Wednesday, January 18, 2012

မြစ်သာမြစ်ဝှမ်း စိမ်းလန်းခြင်းဖြင့် အေးမြစေ.. ၂

ဘုန်းဘုန်ဦးသုဇာတ

နမောတဿ ဖြင့်ဖွင့်လှစ်ခဲ့သောသင်တန်း

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် အော်ဂဲနစ်စိုက်ပျိုး ရေး နည်းပညာပေးသင်တန်း လို့ နာမည်ပေးထားတဲ့ သင်တန်းလေးတစ်ခုကို ကုသိုလ်အတူပြုကြဘို့ ခရစ်စမတ်အလွန် ၂၆ ရက်နေ့ ဆောင်းနံနက်ခင်း တစ်ခု မှာ ဖွင့်လှစ်ဖြစ်ခဲ့ပါတယ်…။

ကျွန်မ ပို့ချခဲ့ဘူးသောသင်တန်းများထဲမှာ ရတနာသုံးပါးကိုဦးထိပ်ပန်ဆင်လျက် မင်္ဂလာရှိစွာ ဖွင့်လှစ်ခဲ့ရသည်မှာ သည်ဂန့်ဂေါ ကသင်တန်း တစ်ခုသာရှိကြောင်း မှတ်တမ်းပြုရပါတော့မယ်..။

တခြားသော အသင်းအဖွဲ့များ NGO, INGO ပေါင်းများစွာ နဲ့ ပူးပေါင်းလျက် သင်တန်းပေါင်းများစွာ ဖွင့်လှစ် ခဲ့သော်လည်း ယခု တစ်ကြိမ် က ဘာသာရေး အသင်းအဖွဲ့တစ်ခုဖြစ်တဲ့ ပုညဟိတေသီ ဆွမ်းလောင်းအသင်းနဲ့ ဖွင့်လှစ်ရတာမို့ ထူးခြားဖြစ်စဉ် ရယ်လို့ ဆိုနိုင်ခဲ့တာပါ..။

ပုညဟိတေသီများ

ကျွန်မအပါအဝင် လူအများစုက တော့ လက်ရှိ အကျိုးစီးပွား အတွက် ဘဝရဲ့ အချိန်များစွာကို ပေးတယ် အရေးကြီးတယ်လည်းထင်တယ်.. ဦးစားလည်းပေးကြတယ်..ဆောင်ရွက်တတ်ကြပါတယ်..။

ကျွန်မတို့ ဗုဒ္ဒဘာသာဝင်တွေအားလုံးရဲ့ ပန်းတိုင် ဖြစ်တဲ့ သံသရာလွတ်ကြောင်း နိဗာန် ကိုမရမချင်း သံသရာခရီးသည် တွေ ဖြစ်ကြရအုံးမှာ အဘယ်မျှ ရှည်လျားထွေပြားအုံးမည်ဆိုတာ တပ်အပ် မသိနိုင်။

အဲဒီသံသရာခရီးအတွက် ကြိုတင်ပြင်ဆင်ဘို့ အချိန်ပေး တာ ကြိုတင်ဆောင်ရွက်ကြတာ.. တွေးတောကြံဆ မိသူတွေ ဆိုတာ အလွန်ရှားပါးလှပါတယ်..။

ပုညဟိတေသီ တွေကတော့ မိမိ သူတပါး နှစ်ဖြာသော အကျိုးစီးပွား သံသရာအကျိုးစီးပွား အတွက် အချိန်များစွာပေး..လုပ်အားများစွာပေးလှူထား ကြတာမို့ သံသရာ လမ်းကြောင်းဖြောင့်တန်းရမှာ ဆိုတာတော့ယုံကြည်မိပါတယ်.။

ကုသိုလ် ညီညွတ်ကြတာမို့ တစ်ဇွန်းဆန် များလှူဒါန်းမှု အစုစု သည် တစ်လ မှာ ဆန် အိတ် ၅၀ မှ ၆၀ အထိ စုစည်း နိုင်ခဲ့ပါတယ်။

ဂန့်ဂေါမြို့ မှစာသင်တိုက်များကို ဆွမ်းဆန်ထောက်ပံ့ နိုင်သလို..ပြီးခဲ့တဲ့ လက ဖြစ်တဲ့ရေဘေး ဒုက္ခသည်များကိုလည်း ဆန်လှူဒါန်း နိုင်ခဲ့ပါတယ်။

ရန်ကုန်မြို့လုံးဆိုင်ရာ ပရိယတ္တိသာသနနုဂဟ ဆန်လှူ အသင်းကြီးများနှစ်ပေါင်းများစွာ ကုသိုလ် ပြု ဘဝ မြှုပ်နှံခဲ့သော တမလွန်မှ ကျွန်မ ရဲ့ကျေးဇူးရှင်ဖခင်ကြီး ရှိနေလျှင်လည်း ဝမ်းပန်းတသာသာဓုခေါ်မှာ အသေအချာပါပဲ။

မေတ္တာတရား ဖြင့် စီးဆင်းစေ

သင်တန်းသားများ

သင်တန်းနေရာက ဂန့်ဂေါမြို့ဦး ..မြစ်သာမြစ်ကမ်းပါးထက်က တောင်ကုန်းဘုန်းကြီးကျောင်းတိုက်မှာ ဖြစ်ပြီး ကျောင်းထိုင် ဆရာတော် ဘုန်းဘုန်း ဦးသုဇာတ ကိုယ်တိုင်သြဝါဒ စကားချီးမြှင့်ပေး ခဲ့ပါတယ်..။

ဆရာတော်ဘုရား ရဲ့သြဝါဒကတော့ မေတ္တာ တရားထားလျက်သင်ယူ ကြဘို့ညွှန်ကြားတာပါ။

သင်တန်း ကုန်ကျစရိတ် ပေးလှူတဲ့ ဘုန်းဘုန်းဦးတိက္ခ ကအဝေးရောက်နေသော်လည်းမေတ္တာ နှင့် စောင့်ရှောက်ပေး သလို သင်ကြားသူသင်ယူသူများ အားလုံးအပြန်အလှန်မေတ္တာထားဘို့ မိန့်ကြားပေးခဲ့ပါတယ်။

ကောင်းကျိုးလိုလားမှုများစွာ ကိုမေတ္တာ ဆိုတဲ့ကြိုးတစ်ချောင်းနှင် နှောင်တဲစုစည်း ပေးလိုက်တာပါ..။

ဘယ်လိုအဖွဲ့ အစည်း ပဲဖြစ်ဖြစ် မေတ္တာ ဓာတ်နှင့်ချည်နှောင်မှသာ ခိုင်မြဲပါတယ် ဆိုတဲ့ ပိုင်းလော့ဆရာတော်ဘုရား ရဲ့ အဆုံးအမကိုလည်း သတိရမိပါသေးတယ်။

ဝေးခြင်း နီးခြင်း၊ ကွာခြင်းလှမ်းခြင်း ပူခြင်းအေးခြင်း ၊ဖြူစင်ခြင်း ညစ်နွမ်းခြင်း ၊ ကြင်နာခြင်း ရက်စက်ခြင်း တို့အားလုံးကို တစ်သားတည်း ပေါင်းစည်း စေသည် မှာ မေတ္တာတရားပင် မဟုတ်ပါလော..။

စိတ်ပါဝင်စားကြလေသလား

ဘုန်းဘုန်း ဦးတိက္ခဥာဏာ လင်္ကာရ ရဲ့ အမတော် များဖြစ်တဲ့ မခင်မိုးသူ မခင်အေးသူ၊ယောက်ဖတော်များ ကိုရွှေမောင် ၊ ကိုခင်မောင်ထွေး ဘုန်းဘုန်းရဲ့ လက်ရုံး ကပ္ပိယ လေးဦး (ကိုဝင်းမြင့်၊ ကိုနိုင်လင်း၊ ကိုကျော်ဖြိုးဝေ၊ ကိုကျော်မင်းသန်း) တို့ကဦးဆောင်ပြီး လိုအပ်တဲ့သင်တန်းအထောက်အကူပစ္စည်း များဖြည့်ဆည်း ပေးခဲ့ပါ တယ်..။

မြစ်သာမြစ်မှလျှပ်စစ်အလင်း

သင်တန်းကာလ တစ်လျှောက်လုံးလျှပ်စစ်မီး ရရှိနေတာကတော့ မြစ်သာမြစ်ရဲ့ဆန်တက်နိုင်သော အစွမ်းသတ္တိမှ တစ်ဆင့် ရေအားလျှပ်စစ် ထုတ်ယူ လျှက်ပေး လှူထားတာပဲဖြစ်ပါတယ်..။ ရေအားလျှပ်စစ် ထုတ် လုပ်ပေးတဲ့ပညာရှင်ကလည်း ပုညဟိတေသီ တစ်ဦးဖြစ်တဲ့ ကိုမင်းမင်းဖြစ်ပါတယ်။

ဒါကြောင့်လည်း ဝေးသီခေါင်ဖျား အလှမ်းဝေးကွာ လှတဲ့ ခရိုင်မြို့လေးတစ်ခုဖြစ်သော်လည်း နေထိုင်မှု အဆင့်အတန်း က တိုင်းဒေသကြီး ရဲ့ မြို့တော်များ မှာထက် သာလွန်တာ တွေ့ ရလို့လည်းဝမ်းသာမိပါတယ်။

Projector နှင့်ဆိုလျှင် အလင်း ရောင် ဖြင့်မမြင်ရမှာဆိုးလို့ တွက်စစ်ပြီး 32 inches Flat TV ကို သင်ထောက်ကူပစ္စည်းအဖြစ် ပြင်ဆင်ပေးထားတာမို့ စာသင်ရတာ အဆင်ပြေလှပါတယ်။

အသံချဲ့စက် ကလည်း တရွာလုံးကြား ဖြစ်တာမို့ ကျွန်မ ကတော့ကျွန်မ ကွန်ပျူတာ ထဲမှာ ပါလာတဲ့ ဘုန်းဘုန်း ဦးတိက္ခဥာဏာ လင်္ကာရ ရဲ့ အွန်လိုင်းမှာ ဟော ခဲ့ဘူးတဲ့တရားတော်ကို သင်တန်းနားချိန်မှာ လွှင့်ထုတ်ပေးခဲ့ပါတယ်..။

ဘုန်းဘုန်းအတွက်ဂုဏ်ယူကြတဲ့ ဆွေမျိုးများအားတက်ရွှင်လန်း ဝမ်းပန်းတသာ ဖြစ်စေချင်လို့ပါ..။

တရားရေစင်ကြောင့် တကယ် လည်း ကျေနပ်ပျော်ရွှင်ကြရပါတယ်။

Teaching Aids

Black Board, White Board, Flannel Board စတဲ့သင်ထောက်ကူမျိုးစုံ ဖြင့်စာသင်ခဲ့ဘူးသော်လည်း ဂန့်ဂေါက ကျောက်သင်ပုန်းကတော့ တစ်မျိုးပါ..။

ဖျက်မရတဲ့ Permenant Marker ဖြင့် ရေးသားရှင်းပြနိုင်ရန် စာရွက်အညို ကြီးကြီး တွေကို တိပ်ဖြင့်ကပ်ပေး ထားပါတယ်။ စောင့်ကြည့်နေကြပြီး တစ်ရွက်ကုန်တာ နဲ့ တစ်ရွက်လဲလှယ် ပေးကြပါတယ်။

ဒီလိုနဲ့ သင်တန်းဆရာမ ရဲ့ ရှင်းပြချက် အတွက် မှတ်စုနုတ်စ်များ လိုက်မှတ်စရာမလို ပဲ ကျန်ရှိနေနိုင်သည် မဟုတ်ပါလား။ အတော်ဥာဏ်သွား တဲ့ကလေးတွေ ပဲလို့ စိတ်ထဲက ကြိတ်ပြုံးမိပါတယ်..။

သင်တဲ့လူကလည်း ဖြစ်ကတတ်ဆန်း မရေးဖြစ်တော့ပဲ သတိနဲ့ စီစဉ်တကျ ရေးဖြစ်ပါတော့တယ်..အတော်ပိုင်တဲ့နည်းစံနစ်။


ဆက်ပါဦးမည်။

မေတ္တာဖြင့်

သစ္စာအလင်း

0 မှတ်ချက်ရေးရန်: