Wednesday, January 25, 2012

မြစ်သာမြစ်ဝှမ်း စိမ်းလန်းခြင်းဖြင့်အေးမြစေ..(၃)


ထိုင်းနိုင်ငံတွင် အလုပ်လုပ်ပြီး မြန်မာ နိုင်ငံကိုပြန်လည်ရောက်ရှိလာချိန်မှာတော့ ကျွန်မ ဟာ မူလ ကလုပ်ကိုင်ခဲ့ဘူးတဲ့ မြန်မာအော်ဂဲနစ်အဖွဲ့ နှင့်အတူ အချိန်ရသလောက်သင်တန်းများပေးဘို့ စီစဉ်ခဲ့ပါတယ်..။မြန်မာ နိုင်ငံမှာ သုံးလသာ နေထိုင်ပြီး ထိုင်းနိုင်ငံသို့ ၂၀၁၂ နှစ်ဦးပိုင်းမှာ ပြန်လာမယ် လို့လည်းစကားဆိုခဲ့ပါတယ်..။

တိုင်းပြည်အတွက် လိုအပ်လို့ မပြန်ဖြစ်တော့ပဲ ဆက်လက် နေထိုင်ခဲ့ပါတယ်လို့ အသံကောင်း မဟစ် လိုသော် လည်း အကြောင်းကြောင်းများအကြောင်းဖွဲ့ ညီညွတ်တဲ့အခါ ကျွန်မ မြန်မာနိုင်ငံမှာပဲ ဖြစ်တဲ့အခြေ အနေနဲ့ ရပ်တည်နေထိုင် ဘို့ ဆုံးဖြတ်လိုက်ခဲ့ပါတယ်..။

ရာထူးတွေ..ဂုဏ်ထူးတွေ ဘွဲ့ထူးတွေ…ဥစ္စာဓန ၊ ပကာသန ပေတံများ နဲ့ တိုင်းထွာ တွက်ချက်ပြီး ခင်မင် ဆက်ဆံကြတဲ့ အနှစ်ကင်းသော…. အရသာကင်းမဲ့ သော ပေါင်းသင်းဆက်ဆံရေး များသည် နှလုံးသားကို ထုံပေပေ ဖြစ်စေတတ် တာ..။ လှိုက်လှဲ စစ်မှန်သော မေတ္တာ..စေတနာ ကတော့ နှလုံးစိတ်ဝမ်း ချမ်းချမ်းမြေ့မြေ့ ဖြစ်ရတယ်ဆိုတာ ခံစားဘူးသူတိုင်းသိကြ မှာပါလေ။

ဒီလိုနဲ့ ပဲတောနယ် ကျေးလက် တွေဟာ ….သစ္စာပတ်ဝန်းကျင် …မေတ္တာပတ်ဝန်းကျင် အဖြစ် ဘဝထဲမှာ ရှင်သန် စိမ်းလန်း ရပါတော့တယ်။

လက်တွေ့ လုပ်ငန်းများလုပ်ဆောင်ခြင်း

ဂန့်ဂေါ ကိုတော့မလာခင်ကတည်းကကြို တင် ပြင်ဆင် ချိန်ရရှိစေဘို့ ဘာတွေသင်ယူချင်ပါသလဲ ဆွေးနွေး မေးမြန်းခဲ့ပါတယ်။ အော်ဂဲနစ်မြေသြဇာ လုပ်နည်း၊ ပိုးသတ်ဆေးလုပ်နည်း၊Organic Technology, Good Agriculture Practices သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းတဲ့ နည်းစံနစ်တွေ အပြင် ရေဆိုးသန့်စင်နည်း ၊ သီးနှံများကြာရှည်ခံအောင်ယိုထိုးနည်း ၊ တစ်ပိုင်တစ်နိုင် မှိုစိုက်ပျိုးနည်းများ ကိုပါ သင်ပေးနိုင်အောင် ကျွန်မ FAO Library ကိုပြေးလွှား ကူးယူစီစဉ် ခဲ့ပါတယ်။

အော်ဂဲနစ် စိုက်ပျိုးရေး မှာ အဓိက မောင်းနှင်ရမှာက အဏုဇီဝပိုးများဖြစ်တာမို့ အကြမ်းစား အဏုဇီဝ ဓာတ်ခွဲခန်း လေး Microbiology Lab လေး နဲ့ မွေးမြူတတ်အောင် ၊ ရတဲ့ ဒေသထွက်ပစ္စည်းတွေ နဲ့ ဒေသပိုး(Indigenous Microorganism) တွေမွေးတတ်အောင် အသုံးပြုတတ်အောင် စီမံရပါတော့တယ်။

လက်တွေ့ဘ၀ ထဲကMicrobiology

ဂန့်ဂေါ ဒေသမှာ စားသုံးတဲ့ မုံညင်းချဉ် သည် Lactobacillus Bacteria ကြောင့်ဖြစ်ကြောင်း ကိုရီးယား ဂင်ချီ နဲ့ဆက်စပ်ပြရပါတယ်။ လှော်စာ၊ ဒိန်ချဉ် ၊ငါးချဉ် ၊ ချဉ်ဖတ်၊ခေါင်ရည် ဆိုတာတွေက ရပ်ထဲရွာထဲက Biotechnology ဖြစ်တယ်ဆိုတော့ လည်း ငယ်ပေါင်း ကိုပြန်တွေ့သလို တရင်းတနှီး ခံစား ရပြန်တာပဲပေါ့။

အဏုဇီဝပိုးများထဲမှ ဘက်တီးရီးယား တို့ ဆိုတာကလည်းပကတိမျက်လုံး နဲ့မြင်ရတာမျိုး မဟုတ်လေတော့ ကွက်ကွက်ကွင်းကွင်း မြင်ရလေအောင် ပုံများ အထောက်အထားပြည့်စုံအောင် စုဆောင်းခဲ့ရပါတယ်..။(နောက်တစ်ခါတော့ Microscopeသယ်ရမှာပေါ့လေ)

DNA, RNA,GMO,EM IMO စတာတွေကိုတော့ ဘာသာမပြန်ပဲ အင်္ဂလိပ်စာလုံး တိုက်ရိုက် နဲ့ရှင်းပြရင်း မိတ်ဆွေတွေလို ရင်းနှီးကျွမ်းဝင်စေခဲ့ပါတယ်..။

ကျွန်မသီအိုရီသင်ပြီးတိုင်း လက်တွေ့ အဏုဇီဝ ပိုးများမွေးမြု ခြင်းကို သင်တန်းအပတ်စဉ် (၁) ဆင်းပြီးကတည်းက ကျွန်မ နှင့် လိုက်ပါခဲ့သူ ဓာတ်ခွဲမှူးဟောင်းတစ်ဦးဖြစ်သူ ဆရာမ ဒေါ်ကြူကြူသင်းက သင်ပြပေးခဲ့ပါတယ်။အဲဒီ မှာလည်း သင်တန်းသားအားလုံး တလေးတစားသင်ယူကြပြီး တက်တက်ကြွကြွ ရှိကြ ပါတယ်။

နွေးသော..အေးသော မေတ္တာရေ

ကျောက်တုံးညိုညိုလေးများ ခြံရံထားတဲ့ မြစ်သာမြစ်ရဲ့ကမ်းပါးယံ တစ်ခု အထက်ဆီမှာတော့ ဂန့်ဂေါမြို့ အတွက် သဘာဝ ရဲ့လက်ဆောင်မွန်တစ်ခုကို ထပ်မံတွေ့ရှိရပါသေးတယ်..။ အဲဒါကတော့မြေသားကမ်းပါးယံထက်ဆီက စဉ်ဆက်မပြတ် ဒလဟော စီးဆင်းနေတဲ့ သန့်သန့်စင်စင် ရေစီးကြောင်း ရေထွက် တစ်ခုရှိနေတာကို တွေ့လိုက် ရ ပါတယ်။

ရောက်ပြီး နှစ်ရက်မြောက်တဲ့အထိ ကျွန်မ ရေချိုးတာမတွေ့တော့ အိမ်ရှင်တွေ ..ကအဖြေထုတ်ကြရင်း ချမ်းလို့ဖြစ်မယ်ဆိုပြီး ဘုန်းဘုန်း ရဲ့ အမ များက စီမံပို့ဆောင်ပေးကြတာပါ။ ဆောင်းမှာ နွေးပြီး၊ နွေမှာ အေးတယ်ဆိုပဲ။

အမှန်တကယ်လည်းနွေးထွေးလှပါတယ်..။ အများတကာ နှင့် စုပေါင်းသုံးစွဲရတဲ့ ရေချိုးဆိပ်ကလေးတစ်ခု ဖြစ်နေပါတယ်..။ သဘာဝ ရေပန်း လို ကမ်းပါးယံထက်မှ ဖေါက်ထွက်လျက် စဉ်ဆက်မပြတ်စီးကျနေပြီး သစ်သား ကွက်ပျစ်လေးတည်ဆောက်ပြီး ရေချိုး အဝတ်လျှော်တဲ့နေရာလုပ်ထားပါတယ်..။အားလုံးသုံးစွဲ ပြီးတဲ့ရေ တွေကတော့ သစ်သားကြမ်းပြင်မှ တဆင့် မြစ်သာမြစ်ထဲကို စီးဆင်းဝင် ရောက်ရရှာပါတယ်။ ဆပ်ပြာ ခေါင်းလျှော်ရည်တို့ဖြင့်မညစ်နွမ်းပါစေကြောင်းဆုတောင်းရပါတယ်။

အုံးတုံးတောင်တောရ

ဘုန်းဘုန်းအမျိုးများနှင့် အုံးတုံးတောင်မှာ

နောက်တစ်နေ့ မနက်ခင်း စာသင်ချိန်မစတင်ခင်မှာ ပဲ ဘုန်းဘုန်းဦးတိက္ခ ထံမှ တယ်လီဖုန်း ရရှိခဲ့ပါတယ်။ စသင်ချိန်ပြီး လျှင် ဂန့်ဂေါမြို့ နဲ့ သုံးမိုင်ခန့်အကွာမှာ ရှိတဲ့ အုံးတုံးတောင်တောရ ကိုသွားရောက်လည်ပတ်ဘို့ ညွှန်ကြားပါတယ်။

တရားနာသူများလို့ဓမ္မာရုံတောင်တိုးချဲ့ရသတဲ့

လွန်ခဲ့တဲ့ နွေရာသီတုံးက ကလေး များ ၅၀၀ ကျော် တရားစခန်းဝင် ကြ တရားအားထုတ်ကြတဲ့ ဓာတ်ပုံများကိုလည်း ကြည်နူးဘွယ် တွေ့မြင်ခဲ့ရပါတယ်။

ဂန့်ဂေါမြို့ ရဲ့မျိုးဆက်သစ်များ

အုံးတုံးတောင်တောရ သည် အေးမြညိမ်းချမ်းမှု အပြည့်အဝ လွှမ်းခြုံထား ပါတယ်..။

တောရ ဝန်းကျင်မှာ လျှို မြောင် ချောက်ကမ်း များ ဝိုင်းပတ်လျက် လုံဟောချောင်းသည်လည်း ခွေခွေရစ်ရစ် စီးဆင်း လျက်ရှိပါတယ်။

ကျွန်း ပျဉ်းကတိုးအင်ပင်တို့ထက်မှာ ရှဉ့်ငယ်လေးများ စိတ်အေးချမ်းသာစွာ နေထိုင် ကျက်စားနေကြတာ သူတော်ကောင်းနယ်မြေရယ်လို့စိတ်ချလက်ချ ရှိနေဟန်ပါ။

ဘုန်းဘုန်းဦးတိက္ခ ကတော့ ပိုင်းလော့ဆရာတော် ဘုရားကြီးကိုပင့်ဖိတ်လျက် ဒီတောရမှာ တရားစခန်း စီစဉ် ချင်ပါသေးတယ်တဲ့..။ လိုင်းတူ ဓာတ်တူဖြစ်ခဲ့လျှင် ဘယ်လောက် ဝေးဝေး နီးနီးလေးပင်မဟုတ်ပါလော။

သင်တန်းဖိတ်ကြား ထားသော်လည်း အချိန်မရ၍ မသွားရောက်နိုင်ခဲ့သော လုံဟော ရွာ လေးရဲ့ ပျပျဝေးဝေး ရေးရေးမျှင်မျှင် မြင်ကွင်းလေးကို မျှော်ငေး လျက် တောင်းပန်စကားဆိုမိပါတယ်..။ ပို၍ ပို၍ တပည့်တော်မ ၏ စေတနာ စွမ်းအားများ စူးရှ ထက်မြက်ရပါစေသား…အရှင်ဘုရား။

ဆက်ပါအုံမည်

မေတ္တာဖြင့်

သစ္စာအလင်း

0 မှတ်ချက်ရေးရန်: