုမမြင်လေ..။
အမရာ ရဲ့ ဥာဏ်အလင်း မှာ များစွာ သောအကြောင်းတို့ ထင်လင်းလာတဲ့အတွက် အခွင့်အခါ ကို မမြင်..ထို့ကြောင့် မကောင်းမှုကိုလည်း မပြုခဲ့..။
၂။ ဆိတ်ကွယ် ရာ ကျတော့ ကော..အမရာဘယ်သို့ စိစစ်ခဲ့ပါသလဲ..ကျွန်မ ဆက်ဖတ်ခဲ့ပါတယ်..။
အမရာ ရဲ့ ဥာဏ်အလင်း ၀ယ်…
=လူတို့ မှ ဆိတ်ကွယ် ရာ ကို အကယ် ၍ ရငြားအံ့..။ နတ်တို့ မှ ဆိတ်ကွယ်ရာကို မရ။
=နတ်တို့ မှဆိတ်ကွယ် ရာကို ရငြားအံ့..။ သူတပါးတို့ ၏ စိတ်ကို သိကုန်သော ရဟန်း တို့ မှ ဆိတ်ကွယ်ရာကို မရ။
=သူတပါးတို့ ၏ စိတ်ကို သိကုန်သော ရဟန်း တို့ မှ ဆိတ်ကွယ်ရာ ရငြားအံ့ ။ သူတပါးတို့ ၏ စိတ်ကို သိကုန်သော နတ် တို့ မှ ဆိတ်ကွယ်ရာကို မရ။
= သူတပါးတို့ ၏ စိတ်ကို သိကုန်သော နတ် တို့ မှ ဆိတ်ကွယ်ရာကို ရငြားအံ့..။ မိမိသည်ပင်လျှင် သိ၍ နေသဖြင့် မကောင်းမှု မှ ဆိတ်ကွယ်ရာကို မရနိုင်။
= မိမိသည်ပင်လျှင် သိ၍ နေသဖြင့် မကောင်းမှု မှ ဆိတ်ကွယ်ရာကို ရငြား အံ့..။ မတရား ဖြင့် ဆိတ်ကွယ် ရာကို ရသည် ဖြစ်ရာ၏ လို့ အကြောင်းတရားများစွာ အမရာ စိစစ်ခဲ့ လို့ မကောင်းမှု မပြုဖြစ်ခဲ့ပါ..။
၃။ နောက်ဆုံး စိစစ် ခဲ့တဲ့ အချက်ကတော့ အမရာ ရဲ့ ဥာဏ်အလင်း ဦးနှောက် ထဲက အချက်သာမက နှလုံးသားထဲက စွဲမြဲထားတဲ့ မဟောသဓာ ပညာရှိ ရဲ့ ဂုဏ်ကျက်သရေ ကို ဆင်ခြင် ခဲ့ခြင်း ပဲဖြစ်ပါတယ်..။
= မဟောသဓာပညာရှိသည် နှစ်ဆယ့်ရှစ်ပါးသော ဂုဏ်အင်္ဂါ တို့ နဲ့ ပြည့်စုံပါသတဲ့..။
= မင်းမြတ် မဟောသဓာသည် ရဲရင့် ၏။
= မဟောသဓာသည် မကောင်းမှု ၌ရှက်တတ်၏ ။
= မဟောသဓာသည် မကောင်းမှု ၌ ကြောက်လန့်တတ်၏ ။
= မဟောသဓာသည် အသင်အပင်း ရှိ၏ ။
= မဟောသဓာသည် အဆွေခင်ပွန်းများ နှင့်ပြည့်စုံ၏ ။
= မဟောသဓာသည် သည်းခံတတ်၏ ။
= မဟောသဓာသည် သီလရှိ၏ မှန်သောစကားကို ဆိုတတ်၏ ။
= မဟောသဓာသည် စင်ကြယ်သော အကျင့် နှင့်ပြည့်စုံ၏ ။
= မဟောသဓာသည် အမျက်ဒေါသ မရှိ။
= မဟောသဓာသည် ထောင်လွှားမှု မာန မရှိ။
= မဟောသဓာသည် ငြူစူစောင်းမြောင်း မှုမရှိ။
= မဟောသဓာသည် လုံ့လရှိ၏ အားထုတ်၏ ။
= မဟောသဓာသည် သူတပါးကိုချီးမြင့်တတ်၏ ။
= မဟောသဓာသည် ခွဲခြားဝေဖန်လေ့ရှိ၏
= မဟောသဓာသည် အပြောအဆိုပြေပြစ်၏ ။
= မဟောသဓာသည် နှိမ့်ချသော သဘောရှိ၏ ။
= မဟောသဓာသည် သိမ်မွေ့၏။
= မဟောသဓာသည် စဉ်းလဲခြင်း မရှိ၊ လှည့်ပတ်ခြင်း မရှိ။
= မဟောသဓာသည် လွန်ကဲသောပညာနှင့်ပြည့်စုံ၏
= မဟောသဓာသည် ကျော်စောခြင်းရှိ၏ ။
= မဟောသဓာသည် အတတ်ပညာနှင့်ပြည်စုံ ၏ ။
= မဟောသဓာသည် မှီခိုလာသောသူတို့ ၏ အစီးအပွားကို လိုလားလေ့ရှိ၏ ။
= မဟောသဓာ ကိုလူအားလုံး ကတောင့်တ၏ ။
= မဟောသဓာသည် ပစ္စည်းဥစ္စာ ရှိ၏ ။
= မဟောသဓာသည် အခြံအရံများ၏ ။
ထိုသို့ အရည် အချင်းပြည့်စုံ သော ယောင်္ကျားမြတ် တစ်ဦး စိုးမိုး နေရာယူ ထားသော အမရာ့ ရဲ့ နှလုံးသား ကောင်းကင် ၀ယ် တပါးသော ယောင်္ကျား များသည် လမင်း ဘေးမှ မတောက်ပရှာ သော ကြယ်မှုံ၊ ကြယ် မွှားများသာ ဖြစ်လေသည် တကား…။ ဒါကြောင့်လည်း မည်သို့ လွှမ်းမိုး နေရာယူနိုင်ပါမည် နည်း..။
ဒီအမေးအဖြေ လေးကို ဖတ်ပြီး အလောင်းတော် နှစ်ဦး ရဲ့ ဂုဏ်အင်္ဂါ တို့ကို အကြိမ်ကြိမ် ဦးညွတ်မိသလို…..ရဲရင့်သော အမရာ ကို မိန်းမသားထု ဘက်ကနေလက်ခုပ်တီးမိပါတယ်..။
ကျွန်မ တို့ မိန်မသား တို့ အတွက် ဦးဆောင်လမ်းပြပေးတဲ့ အမရာ့ ရဲ့ စိစစ်ဝေဖန် နိုင်တဲ့ ဥာဏ်အလင်း ကို ပိုလို့ မြတ်နိုးဦးခိုက်မိပါတယ်..။
ဒီစာစု ထဲက အမရာရဲ့ နည်း လေးတွေ ကို ဖတ်ရှု ပြီး အားအင်နည်းပါး ၊မိန်းမသားဘ၀များ လှပခိုင်ခန့် ပါစေကြာင်း ဆုတောင်းမိပါတယ်..။
မေတ္တာဖြင့်
သစ္စာအလင်း
ကျမ်းကိုး။ မိလိန္ဒပဥှာပါဠိတော် ၊မြန်မာပြန် ၊ သဗ္ဗညုတဥာဏ၀ဂ် ၊ အမရာဒေ၀ီပဥှာ စာမျက်နှာ ၂၁၇။

0 မှတ်ချက်ရေးရန်: