ဝိမုတ္တိ ရသ ကို တစ်ပိုင်းတစ်စ ခံစားရ လေ မလား ရယ် လို့ ဆရာကြီး ဦးသော်ဇင် ရဲ့ ဝိမုတ္တိရသ စာအုပ် ကို ဓမ္မရောင်ခြည် ဆိုင်ကနေ ဝယ်လာပြီး ဖတ် ရှုမိပါတယ်..။
ဝိမုတ္တိ ဆိုတာ…. လွတ်မြောက်ခြင်း တဲ့..။
ဘာကနေလွတ်မြောက်ပါသလဲ ဆိုရင်… ကိလေသာ မှ လွတ်မြောက် တာ ဖြစ်ပါတယ်..။
ကိလေသာ ဆိုတာကကော…. ပူပန်စေတတ် နှိပ်စက် တတ်သော.....
လောဘ( လိုချင်ခြင်း)၊
ဒေါသ( အမျက်ထွက်ခြင်း) ၊
မောဟ(တွေ ဝေခြင်း)
၊မာန (ထောင်လွှားခြင်း) ၊
ဒိဋ္ဌိ( အမြင်မှားခြင်း)၊
ဝိစိကိစ္ဆာ( မဆုံးဖြတ်နိုင်ခြင်း)၊
ထိန(ထိုင်းမှိုင်းခြင်း)၊
ဥဒ္ဒ္စစ္စ(ပျံ့လွင့်ခြင်း)
အဟီရိက( အရှက်မရှိခြင်း)
အနောတ္တပ္ပ ( အကြောက်မရှိခြင်း )တို့ ဆိုတာ ကိလေသာတွေ ပါပဲ တဲ့..။
အဲလို ကိလေသာတွေကိုသိမှ ပဲကိလေသာ မှ လွတ်မြောက်ခြင်း ဆိုတာကို သဘောပေါက်ပေလိမ့်မယ်..။
အဓိပ္ပါယ် အချုပ် ကတော့ ပူပန်စေတတ်တဲ့သဘောပါ..နှိပ်စက်တတ်တဲ့သဘောရှိပါတယ်..။ ကျမ တို့ သတ္တဝါတွေကို ကိလေသာ တွေ နဲ့ ဘယ်သူကနှောင်ဖွဲ့ ထားပါသလဲ..။
ဒါတွေကို နားလည် ဘို့ ဆိုရင်တဲ့ ဆရာကြီး ဦးသော်ဇင်က ကိုယ်တိုင် အကျဉ်းသား လို့ အမည်ရတဲ့ တဂိုး ရဲ့ ကဗျာ တစ်ပုဒ်ကို ညွှန်းဆိုခဲ့ပါတယ်..။
မူရင်း အရသာ ပိုခံစားရအောင် ကျမ က အင်္ဂလိပ် မူရင်း ပါ ဖေါ်ပြလိုပါတယ်..။ ဖတ်ကြည့်ပါအုံးနော်..။
Prisoner - Poem by Rabindranath Tagore
--------------------------------------------------
`Prisoner, tell me, who was it that bound you?'
`It was my master,' said the prisoner.
`I thought I could outdo everybody in the world in wealth and power,
and I amassed in my own treasure-house the money due to my king.
When sleep overcame me I lay upon the bed that was for my lord,
and on waking up I found I was a prisoner in my own treasure-house.'
`Prisoner, tell me, who was it that wrought this unbreakable chain?'
`It was I,' said the prisoner, `who forged this chain very carefully.
I thought my invincible power would hold the world captive
leaving me in a freedom undisturbed.
Thus night and day I worked at the chain
with huge fires and cruel hard strokes.
When at last the work was done
and the links were complete and unbreakable,
I found that it held me in its grip.'
ရာဘင်ဒြာနတ်သ် တဂိုး ရဲ့ ( ကိုယ်တိုင် - အကျဉ်းသား) ကဗျာ မြန်မာပြန်(ဦးသော်ဇင်ဘာသာပြန်ကိုအနည်းငယ်လေးကွန့် ထားပါတယ်..။)
-----------------------------------------------------------
((အဘယ် အကျဉ်းသား…ပြောကြားပါဘိ..။
ဤ ခိုင်မာ လှပါသော အနှောင်အဖွဲ့ တွင်…သင့်အား မည်သူ နှောင်ဖွဲ့ ထားသနည်း ။
အကျဉ်းသား ကပြန်ဖြေ ပါတယ်..။
ငါ၏ အရှင် ….. နေ နှင့် ဗလ တွင်…. အလုံးစုံတို့ထက် မြင့်တက်ရမယ် ရယ်လို့ ငါက စဉ်းစားပြီး ငါသည် မိမိ အရှင် အဖို့ ဖြစ်သော ဥစ္စာ တို့ကိုလည်း မိမိဘဏ်တိုက်အတွင်း ထည့်သွင်းထားခဲ့ပါတယ်..။
အိပ်ချင်လာသော အခါ မှာ လည်း အရှင့်အိပ်ရာ ပေါ် မှာ တင်ပဲအိပ်လိုက်ပါတော့တယ်..။
အံ့သြစရာကွယ်….
နိုးလာ တဲ့အခါ မှာတော့ မိမိ ရဲ့ ဘဏ်တိုက် ထဲ မှာ မိမိ ကိုယ် တိုင် အကျဉ်းသားဖြစ် နေတာ တွေ့ လိုက် ရပါတယ် …..။
အဘယ် အကျဉ်းသား..ပြောကြားပါဘိ..။ဤ ခိုင်ခံ့ လှစွာသော လက်ထိပ် သံခြေကျဉ်း ၊ အနှောင်အဖွဲ့တို့ကို ဘယ်သူပြုလုပ်ပါသနည်း ။
အကျဉ်းသား ကပြန်ဖြေပါတယ်..။
ငါကိုယ် တိုင် ၊ ဤ လက်ထိပ်၊ သံခြေကျဉ်းတို့ကို ပြုလုပ်ခဲ့ပါတယ်..။
ကျွန်ပ် ၏ အတု မရှိသော အစွမ်းသတ္တိဖြင့် ကျွန်ပ် သည် အလုံးစုံသော ကမ္ဘာ့ အစွမ်းသတ္တိ တို့ကို ဒီ လက်ထိပ် သံခြေကျဉ်းတို့မှာ နှောင်ဖွဲ့ ပြီး ကိုယ်တိုင် ကတော့
လွတ်လပ်စွာေ နလျက် ကမ္ဘာ ကိုကျေးကျွန်ပြုမည် ဟု အိပ်မက် မက်ခဲ့ ဘူးပါတယ်..။
အိပ်မက် ထဲကအတိုင်း နေ့ရော ညပါအထူးကြိုးစားပြီး မီးဖို မှာ တူ ဖြင့် ထုနှက်ပြီး…. လက်ထိပ် သံခြေကျင်းတို့ကို ပြုလုပ်ခဲ့ပါတယ်…။
အံ့သြစရာကွယ်…..
ငါလုပ်ခဲ့တဲ့ ဒီ လက်ထိပ် သံခြေကျင်း တို့မှာ အနှောင်အဖွဲ့ ခံနေရတာ ငါကိုယ်တိုင်ပဲ ဖြစ်နေပါတော့တယ်..။))
တဂိုး
ဒီကဗျာ ကို ဘာသာ ၂မျိုး နဲ့ခံစား မိတဲ့ကျမ က နှောင်ဖွဲ့ တတ်တဲ့ ကိလေသာ ဆိုတာ ကို အတန်ငယ် သဘောပေါက်ခဲ့ပါတယ်..။
တကယ်တော့ကျမ တို့ ဟာ ကိုယ်တိုင်အကျဥ်းကျ ခံရဘို့ လှောင်အိမ်ကို ကိုယ်တိုင် တည်ဆောက်နေမိတယ် ဆိုတာ..တွေ့ ရပါတယ်..။
ကျမ ဘဝ မှာ တော့ ဘယ်လို အကျိုးပေး တယ် မသိ…. ဒါသည်ပင်အကျိုး မှန်မသိ..အဆိုးမှန်းမသိ…။
ပြေး မထွက်နိုင်တဲ့….လှောင်အိမ်…..
ရုန်းမထွက် နိုင်တဲ့ နှောင်အိမ် တွေ ကြိုးစားတည်ဆောက် သော်လည်း……တည်ဆောက်ခွင့် မရတဲ့ဘဝ ဖြစ်နေတာ တွေ့ ရပါတယ်..။
ကျမ ပညာသင်ဘို့ နိုင်ငံခြား ထွက်တော့ စတင် သဘောပေါက်ခဲ့ပါတယ်..။
မြန်မာ တွင် တည်ဆောက်ခဲ့သောသံယောဇဉ်များစွာဖြင့် နှောင် တဲထား သော အိမ် မှ လူက ထွက်လာ သလို…….. စိတ်က တော့မလွတ်မြောက် နိုင်ခဲ့သေး..။
မြတ်နိုးရတဲ့ ပန်းအိုးလှလှ တွေ..…..ပန်းချီကားတွေ..ကဗျာ စာအုပ်တွေ… ကော်ဖီသောက်တဲ့ စတီးလ် မတ်ခွက်တွေ…..ချိတ်လုံချည် တွေ ကအစ သယ်ယူသွားခွင့်မရှိ…။
လေဆိပ် မှာ သယ်သွားနိုင်သည်မှာ သေတ္တာ တစ်လုံးမျှသာ…။ ရင်နဲ့ အမျှ ချစ်ရပါသော သားသမီး ၂ဦးကိုပင် ခေတ္တာ ထားခဲ့ ရ တာ…။
နှောင်အိမ်တွင်နေလိုသော်လည်း နှောင်အိမ်က လက်မခံသော ဘဝ..။
AIT တွင် ပညာသင် ပြန်တော့ ဘဝသစ်စတင်သလို… အကြာကြီးနေရတော့မဲ့ လူလို …ပစ္စည်းသံယောဇဉ် နှောင်အိမ် တစ်ခု ကိုထပ်မံဆောက် တည် ခဲ့သေးတာ…။
၂နှစ်ကို အကြာကြီးထင် ပြီး စားပွဲ ရှိရက် နဲ့ ကွန်ပျူတာ စားပွဲကိုဝယ်..ရေခဲသေတ္တာဝယ်…. ဘန်ကာက်ဈေးထဲက လွိုင်ကောက် ကောက်.. ( ၁၉၉ ဘတ် ) လို့ ဈေးသည် အော်သမျှဝယ်လိုက်ရ ပါသော ဖိနပ်တွေက ရောင်စုံ…။
လမ်းလျှောက်တဲ့ဖိနပ်…… စက်ဘီးစီးတဲ့ဖိနပ်…….ဖိနပ် မျိုးစုံ….. အထည် မျိုးစုံ….။
အချိန်တန် နှစ်စေ့တော့ ထို AIT နှောင်အိမ် က အနှင်ခံရတော့တာ….. နောက်ဆုံးတော့ သေတ္တာ တစ်လုံး…နှစ်လုံး စာမျှ နဲ့ သာ အဆုံးသတ်… ကာ ထွက်ခွာရတော့တာ..။
အီတလီ ရောက် ပြန်တော့လည်း ဘဝကို အမှတ်တမဲ့….. စိတ်ကူးယဉ်ကာ နှောင်အိမ်တစ်ခု ကိုတည်ဆောက်…. ပြန်သေးတော့တာ..။
ဘွဲ့ ရပြီး ဒေါက်တိုရေးဆား (Dott.saa) ဘဝ နဲ့ ဥရောပ မှာ အလုပ်လုပ်မယ်..။ ရောမ က တိုက်ခန်းတစ်ခု မှာ နေမယ်..။
ဝယ်ထားသော ခရိုရှေး အိပ်ယာခင်းတွေ..စားပွဲခင်းတွေ…အလှစီဖန်ခွက်တွေ…ပန်းချီကား တွေ Antiques ပစ္စည်းများ စွာ ဒီတစ်ခါ သေတ္တာ ၈ လုံး တိတိ….။
နေမကောင်း..အကြောင်းမသင့်လို့ မြန်မာကိုပြန်လာတော့ …..အပူတပြင်း ဆိုတော့ သေတ္တာ ၇လုံး ကို အီတလီ နဲ့ လက်ထပ်ထားတဲ့ ဖိလစ်ပိုင် သူငယ်ချင်း အိမ်မှာ ထားခဲ့ရတော့တာ..။
အီတလီ နှောင်အိမ်…ရောမ နှောင်အိမ် သည် သဲ သောင်ပြင်ပေါ် မှာ ရေးဆွဲသော ကောက်ကြောင်း သဖွယ် လှိုင်းအပုတ် မှာ မျောမြုပ် ခဲ့ရပြန်ပါတယ်…။
ဖိလစ်ပိုင်သူငယ်ချင်း က သေတ္တာ ၇လုံး ကို သင်္ဘော နဲ့ ပို့ပေးမယ် ပြောလည်း.......
တစ်နေ့နေ့ ပြန်ရောက်ချင် ရောက်အုံး မှာ ဆိုသော သံယောဇဉ် သည် ဖွဲမီး လို တစ်ငွေ့ငွေ့…။
၂၀၁၇ နှစ်ဦး နှင်းတွေကျတော့သူငယ်ချင်း ဓာတ်ပုံရိုက်တင်ထားသောနေရာသည် ကျမ တက္ကသိုလ် တည်ရှိရာနေရာမဟုတ်…..တော့မှ မေးကြည့် လိုက်တာ….။
သန်းသန်းရေ… နင်မသိဘူးလား ၂၀၁၆ မနှစ်က အီတလီ မှာ ငလျင်အကြီးအကျယ် လှုပ်တယ်လေ တဲ့..ငါ တို့ တိုက် လုံးဝ ပြိုသွားတယ်..လူတောင်မနည်းထွက်ပြေး ရတယ် ဆိုတော့..။
ကရုဏာ နဲ့ အတူ…. သံဝေဂ နဲ့ အတူ …ထိတ်လန့်ခြင်း တစ်ဝက်… ဝမ်းနည်းခြင်း တစ်ဝက်…. သနားခြင်းစွက်လျက်..။
တစ်ခန်းရပ်ခဲ့ပါပကော....။
ဘဝ ကပေးလာတဲ့ သင်္ခန်းစာ စုံလာတဲ့ကျမမှာ….. မြတ်နိုးလိုက်မယ်…. စုဆောင်းလိုက်မယ်....စွဲလန်းလိုက်မယ် .....သုံးဆောင်ခံစားလိုက် မယ် ဆိုတဲ့ .......။
ကိလေသာ နှောင်အိမ်သည်….. အလဲလဲ အပြိုပြို…မို့ နောင်သောအခါ..ဘာကို မှ မကပ်ညိအောင် နေဘို့ကြိုးစားလာခဲ့ရပါတယ်..။
ဘယ်နေရာ နေရ နေရ..ခဏ ပါ..ပဲကွယ်။
နောက်ဆုံးတော့ ကိုယ့်ဘဝ မှာ ကျန်ူတာ သေတ္တာ တစ်လုံးပါပဲရယ်လို့ နှလုံးသွင်းခဲ့ပါတယ်..။
သားတွေ သမီး တွေက ပိုင်ဆိုင်မှု တွေ ပြောလည်း သူတို့ နာမည် နဲ့ သာဖြစ်စေလိုက်တယ်..။
ကိုယ်က သေတ္တာ တစ်လုံး သမား ဆိုတာ သေချာ ခဲ့ပြီကိုး..။
အခု ရာဘင်ဒြာနတ်သ် တဂိုး ရဲ့ ကဗျာ ဖတ်လိုက်တော့ ကျမ ရဲ့ ဘဝ က ..ကဗျာ ထဲက လို အကျဉ်း မကျ ပဲ အကျဉ်းကလက်မခံလို့ လွတ်မြောက် နေသလို နားလည် မှု အလင်းတစ်စရခဲ့ပါတယ်..။
ကျမ ဟာ တဂိုး လို ...အကျဉ်းကျ စရာ ဘဏ္ဍာ တိုက်မှ မရှိပြီပဲလေ..။
တကယ် ဆို … ကျောင်းတက်တုံး က မှ သေတ္တာ တစ်လုံး သယ်ခွင့်ရှိသေးတယ်… သံသရာခရီး အတွက်ကတော့ …..
နာရေးကူညီမှုအသင်းတွေက … စတီးလ် အခေါင်းတွေ ပြန်သုံး ပြန်ယူကြမှာမို့ ……
အဝတ်သေတ္တာ မဟုတ် သော ….. အခေါင်း သေတ္တာ တစ်လုံး မျှ ပင်......
လောင်ကျွမ်းပေးမည့် မီးလျှံ ထဲ သို့ ....မဝင်ခင်အချိန် ထိ ပါလိမ့် မည် မဟုတ်…..။
လက်ခြေ ဗလာ......ကိုယ်ခန္ဒ္စာ......
ဒါသည် ပင် ကျမရဲ့ ဝိမုတ္တိဘဝ….
ကျမ ရဲ့ ဝိမုတ္တိရသ ....... ပဲမဟုတ်ပါလား..။
မေတ္တာဖြင့်
သစ္စာအလင်း
၆.၁၂.၂၀၁၇
0 မှတ်ချက်ရေးရန်:
Post a Comment