Wednesday, December 6, 2017

ဗြဟ္မစိုရ်တရားတွေ ရှင်သန် စေ


ဒီနေ့ ကျွန်မ ရဲ့ ရုံးကို Asian Trails မှ အီတာလျှံ သူငယ်ချင်း Maurizio နဲ့ မစန္ဒာ တို့ ၂ ဦးလာလည် ကြပါတယ်..။ ကျွန်မ ကသူတို့ နဲ့ အတူ ဆွံ့ အ နားမကြားကလေးများကို ကူညီတဲ့လုပ်ငန်းတွေ တူတူလုပ်ဆောင် နေကြတာပါ..။
ဒုက္ခ ရောက်နေတဲ့ သူတွေကို တွေ့တိုင်း ခံစား တတ်တဲ့နှလုံးသား ရှိသူတွေဟာ ကရုဏာ စိတ်တွေ ယိုဖိတ်တတ်ကြပါတယ်..။ 

အာရုံ ခံစားမှု တွေ ထဲက ၂ခု ချွတ်ယွင်းနေခဲ့တဲ့ သူတွေ ဟာဘ၀ ထဲ ကို ၀င်လာ ကတည်းက အရှုံး နဲ့ စခဲ့ရတာပါပဲ..။ မေရီချက်မင်း စာသင်ကျောင်း က ပညာ သင်ပေးတယ်…။ 
အဲဒီက ထွက်တဲ့အခါ လောက ထဲ မှာ ဘယ်လို ရပ်တည် ကြမှာပါလိမ့်..။
ရင်ဆိုင်ကြမှာပါလိမ့်…။ အသက်မွေးဝမ်းကျောင်းမှုပြုကြမှာပါလိမ့် ဆိုတာ… တွေးကြည့်ပေးသူ… ဖေးမပေးသူ….လက်တွဲ ခေါ်သူ ဆိုတာ အင်မတန်မှ နည်းပါး လှပါတယ်..။ 
အဲဒီနည်းပါးလှတဲ့အရည် အတွက် ထဲမှာ ကျွန်မ ရဲ့ အီတာလျှံ သူငယ်ချင်း Maurizio နဲ့ မစန္ဒာ တို့ ၂ ဦး က ရှားပါးစွာ ပါဝင်ခဲ့ပါတယ်..။
Maurizio က ကျွန်မအား မေရီချက်မင်း ကျောင်းဆောင်ထဲက အနှိပ်ပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုပေးစေတဲ့ Italy NGO ရုံးခန်းကို ခေါ်ဆောင် ပြသ ချိန်မှာတော့ ကျွန်မ ပထမ ဆုံးအကြိမ် ထိထိခိုက်ခိုက် ဖြစ် ရပါတယ်..။ အရွယ် ကောင်းသမီးငယ်ချောချော လှလှလေးများ လက်ဟန်ခြေဟန် ဖြင့် Sign Language ဖြင့် စကားပြော တဲ့အခါ ဆို့နင်ကြေကွဲ ရင်း မျက်ရည်ပင် ၀ဲလုလု ဖြစ်ရပါတယ်..။ 
အဘယ်သို့သော ကံများပြုခဲ့ပါလိမ့်သမီးတို့ရယ်..။ 
၁၀ တန်းထိသင်ကြားပေးသောကျောင်း မှထွက်လျှင် မည်သို့ ဘ၀ထဲသို့ ၀င်ကြပါမည် လဲ..။ Maurizio နဲ့ မစန္ဒာ တို့ ရည် ရွယ်ချက် ကတော့ အဲဒီအချိန်ကို စောင့်ပြီးကူညီ ဘို့ပါပဲ..။ 

ဒါ နဲ့ ပဲ ကျွန်မ နဲ့ ပတ်သက်တဲ့ Farming Training တွေ မှိုစိုက်ပျိုးရေးသင်တန်းတွေ..။ Maurizio နဲ့ မစန္ဒာ တို့ ကတော့ ခရီးသွားလုပ်ငန်းလုပ်ကိုင်ကြသူတွေ ဖြစ်လို့ ဟိုတယ် တွေ စားသောက်ဆိုင်တွေ မှာ အလုပ်ပေး နိုင်အောင်ကြိုးစားကြတယ်..။ အချက်အပြုတ်သင်တန်းတွေ ပေးတယ်..။ တက်စေတယ်..။
ကူညီတယ်ဆိုသော်လည်း သူတို့ တွေ ရဲ့ ဘ၀ကို များစွာ နားလည်ပေးရပါတယ်..။ အာရုံ ငါးပါး ခံစားမှု တွေ နဲ့ အဆုံးအမ တွေ ရရှိထားသူတွေလည်း မဟုတ်..။ 
စကားလုံးတွေ ရဲ့ အတိမ်အနက် အထူ အပါး… မကွဲပြား တတ်ခဲ့..။ သူတို့သည် အာရုံ ၅ပါးကို တိတိကျကျ ခံစားနားလည် တတ်သူတွေ မဟုတ်…ခဲ့..။
သီချင်း တို့ ဂီတတို့ ဆိုတာလည်း မသိ..။
ချော့တာလား ချောက်တာလား ဟောက်တာလား၊ ငေါက်တာလား ဆိုတာ ဟန်အမူအရာမှတဆင့်သာ နားလည်ခွင့်ရကြတာ..ဖေါ်ပြခွင့်ရကြတာ..။ အငုံ့ စိတ် နဲ့ ရပ်တည်တာ… နှိုင်းယှဉ်ကြည့်တဲ့လူကောင်း တွေရဲ့သဘောကို သိထားကြတဲ့လူတွေ မဟုတ်တာကိုနားလည်ပေးဘို့ လိုပါတယ်..။

Maurizio ကတော့ သူ့ရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်ပြီးရင် ဒါကို ပထမ ဦးစားပေးအဖြစ် ထားပါတယ်… ထောက်ပံ့ပါတယ်..။ မြန်မာမှာ ၆လ နေ…Asian Trails Travel and Tour Company မှMarketing Manager လစာ..။ ကျန်၆လ အီတလီပြန်တဲ့အခါ စားသောက်ဆိုင် ဖွင့်ထားတဲ့ဝင်ငွေ တွေဟာ ဒီကလေးတွေအတွက်သာ သူထောက်ပံ့စောင့်ရှောက်ခဲ့ပါတယ်..။
ခရီးသွားရင်းဆင်းရဲတဲ့ကလေး တွေလည်း ထောက်ပံ့တယ် ကူညီတယ်..။ လှည်းကူးက ကြို့ကုန်းရွာ မှာ လည်းအင်္ဂလိပ်စာသင်တန်း ဖွင့်ပေးထားပါသေးတယ်..။
ဒီနေ့ ကျွန်မ ရဲ့ ရုံးကိုလာချိန်မှာတော့ … ဂူလေးဆိုတဲ့ နားမကြား ကလေးတစ်ယောက် အကြောင်းပြောပြခဲ့တယ်..။သူ ဟာ ၁၄ နှစ်သားလောက်သာရှိသော်လည်း မျက်စေ့ မှာ ရေတိမ် ရောဂါဖြစ်ခဲ့တယ်..။ ရေတိမ်ရောဂါ ဟာ မျက်လုံးတစ်ဘက် ရဲ့ အာရုံကြောတွေကို ပျက်စီးစေခဲ့ပြီ… ကျန်တစ်ဘက် ကို လည်းမှုံဝါးစေခဲ့ပါတယ်… ပြောရင်း နဲ့ ဆို့နင့်ပြီး မျက်ရည် ရစ်ဝဲ ၊ နီရဲနေခဲ့တဲ့ ကျွန်မ ရဲ့ သူငယ်ချင်း မှာ ရှိတဲ့ ကရုဏာ နှလုံးသားကို အသိအမှတ်မပြု ပဲမနေနိုင်အောင်ပါပဲ..။ 

ခွဲစိတ်ဘို့ ကုသတာအောင်မြင်ဘို့ သူ လှိုက်လှိုက်လှဲလှဲ ကြိုးစားပါလိမ့်မယ်..။ 
Deaf, Dumb and Blind ဖြစ်ရတဲ့ ဘ၀ ရဲ့ဝဋ်ကြွေး တွေကို ကျွန်မ တစ်သီ တစ်တန်းကြီးစဉ်းစားနေမိတယ်..။

ကိုယ့်ကိုကိုလည်း ကံကပေးထားတဲ့ မျက်လုံးကောင်း ၊နားကောင်း ၊စကားကောင်း ဆိုတဲ့အနေအထားကို ထိုက်တန်းအောင်ကြိုးစားဘို့ ၊ အကျိုးမဲ့မဖြုန်းတီး ပစ်ဘို့ သတိတရားရစေပါတယ်..။
ကိုယ် လည်း စက္ကန့်ဝက်လောက်မျှသော သွေးတစ်ချက်ဆောင့်အတိုးမှာ ဒုက္ခိတ ဆိုတာ ဖြစ်နိုင်တာပဲ လည်းတွေးတောဆင်ခြင် သံဝေဂ ၀င်မိပါတယ်..။

*ဘ၀ ရဲ့ ပေးလာ တဲ့ အကျိုးပေးကောင်း အခွင့်အရေးကောင်းတွေ ကို တဏှာ ကခိုင်းလို့ ကုန်ခဲ့ပြီ *ဆိုတဲ့ ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီးရဲ့ အဆုံးအမ တရား (ကုဋေရှစ်ဆယ် သူဋ္ဌေးသား) အကြောင်း ကို လည်း မမေ့ခဲ့ပါ..။
ကျွန်မ နဲ့ ဘာသာမတူသော်လည်း ဗြဟ္မစိုရ်တရားတွေ ရှင်သန် နေတဲ့ ကျွန်မ ရဲ့ အီတလီသူငယ်ချင်း Maurizio တို့ မစန္ဒာ တို့ကို ဒီစာစုလေးနဲ့ ပဲဂုဏ်ပြုပါရစေ..။ 

မေတ္တာဖြင့်
သစ္စာအလင်း

0 မှတ်ချက်ရေးရန်: