Wednesday, September 21, 2011

မေတ္တာစစ်စစ် - (၁)


ဒီနေ့ခေတ်လူတွေဟာ မေတ္တာဆိုတာ ကို ငတ်မွတ်နေကြပါတယ်..။ အမှန်တကယ် ချစ်တတ်ကြဘို့ဆိုတာ ငယ်စဉ်ကလေးဘဝ ကတည်းကကို သင်ပေးကြရမဲ့ ဘာသာရပ်တစ်ခု လို ဖြစ်နေပါတယ်။

မချစ်တတ်သောမိဘ နှင့် အချစ်ငတ်သော သားသမီး

မချစ်တတ်သောသားသမီး နှင့် အချစ်ငတ်သော မိဘ

မချစ်တတ်သောဆရာ နှင့် အချစ်ငတ်သော တပည့်

မချစ်တတ်သောတပည့် နှင့် အချစ်ငတ်သော ဆရာ

မချစ်တတ်သောယောင်္ကျား နှင့် အချစ်ငတ်သော မိန်းမ

မချစ်တတ်သောမိန်းမ နှင့် အချစ်ငတ်သော ယောင်္ကျား…… များစွာ ရှိနေကြပါတယ်။

မေတ္တာ ဆိုတာဘာလဲ…ဆိုတာ ပြောရအခက်ဆုံး အကြောင်း အရာ..နာလည်ကျင့်သုံး ဘို့ဆိုတာကလည်း နည်းလမ်းမှန်ဘို့ဆိုတာ တကယ်တော့ မလွယ်လှပါဘူး။

တကယ်တမ်းကျရင်အဓိပါယ်ဖွင့်ဆိုကြသူအမျိုးမျိုး…လိုက်နာကျင့်သုံးကြသူအမျိုးမျိုး ….လက်ခံ ထားတဲ့အယူအဆ အမျိုးမျိုး တွေ့ရပါလိမ့်မယ်..။

အဲဒီပေါ်မှာ မူတည်ပြီး ကြည်နူးချမ်းမြေ့ကြရသလို…နားလည်မှုတွေ လွဲမှားကြလို့ ဆွေးမြေ့ရတယ်… လောင်မြိုက်ရတယ်..ခံစားကြ ရပါတယ်..။

မေတ္တာဆိုတာ ခံစားချက် မဟုတ်7 Habits Of Highly Effective People ဆိုတဲ့စာအုပ်ထဲမှာ စာရေးဆရာ Stephen R. Covey ကတော့ Love is not feeling, Love is a verb ဆိုတဲ့ဖွင့်ဆိုချက် တစ်ခုကိုလည်း ကျွန်မမောင်လေးဝိမုတ္တိသုခ မျှဝေလို့ ဖတ်လိုက်ရပါသေးတယ်..။

မေတ္တာဆိုတာ အသိတရား ကဖြစ်လာတဲ့ အကျိုးကိုလိုလားခြင်း.. တစ်မျိုးပါပဲ လို့ ဆရာတော် ဦးဇာတိက က ဟောကြားတာ နာယူဘူးပါတယ်။ ဘယ်ကဲ့သို့သော အကျိုးကိုလိုလားတာပါ လဲ.. ဆိုတာ ဟာ မေးစရာ ဖြစ်လာပါတယ်..။

ကျွန်မ ငယ်ငယ် ကကြည်ခဲ့ဘူး တဲ့ တီဗီ ဇာတ်လမ်းတစ်ခုကို သတိရနေမိပါတယ်…။ အခုကိုးရီးယား ကားတွေခေတ်မစားခင်က တီဗီ မှာ ပေါင်ချိန် ဇာတ်လမ်းကို မှတ်မိနေကြပါလိမ့်မယ်..။ အဲဒီ ဇာတ်လမ်းတွဲတွေမှာ *တောကြောင်* ဆိုတဲ့ဇာတ်လမ်းကို ကျွန်မ သတိရမိပါတယ်..။

အဲဒီက ကိုးခွေ (ကိုးဘိုးဘိုး ) လို့ခေါ်တဲ့ မိဘုရား ရဲ့ အထိန်းတော် အမျိုးသား တစ်ဦး ရဲ့ အချစ်ပါ…သူ့အချစ်ဟာ ထူးဆန်း လို့ မှတ်မိနေခဲ့ ပါတယ်..။ အသည်း အသက်နှင့်ယှဉ် လို့ ဘဝ ကို ရင်းထားတဲ့ အချစ် မို့လို့လည်း ထူးထူးဆန်းဆန်း ရင်ထဲစွဲမြဲ နေမိခဲ့ပါတယ်..။

ဇာတ်လမ်းလေးကတော့

ငယ် စဉ် ကတည်းက အတူစား အတူသွား အတူကစားခဲ့တဲ့ ငယ်ချစ်ဦး ကို မြတ်နိုးရ လွန်း တာ မထိရက်မ ကိုင်ရက် တဲ့ ပန်းလေးတစ်ပွင့်လို ပါ..။ ငယ်ချစ်ဦး က ချောမောလှပ လွန်း တော့ မိဘုရားဖြစ်အောင် သူကပဲ ထောက်ပံ့ကူညီ ပေး ခဲ့တယ်..။ မိဘုရား ဖြစ်လို့နန်းတွင်းထဲရောက်သွား တဲ့ အခါ သူဟာ ကိုယ်တိုင် မပန်ဆင် ရပဲ ဝေးရတော့ တာပါ..။ ကိုးခွေ ဟာ ဒီအဖြစ်ကိုလည်းသူ ကျေကျေနပ်နပ် ကြည်ကြည် နူးနူး လက်ခံခဲ့ပါ တယ်..။

ရှင်ဘုရင် ရဲ့ ရင်ခွင် ထဲမှာ ရှိနေမဲ့ ချစ်သူကိုလည်း သဝန်တိုခြင်းမရှိခဲ့ပါဘူး။ မိဘုရားအဖြစ် အဆင့်အတန်းမြင့်မြင့် တင့်တယ်နေတာကို ကြည်နူးဝမ်းသာခဲ့ရှာပါတယ်..။

ကိုးခွေ ဟာ နှလုံးသား ကြွေကျေကွဲ ရ ပေမဲ့ အချစ်ရှုံးသမား ဆိုပြီး ညှိုးငယ်မနေသေးပါဘူး။ သူ့ရဲ့ မေတ္တာနဲ့ အနီးကပ်စောင့်ရှောက်ဘို့ ကြိုးစား ခဲ့ပါတယ်..။ (Self Sacrifice) အနစ်နာ ခံပြီး ဘဝကိုပေးဆပ်ခဲ့ပါတယ်..။ သူပေးဆပ်ခဲ့တာ ကလည်းထူးထူးဆန်းဆန်းပါ..။

နန်းတွင်း ထဲမှာနေ ရင် ငယ်ချစ်ဦး မျက်နှာကို အချိန်ပြည့်မြင်နေရဘို့ တယုတယ စောင့်ရှောက် နိုင်ဘို့ သူ့ရဲ့ ယောင်္ကျား ဘဝကိုတောင် စတေးပေးဆပ် ခဲ့ပါတယ်..။

တရုတ်နန်းတွင်း ဓလေ့ထုံးစံ အရ မိဘုရားအထိန်းတော် ယောင်္ကျား ဆိုရင် သင်းကွပ်ခံရ (Castration) လုပ်ခံရမှ နေလို့ရပါတယ်..။ သူ ချစ်သူ နဲ့ အနီးကပ် ဆုံးနေရာမှာ နေခွင့်ရဘို့ သူ့ရဲ့ ယောင်္ကျား ဘဝ ကိုတောင်မှပဲ အဆုံးရှုံးခံ ခဲ့ပါတယ်..။

ငယ်ချစ်ဦး မိဘုရား က သား မွေးနိုင်စွမ်း မရှိလေတော့ တနေ့ မှာ သားမွေး နိုင်တဲ့ မိဘုရားကိုမနာလို ဖြစ်ခဲ့တယ်။ အဲဒီမိဘုရား ရဲ့ သားကို ဖျောက်ဖျက် ပစ်တဲ့ဇာတ်လမ်းမှာ သူက ကူညီပေးခဲ့ တယ်..။ မိဘုရား စိတ်တိုင်းကျဖြစ်စေခဲ့ ပါတယ်..။ သားနဲ့ ကျောက်တုံး နဲ့ လဲလှယ် တဲ့ အကုသိုလ်အမှုမှာ အတူတကွ ပါဝင်ဆောင်ရွက် အလိုလိုက်ခဲ့ပါတယ်..။

ဇာတ်လမ်းအဆုံး မှာတော့ ပေါင်ချိန်တို့အဖွဲ့ကြောင့် တရားခံ ကိုးခွေ ကို ဖေါ်ထုတ်နိုင်ခဲ့ပါတယ်..။

နောက်ဆုံး အခန်းလေးကို ကျွန်မ အတိအကျ မှတ်မိနေခဲ့ပါတယ်..။ တရားခံ အဖြစ် သူသာ တာဝန် အရှိဆုံး သူအဖြစ် ခံယူခဲ့ပါတယ်..။ မိဘုရား အမိန့်ကြောင့် ဆောင်ရွက်ရတာပါ ဆိုတာထုတ်ဖေါ် မသွားခဲ့ပါဘူး။ ခေါင်းဖြတ်ခံ ရဘို့ သွားခါနီး ဆဲဆဲမှာ မိဘုရား ကို သူမ မမြင်နိုင်တဲ့တနေရာက လွမ်းမောတမ်းတစွာ ငေးကြည့်နေခဲ့တယ်..။

အဲဒီအချိန်မှာ မိဘုရားက ပြုစု လုပ်ကျွေး တဲ့မောင်းမတွေကို အလိုမကျဘူး…နင်တို့ ကိုးခွေ လောက်တောင် ငါအကြိုက် ငါ့အလိုက် မသိပါလား ဆိုပြီး ပန်းကန်ကိုပေါက်ခွဲ ပြစ်လိုက်တဲ့အခန်း ကို သူ ကြေကွဲလှစွာ စိုက်ကြည့်နေခဲ့တယ်..။

ပြီးတော့ တိုးတိုး လေးရေရွတ်ပါတယ်…အနှစ် ၃၀ကျော် အတူနေခဲ့ရတာကို ကျေနပ်ပါတယ် မိဘုရားရယ် တဲ့။

ထိုစဉ် က မေတ္တာစစ်မစစ် ကျွန်မ မသိပေမဲ့ ချစ်တတ်လိုက်တာ ပေးဆပ်နိုင်လိုက်တာ ၊ အနစ်နာခံလိုက်တာ ဘာမှ ပြန်မမျှော်လင့် ရှာဘူး လို့တော့ မှတ်ချက်ချ ကာ တသသ ခံစားခဲ့ရ ဘူးပါတယ်..။

အဲလို အကျိုးလိုလားမှု ဆောင်ရွက်ပေး မှု ဟာ မေတ္တာလား… စံနမူနာပြုစရာအချစ်လား….။ စစ်မှန်တဲ့မေတ္တာလား လို့ အခုတော့ ကျွန်မ တွေးနေပါပြီ..။

ကိုးခွေ သည် မိဘုရားကိုချစ်တာလား ။ သူ့အတ္တ ကိုသူချစ်တာလား ဆိုတာကိုပါ… မိတ်ဆွေ တို့ကော ဘယ်လို မှတ်ချက်ချပါမည်လဲ။

ဆရာတော်ဦးဇောတိက ကတော့ တစုံတယောက်ကိုချစ်တယ်ဆိုရင် ကိုယ့်ကိုအားကိုးစရာ မလိုအောင်..အားပေးကူညီရမယ်..သူ့အားသူကိုးအောင် အထောက်အကူပေးရမယ်..။

ကိုယ့်အပေါ်မှာမှီခိုနေအောင်လုပ်တာ..။ သူ့ကိစ္စတွေလိုက်လုပ်ပေးတာကိုမေတ္တာ လို့ထင်ရင် မှားပါတယ်တဲ့…. အကူအညီပေးတာကောင်းပါတယ်..။ အခြေအနေက မလိုအပ် ပဲ လိုက်လုပ်ပေးနေရင် လူကြီးဖြစ်ခွင့် မပေးတာနဲ့တူနေတယ်..။ သူ့ဖာသာ မစဉ်းစားတတ်အောင် လမ်းမှန်ပေါ် ရောက်ခွင့်ကို ပိတ်ပင်ထားသလိုဖြစ်စေပါတယ်။ တကယ်ဆို ရင်စဉ်းစားခွင့်ပေးရပါမယ်…အသိဥာဏ် ရင့်သန်ပြီး လမ်းမှန်အောင်လုပ်ပေးရပါမယ်။

ကျန်းမာရေးကောင်းစေချင်တယ်ပေါင်းသင်းဆက်ဆံရေး အဆင်ပြေစေချင်တယ်။အောင်မြင်စေချင်တယ်..။တိုးတက်စေချင်တယ်..။ ထို့ထက် ထို့ထက်

လွတ်လပ်တဲ့သူ တည်ညိမ်အေးချမ်းတဲ့သူ စိတ်ထားမြင့်မြတ်တဲ့သူ လေးနက်ရင့်ကျက်တဲ့သူ အေချမ်း တဲ့သူဖြစ်သွားစေရပါမယ်..ဒါမှ သာ စစ်မှန်တဲ့မေတ္တာ ဖြစ်ပါလိမ့်မယ်တဲ့..။

သူ့ကိုတကယ်ချစ်တယ်ဆိုရင် ချစ်တဲ့သူကို စိတ်နေသဘောထား တည်ညိမ်အေးချမ်းတဲ့သူ ၊ စိတ်ထားမြင့်မြတ်တဲ့သူ လေးနက်ရင့်ကျက်တဲ့သူ ဖြစ်အောင်အထောက်အကူပေးနိုင်မှ သာမေတ္တာ စစ်ပါတယ်တဲ့။

စစ်မှန်တဲ့ မေတ္တာထားဘို့ဆိုတာ ဘယ်မှာအခြေ ခံ သလဲ ဆိုတော့ကိုယ့်ကိုကို တည်ဆောက်တဲ့ နေရာမှာသွား အခြေခံတာ လည်းပြန်တွေ့ရပါသေးတယ်..။

တကယ်ချစ်တတ် တဲ့သူ ဖြစ်ဘို့ဆိုတာ ကိုယ်ကိုယ်တိုင် ကလည်း ပြည့်ဝတဲ့သူ ၊တည်ညိမ်အေးချမ်းတဲ့သူ လေးနက်ရင့်ကျက်တဲ့ သူဖြစ်မှသာ သူတစ်ပါး ကို အထောက် အကူ ပေးနိုင်မှာ မို့ ချစ်တတ်တဲ့သူတစ်ယောက် ဖြစ်ဘို့ ဆိုတာ တာဝန် ဘယ်လောက်ကြီး ပါသလဲ..။အဘယ်မျှ ဘယ်လောက် ခက်ခဲနက်နဲလှပါသနည်း ။အဘယ်မျှ အလေးထားသင့်ပါသနည်း။

ဘယ်လောက် ကြိုးစား ရပါမလဲ ဆိုတာ တွေးနေမိရင်း….။ ဆက်၍ …..ဆက်၍ …

မျက်နှာစာအမျိုးမျိုးရှိတဲ့ အရာ တစ်ခု လို မေတ္တာကိုထိတွေ့ကြရတဲ့ပုံစံတွေကလည်း အမျိုးမျိုးရှိကြမှာပါ..။ နောက်ဆက်လက် ၍ကြိုးစားပြီး ပြောပြချင်ပါသေးတယ်..။ လော့လာနေဆဲမေတ္တာ အကြောင်းကိုပါ။

ဆရာတော် ဦးဇောတိက ဟောကြားတော်မူသော *ချစ်တတ်တဲ့လူဖြစ်ဘို့လိုတယ်* တရားတော် ကို ပူဇော်ရေးသားပါသည်။

0 မှတ်ချက်ရေးရန်: