Friday, September 23, 2011

မေတ္တာစစ်စစ် (၃)



တရားသမားလည်းဆိုသေးတယ် ဒေါသကြီးလိုက်တာ မေတ္တာနည်းလိုက်တာ…ဆိုတဲ့မှတ်ချက်တွေ က တရားသမား တွေကို ချီးမွမ်းခြေကျောက် စကားအဖြစ် တရားမလုပ်တဲ့သူတွေက အပြစ်တင်လေ့ရှိ တတ် ပါတယ်..။

 တရားအားထုတ်လို့ တရားနယ်ပယ်ထဲမှာနေထိုင်ရင်း ဒေါသနည်းအောင် နေ မေတ္တာများအောင်ကြိုးစား နေထိုင်ပါသော်လည်း လူများများနဲ့ ဆက်ဆံရတဲ့အလုပ်တွေက ဆက်ဆံရေးအခက်အခဲ အမြဲရှိတတ်ပါတယ် လူတိုင်းကိုတော့ စိတ်ကျေနပ်အောင်ဘယ်သူမှ လုပ်မပေး နိုင် တဲ့အခါ *အဒေါသ* ဆိုတဲ့မေတ္တာ မလာပဲ တစ်ခါတစ်ခါ မေတ္တာ ရဲ့ဆန့်ကျင်ဘက် ဒေါသ တွေ ဖြစ်လာတတ်ပါတယ်။

တရားတော် ထဲက အတိုင်း ဘုရားခန်းမှာ အေးအေးလေးထိုင်…မျက်စိလေးမှိတ်..မေတ္တာ မနောကံသည်….မေတ္တာဝစီကံ မေတ္တာ ကာယကံတို့ထက် အနည်းငယ်လွယ်မည်လား ပဲနော်။

တရားထဲ မှာ မေတ္တာသုတ်တော်လာမေတ္တာပွားနည်းဖြင့် လေ့ကျင့်ထားတာက တစ်မျိုး… အပြင်မှာ တကယ်တွေ့တာ ကတစ်မျိုး ဖြစ်တဲ့အခါ..။ ကျွန်မတို့ ဟာ လေ့ကျင့်မှု မပြည့်စုံ တဲ့ အတွက် သိုင်းကွက်ပျက်နေတဲ့ သိုင်းသမား တစ်ယောက်လို တောင်တစ်လှမ်းမြောက်တစ်လှမ်း နဲ့ အလဲလဲ အကွဲကွဲ ဖြစ်ရတော့တာပါ..။

ဥပမာ ကျွန်မ မေတ္တာစစ်စစ် (၂) မှာရေးခဲ့သလို အနစ်နာ ခံလိုက်သည့်တိုင် အောင်…အကူအညီပေး လိုက်သည့်တိုင်အောင် ကျေးဇူးတုံ့ပြန်တာကိုမမျှော်လင့်တော့ပါဘူးလို့နှလုံးသွင်းထားတဲ့လူတစ်ယောက် ရှိပါတယ်..။

တစ်နေ့မှာ သူက မြစ်ကမ်းနားတစ်လျှောက်လမ်းလျှောက်ရင်း  ကလေးတစ်ယောက် ရေနစ်တာတွေ့ လိုက်ရပါတယ်..။ မေတ္တာ အင်အားကြီးမားစွာ ရေထဲဆင်းပြီး သက်စွန့်ဆံဖျား ကယ်တင်လိုက်ပါတယ်..။ တကယ်လည်းစိတ်စေတနာကြီးမားမှ လုပ်နိုင်တာမျိုး ပါ..။ ကလေး ကိုထမ်းချီပြီး တက်လာ တဲ့သူဟာ ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားလေး သို့မဟုတ် အမူအရာလေးလောက်တော့ မျှော်လင့်မိတာ သူ့အပြစ်တော့မဟုတ်ပါဘူး..။ဖြစ်ရိုးဖြစ်စဉ်ပေါ့လေ..။

လူ့သဘောဆိုတာကလည်း ခက်သားလား။ ကလေး ရဲ့မိခင် က ဝမ်းသာ အားရ ကလေးကို မျက်ရည်လက်ရွဲ ပြေးပွေ့ပါတယ်..။ အားပါးတရ ဖက်ရမ်း နမ်းရှုံ့ ပါတယ်..။ ကယ်လိုက်တဲ့လူကလည်း ပီတိဖြစ်ရကြည်နူးရရှာပါတယ်..။ ကယ်လိုက်တဲ့ လူငယ်လေးကသူ့တာဝန် ပြီးဆုံးသွားသလို  လှည့်ထွက်ခဲ့ပါတယ်… ခြေလေးငါး လှမ်းလောက်အရောက်မှာ… ဒီမှာ ရှင့် ဒီမှာ…. တဲ့ မိခင်ကနောက် ကလိုက်ခေါ်ပါတယ်..။

လူငယ်ကလည်း မေတ္တာကြီးသူဆိုတော့ ကျေးဇူးတစ်ခုခု တုန့်ပြန်မလို့နဲ့ တူတယ်..။ မလိုပါဘူးခင်ဗျာ… ရပါတယ်..။ ကလေးကိုသာ ဂရုစိုက်ပါ..ဘာညာ ဘာညာ… ပြောဘို့ စိတ်ကို ပြင်ဆင်ထား လိုက်ပါတယ်..။

ဒါပေမဲ့ကြားရတဲ့စကား ကတော့ မျှော်လင့် သလို မဟုတ်ခဲ့ပါဘူး..။

*ကလေးလက်မှာဝတ်ထားတဲ့လက်စွပ် ပါမလာဘူးရှင့်…အဲဒါ* ဆိုတဲ့စကားအပြင် အထင်အမြင်သေးတဲ့ မျက်ဝန်းတွေ ကို မြင်လိုက်ရတဲ့အခါ…………။

ကျွန်မတို့ ပတ်ဝန်းကျင် ဆိုတာကလည်း လက်စွပ်ပြန်လျှော်ခိုင်းချင်တဲ့သူတွေ အများသားမဟုတ်လား။ ကိုယ့်ကိုကို အပြည့်စုံဆုံးလေ့ကျင့်ထားတာတောင်မမြင်နိုင်တဲ့နေရာ ကမမြင်နိုင်တဲ့အကွက်နဲ့ တိုက်ခိုက်လာနိုင်တယ် ဆိုတဲ့ လူ့သဘောကို ထည့်တွက်ထားရပါတယ်..။

ဒါကြောင့် မေတ္တာတစ်ခု ထဲ မရဘူး ခွင့်လွှတ်ပေးရပါတယ်..။နားလည် ပေးရပါသေးတယ်။

ကျွန်မ သာယာဝတီ စိုက်ပျိုးရေးသိပ္ပံ မှာ ဆရာမ လုပ်တဲ့ အခါတုံးကပါ.. ကလေးတွေ ပျော်အောင် ဘယ်လို လုပ် သင်မလဲဆိုတာ ကျွန်မရဲ့နေ့စဉ် အတွေးနဲ့အလုပ်ပါ..။ သေချာပြင်ဆင်ပြီး သူတို့လည်းပျော်တာတွေ့ ရတဲ့ဘဝ ဟာအဓိပ္ပါယ်ရှိလှတယ်ဆိုပြီး ဖြတ်သန်းခဲ့တာ ဆယ်စုနှစ် တစ်ခုကျော်ခဲ့ပါတယ်..။ တပည့် အများဆုံး လာလည်ရာ အခန်းဟာကျွန်မအခန်းဖြစ် ပါတယ်..။ ကျွန်မက အဆောင်နေဘူး တော့ အဆောင်ထမင်း စား ရတဲ့ ကလေးတွေကို ကျောင်းပိတ်တိုင်းတခုခု လုပ်ကျွေး ပါတယ်..။ ကျွန်မ ဂန္ဒ္စာရုံ ကျောင်း ကို အရုဏ် ဆွမ်းလောင်းသွားရင် နှစ်အလိုက်(  ပထမနှစ်-ဒုတိယနှစ်--)စသည်ဖြင့်ပေါ့ ကျောင်းသူတွေကို ခေါ်ခေါ်သွားပါတယ်။ကျောင်းသား တွေကတော့ မနက်စောစော ထွက်လို့ရတာကိုး။

ရလဒ် ကတော့ ကျွန်မသည် စည်းကမ်းပိုင်းဆိုင်ရာ အားနည်း သောဆရာမ အဖြစ် ……။

တပည့်တွေကို ချစ်တတ်သလို ကျွန်မရဲ့ ကွင်းအလုပ်သမား တွေကိုလည်း ချစ်ပါတယ်..။ မလေးမစားမဆက်ဆံ တတ် သလို တစ်ဆင့်နှိမ့်လည်း ဘယ်သောအခါမှ မပြောဆိုမဆက်ဆံ ပါဘူး။

ကျွန်မ စိုက်ကွင်းထဲမှာ လုပ်တဲ့ကရင်အမျိုးသမီး တစ်ဦးရှိပါတယ်… ကျွန်မ တို့က တလေးတစား အမိုး လို့ ခေါ်ပါတယ်.. အမိန့်ပေးသလို မဟုတ်ပဲ တိုင်ပင်သလို သာ အလုပ်အတူလုပ်ကြပါတယ်..။ ကျောင်းနားကရွာ မှာနေပြီး တခါတခါ ကျွန်မ ကိုကူလို့ အိမ်မှာ လာအိပ်ပေးတတ်တော့မိသားစု လိုပါ..။သူနေမကောင်းတော့ လည်းကျွန်မ ရန်ကုန်ခေါ် ဆေးခန်းပြပေးပေါ့လေ..။ ဆရာတပည့်လိုမဟုတ်ပဲ ညီအမ လိုနေခဲ့တာ..။

သူက အပျိုကြီး ဖြစ်ပြီး တခြား သော ဆရာမလေး တစ်ယောက်ကို သူသိပ် သံယောဇဉ် ရှိပါတယ်..။ အစစ လုပ်ပေးပါတယ်..။ ဟို ဆရာမကလေးကလည်း လုပ်ပေးမှန်းသိတော့ သူ့ကို အကုန်ခိုင်းပါတယ်..။ ခိုင်းတာတွေက ရက်ရက်စက်စက်  များလွန်းပေမဲ့ သူက ပျော်ပျော်ရွှင်ရွှင်ကျေကျေနပ်နပ် လုပ်ပေး လေ့ရှိပါတယ်..။ကျွန်မ အပါအဝင် သူ့ကိုချစ်တဲ့ တခြားဆရာမတွေက သူ့ကိုကြည့်ပြီး သူ့ဘက်က စိတ်မကောင်းကြပါဘူး။သူစေတနာ ပိုနေတာ ကတော့ ဘယ်တတ်နိုင်ပါ့မလဲ..။

တစ်နေ့ကျတော့ သူ နေပူ ကြီးထဲ  ကျောင်းချိန် မပြီး ခင် ကျွန်မ အခန်းကိုရောက်လာပါတယ်..။

* ဆရာမ ဆရာမ..အတွက် ငါးလေးတွေယူလာတယ်..။ အဲဒါ ဒီမှာ…ဆရာမချက်ပြီး တစ်ဝက်ကို ဒီ ထမင်းဘူး လေးထဲ ထည့်ပေးပါနော် တဲ့*

ဒီစကား အရ ဆို ကျွန်မ ကသူချစ်တဲ့ ဆရာမ လေးရဲ့ ထမင်းဘူးကို ဆေးပေးရမယ်..။ နောက် ငါး ကိုကိုင် ပြီး ချက်လည်း ပေးရမယ်..။ လို့ တောင်းဆိုခိုင်းစေလိုက်တဲ့သဘောပါ..။ အားစမ်းလေပြီတကား..။ မထင်ရတဲ့အရပ်က မထင်မှတ်တဲ့အချိန်မှာ မထင်မှတ်ထားသူထံမှ ဝင်ရောက် လာချေပြီတကား။

အော်ထုတ်ပစ်ချင်စိတ် တွေအလိပ်လိုက်တက်လာ သည်မှာ ဆိုဘွယ်ရာမရှိ..။ အော်ထုတ်ရင်လည်းခံမဲ့သူပါပဲ..။ ကိစ္စမရှိ..။

ရင်ထဲနာကျင်ပြီး နေပူထဲပြန်သွား ရရှာ မှာတွေးမိတာ နဲ့ မအော်တော့ပဲ..။ အငေါ်တူးတူး စကားနာ တော့ထိုးလိုက်မိပါသေးတယ်..။ နောက်တော့ လည်း ထားခဲ့ ပြောရတော့တာပါ..။

တစ်ဘက်သားအပေါ်သူတို့နေရာက ထပ်တူ ခံစားပေးခြင်း ၊တွေးပေးခြင်း၊ နားလည်ပေးခြင်း ဖြင့် ခွင့်လွှတ်နိုင်အောင်ကြိုးစားခြင်း ၊အပြစ်မယူခြင်း တို့သည် မေတ္တာ တရားအတွက်မရှိမဖြစ်အထောက် အကူပစ္စည်း များပါတကား…။

 ဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒ  တရားကတော့တိုပါတယ် တစ်ခွန်း ပဲ…အဲလို တွေ့ကြုံ ခဲ့ ရင်နှလုံးသွင်းရမှာက

 * သူမှ ကိုယ်မဟုတ်ပဲ* တဲ့။

မေတ္တာဖြင့်-သစ္စာအလင်း

0 မှတ်ချက်ရေးရန်: