Monday, July 18, 2011

ဝမ်းနည်းဝမ်းသာ ၊ များစရာ

တရားတွေ ကိုအားထုတ်တယ် တရားနာကြတယ်…. ဘာကြောင့်လဲ… အချိန်ကုန်ုခံပြီး ဘာကြောင့် သင်ယူ လေ့ကျင့်ကြ တာလဲ ၊ လက်တွေ့ ဘဝမှာဘယ်လို အသုံးချနိုင်မှာလဲ..ဘယ်လို အသုံးဝင်ပါသလဲ ဆိုတာ ဆိုတဲ့စ ကားကို လူတိုင်းမေးတတ်ကြပါတယ်…။ ကျေးဇူးတော်ရှင်ပိုင်းလော့ဆရာတော်ဘုရား ကြီး က တော့….. *လက်တွေ့ လူနေမှုဘဝ မှ နေထိုင်ရင်း အပါယ်ကျစေနိုင်မဲ့ ကမ္မ ဘဝကို ထိန်းချုပ်နိုင် အောင် လို့ ပါ*လို့ ဖြေဘူးတယ်..။

ကျွန်မတို့ ရဲ့ လက်တွေ့ဘဝ ဆိုတာကလည်း ပေါင်းသင်းဆက်ဆံနေထိုင်ရင်း အချိန်နဲ့အမျှ ကိလေသာတရား များ နဲ့ ထိတွေ့ရင်ဆိုင်ရပါတယ်..။ ဘယ်လို လောဘကြီးတာမကြိုက်ဘူး..ဒေါသကြီးတာမကြိုက်ဘူး၊မာန ကြီး တာ မကြိုက်ဘူး ..ဘယ်လို မကြိုက်တာလည်းဆိုတော့ ကိုယ့် အပေါ်မှာ လောဘ လာကြီးတာ.. ဒေါသ လာကြီး တာ..မာန လာကြီးတာကို မကြိုက်တာပါ..။ တကယ်တော့ ကိုယ့်သန္တန်မှာ ဖြစ်နေတဲ့ ဒေါသကိလေ သာ၊ လောဘကိလေသာကိုသာ မကြိုက်တာ ဖြစ်ရမယ် ဆိုတာ ကို သိသူကျင့်သူကတော့နည်း ပါသေးတယ်..ကျွန်မအပါအဝင်ပေါ့။

လူတိုင်းလူတိုင်း ဟာ လောက ထဲမှာနေလေတော့ လောကဓမ္မ ဆိုတဲ့ လောကဓံတရား တွေနဲ့ ရင်ဆိုင် တွေ့ကြုံ နေရတာပါပဲ..။ ချမ်းသာခြင်း၊လာဘ်ရခြင်း၊ချီးမွမ်းခံရခြင်း၊အချွေ အရံများခြင်း ဆိုတဲ့ အကောင်း လောကဓံ နဲ့တွေ့ကြ ရသလို… ဆင်းရဲခြင်း၊ လာဘ် မရခြင်း ၊ကဲ့ရဲ့ ခံရခြင်း အချွေအရံ နည်းခြင်းဆိုတဲ့လောကဓမ္မ တရား တွေ ကိုလည်း ရင်ဆိုင်ကြရတာပါပဲ..။

အဲဒီ တွေ့ကြုံရတဲ့ တရား တွေပေါ်မှာ မူတည် ပြီး လူတွေဟာ ပုံစံ အမျိုးမျိုးနဲ့ တုံ့ပြန်တတ်ကြပါတယ်..။ ကောင်းတဲ့ အကျိုးစီးပွား ထွက်ပေါ်အောင် တုံ့ ပြန်တတ် ကြသလို ဆိုးဝါးသွားအောင် တုံ့ပြန်တာတွေလည်း တွေ့ဘူးကြုံဘူးပါတယ်..။Fight and Flight Reaction ၂မျိုး ရှိတတ်တာဆိုတော့ ကျွန်မ က ဒုတိ ယအမျိုးအစားမှာပါမယ် ထင်ပါတယ်..။

ခံစားလာရတဲ့အခါ ဘယ်သောခါမှ ပြန်လည် မတိုက်ခိုက်တတ်ပါ..။ရင်ဆိုင်လိုစိတ်ကုန်ခမ်း သွားတတ် ပါတယ်..။ ဝမ်းနည်းစိတ် နဲ့ ဝေးကွာလှသော တစ်နေရာကို ထွက်ပြေး တတ်ပါတယ်..။

အစ်ကို ၃ယောက် အမ သုံးယောက် ရှိပြီးသားမိသားစု မှာ ငါးနှစ်ကြာ ခါမှ ထပ်မံ ဝင်ရောက် လာသော သမီးအငယ်ဆုံးလေးသည်သူတို့အတွက် ဘာမှ အထူးအဆန်း မဟုတ် ။ သဲသဲလှုပ် ခံစားမှု မရှိသလို ဦးစားပေး အဆင့်အတန်းမှာလည်း ရှိမနေခဲ့ပါ..။

အစ်ကိုအစ်မများ အဆက်ဆက် သုံးခဲ့သောပစ္စည်း များသည် ကျွန်မ မှ မသုံးရင် သုံးမဲ့လူမရှိ လေတော့ အသစ် ပစ္စည်းများ ဦးဦးဖျားဖျား သုံးစွဲခွင့် မရရှိသော ကံတရားသည် ကျောမှာ ကပ်ပါလာခဲ့ ပါတော့တယ်..။ နှစ်စဉ် ကျောင်းဖွင့်ချိန် တိုင်းမှာ ဝတ်စုံအသစ်၊ ထမင်းဘူး အသစ်… ထီးအသစ်..လွယ်အိတ်အသစ် ကွန်ပါဘူး အသစ် များသည် ကျွန်မ အိပ်မက်မက် ခွင့်မရှိသောအရာများဖြစ်နေတတ် တာကြာလာတော့ ထုံပေပေ သာ တုံ့ပြန် တတ်ပါ လေတော့တယ်..။ ချစ်ခြင်းမေတ္တာ နှင့် ကရုဏာ တရားကတော့ အငယ်ဆုံး မို့ ဖော ဖောသီ သီရဲ့ပါ တယ်..။

ကျွန်မ စိုက်ပျိုးရေးတက္ကသိုလ် ရောက်တော့ အိမ်မှ ထွက် ခွင့်ရ ကာ ရေဆင်းမှာ အဆောင်နေ ရလေတော့ အတော်ကို ဝမ်းသာလှပါတယ်..။ အရာရာ သည် ကျွန်မအတွက် အသစ်ဖြစ်တော့မည်မဟုတ်ပါလော..။

တတိယနှစ် ကျောင်းပိတ်ရက် အိမ်ပြန်ချိန်တခုမှာတော့ ကျွန်မ ကြေကွဲစရာ တစ်ခုကြုံခဲ့ရပါတယ်..။ ကျွန်မ မိခင်ကြီး က ဦးလေးမိသားစု နဲ့ အတူ ဘုရားဖူးခရီးစဉ် တစ်ခုဆွဲထားတာပါ..။ ကျွန်မ ကဝမ်းသာအားရ သမီး လည်းလိုက် မယ် မေမေ…ပြောတော့.. မလိုက်နဲ့တဲ့…ကျွန်မအစ်မကိုသာခေါ်ပါမည် တဲ့..။ အကြောင်းက တော့ ကျွန်မ က ရေဆင်း မှပြန်လာတာ မကြာသေးလို့ မခေါ်ပါတဲ့..။

ဝမ်းနည်းလိုက် သည်မှာ ဆိုဘွယ်ရာမရှိ ..။*ကိုယ်သည် ဦးစားပေး အဆင့်တွင် မရှိ ပါ*ဆိုသော ဖေါ်ပြမှု သည် ကျွန်မ အား ထာဝစဉ် နှိပ်စက်နေတာပါလား။

မျက်ရည်တွေ ရေကာတာကျိုးသလို လျှံတက်စီးဆင်း လာသည်မှာ… တားမနိုင်ဆီးမရ။ ကျန်ရစ်ခဲ့တာကတော့ နှလုံးသား မှာ သံပူရာတစ်ခုကပ် လိုက်တဲ့အလား နာကျင် ကြေကွဲနေတော့တာပါပဲ..။

ကျောင်းကဆရာမ ပေးလိုက်တဲ့ Assignment အရ စပါးခင်း မှာNematode ရှာရပါမည် အကြောင်းပြပြီး ကျွန်မ ဖခင်ကြီး ရဲ့ ရွာကို သွားနေလိုက်ပါတယ်..။ ဘုရားဖူးကား ထွက်တော့ လူချောင်နေတော့ကျွန်မ မိခင်ကြီး ကမျက်ရည်လည် ရွဲ သမီးလေး ကိုခေါ်ပေးပါ ခေါ်ချင်လိုက်တာ ဖြစ်တယ်လို့ပြန်ကြား ရပါတယ်..။ ရွာ မှာသွားနေလိုက်တာလည်း ကောင်းကောင်း ပါပဲ ကျွန်မ သာရှိနေရင်လည်း ဘယ်တော့မှ လိုက်မှာမဟုတ် သော မာကျောကျော စိတ်က မိခင် ကိုပိုကြေကွဲစေမှာမို့ပါ..။

*ဦးစားပေး တယ် ဆိုတာ ဘယ်သောအခါမှ မရနိုင် တော့ဘူးနဲ့တူပါရဲ့* စိတ်ဖြင့်လည်းစိတ္တဗေဒ လုံခြုံမှု ကင်းခဲ့ပါတယ်..။ သည်စိတ် နဲ့ ခံစားတုံ့ပြန်တတ်ပြီး အရာရာကိုညှိနှိုင်း ဆောင်ရွက်လို စိတ် Negotiation Skills နည်း တာဖြစ်တယ် ဆိုတာ နောက်မှ သိလာခဲ့ပါတယ်..။ သိလာတဲ့အချိန်မှာတော့ ဘဝမှာ အစားထိုးမရတဲ့ ဆုံးရှုံးမှုများ စွာ ဟာာ အဝေး တစ်နေရာမှာ ကျန်နေခဲ့ပါပြီ..။

ကျွန်မ ရဲ့ သား နဲ့ သမီးမှာ သား က ကျွန်မ လို စိတ်မျိုး တစ်ဝက်လောက်ပါလာပါတယ်။ သမီး က တော့ဘယ်သူဘာပြေပြော စိတ်နှလုံးမှာ မသိမ်း ပိုက် တတ်ပါ၊ သူလိုချင်တာကို ညှိနှိုင်း စေ့စပ်ပြီး ရအောင် ယူတတ်လေ့ရှိပါတယ်..။သူ့ဘဝ ဟာ ခံစားမှုတွေ နဲ့ မှုံမှိုင်း မနေပဲ ထာဝစဉ် လန်းဆန်းတက်ကြွ နေတတ်ပါတယ်..။

ကျွန်မ အကျင့်စရိုက်ရဲ့ ကောင်းတဲ့ အကျိုးဆက်တစ်ခုကတော့ လှလှပပ ဝတ်စား သွားလာလို သောစိတ်မရှိတော့ပဲ တစ်နေရာရာ မှာ ချောင်ကုပ်ပြီးစာဖတ်နေ တတ်တဲ့အကျင့် ဖြစ်လာခဲ့ပါတယ်..။ စာထဲကဗျာ ထဲ စိတ်နှစ် ပြီး နေတတ်လာခဲ့တာပါ..။ စာအုပ်ထဲကနေ စိတ်အကြောင်း ကို လေ့လာရင်းကိုယ့်စိတ်ကို လည်းဆန်းစစ် မိပါတယ်..

အမေရိကန်လူမျိုး စိတ်ပညာပါမောက္ခ Abraham Harold Maslow (April 1, 1908 – June 8, 1970) ကသုတေသနပြုရင်းရေးသားထားတဲ့ Hierachy of Needs ကို လေ့လာကြည့်မိပါတယ်..။ လူတွေ ရဲ့ အပြုသဘောဆောင်တဲ့တိုးတက်မှုဖြစ်ပေါ်လာစေဘို့ ကိုသူက ၁၉၄၃ မှာ A Theory of Human Motivation Paper မှာလေ့လာ တင်ပြ ထားတာပါ..။


အကျယ်သိချင်ရင်တော့ Maslow's hierarchy of needs.[2] မှာ လေ့လာနိုင်ပါတယ်..။ စာဝတ်နေရေး လိုအင်၊ ကတော့အခြေခံအား(Phisiological Needs) ဖြင့်လူတိုင်းမှာ ရှိကြပါတယ်..။ နောက် စားဝတ်နေရေး ပြည့်စုံလာတဲ့အခါ လုံခြုံမှုလိုအင်(Safety Needs) နဲ့ ဘဝကိုထပ်မံတည်ဆောက်ကြပါတယ်..။ ပင်စင်ပါတဲ့အလုပ်တို့ အာမခံပေးတဲ့ လုံခြုံ တဲ့ နေရာ တို့ရှာပါတယ်..။ နောက် ပေါင်းသင်းဆက်ဆံမှုလိုအင် အဆင့်ကိုတက်လှမ်းကြပါတယ်..စီးပွားရေးပြေလည် လာတဲ့အခါ အလှူ မင်္ဂလာဆောင်သွားမယ် ပါတီပွဲတွေလုပ်ကြမယ်ပေါ့လေ..။ ကျွန်မတို့ Face Book သုံးသလိုပေါ့လေ…။ နေကာင်းရဲ့လား ၊တော်လိုက်တာ။ စာရေး သိပ်ကောင်းပါတယ်။ ခန့်လိုက်တာ လှလိုက်တာပေါ့လေ..ချီးကျူးကြပါတယ် မွေးနေ့မှာပျော်ရွှင်ပါစေပေါ့လေ...စသည်ဖြင့် များစွာ များစွာ။ အဲဒါက တော့( Love/Belonging Needs)ပေါ့လေ..။

အဲဒီကတဆင့် တိုးတက်လာတော့ (Needs of Self Esteem) ပါ။ ဆက်ဆံရတဲ့ အသိုင်းအဝို်င်း မှာ နေရာပေးခံရတာ အရေးပေးခံရတာကို လိုချင်ကြပြန်သေးတယ်။ မင်္ဂလာဆောင်မှာ ပန်းကုံးစွပ်ပေးမယ် လက်ထပ်လက်စွပ် ချီးမြှင့်ပေးမယ်…စသည်ဖြင့် တက်လှမ်းကြပါသေးတယ်..။

ကျွန်မတို့ တွေလည်း Face Book သုံးရင်း Comment ရာချီထောင်ချီ ရအောင် ကြိုးစားအုံးမယ် ။ များများ Like ကြပါစေ။ တက်ဂ်ပိုစ့်တွေမှာ ငါ့နာမည်ကရှေ့ဆုံးကတက်ဂ်ထားတာ ဆိုတော့ သူဦးစားပေးတာ က စိတ်ကျေနပ်စရာပဲ..။ သူဘာရေးထားထား Comment ကောင်းကောင်းပြန်ပေး မှပဲ။ ဒင်း ကတော့ငါ့ကိုနောက် ဆုံး မှာမှ တက်ဂ်တယ် ဒီတော့ငါကလည်း ဝတ်ကျေတန်းကျေ Like လောက်တော့လုပ်ပေးလိုက်ပါမယ်..။ အခုဆို မိတ်ဆွေ ၅ထောင်ကျော်နေပါပြီ လက်မခံတော့ပါ ဆိုတာမျိုး နဲ့တူမယ်ထင်ပါတယ်..။Self Esteem အဆင့်ဆင့်တွေပေါ့နော်..။

အဲဒီလိုအင်တွေပြည့်သွား တဲ့အခါမှာတော့ Self Actualization ကိုတက်လှမ်းဘို့ ကြိုးစား ကြပါတယ်..။အဲဒီအဆင့် မှာတော့ အရှိကိုအရှိအတိုင်းလက်ခံတဲ့ ယထာဘူတဥာဏ်တွေရင့်သန်လာ တဲ့သဘော ဖြစ်မယ်ထင်ပါတယ်..။ မာန အာဃာတ တွေ လျော့ကျကုန်ပါတယ်..။ အရာရာကိုနားလည် ပေးတတ်လာပါတယ်..။ကိုယ်ကျင့်တရားကိုဦးစား ပေးလာပါတယ်..။အောက်က လိုအင်အဆင့်ဆင့်ကိုဖြတ်သန်းခဲ့ပြီး ပြီမို့ ရင့်ကျက်တည်ညိမ်တဲ့အဆင့် ဖြစ်လာပါတယ်..။ ဘာအကြောင်းက မှ စိတ်ကို လှုပ်ရှား စေနိုင်စွမ်းမရှိတော့ပါဘူး။ ဘယ်လိုမှ မနေတော့ပါဘူး။

အဲလို အဆင့်ဆင့်ကိုဖြတ်သန်းဘို့ ဝမ်းနည်းခြင်း ဝမ်းသာခြင်းတွေဟာနှလုံးသားမှာ မြင်းတစ်ကောင်ဖြတ်ပြေးသွားတဲ့ခွာရာတွေလို နာနာကြင်ကြင် နက်နက်ရှိုင်းရှိုင်း …အနာကျက်ခဲ့တာတောင် အမာရွတ်က ရင့်မာ ကြမ်းရှခဲ့ပါတယ်..။

ဒီလို နဲ့ ပဲ စိတ်ကိုနားလည်နိုင်အောင်ကြိုးစား ရင်း ကုန်ဆုံး လွန်မြောက်ခဲ့ ပါတယ်..။ ကိန်းနေတဲ့ အငုံ့စိတ်ကို လျော့နည်းအောင်လုပ် ရင်း ဘဝကိုဖြတ်သန်းခဲ့ပါတယ်..။ အမှန်တကယ်တော့ တရားတော်နဲ့ မတွေ့ရခင် အချိန် အထိပါ။

ကျေးဇူးတော်ရှင်မြတ်စွာဘုရားရှင်ရဲ့ တရားတော် တွေထဲမှာ သိမြင်နိုင်ဘို့ကြိုး စားခဲ့ရတဲ့ အလင်းတစ်ချက် *ကမ္မဿကတာ သမ္မာဒိဋ္ဌိ * အဆင့်မှာပဲ ဝမ်းနည်းကြေကွဲမှု အထွေထွေကို သိမ်းဆည်း နိုင်ခဲ့ပါတယ်..။

သိမ်းဆည်းနည်း တွေကရေးရင်းနဲ့ ကျယ်ပြန့်လာတာမို့ နောက် တစ်ပိုင်း(ဝမ်းနည်း ဝမ်းသာ ၊ မများပါ) မှာ မှ ဆက်လက်ဖေါ်ပြခွင့်ပြုပါ..။

မေတ္တာဖြင့်-သစ္စာအလင်း

2 မှတ်ချက်ရေးရန်:

Bliss said...

အမရေ...

အဲဒီခံစားမှုမျိုးက Introvert သမားတွေမှာ ဖြစ်တတ်ကြတာလို့ထင်တယ်။ Introvert သမားတွေက လူတောသိပ်မတိုးတတ်ကြတော့ဘူး။ ကိုယ့် ခံစားမှုတွေနှင့်ပဲ နေလိုက်ကြတော့တယ်။ အတွေးအခေါ်တွေဘက်ကို အားသန်သွားတတ်ကြတယ်။ အဲဒီထဲမှာ တချို့ လည်း ထူးချွန်ပြီး လူတွေကို ပြန်အကျိုးပြုနိုင်ကြတဲ့သူတွေ ဖြစ်သွားကြသလို၊ တချို့ ကတော့ ကိုယ့်ဘ၀ကို ကိုယ်ဖျက်ဆီးလိုက်ကြတဲ့အဆင့်အထိ ဖြစ်သွားနိုင်ကြတယ်။ သေသေချာချာ စမ်းစစ်ကြည့်ရင်တော့ သိမ်ငယ်စိတ်က အခြေခံတာပါဘဲ။ သိမ်ငယ်စိတ်ဆိုတာကလည်း လူတွေရဲ့ မွေးရာပါ စိတ်တစ်မျိုးပါ။ သိမ်ငယ်စိတ်ရှိလို့လည်း လူတွေဟာ တစ်ယောက်နှင့်တစ်ယောက်နှိုင်းယှဉ်တဲ့ မာနတွေဖြစ်ကြတာကိုး။ သိမ်ငယ်စိတ်အနည်းအများပေါ်မူတည်ပြီး အခြေအနေ ဆိုးသွားတာနှင့် သိပ်မဆိုးတာကွာသွားတတ်ကြတာပါ။ မာနဆိုတာကလည်း အရဟတ္တမဂ်ရမှ အပြီးပယ်တယ်ဆိုတော့ သိမ်ငယ်စိတ်က ဘယ်အထိ ကျွန်တော်တို့နှင့် အတူရှိနေမယ်ဆိုတာ မှန်းကြည့်လို့ရပါတယ်။

အသေအချာ ကိုယ့်စိတ်ကိုယ် ပြန်စစ်ကြည့်ရင် introvert ဖြစ်ရတာ အတ္တနှင့် မာန အားကြီးလို့ပါ။ ရနေတာတွေထက် ကိုယ်က ပိုလိုတယ်လို့ထင်တယ်၊ နောက် အဲဒီ လိုနေတာကိုလည်း တခြားသူတွေဆီကနေ တောင်းမယူချင်ဘူး၊ သူတို့ဖာသာ သိတတ်ပြီးတော့ပေးစေချင်တယ်။ အဲဒီမှာ ဇာတ်လမ်းက စတော့တာပါ။ ဒီကြားထဲ တွေးပုံတွေးနည်းက အံမကျရင် ပိုပြီးတော့ ခံရတတ်ပါတယ်။ အတွေးတွေကြောင့် ခံစားမှုဖြစ်တာဆိုတော့ အတွေးက တလွဲဖြစ်ရင် ခံစားမှု ဆိုးဆိုးဝါးဝါးတွေကို ခံစားရတော့တာပါဘဲ။

သတိပဋ္ဌာန်တရားအားထုတ်လို့ ကိုယ့်စိတ်ကို ကိုယ်ကြည့်တတ်လာတဲ့အချိန်မှာ အဲဒီအခြေအနေတွေကို သတိပြုမိလာတတ်ပါတယ်။ ကိုယ်တွေးပုံတွေးနည်းအဆင်မပြေလို့ ခံစားမှုတွေကမောက်ကမဖြစ်ရတယ်ဆိုတာကို နားလည်လာပါတယ်။ တကယ်က ကိစ္စတစ်ခုကို ဘက်အမျိုးမျိုးကနေ လှည့်တွေးလို့ရပါတယ်။ ဒါမျိုးဖြစ်ရင် ဒီလိုပဲဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့အတွေးမျိုးက ကိုယ့်ကို ချောက်ကျအောင်လုပ်တတ်ပါတယ်။ မွေးရာပါ အကျင့်ပါနေတဲ့အတွေးမျိုးကို အလိုလိုတွေးမိလျက်သားဖြစ်နေတတ်ပါတယ်။ ဥပမာ- ကိုယ့်အသိမိတ်ဆွေတစ်ယောက်က သူ့မင်္ဂလာဆောင်မှာ ကိုယ့်ကို မဖိတ်တဲ့အခါ ”ငါကတော့ သူ့ကို ခင်လိုက်ရတာ၊ သူကတော့ ငါ့ကို စာရင်းထဲမထည့်ဘူး” လို့ တွေးရင် စိတ်ပူပန်ဆင်းရဲမှု ဖြစ်လာမှာပါ။ တကယ်လို့ အဲဒီလိုမတွေးပဲ ”သူ့မင်္ဂလာဆောင် ဖိတ်နေရင် ငါ လက်ဖွဲ့ပေးနေရအုံးမယ်။ အခုတော့ သက်သာသွားတာပေါ့” လို့တွေးမိရင် ကိုယ့်အတွက် စိတ်သက်သာမှုကို ဖြစ်စေမှာပါ။

အဲဒီလို ကိစ္စရပ်တိုင်းမှာ အတွေးကို ပုံသေမဟုတ်ပဲ အမြင်တမျိုးပြောင်းပြီး တွေးနိုင်ဖို့ကတော့ Mindfulness မရှိပဲ မရနိုင်ပါဘူး။ နောက်ပိုင်း တရားအားထုတ်မှုရင့်သွားတဲ့အချိန်တစ်ခုမှာ အတွေးတိုင်း၊ ခံစားမှုတိုင်းကို အရှုခံအနေနှင့်လမ်းခင်းနိုင်သွားပြီဆိုရင်တော့ စိတ်အဖုအထစ်ဆိုတာ မရှိတော့ဘူးပေါ့နော်။ အဲဒီအခြေအနေမျိုးအမြဲရောက်နေဖို့ကိုတော့ ကျွန်တော်တို့ အမတို့ အားလုံး ကြိုးစားသွားကြရမှာပေါ့ အမရေ။

အမရေ... အခုပြောတာတွေ အမ သိပြီးသားမှန်း ကျွန်တော် သိပါတယ်။ တခြားသူတွေပါ ဖတ်လို့ရအောင်လို့ Discussion (အာလူး) ၀င်ပေးတာပါနော်။ :D
အဲ.... ပြောဖို့ကျန်သွားတယ်။ ကျွန်တော်လည်း အမလိုမျိုး Introvert ပါဘဲ ဆိုတာ။

သစ္စာအလင်း said...

ဘုရား ဟောတဲ့ ယောနိသောမနသီကာရ (နှလုံးသွင်းမမှန်မှု) မရှိခဲ့တာပါလားဆိုတာ...အသက်ကြီးမှ သိတော့တာကိုး။ ပေါ်လီယာနာ လို စိတ်မျိုး လေးကို သိတော့သိပါရဲ့ မကျင့်နိုင်ခဲ့ဘူး..။
ဆွေးနွေးပေးတာကျေးဇူးပါမောင်လေး..။ အမ ရေးမဲ့နောက် ပိုစ့်မှာ ထည့်ခွင့်ပြုပါ...။