ကျေးဇူးတော်ရှင် မူလဓမ္မ ဆရာတော် ဦးဝိဇယ ရဲ့ တရား တော်လေးတွေကို ပဲ ကျွန်မ ဆက်လက် မျှဝေချင်ပါတယ်..။ဆရာတော် ရဲ့ မူရင်း အတိုင်း စကားလုံးများကို မျှဝေရေးသားပါရစေ..။
ဝိပဿနာ ထင်မပါ ဉာဏ်မြင်တာ ပဲရှုရမည်၊ ဟူသော လင်္ကာ နဲ့ ပတ်သက် ပြီး ကုသိုလ်တရား အားထုတ် လို သူတိုင်း မသိမဖြစ်သိရမဲ့လိုအပ်ချက် ဖြစ်တဲ့ သမ္မာဒိဋ္ဌိ (၅) မျိုး ရှိပါတယ်..။
(၁) ကမ္မသကတာ သမ္မာ ဒိဋ္ဌိ
(၂) ဈာနသမ္မာ ဒိဋ္ဌိ
(၃)ဝိပဿနာ သမ္မာ ဒိဋ္ဌိ
(၄) မဂ္ဂ သမ္မာ ဒိဋ္ဌိ
(၅)ဖလသမ္မာ ဒိဋ္ဌိ
(ကိုယ် ပြုလုပ်ထားသော ကုသိုလ်ကံ အကုသိုလ်ကံ တို့သည် သာ ကိုယ် ၏ ကိုယ် ပိုင် ဥစ္စာ) ဟုသိမြင်ခြင်း ကို ကမ္မသကတ သမ္မာဒိဋ္ဌိ လို့ခေါ်ပါတယ်..။ဤ နေရာ မှာ ကုသိုလ် ၊အကုသိုလ် နှင့် ပတ်သက်သော သိစရာ များကို သိထားသင့်ပါတယ်..။
မသိထားရင် ကုသိုလ် ဖြစ်မှန်းမသိ၊ အကုသိုလ် ဖြစ်မှန်းမသိပဲ
ပါပသ္မိံ ရမတိ မနော= စိတ်သည် မကောင်းမှု မှာ ပျော်၏။ ဆို သည့် အတိုင်း အကုသိုလ် တွေသာ ဖြစ်နေ တတ် ပါတယ်..။
ကုသိုလ် ၊အကုသိုလ် နဲ့ ပတ် သက် ပြီး လက္ခ ဏာ၊ရသ ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန် လို့ မှတ်သားနားလည် ဖွယ် (၄) မျိုးရှိပါတယ်..။
အနဝဇ္ဇ သုခဝိပါက လက္ခဏံ ကုသလံ ၊ အကုသလ ဝိဒ္ဓံ သနရသံ။
ဝေါဒါန ပစ္စုပဋ္ဌာနံ ၊ယော နိသော မနသိကာ ရပဒဋ္ဌာနံ။
ကုသလံ ကုသိုလ်တရားသည် ၊ အနဝဇ္ဇ သုခဝိပါက လက္ခဏံ -အပြစ်ကင်းခြင်း ကောင်းကျိုးပေးခြင်း လက္ခဏာ ရှိ၏။
အကုသလံဝိဒ္ဓံ သနရသံ - အကုသိုလ် ကို ဖျက်ဆီးခြင်းကိစ္စရှိ၏ ။
ဝေါဒါနပစ္စုပဋ္ဌာနံ - ဖြူစင်သော တရားလို့ ယောဂီတို့ က ဉာဏ်မှာ ထင် လာ နိုင်၏
ယောနိသော မနသိကာရ ပဒဋ္ဌာ နံ - အသင့်အားဖြင့်နှလုံးသွင်းမှန် ခြင်း သည် လျင် နီးစွာသော အကြောင်း ရှိ၏။
သဝဇ္ဇ ဒုက္ခဝိပါကလက္ခဏံ အကုသလံ ၊ကုသလပဋိပက္ခရသံ။
ကာလုဿိယ ပစ္စုပဋ္ဌာနံ ၊အယော နိသော ၊ မနသိကာရ ပဒဋ္ဌာ နံ။
အကုသလံ -အကုသိုလ် တရားသည် ၊ သဝဇ္ဇ ဒုက္ခဝိပါကလက္ခဏံ အပြစ်ရှိခြင်း ဆိုးကျိုးပေးခြင်းလက္ခဏာ ရှိ၏။
ကုသလပဋိပက္ခရသံ- အကုသိုလ်တရားကို ဆန့်ကျင်ဘက် ပြုခြင်း ကိစ္စရှိ၏။
ကာလုဿိယ ပစ္စုပဋ္ဌာနံ - မည်းညစ်သော တရားဟု ယောဂီ တို့ ဉာဏ်မှာ ထင်လာနိုင် ၏။
အယော နိသော ၊ မနသိကာရ ပဒဋ္ဌာ နံ - မသင့်သော အားဖြင့် နှလုံးသွင်းမှားခြင်း သည် လျင်နီးစွာသော အကြောင်းရှိ၏။
လောကမှာတရားမရသူရယ် လို့ မရှိပါဘူး။ ကုသိုလ် တရားမရရင် အကုသိုလ်တရားကတော့ ရဘို့သေချာ ပြီးသားပါ..။
လက္ခဏာ ဆိုတာ အမှတ်အသားဖြစ်ပါတယ်..။ အမှတ်အသားလက္ခဏာ များကို ကြည့် ပြီး ခွဲခြားရမှာ ဖြစ်ပါတယ်..။
ကုသလ ဟူသော ပါဠိစကားမှ ဆင်းသက်လာသော ကုသိုလ် ဟူသော ပါဠိသက် ဝေါဟာရ၏ ခန္ဓာ မှာ တွေ့နိုင်သော အမှတ်အသားလက္ခဏာ များမှာ အနဝဇ္ဇ = အပြစ်ကင်းခြင်း လက္ခဏာ နှင့် သုခဝိပါကာ=ကောင်းကျိုးပေးခြင်းလက္ခဏာ အားဖြင့် ၂-ပါးရှိ ပါတယ်..။
အကုသလ ဟူသော ပါဠိစကားမှ ဆင်းသက်လာသော အကုသိုလ် ဟူသော ပါဠိသက် ဝေါဟာရ၏ ခန္ဓာ မှာ တွေ့နိုင်သော အမှတ်အသားလက္ခဏာ များမှာ သာဝဇ္ဇ = အပြစ်ရှိ ခြင်း လက္ခဏာ နှင့် ဒုက္ခ ဝိပါကာ=ဆိုးကျိုး ပေး ခြင်းလက္ခဏာ အားဖြင့် ၂-ပါးပင် ရှိ ပါတယ်..။
သတ္တဝါတွေရဲ့ စိတ်ထဲမှာ စွန့်လွှတ်ခြင်းသဘောတရားများ တခါတရံဖြစ်ပေါ်တတ်ပါတယ်.။ စွန့် လွှတ် ခြင်း သ ဘောများမဖြစ်ပေါ်ချိန်မှာတော့ စွဲလန်းခြင်းသဘော များသာ အမြဲ ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ စွန့်လွှတ် ခြင်းသဘောတရားများ စိတ်ထဲမှာ ဖြစ်ပေါ်လျင် အပြစ်ကင်းခြင်း ကုသိုလ်လက္ခဏာ များ ဖြစ်ပေါ်ပါတယ်..။
ထို စွန့်လွှတ်ခြင်းသဘောတရားများဖြစ်ပေါ်လာ သည် နှင့် တပြိုင်နက် ချမ်းသာ ခြင်း၊ကောင်းမြတ်ခြင်း၊ အရတော် ခြင်းသဘောတရားများလည်း ဖြစ်ပေါ်လာ ပါတယ်..။ ထို့ကြောင့် (စွန့်လျင်+ ချမ်းသာ) ဟူသော သဘော တရားများကို ကုသိုလ် လို့ခေါ်ပါတယ်။
စွဲလမ်း ခြင်းသဘောတရားများ စိတ်ထဲမှာ ဖြစ်ပေါ်လျင် အပြစ်ရှိခြင်း အကုသိုလ်လက္ခဏာ များ ဖြစ်ပေါ်ပါတယ်..။ ထို စွဲလမ်းခြင်း သဘောတရားများဖြစ်ပေါ်လာ သည် နှင့် တပြိုင်နက် ဆင်းရဲ ခြင်း၊ သဘော တရားများလည်းတပြိုင်နက် ဖြစ်ပေါ်လာ ပါတယ်..။ထို့ကြောင့် (စွဲလျင်+ ဆင်းရဲ) ဟူသော သဘော တရားများ ကို အကုသိုလ် လို့ခေါ်ပါတယ်။
(စွဲလျင်+ ဆင်းရဲ ) ဟူသော သဘော ရှိသော အကုသိုလ်တရား၏ နယ် မှာ အလွန်ကျယ်ဝန်းလှပါတယ်..။မရှိသေးတာ ကို စွဲ လမ်းလျင်လည်း ဆင်းရဲတယ်..။ ရှိပြီးသားကို စွဲလမ်းလျင် လည်းဆင်းရဲတယ်..။ပျက်စီးသွားတာ တွေစွဲလမ်းလျင်လည်းဆင်းရဲတယ်..။အတိတ်အကြောင်းအာရုံများ ကို စွဲလမ်းလျင် လည်းဆင်းရဲတယ်..။ပစ္စုပ္ပန် အကြောင်း အရာ အာရုံများ စွဲလမ်းလျင် လည်းဆင်းရဲတယ်..။အနာ ဂတ် အကြောင်းအရာ အာ ရုံ များစွဲလမ်းလျင်လည်းဆင်းရဲတယ်..။
စွဲလမ်းခြင်းဟူသည် မှာ သိစရာ များကို သိနေသော သဘော သာ ရှိသော လော ကကြီးကို ချစ်စရာ ကောင်းလို့ ချစ်တာ ဟူ၍ မုန်းစရာ ကောင်းလို့ မုန်းတာ လို့ (သိစရာကို တည့်တည့် မတွေးပဲ) ချစ်စရာ မုန်းစရာလို့ (ထည့်ထည့် တွေးခြင်း)ကို စွဲလမ်းခြင်းလို့ခေါ်ပါတယ်..။စွဲလမ်းတိုင်းလည်း ဆင်းရဲတယ်..။ ထည့်ထည့်တွေးတိုင်း လည်း ဆင်းရဲပါတယ် ။
အကုသိုလ် နယ် ကျယ် သကဲ့ သို့ (စွန့်လျင်+ချမ်းသာ) ဟူသော သဘော ရှိသော ကုသိုလ် နယ် ကလည်း အလွန့် အလွန် ကျယ် ဝန်းလှပါတယ်..။ကိုယ် ပိုင်သော သက်ရှိသက်မဲ့အားလုံးနှင့် ကိုယ် ဆိုင်သော ၃၁ ဘုံလုံးရှိ သက် ရှိ သက် မဲ့ အားလုံးကို (စွန့်လွှတ်မယ်) လို့ ပုဗ္ဗ စေတနာ ပေါ်ရင် ချမ်းသာ တယ်။ (စွန့် လွတ်တယ်) လို့ မုဉ္စစေတနာ ပေါ်ရင်လည်းချမ်းသာ တယ်။ (စွန့်ပြီးတာ ကို ဝမ်းသာ တယ်) လို့ ပရစေတနာ ပေါ်ရင် လည်း ချမ်းသာ တယ်..။
စွန့်လွှတ်ခြင်းဟူသည် မှာ ၃၁ဘုံလုံးရှိ အာ ရုံများကို ချစ်စရာကောင်းလို့ ချစ်တာလို့လောဘ ဖြင့် ၄င်း ၊မုန်းစရာကောင်းလို့ မုန်းတာ ဟူသော ဒေါသဖြင့်၎င်း ၊ အဟုတ်ထင်စရာကောင်းလို့ အဟုတ်ထင်တာ လို့မောဟဖြင့်၎င်း ထည့်ထည့် တွေးခြင်း အမြင်မှားများကင်းစင်ပြီး သိစရာ များကို သိတာ လို့ အမှန် အတိုင်းတည့်တည့် တွေးနိုင် ခြင်း ကို စွန့်လွှတ် ခြင်းလို့ခေါ်ပါတယ်..။စွန့်လွှတ်တိုင်းချမ်းသာ တယ်..တည့်တည့်တွေးတိုင်း လည်းချမ်းသာ ပါတယ်..။
ကုသိုလ် နဲ့ အကုသိုလ် ကို စိစစ်ရာ မှာ အလုပ်နဲ့ မစိစစ် ပဲ မိမိစိတ်ထဲမှာ ဖြစ်ပေါ်လာသော လက္ခဏာ များဖြင့် စိစစ်ရပါမယ်..။မိမိစိတ်ထဲစွဲလမ်းခြင်းနဲ့ ဆင်းရဲခြင်းလက္ခဏာ များပေါ်တိုင်း အကုသိုလ် ဖြစ်ပြီလို့ နားလည်သဘောပေါက် ရပါမယ်..။မိမိစိတ်ထဲ စွန့်လွှတ် ခြင်းနှင့် ချမ်းသာ ခြင်းလက္ခဏာ များပေါ်တိုင်း ကုသိုလ် ဖြစ်ပြီလို့ နားလည် သဘော ပေါက် ရပါမယ်..။
စိတ်ထဲမှာ ဖြစ်ပေါ်လာ တတ်သော
(စွန့်လျင် + ချမ်းသာ) ကုသိုလ် နှင့် စွဲလျင် +ဆင်းရဲ အကုသိုလ် များကို ခန္ဓာတွေ့ သဘော ပေါက် လျင်
ကမ္မ သကတ သမ္မာ ဒိဋ္ဌိ လို့ခေါ်ပါတယ်..။
( စွန့် လျင်ဆင်းရဲလိမ့်မယ်၊ စွဲလမ်းမှ ချမ်းသာလိမ့်မယ်) လို့ပြောင်းပြန် ထင်နေခြင်းသည် မိစ္ဆာ ဒိဋ္ဌိလို့ခေါ်ပါတယ်။
ခန္ဓာ မှာတွေ့ ရတဲ့ အတိုင်း
(စွန့် လျင်+ ချမ်းသာ) ဟူသော သဘော ကို ကုသိုလ် လို့
တည့်တည့်သိမြင် ခြင်းသည်
ကမ္မသကတ သမ္မာဒိဋ္ဌိ ဖြစ်ပါတယ်..။
(စွဲလျင် +ဆင်းရဲ) ဟူသော သဘော ကို အကုသိုလ် လို့တည့်တည့်သိမြင်ခြင်းသည် လည်း ကမ္မသကတသမ္မာဒိဋ္ဌိ ဖြစ်ပါတယ်..။
ခန္ဓာ သဘော နှင့် ဖြောင့်ဖြောင့်ဆန့်ကျင်ပြီး
စွန့်လျင် ဆင်းရဲလိမ့်မည်၊ စွဲလမ်းမှ ချမ်းသာ လိမ့်မည် လို့ထည့်ထည့် သိနေခြင်းကို
မိစ္ဆာဒိဋ္ဌိ လို့ခေါ်ပါတယ်..။အဲလို ကုသိုလ် ၊အကုသိုလ် အမှန်တရားကို သိလိုလျင်
လက္ခဏာ နှင့်ခွဲကြည့် ရပါမည်..။