Thursday, September 29, 2011

မေတ္တာစစ်စစ် (၄) (သို့) သမီးလေးအတွက်မွေးနေ့လက်ဆောင်

မေမေချစ်သော သမီး လေး မစုမြတ်ရတနာ…

ဒီနေ့ ဟာ ချစ်စရာကောင်းလှတဲ့သမီးလေး လူ့လောကထဲရောက်ရှိလာခဲ့တာ ၁၉ နှစ်တင်းတင်းပြည့်တဲ့နေ့ လည်း ဖြစ်ပါတယ်သမီးလေးရေ..။ ကံကောင်းမှုတွေ အဆင့်ဆင့် နဲ့ အရပ်ရှစ်မျက်နှာ သတ္တိရှိရှိ ကြည့်နိုင်တဲ့ အချိန်ကောင်းလေးတစ်ခု မှာ မွေးဖွား ခဲ့တာမို့လည်း လာခြင်းကောင်းသော မိန်းကလေး ရယ်ပါ..လို့တင်စားဝံ့ပါတယ်။

သမီးလေးကြီးပြင်းလာတဲ့အချိန်မှာတော့ မေမေ ရဲ့ အတိတ်ဝဋ်ကြွေး တွေ ပေးဆပ် ရတဲ့အခါ မတော့ ချစ်လှစွာသောသားသမီးလေးများ ကို အားတောင့်အားနာ …အားနာစိတ်ဖြစ်ရတာအမှန်ပါပဲ ကွယ်..။

အိမ်ရှင်မ ဆိုသောစကားလုံး ကိုကြားရတိုင်း မေမေ ရဲ့ အငုံ့စိတ်ကို တုန်တုန်လှုပ်လှုပ်ဖြစ် စေရပါတယ် သမီးရယ်..။ *အိမ်* လို့ အဓိပ္ပါယ်ရတဲ့ စကားလုံး လေးဟာ နွေးထွေးသောအသိုက်အမြုံ တစ်ခု နဲ့အတူ စိတ်လုံခြုံရတာ.. ကြည်နူးပျော်ရွှင်မှု တွေ ပြည့်စုံတဲ့နေရာ တစ်ခု မို့ လူတိုင်း ခိုလှုံရာ ဖြစ်ခဲ့ပါတယ်..။ အဲဒါ ကို ဖျက်ဆီး လေသော သူ ကိုယ် များဖြစ်နေမလား လို့ တွေးတောဆင်ခြင်ရင်း နောင်တ မရသော်လည်းအားနာ စိတ်တွေ လွှမ်းမိုးခဲ့ရဘူးပါတယ်..သမီးရေ။

ဘဝ မှာ အိမ်ကြီးရှင်မ အဖြစ်တင့်တင့်တယ်တယ် ရပ်တည်နေတဲ့ အမျိုးကောင်းသမီးများ ကို မြင်တွေ့ ရလေတိုင်း မေမေ ဟာ ကိုယ့်ထက် ဘုန်းကံပါရမီ ကြီးသူများ ၊ တော်တည့်မှန်ကန်စွာ ဆုံးဖြတ်လုပ်ကိုင်နိုင်သောသူများ ၊ ကျွမ်းကျင် လိမ်မာ သော နားလည် သိတတ်သောသူများ အဖြစ် လေးစားခဲ့မြဲပါ..။ နွေးထွေးပျော်ရွင်တဲ့ မိသားစု ဘဝကို တည်ဆောက် နိုင် တဲ့ အိမ်ရှင်မ တွေဟာမေမေ လေးစားရ တဲ့ တစ်နည်းသာတဲ့ မိတ်ဆွေတွေဖြစ်လို့ နေခဲ့ပါတယ် သမီးရေ..။ ကိုယ့်ထက်သာလွန်သူများလို ဆက်ဆံခဲ့ပေသကိုး ။

နှလုံးလမ်းကြောင်းမှာကျွန်းခံ တယ်ဆိုတာ..ကျွန်းခံစေတဲ့ အတိတ်ကံတွေ ပြုခဲ့လို့ဆိုတာ ဆင်ခြင်ရင်း အပြစ်တင်လိုစိတ် တွေ…. နာကျည်း ဝန်တိုစိတ်များလျှော့ချနိုင်ခဲ့ပါတယ်..။ အမုန်းတရားဆိုတဲ့ ကြိုးတွေကိုလည်း ခွင့်လွှတ် နားလည်ခြင်း နဲ့ဖြတ်တောက်ပြေလျှော့ နိုင်ခဲ့ပါတယ် သမီးရေ..။

အချစ်ရေး ၊အိမ်ထောင်ရေး အကျိုးပေးမကောင်းတာ ဟာ အချစ်ရေး ၊အိမ်ထောင်ရေး နဲ့ ပတ်သက်တဲ့မကောင်းကံတွေ အတိတ်က ပြုခဲ့လို့ ပါ..။သူတစ်ပါး တို့ ရဲ့ ချစ်ခြင်းကို ဝန်တိုခြင်း လက်နက်နဲ့ ဖြိုခွင်းခဲ့သူ ဟာ အချစ်ရေး ၊ အိမ်ထောင်ရေး ဘယ်လို နည်း နဲ့ မှ အကျိုးပေး မကောင်းနိုင်ပါဘူး။ အကြင်နာ တရားတို့ တာဝန်ယူစောင့်ရှောက်မှုဆိုတာလည်း မရနိုင်တော့ ဘူးပေါ့လေ..။

သမီးရီးစားချစ် ၊လင်မယားချစ်တွေကို ဖြိုခွဲမှ အချစ်ကံမကောင်းတာမဟုတ်ပါဘူး၊မေတ္တာချစ် ၊သံယောဇဉ်ချစ် နဲ့ ချစ်ကြတဲ့မည်သူကိုမဆို တကွဲတပြားစီ ဝေးလွင့်သွားအောင် ပြုခဲ့ ရင်လည်း…ချစ်သောသူနဲ့ဝေး ရ…ကွေကွင်းရတော့ တဲ့ ဘဝတွေကို ပိုင်ဆိုင်ရပါတော့တယ် သမီးရေ..။ ထာဝရလွမ်းစေလေ တော့..။ မုန်းရစ်လေဦး တို့ ပေါ့ လေ..။

ကံ ကံ၏အကျိုးကိုနားလည် ခြင်း ဆိုတဲ့ ကမ္မဿကတာ သမ္မာဒိဋ္ဌိဥာဏ် ရခဲ့တယ်ဆိုရင် ပဲ စိတ်အမြင်တွေလည်းပြောင်းကုန်ပါတယ်..။ ဘဝ အမြင်လည်းရှင်းကုန်ပါတယ်..။

မေမေ ဟာ ဒါတွေပြုခဲ့လို့ဆိုတာ ဆင်ခြင်ရင်း ပူလောင်တဲ့ ရင်ကို ပေါက်ပေါက် မပွင့် အောင်ထိန်းနိုင်ခဲ့ပါတယ်..။ အားမာန် အဖြစ်လည်း ပြောင်းလဲနိုင်အောင်ကြိုးစားခဲ့ပါတယ် သမီးရယ် ..။

ဒီကနေတစ်ဆင့်တက်ပြီး မေတ္တာထားနိုင်အောင်လည်း နည်းလမ်းရှာခဲ့ပါတယ်..။ အဲလို မျိုးသောဖြစ်ရပ်များ အတွက် အနာကျက်သွားသောနှလုံးသား မှာ..အမာရွတ်တို့ဖြင့် ကြမ်းရှ ထုံပေနေတဲ့ နှလုံးသားမှာ တဏှာ ရာဂ မပါတဲ့ မေတ္တာပန်း တွေ ပွင့်နိုင်ပါ၏လော..။မေမေ ကျေးဇူးတော်ရှင်ပိုင်းလော့ဆရာတော် ထံနည်းနာ တောင်းခံခဲ့ဘူးပါတယ်..။

မေမေတို့ရဲ့ ကျေးဇူးတော်ရှင် ဘုရားရှင် သည် မဟာကရုဏာတော်ဖြင့် စွန့်ခြင်း ကြီး (၅)ပါးတွင် သားသမီး နှင့်ဇနီးမယားကို မည်သို့သော ခံစားချက်ဖြင့် စွန့် လှူ ခဲ့ပါသလဲ..။စွန့်လှူ စဉ်ကာလများ သည် ပါရမီတော်ဖြည့် ကျင့်ဆဲ ပုထုဇဉ် နှလုံးသား မို့ နာကျင်နေလိမ့်မည်..။ ကျ မျက်ရည်များ သည် သံရည်ပူတစ်မျှ လို့ဝေဿန္တရာ ဇာတ်တော်မှာ နာယူသိရှိဘူးတယ်သမီးရေ..။

သားသမီး ကိုအလှူခံ ရဲတဲ့အလှူခံပုဂိုလ်ဆိုတာ ရှားပါး လှတာမို့ ပါရမီပြည့်တော့မယ် ဆိုတာ ဘုရားအလောင်းတော်က သိတော်မူပါတယ်..။ ရက်စက်တယ်ဆိုတဲ့ ဇူဇကာ ပုဏ္ဏာ ဟာ အလောင်းတော်အတွက်တော့ ပါရမီပြည့်စေတဲ့ကျေးဇူးရှင်ပါ..။ ဆုကြီးပွင့်ဆီ ခါတန်ပြီလို့ ….ဒီအချိန်မှာ ပါရမီပြည့်စေပြီး ဘုရားဖြစ်လို့ သတ္တဝါတွေကိုကယ်နိုင်တော့မယ်လို့ ရေရှည် မျှော်ခေါ် တွေးတောလိုက်ပါတယ်..။ သတ္တဝါ တွေထဲမှာ ဃဏှာ တို့ဇာလီတို့လည်း ပါမှာ ပဲလေ..။

သူ့ဘက် ကနေ ကြည့်ပေးပါတယ်..။အလှူခံသူဘက် ကတွေးပေးပါတယ်..။ သူ့ဘက်မှာလည်း အပျိုအရွယ် ဇနီး သည်လေး ရဲ့ *ကျွန်ရှိမှပေါင်းမယ်* ဆိုတဲ့ ခိုင်းစေချက်ဟာ အရေးကြီး နေပါတယ်..။ ကျွန်ရ ဘို့ ဘာပဲလုပ်ရလုပ်ရ..ဆိုတဲ့ သူ့ရင်ထဲက အပူ နဲ့ လိုလား တောင့်တမှုကိုတွေးပေးလိုက်ပါတယ်တဲ့..။ အဲဒီအခါ မေတ္တာ ထားနိုင်သွားပါတယ် တဲ့..။

မေတ္တာဝစီကံ..မေတ္တာကာယကံတွေ ဖြစ်ကြရအောင် တစ်ဘက်သား ရဲ့ နှလုံးသားကိုထပ်တူပြု ပေးလိုက်ပါတယ်..။

သူ့နှလုံးသား သည် ကိုယ့်နှလုံးသားပေါ့..။

သူ့ပြဿနာ….သည်ကိုယ့်ပြဿ နာ

သူ့ခံစားချက်သည် ကိုယ့်ခံစားချက်ပေါ့..

သူ့ နောင်ရေးသည် ကိုယ့်နောင်ရေး

သူ့ဆန္ဒသည် ကိုယ့်ဆန္ဒ

ခံစားနားလည် ပြီးဝမ်းသာနိုင်ရပါမယ်..။ လှိုက်လှဲတဲ့နှလုံးသားနဲ့ ဆောင်ရွက်ပေးနိုင်ရပါမယ်..။ အဲလို မေတ္တာ ကာယကံ နဲ့ သူ့ဘဝသည်… ကိုယ့်ဘဝ ၊သူ့ခံစားချက် သည် …ကိုယ့်ခံစားချက် အဖြစ် နေရာယူကာ လှိုက်လှဲ ထက်သန်စွာအကူအညီပေး ရပါတော့တယ်..။ ကိုယ့်အတွက်ဆိုတာ မေ့ ပျောက်သွားပါတယ်..။

ဒီလိုပါပဲ မေမေ တို့ တစ်ဘက်သားဘက်ကတွေးပေးကြရအောင်..နားလည်ပေးကြရအောင်… ဆက်ပြီး မေတ္တာ တွေထားပြီး မြင့်မြတ်တဲ့ဘဝကို တည်ဆောက်ကြရအောင် ..။ လို့မေမေ က သင်ချင်ပါတယ်..။

သမီးလေး ရေ မိခင်တို့ ရဲ့ အတ္တနှလုံးသား ကို ထိုးဆွ လှုပ်ခတ်စေ တဲ့ အတိုင်း အကောင်းတကာ့အကောင်းဆုံး ဆိုတာတွေထက် ကောင်းမြတ်တဲ့..။ပြည့်စုံတယ်ဆိုတဲ့အရာတွေထက် ပြည့်စုံတဲ့ ဘဝဆိုတာတွေကို သူ့ရင်ကဖြစ်တဲ့ သားသမီး ကို ပေးဆပ်လိုလှတာပါပဲ..။

နရသီဟပတေ့ ရှင်ဘုရင် ရဲ့ သားတော် သီဟသူရဲ့ အမေ မိဘုရား ရှင် မောက်က အမေ ထဲကအမေ တစ်ယောက်ဆိုလေတော့ သူ့သားလေးသီဟသူ ကိုချစ်ရှာပေတယ်။

သူများသား တွေကျတော့ ဝက်လက်ပေးတယ်၊ ငါ့သားကျတော့ ဝက်ပေါင် ပေးတယ်ဆိုပြီး မကျေနပ်ပါဘူး။ ဒါကြောင့်သီဟသူအမေ ရှင်မောက်က စားတော်ကဲ ကိုငွေသုံးဆယ် ပေးပြီး ၊ကျော်စွာကို ဝက်ပေါင်ပေးဖို့၊ သူ့သားသီဟသူကို ဝက်လက် ပေးဖို့ လာဘ်ထိုး ပါတယ်

ဆင်ခြင်တုံတရားနည်းပါးတဲ့ဘုရင်ဆိုတော့ ဒီအဖြစ်ကိုသိသွားကတည်းက နာသာခံခက်ဆိုသလို *ဝက်လက်ခိုးမသား* ဆိုတဲ့ ပြင်းထန်ရိုင်းပြ တဲ့စကားလုံး နဲ့ အမေကောသား ပါ အရှက်ခွဲ ပြပါတော့တယ်..။ ဒီစကားလုံးရဲ့ရန်ညှိုးကြောင့်ပဲ သီဟသူမင်းသားဟာ ဖခင် အရင်းကိုမေတ္တာမထားနိုင်တော့ပဲ အဖသတ်သားဖြစ်ရပါတော့တယ်..။

အမေလုပ် သူကလည်း မချစ်တတ်တဲ့ အချစ်နဲ့ချစ်မိ လိုက်တာပါ။ မချစ်တတ်တာ ကလည်းခက်တာပါပဲ။ ချစ်တော့ ချစ်တာပါပဲ၊ မချစ်တတ်တဲ့ အချစ်နဲ့ ချစ်လိုက်တဲ့ အတွက် သားဖြစ်သူကို ပဉ္စာနန္တရိယ ကံကြီးကို ကျူးလွန်ခိုင်းသလို ဖြစ်သွားရပါတယ်။ ဘယ်ဘက် ကကြည့်ကြည့် သံဝေဂ ယူစရာတွေချည်းပါပဲ ဆိုတာ ဘုန်းဘုန်း ရဝေနွယ် ရဲ့ ထမင်းစားရင်းပါရမီဖြည့်မယ် ဆိုတဲ့ဆောင်းပါးလေး ဖတ်လိုက်ရပါသေးတယ်..။

မေမေတို့ ဘဝမှာ ကတော့ ဝက်လက် ဆိုတာ မရလည်း အရေးမကြီး ဘူး ။ ဘာတွေ မရ မရ ဘယ်လို မှ အရေးမကြီးပါဘူး။ ဘယ်လိုမှ ကို မနေ တဲ့ တည်ကြည်ခိုင်ခံ့သော နှလုံးသားတစ်ခု တည်ဆောက်ကြမယ် မီးမီးရေ..။

ထို့ ထက် ထို့ထက် ပိုပြီး ရယူမှု ကို ထည့်မတွက်ပဲ ပေးဆပ်နိုင်သော... ကျေးဇူးတရား ကိုရှာဖွေ သိမြင်တတ်သော..... မြင့်မြတ်တဲ့နှလုံးသားတွေလည်း တည်ဆောက် ရမှာပါပဲ..။ ရာဇာကုမာရ မင်းသားလိုပေါ့ ဘုရင်အဖြစ်ကို သားကိုကျော် လို့ မြေးတော် ကို ဘောင်ကျော် လို့ ပေးအပ်ခဲ့ သည် တိုင် အပြစ်မတင်ချစ်ခင်စွာ စောင့်ရှောက် တတ်လေသော နှလုံးသားမျိုး ရဲ့ အေးချမ်းမှုကိုတန်ဘိုးထားကြပါမယ်..။ မြင့်မြတ်မှုကို ဦး ညွှတ်တတ်ကြရပါမယ်။

ကံတရား ရဲ့ စေစားချက်ကြောင့် ပျက်ကွက်သွားခဲ့ တဲ့ကွက်လပ်များ အတွက်လည်း နာကျင် ထိရှမှု မရှိအောင် ..ဖြည့်ဆည်းမေတ္တာထားနိုင်ဘို့ မေမေ အမြဲကြိုးစားနေပါတယ်..။

သူတကာ သားသမီးတွေ တမ်းတလွမ်းမော ကြတဲ့ *အမေ့အိမ်* ဆိုတာကို မေတ္တာ တရား များ စွာ နဲ့ တည်ဆောက်ပေးထားရင်း ငြိမ်းအေးမှုဆိုတာ ကို သည်မွေးနေ့မှာ မှ မဟုတ်ဘူး ဘဝတစ်လျှောက်လုံးရရှိနေစေပါ့မယ်..။

ဘုန်းဘုန်း အရှင်အာစာရ ရေးသားတဲ့*အိမ်အစစ်* တရားတော်များကိုဖတ်ရှုပြီး တော်တော် အားတက်မိပါတယ်..။ မေမေ မှတ်ထားလိုက်တာကတော့ *သဘာဝအတိုင်း လက်ခံခြင်းဟာ ကိုယ့်ရဲ့ ခိုကိုးရာပါပဲ* တဲ့..။ ရင်ဆိုင်နိုင်တဲ့သတ္တိ တစ်ခုခု ရှိမှသာလက်ခံနိုင်တာမျိုးပဲမဟုတ်လား။

သမီး တို့ အတွက် လုံခြုံအေးမြတဲ့ မေတ္တာစစ်စစ်တို့ဖြင့် စီခြယ်ထားသော *မေတ္တာအိမ်*မှ သည် သံသရာ မှာစိတ်ချရမှု ဖြစ်စေတဲ့ *အရိယာဝါသ* စံ အိမ်အစစ် အဖြစ် အောင်ရယ်… ဒီဘဝ မှာ ဒီအမေကို အမေ တော်ရကျိုးနပ်စေသတဲ့ ဆိုတဲ့ စိတ်ချရတဲ့ လက်ဆောင်မျိုးဖြစ်အောင် မေမေထာဝရကြိုးစားနေပါမယ် သမီးလေးရေ..။ချမ်းမြေ့စွာခိုလှုံနိုင်ပါစေ။

မွေးနေ့ မှာ ချမ်းမြေ့ငြိမ်းအေးပါစေ။ ပျော်ရွှင်လန်းဆန်းပါစေ။

ချစ်သောမေမေ

0 မှတ်ချက်ရေးရန်: