Friday, July 10, 2009

ဓမ္မ မောင်၊ညီမ နှစ်ဦးမှ၊ ဓမ္မလက်ဆောင်

" Happy Birthday မသစ္စာအလင်း".." Happy Birthday To You"

ဝါဆိုလပြည့်ကျော်လေးရက်နေ့သည် ကျွန်တော့်ဓမ္မမိတ်ဆွေ ဓမ္မဒါနရေးသားမျှဝေသူ မ သစ္စာအလင်း ( http://thitsaralin.blogspot.com/)( http://thitsaralin.com/) ၏ မွေးနေ့ဖြစ်၏။
မွေ့နေ့လက်ဆောင်အဖြစ် အင်္ဂလိပ်လို " Happy Birthday To You" ဆိုသော စကားကို ဝမ်းမြောက်စွာဖြင့် ကျူးရင့်လိုပါသည်။
အမအတွက် ပျော်ရွင်သော မွေးနေ့ ဖြစ်ပါစေ ဟု ဆန္ဒမွန်ပေးခြင်းမဟုတ်၊ ထုတ်ဖော်ပြောလိုခြင်းဟု ဆိုလျင် ပို၍ သက်ဆိုင် မှန်ကန်ပေလိမ့်မည်။
ထုတ်ဖော်ပြောလိုခြင်းဟု စကားသုံးရခြင်းမှာ .... စာအနည်းငယ်ဆက်ဖတ်ကြပါစို့....။

လူသတ္တဝါ အနေနဲ့ပဲ ပြောရလျင် - လူတိုင်း မွေးဖွားလာရခြင်းသည် ဘာအတွက်ကြောင့်လဲ ? ဟု မေးခွန်းမေးလိုက်လျင်-
မြတ်စွာဘုရားရှင်၏ တရားဦးဦးဖျားဖျား သစ္စာတရားကို မကြားနာဖူးရသူတို့သည် မွေးဖွားလာရခြင်းကား ဘာအတွက် ညာအတွက် အမျိုးမျိုးသုံးသပ်၍ အဖြေများစွာထွက်လာနိုင်သော်လည်း၊
ဤသစ္စာတရားကို ကုသိုလ်ပါရမီထူးမြတ်၍ ကြားနာရသူတို့၏ ဉာဏ်၌ ထင်ရှားထွက်လာသော အဖြေသည်ကား တစ်ခုသာတည်း။
ထိုအဖြေမှာ ” လူတိုင်း မွေးဖွားလာရခြင်းသည် နောင်တစ်ဖန်မွေးဖွားခြင်းကိစ္စ ချုပ်ငြိမ်းရန် ” ဖြစ်၏ ဆိုသော အဖြေဖြစ်၏။

မြတ်စွာဘုရားရှင် အမှူးထား၍ သံသရာဝဋ်ဆင်းရဲမှ ကျွတ်လွတ်သွားသူတို့၏ မွေးဖွားခြင်းသည် နောင်တစ်ဖန်မွေးဖွားခြင်းကိစ္စ ချုပ်ငြိမ်းရန် ကျေးဇူးပြုသွားကြပါ၏။
ထိုမှမဟုတ် အခြားတစ်ပါးသော သံသရာပုံမှန်ရထားစီးနှင်းလိုက်ပါသူတို့အဖို့မှာကား မွေးဖွားခြင်းသည် အိုဘူတာဆိုက်ဖို့ နာဘူတာဆိုက်ဖို့ သေဘူတာဆိုက်ဖို့ -
နောက်တစ်ဖန် မွေးဘူတာ ထိုမှာ အိုဘူတာ..စသည်ဖြင့် ရထားခေါင်းတွဲပြောင်းပြီး (ဗြဟ္မာခေါင်းကနေ လူခေါင်း- လူခေါင်းကနေ ဝက်ခေါင်း၊ ဝက်ခေါင်းကနေ ကြက်ခေါင်း စသည့်ဖြင့်)
ဒုတ်ချက်ဒုတ်ချက် ခုတ်မောင်းလျက် ဆင်းရဲစွာ ခရီးဆက်နေကြရ၏။

ဤသို့ မြတ်စွာဘုရားရှင် ဦးဆောင်ခေါ်သည့် မဂ္ဂင်လမ်း၌ ဉာဏ်ခြေဖဝါးရာ ထင်ခဲ့ပြီဆိုလျင် ထိုသူ၏ မွေးဖွားခြင်း၊ မွေးနေ့သည် ပျော်ရွှင်စရာကောင်းသော - မင်္ဂလာရှိသောနေ့ဟု ဆိုထိုက်၏။ သတ်မှတ်ထိုက်၏။
ထိုသို့မဟုတ်ဘဲ ပုံမှန်ရထားကြီးခေါင်းပြောင်းသည့်နေ့ဖို့ အတွက်ကား Happy ဟု ဆိုရမည်လား? Unhappy ဟု ဆိုရမည်လား? ကြိုက်သလို သတ်မှတ်ချက်ပေးကြပါတော့။

ကျွန်တော့်အဖို့ အဓိပ္ပာယ်ရှိတဲ့ သတ်မှတ်ချက်ပေးပါဆိုရင်တော့ -
မြတ်စွာဘုရားရှင် ဦးဆောင်ခေါ်သည့် မဂ္ဂင်လမ်း၌ ဉာဏ်ခြေဖဝါးရာ ထင်သောသူတို့၏ မွေးဖွားခြင်း၊ မွေးနေ့သည်သည်သာ Happy Birthday အဖြစ် သတ်မှတ်လိုပါ၏။

အခုဓမ္မမိတ်ဆွေ မသစ္စာအလင်းအဖို့-
(၁) မြတ်စွာဘုရားရှင်၏ သာသနာ့အလင်းရောင် ထွန်းလင်းပြောင်နေခိုက်၌ ဉာဏ်ပညာပါရမီဓာတ်ခံပါလာသော လူဖြစ်ခွင့်ရခြင်း။ ( ဉာဏ်ပါရမီဓာတ်ခံရှိမှုအား လောကီပညာအရာ၌ သင်ကြားတတ်မြောက်မှုအစ အစပြု၍ စသည်ဖြင့် အကဲခတ်သိနိုင်ခြင်း)

(၂) သစ္စာတရားများကို ကရုဏာရှေ့ထားဟောကြားပြသထောက်ပြပေးသော သံဃာတော်အရှင်မြတ်များထံ၌ နီးကပ်စွာ ဝတ်ကြီး ဝတ်ငယ်ပြု၍ တပည့်ခံခွင့်ရခြင်း။ ( ပိုင်းလော့ဆရာတော်ဘုရားကြီး၏ လိမ္မာသော တပည့်မ ဖြစ်ခွင့်ရခြင်း)

(၃) ဟောကြားသော သစ္စာတရားကို ကောင်းစွာ နှလုံးသွင်းခံယူနိုင်သော နှလုံးသားဓာတ်ခံရှိခြင်း၊ သစ္စာတရားကို ထောင်နိုင်သောနား ပါရှိခြင်း။(သစ္စာတရားတစ်ပုဒ်ကို နာကြားလိုက်ရလျင်ပင် အတိုင်းမသိ ဝမ်းသာပီတိဖြစ်ခြင်း)။ (တရားတစ်ပုဒ် နာဖို့ ပေးလိုက်လျင် တုံ့ပြန်ပြောဆိုမှု၌ အကဲခတ်သိရခြင်း)

(၄) နာယူသိ အသိကို နှလုံးသွင်း ဆောင်ယူ၍ ကိုယ်ပိုင်အရှိဖြစ်အောင် ကိုယ်တိုင်ကိုယ်ကျ ပွားများအားထုတ်ခြင်း။ (မိတ်ဆွေဖြစ်ခွင့်ရခြင်းမှ သိရခြင်း)

(၅) ရတနာသုံးပါ၏ ဂုဏ်ကျေးဇူးကို သိတတ်ခြင်း၊ ရတနာသုံးပါးအား အသက်နှင့် ထပ်တူထပ်မျှထား၍ ယုံကြည်ကိုးကွယ်သည့် သတ္တိသည် နှလုံးအိမ်၌ ကိန်းနေခြင်း။ (ကာယ၊ဝစီ မနောချီ၍ ပြုကြရာဝယ် ကာယ၊ဝါစအမှုကို ကြည့်၍ မနောဓာတ်ကို အကဲခတ်သိနိုင်ခြင်း)

စသည့် စကြာမင်းရတနာ အဆပေါင်း ကုဋေကုဋာမျှဖြင့် လှဲလှယ်၍ မရကောင်းသော လွန်စွာရခဲလှသာ ဤအကျိုး(၅)ပါးကို မ သစ္စာအလင်း ဤဘဝ၌ ရရှိနေပေပြီ။
မိတ်ဆွေမို့ ဂုဏ်ဖော်ပြောလိုခြင်းမဟုတ်ပေ။ ဥပမာပြောရလျင် - ကျွန်တော်က သံပုရာသီးချဉ်တယ်လို့ ပြောလိုက်မှ သံပုရာသီးက ချဉ်သွားတာမဟုတ်၊ ချဉ်တာမဟုတ်၊
သူ့ပင်ကိုယ် ဓာတ်ကိုက ချဉ်လို့ ချဉ်တယ်လို့ ထုတ်ဖော်ကာ ပြောရသည်မျှပါ။
ဤဥပမာအသွားကဲ့သို့ မိတ်ဆွေမို့ ဂုဏ်ဖော်ပြောလိုခြင်းမဟုတ်ပေ၊ ထုတ်ဖော်ပြောလိုခြင်း မျှသာ။

ဤမျှ အဖိုးကြီးမားသော အကျိုး(၅)ပါးကိုရရှိဖို့ အကြောင်းအထောက်အပံ့အား မသစ္စာအလင်းအဖို့မှာ ဘဝပေါင်းများစွာက မွေးဖွားခြင်းဒုက္ခကို အရင်းခံ၍ နားပါးပါးဖြင့် ဖြည့်ကျင့်ခဲ့ရသည်မှာ
ပုဗ္ဗေနိဝါသအဘိဉာဏ်ဖြင့် သူ့ဘဝဖြစ်စဉ်ကို ကြည့်စရာပင်မလို၊ ပဋိစ္စသမုပ္ပာဒ်ဒေသနာတော်အား ကြားနာဖူးသော အသိဉာဏ်၊ ပဋ္ဌာန်းဒေသနာတော်အား ကြားနာဖူးသော အသိဉာဏ်ဖြင့်ပင် ကြည့်ရှုက ထင်းလင်းစွာသိနိုင်၏။
ဤသို့ ဘဝများစွာ စတေးပြီးမှ ယခုဘဝမှာ အထက်ပါ အကျိုးငါးပါး ရရှိ၍ မြတ်စွာဘုရားရှင် ဦးဆောင်ခေါ်သည့် မဂ္ဂင်လမ်း၌ သူ့ဉာဏ်ခြေဖဝါးရာထင်နိုင်ခဲ့သည့်အတွက်မို့ ဤဘဝမွေးဖွားခြင်း၊ မွေးနေ့သည် Happy Birthday - အမှန်ပင်ဖြစ်ပေ၏။
နိဂုံးချုပ်အားဖြင့် လက်ဆောင်အဖြစ် သတိပေးစကားဆိုပါရစေ။ ထိုသတိပေးစကားကို - ပိုမိုခိုင်မာစေရန် အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီး၏ ဒုက္ခနှင့် သုခ ကို ဉာဏ်ကြီးကြီးနဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုပါ ဖော်ပြလိုပါသည်။
ဒုက္ခ - နောင်တစ်ဖန် မွေးဖွားရခြင်း။
သုခ - နောင်တစ်ဖန် မွေးဖွားခြင်းကိစ္စချုပ်ငြိမ်းခြင်း။
ဤ အနက်နှစ်ခုမှ သုခနှင့် ပြည့်စုံသူတို့သာလျင် မှန်စွာ Completely Happy ဖြစ်နိုင်၏။ ဒုက္ခရှိနေသူအဖို့ Happy Degree 100% မဖြစ်နိုင်သေး၍ ( သုခအပြည့်ရဖို့ - ဒုက္ခအပြည့်ကို ထိုးထွင်းသိသောဉာဏ်) သည် အမသဏ္ဍာန်၌ ပိုမို၍ ထင်ရှားသည်ထက် ထင်ရှား၍ ထင်ရှားစွာ ထွန်းလင်းလာစေရန် (ဝီရိယတိုးပွား) ပါစေသား။

ခင်မင် လေးစားစွာဖြင့်
ဝင်းမြင့်၊ မေဟန်
" Happy Birthday မ သစ္စာအလင်း".." Happy Birthday To You"

*******************************************************************
ကျွန်မ အတွက် ဓမ္မ က ပေးအပ်လာသော အဘိုးတန်မောင်တစ်ယောက်၊ ညီမတစ်ဦး (ကျွန်မ ကအာဂျန်ဟုခေါ်သော ကိုဝင်းမြင့်နှင့်မမေ)ကို ကျေးဇူးလည်းတင် မိသလို စိတ်မှာလုံခြုံမှုလည်း ရရှိလိုက်ပါတယ်။ နှစ်သိမ့်ဝမ်းမြောက်မှုနဲ့အတူပေါ့။

0 မှတ်ချက်ရေးရန်: