Wednesday, July 25, 2012

* ဝယဓမ္မာ ..ဘဝကထာ *



ဝမ်းနည်းညှိုးငယ်ရခြင်း၊ ဝမ်းသာပျော်ရွှင်ရခြင်း၊ချမ်းမြေ.ကြည်နူးရခြင်း၊ သိမ်ငယ်နိမ့်ကျရခြင်း ၊ အောင်မြင် ခြင်း၊ဆုံးရှုံးခြင်း ၊ အလိုမကျ ခြင်း၊ စိတ်ကျေနပ်ပျော်ရွှင်ရခြင်း …စတဲ့ စတဲ့ ဆန့်ကျင်ဘက် ဝေဒနာ….ခြေရာ များစွာ ..နှလုံး သား ကို ဖြတ်သန်းသွား ခဲ့ဘူးပြီ..။ အဲဒီ ခြေရာ များကြောင့် ပဲ မာကျောကြမ်းရှ နေတဲ့ နှလုံးသား ကိုငဲ့ကြည့် လိုက်ချိန် မှာတော့ ကျွန်မ ဟာ အသက် ၅၀ ကိုရောက် နေခဲ့ပါပြီ..။

ကုန်ဆုံးလွန်မြောက်ခဲ့ အချိန်တွေကို ငေးမောဆန်းစစ် မိသလို ဘဝ ရဲ့ လက်ကျန်အချိန်များ သိပ်ကိုနည်း နေပြီဆိုတာ အသေအချာ ပါပဲ ရယ်လို့ လည်း ကြိမ်ဖန်များစွာနှလုံးသွင်နေမိခဲ့ပါတယ် ။အသက် ငါးဆယ် ဆိုတာ က တော့ မြန်မာ နိုင်ငံအတိုင်းအတာ နဲ့ နာရေးကြော်ညာ တော်တော် များများမှာ တွေ့မြင်နိုင်တဲ့ သက်တမ်း အပိုင်းအခြား တစ်ခု ဖြစ်နေ ပါပြီ..။ အချိန်မရွေး လောက ထဲမှ ထွက်သွားနိုင် သည် မဟုတ်ပါလား။

ဆရာကြီး ဓမ္မာစရိယ ဦးဋ္ဌေးလှိုင်ကတော့ အသက် ၅၀ ဆိုတာ လောက ထဲမှာ ကောင်းတာ တွေ ရှိနေသေးတယ် ရယ် လို့ မမျှော်လင့်တတ် တော့တဲ့ အရွယ်လို့ ပြောဘူးပါတယ်..။ လောက ထဲရောက်လာတာ ကြာလာ ခဲ့တော့…သိသင့်တာလည်းသိ ၊ခံသင့်တာလည်းခံ ၊ ဒဏ်ရာဒဏ်ချက် တွေ အထုအထောင်းတွေ ဆိုတာက လည်း တစ်ပုံတစ်ခေါင်းပေါ့လေ..။အဆိုး တရားတွေ သာ လောကဓံ တရား မဟုတ်… အကောင်းတရားတွေဆိုတာ ကလည်း လောကဓမ္မတရားတွေပါပဲ..။ *ဒါတွေကတော့ ဒီလိုပါပဲလေ*   ရယ်လို့ အေးအေးဆေးဆေး ပြောနိုင်ဘို့ ကို တော့ အရင်းအနှီး ကြီးခဲ့တာအမှန်ပါ။
ဘယ်လို တုန့်ပြန် ပြီး ဖြတ်သန်း လွန်မြောက် ခဲ့ပါသလဲ ၊ ကျော်လွှားအောင်မြင် ခဲ့ပါသလဲ လို့ မကြာသေးခင် က မိတ်ဆွေတစ်ယောက်က မေးခဲ့ဘူး ပါတယ်..။

 ကိုယ့်အားနည်းချက် ကို ကိုယ်  မကွယ်ဝှက်တမ်း ဝန်ခံရမယ်ဆိုရင် တော့..ဘုန်းဘုန်း အရှင် ဆန္ဒာဓိက ရဲ့ (အချစ်ကံခေ ပေမဲ့ အနှစ်ကျန်စေရမယ် ဆိုတဲ့တရားတော် ) ကို နာယူရမဲ့ ဒကာမ ပရိသတ် အမျိုး အစား ထဲမှာကျွန်မ ပါဝင်ခဲ့ပါတယ်..။ ကံခေ စေသော အကြောင်း တရားများပြုလုပ်ခဲ့တယ် ဆိုတာ အကျိုး တရားကို ကြည့်လို့ မှန်းဆ နိုင်သည်ပဲ..။ အနှစ်ကျန်စေမယ် ဆိုပြီးအားတင်းတယ် မာန်တင်းတယ် ဆိုပေမဲ့လည်း နွား နှစ်ကောင် ရုန်းကန် ရမဲ့ လှည်း တစ်စီး ကို တစ်ကောင် ထဲဆွဲ ရ သည့် အခက်အခဲ ကတော့ ဆွဲ ဘူးသူများ သာ ခံစားနား လည် နိုင် ပေလိမ့်မယ်..။

ကိုယ့်ရဲ့ အားနည်းချက်ကို အပြစ်မယူသူ..၊ နားလည်ပေးနိုင်မဲ့သူ ၊ အခက်အခဲ ကိုမျှဝေခံစားလျက် ကူညီအား ပေးမဲ့ သူ တစ်ဦး တစ်ယောက် အနားမှာ ရှိ နေခဲ့ရင် သေခြင်းတရားကိုတောင် ရဲရဲ ရင်ဆိုင်ဝံ့ တယ် ဆိုတဲ့အနောက်တိုင်း ဆိုရိုးစကားတစ်ခု ကျွန်မဖတ် ဘူး ခဲ့ပါတယ်…. ။ ထိုသို့ သော ဖေးမ အားပေးသော ဘဝ အဖေါ်မရှိသော ဘဝသည် (စုံကန္တာ နေပူ ကြီး မှာ ဘယ်ထီး မှ မောင် မပါ ) ဇာတ်လမ်း မျိုးသာ ဖြစ်ပါလိမ့်မယ်..။

ထိုကဲ့သို့သောအခြေ အနေမျိုးတွင် မိန်းမသား တို့ ရဲ့ ဘဝ များစွာ ဟာ ပျက်စီး ရွေ့လျော ဘဝပြောင်းရသူများ ၊ ဘဝ ပျက်ရသူများ ၊ မစတေး ရက်သော်လည်း သားသမီး တို့ ရဲ့ လှပသော အနာဂတ် နှင့် လဲလှယ် စတေး လိုက်ရရှာ သော တစ်ခြမ်းပဲ့ ဘဝများ စွာ လည်းရှိကြပါတယ်..။ မိန်းမသား အပေါ် အပြစ်ယူမှု ရာနှုန်း ပိုများသော မြန်မာမှု နယ်ပယ် အနေအထား မှာ ပတ်ဝန်းကျင် ဆိုတဲ့ နံရံ နှင့် တစ်ဒိုင်ဒိုင်း ဆောင့် ရ တဲ့ ဒဏ်ရာဒဏ်ချက်တွေကို ရင်နင့်အောင် ခံကြရတော့တာပါပဲ..။

ဒီလို အခြေအနေ တွေ ကိုကြိုတင်မှန်းဆ နိုင်ခဲ့သော်လည်း ဒီအနေအထားကပင် ပိုလို့ သက်သာနိုင်မှာ မို့ ဒီလမ်းကိုပဲလျှောက်ခဲ့ရတာကတော့ ဘဝ တစ်ချိုးတစ်ကွေ့ ပဲဖြစ်ခဲ့ပါတယ်..။ တရားစခန်းတို့ ..ဘုရားတို့ ဆိုတာ ကျွန်မ အတွက် ကုသိုလ် ပြုစရာ  အတွက်ရယ်လို့ မရည်စူးပဲ.. ဒဏ်ရာဒဏ်ချက်များ ကုစားရာ ၊ကိုးစားရာ ရလေမလား ဆိုတဲ့ ရည် ရွယ်ချက်က ပိုပါတယ်..။

ဒီအချိန်မှာ အားကိုးမှီတည်ရာ စွမ်းအင်သတ္တိ ဆိုတာ ပြင်ပမှာမရှိနေ ဘူး ဆိုတာ ကျွန်မ က ကောင်းကောင်း နားလည် သဘော ပေါက် ခဲ့ ပါတယ်..။ ကျွန်မ ဟာ အရင်ကတော့  ရည်မှန်းချက်ကြီး သူတို့ ထုံးစံအတိုင်း ကြိုးစားအား ထုတ် မှု နဲ့ အရာရာကို အောင်မြင် ရမယ် ဆိုတဲ့ စိတ် နဲ့ ထိပ်တိုက် ရင်ဆိုင် ခဲ့ဘူးပါတယ်..။ လုပ်တဲ့အတိုင်း ဖြစ်မလာ တာတွေ တွေ့ တွေ့လာတဲ့အခါမှာတော့ လောကရဲ့ လှို့ဝှက်ချက် တစ်စုံတစ်ရာကို ရိပ်မိခဲ့ သလို ကျွန်မ သိလည်း သိ ချင်လာမိပါတယ်..။

ကျေးဇူး တော်ရှင် မြတ်စွာ ဘုရားကတော့ လောကသုံးပါး ၊ မှာ သောက ဖုံးကွယ် ထား..။မောဟ ဖုံးကွယ် ထား တဲ့ တရား အလုံးစုံကို သိမြင် သူပေပဲ..။ ဘုရားရှင် ဟောကြားသော တရားတော် တွင် လောကီကြီးပွားရေး တရား ကော လောကုတ္တရာ ဆိုတဲ့ လောကမှ လွတ်မြောက်ရေး တရား မျိုးစုံ  အကုန် ပါဝင်သည်ပဲ ။

ကမ္မဿကတာ သမ္မာဒိဋ္ဌိ..အမြင် ဖြင့် ကံ ကံ၏ အကျိုးပေးတရားများ ၊ အကြောင်းကြောင့်ပေါ်ပေါက်လာသော အကျိုးဆက်များ ကို နားလည် သွားရင် ပဲ အပြစ်တင်စရာ ရှာမရတော့ပါပြီ..။ လောကအမြင် စတင်ရှင်း စပြု ခဲ့ပါတယ်..။မေတ္တာ တရား ဆိုတာကို လည်း ကြိုးစား ပမ်းစား ထားတတ်လာ ခဲ့ရပါတယ်..လွယ်တော့ မလွယ် ပေဘူးပေါ့လေ..။

ကျေးဇူးတော်ရှင် မိုးကုတ် ဆရာတော် ဘုရားကြီး ကတော့ *ခင်ဗျားတို့ သက္ကာယ မှာ ဒိဋ္ဌိ မရော ရင် တစ်စက်က လေး မှာမျက်ရည်ကျစရာမရှိဘူးလို့* မိန့်ခဲ့ဘူးတယ်..။

ဝမ်းနည်းပူဆွေး ရတယ် ၊ မျက်ရည်ကျ ရတယ် ဆိုတာ သူ့ကြောင့် မဟုတ်ဘူး ဆိုတာလည်း လက်ခံလာ ခဲ့ပါတယ်..။ သက္ကာယမှာ ဒိဋ္ဌိရော ခဲ့တာ ကိုး။ ကိုယ့်ရဲ့ စိတ်အမြင်မှားတွေ ကြောင့် ဆိုတာ နားလည် လာခဲ့ရပါတယ်..။

အရိပ်ကို အရိပ် မဟုတ် ပဲ အကောင် လုပ် အဟုတ်ထင် ပြီး ၊ အကောင် ထင်ပြီးတွေးခဲ့တဲ့ အပြစ် တွေ၊ နှလုံးသွင်းခဲ့တဲ့ အပြစ် တွေ ကြောင့် ပါပဲ..။ သက္ကာယဒိဋ္ဌိ ကြောင့်ပါပဲ ဆိုတာ ထပ်မံ ပြီး သိသိလာ ခဲ့ရပါပြီ..။ဘုရားရှင် က အကြောင်းကို သတ်ပေးတာပါ။ ညိတွယ်စေတဲ့ အကျိုး တွေကို လိုက်မဖြတ် ပါဘူး။

ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီးကတော့ အရှိ ကို အရှိ အတိုင်းလက်ခံ ရုံ နှလုံးသွင်း ရုံမှ တပါးလွတ်လမ်းမရှိတော့ပါ..လို့ မိန့်ကြားခဲ့ဘူးပါတယ်။

 *ဘူတံ ဘူတသော ပဿတိ *
*ဝယ ဓမ္မာ သင်္ခါရာ*ဘဝရဲ့ ပြီးဆုံး ခြင်း အမြင် ကြီးကျယ်ပြီး ရှင်းလာရမှာတဲ့။
ထိုသော တဖန် ဇာတိမလာ တဲ့လမ်းကို ရောက် ပါပြီ တဲ့ ။ ဗုဒ္ဒ္စ ဓာတ်ရပါ ပြီ.. ရင်ထဲ ဘုရားပွင့်ပါ ပြီ တဲ့။
စကားလုံး လည်းမရှိ ။ အကောင်အထည် လည်းမရှိ..။
တရိပ်ရိပ် နဲ့ အဆုံးသတ်နေတာ ပဲရှိပါတယ် တဲ့..။ပုံစံမဲ့.. ပုံစံမဲ့..ပါ တဲ့ ။ ခုနေသေရင် အကုန်ထား ခဲ့ရမှာ မို့
- မပိုင်တာကို မပိုင်သလို
- မဆိုင်တာကိုမဆိုင်သလို
- အားကိုး အစစ်မဟုတ်တာကို အားကိုး အစစ် မဟုတ်သလို ပဲ လွှတ်ထားလိုက်ပါတော့ တဲ့။
တကယ်မရှိတာကြီး ကို စိတ်အမြင်မှား က အတင်းဖန်တီး ပြီး အရိပ်ကိုအကောင်လုပ်ကာ  စိတ်ရှုပ် ထွေးကြရတာကိုး။

ဝယ ဓမ္မာ သင်္ခါ ရာသည် သာ တကယ့်အရှိ ဖြစ်ပါတယ်..။ ဘဝ ရဲ့ ပြီးဆုံးခြင်း နိရောဓ..အဆုံးသတ်တာကို မြင်နေလိုက်ပါ..။ ဘဝ ရဲ့ အပြီးသေ ပါတဲ့ ။အမှန်ကိုမြင်လိုက်ပါ..လက်ခံလိုက်ပါ…။
*ဝယ ဓမ္မာ သင်္ခါ ရာ အပ္ပမာဒေန သမ္ပာဒေထ* တဲ့။ ထိုထို သောအမှန်တရားကိုမမေ့ကြေး လို့ ပြောရမှာပါပဲ..။
မမေ့ မလျော့ မပေါ့ မဆ ထက်သန်သောသတိတရား နဲ့ ပြည့်စုံအောင်အား ထုတ် ရစ် ဘို့ ဘုရားရှင် သည် အကြိမ်ပေါင်း၁၇၅၀ ကျော် မှာကြားတော်မူသွားခဲ့ပါတယ်..တဲ့..။
ကျွန်မ ဘဝ ရဲ့ လက်ကျန် အချိန်များ အတွက် လက်တွဲဖေါ် အဖေါ် ကောင်း ကတော့ သည် သို့ နှလုံးသွင်းမှု ကလွဲ လို့ ဘာများရှိနိုင်ဦး မှာလဲ..။ ရှင် သေမင်း လာရောက်ခေါ်ဆောင် သည် အထိပေါ့..။

မေတ္တာဖြင့်
သစ္စာအလင်း

နာရေးကြော်ညာ သတင်း မကြားရခငလေး မှာ အကျိုးအရှိဆုံး ဆိုဆုံး မစကားများကို သေနေ့အကြို အဖြစ် မိန့်ကြားပေးခဲ့ကြပါသော ဓမ္မဘလော့ဂါ ဆရာတော်များ နှင့် ညီအစ်ကိုမောင်နှမ များကို အထူးကျေးဇူးတင်ရှိပါသည်။

ဒီတရားတိုလေး ကိုရရင် ပိဋကတ်သုံးပုံ ခြုံငုံ...မိ ပြီလို့ ယောဆရာတော်ဘု၇ားကြီးကမိန့်ဘူးပါတယ်...ဒီတရား ကို ဓမ္မစေတီဆရာတော် ဟောပြောရွတ်ဆိုတာ သဘောကျလို့ တူတော်မောင် ဖိုးသား(အဖြူရောင်မေတ္တာ)ကမွေးနေ့ လက်ဆောင် ပေးဘူးထားပါတယ်..ပူးတွဲ နာယူပါရန် ဖေါ်ပြလိုက်ပါတယ်ရှင့်..။

အဲဒီမှာ သား ကြည်ညိုခဲ့ရတဲ့ ဘုရားရှင်ရဲ့ နောက်ဆုံးစကား ဘုန်းဘုန်းရဲ့ တရားသိမ်းလေးကို တီလေးရဲ့ မွေးနေ့လက်ဆောင်အဖြစ် ပူဇော် ရေးသားလိုက်ပါရစေ…။ “ဆူးကင်းသော နှင်းဆီပန်းများ” တရားထဲက အတိုင်း သားမှတ်မိသမျှ ဘုန်းဘုန်းရဲ့ စကားသံလေးတွေပါ ထည့်သွင်း ရေးသား ပေးလိုက်ပါတယ် တီလေး…။ ++++++++++++++++++++++++++++++++++++++++++++

==အရှည်တွင် သံသရာ၊ အခြေ ကတော့..တဏှာ
==သံသရာကို တိုအောင်ဖြတ်၊ တဏှာကို သေအောင်သတ်
==တောင်တွင်လျှင် မြင့်မိုရ်၊ မြင်းတွင်လျှင် သတိုးဂုဏ်..ရှိရာဆိုခဲ့မည်
==မြင့်မိုရ်ကို ပုံပြုလို့ ကုသိုလ်ကို များအောင်စု ကောင်းမှုကို များအောင်ကြံ
==သတ္တ၀ါ ကောင်းမကောင်း အကြောင်းကံ.. ကသာ စီမံတော့သည်
==ကံသာလျှင် အမိ ကံသာလျှင် အဖဆိုတာကတော့ လောကစကား
==ဥာဏ်သာလျှင်.. အမိ ဥာဏ်သာလျှင် အဖဆိုတာ ကတော့..ဂေါတမ ဘုရားရှင်ရဲ့ တရား
==ဟောပြလို့ ထားခဲ့တာက
==*ဟန္ဒဒါနိ ဘိက္ခဝေ၊ အာမန္တရာမိဝေါ…၊ ၀ယဓမ္မာ သင်္ခါရာ၊ အပ္ပမာဒေန သမ္ပာဒေထ*။
==ဘိက္ခဝေ.. စစ်ပါးနပ်တဲ့ ချစ်သားမြတ်တို့
==ဟန္ဒာ.. သက်တော်ရှစ်ဆယ် ၀ါလေးဆယ့်ငါး မရပ်မနားဘဲ
==တရာရေအေး အမြိုက်ဆေးကို တိုက်ကျွေးတော် မူခဲ့ရသဖြင
့်==ခန္ဓာတော် ရိနွမ်း၍ ငါကိုယ်တော် အရှင်မြတ် တကယ်ပင် ပင်ပန်းခဲ့ရ လေပြီ

(တကယ်ကို ပင်ပန်း ပါတယ်.. ဒါကြောင့် ဘုန်းကြီးတို့လေ မနေ့ကလည်း မော်လမြိုင်၊ ဒီနေ့လည်း ပုသိမ် တရားနှစ်ပွဲ ဆက်ဟောတယ်၊ သက်သာခြင်း မရှိပါဘူးလေ.. ဒါပေမယ့်လည်း မြတ်စွာ ဘုရားရှင်ရဲ့ အမေ ဒေါ်တင်လှက ဟိုး ငယ်ငယ် ကတည်းက သင်ပေးခဲ့တဲ့ ဒီလင်္ကာလေးကို ရွတ်ဆိုလိုက်ရလို့ ဘုရား ကျေှးဇူးနဲ့ မိဘကျေးဇူးကို တပြိုင်နက်တည်း ဆပ်တယ်လို့ ယူဆ လိုက်တာ ဖြစ်ခြင်းကြောင့် နွမ်းသမျှတွေ မောသမျှတွေ ပြေခဲ့ရပါတယ်..)

==ဒါနီ.. ဒါနီ ယခုအခါ ကာလ၌ (၀ါ)
==ကုသိနာရုံ ပင်မျိုးစုံသည့် ရဂုံသာမော အင်ကြင်းတောဝယ် မြောက်သို့ ဦးခေါင်းပြုကာ
==ထေရ်ပေါင်းခြံရံ.. နန်းနိဗ္ဗာန်သို့.. ၀င်ဆံမည့်ဆဲဆဲ ချိန်ခါထဲ၌
==သြော်… ရင်သွေးရတနာ သားသက်လျာဟု ကရုဏာသက်ထား သင်ချစ်သားတို့အား
==အာမန္တရာမိ ..သတိတရား၊ အသိ မမှားရအောင်လို့ ထင်ထင် ရှားရှားကြီး မိန့်ကြားတော် မူခဲ့ပါအံ့
==သင်္ခါရာ.. အစဉ်ထာဝရ ဘင်မှာကျပြန်တော့==ခင်မင်စရာ တစ်စက်ကယ်မျှ မရှိပါတဲ့
==ဒီဓမ္မာရုံ အဘိသင်္ခါရ တရားတို့သည်
==၀ယဓမ္မာ... ပျက်စီးခြင်းသဘော ရှိကြပါပေကုန်၏
==၀ယဓမ္မာ… လှစ်ခနဲ လှစ်ခနဲ လှစ်ခနဲ လှစ်ခနဲနဲ့ အဖြစ်ကလည်း မစဲ.. အပျက်ကလည်း မစဲနိုင်တာမို့
==ထိတ်စရာတမျှ အ၀ိဇ္ဇာက စတာကြောင့်..
==ဟေ.. ယောဂီတို့ရေ.. စိတ်သာ ချကြပေတော့
==အနိစ္စ ၀တတို့ပါတကား၊ ဒုက္ခ၀တ တို့ပါတကား… အနတ္တ.. ၀တတို့ပါတကား
==အပ္ပမာဒေန.. မမေ့မလျော့ မပေါ့မဆ မြဲမြံသော သတိတရား တို့ဖြင့်..
==သမ္ပာဒေထ.. ကိုယ်စီကိုယ်ငှ ပြည့်စုံကြပါ ကုန်လော့
==သမ္ပာဒေထ.. မြင်ရာမှာလည်းမမေ့နဲ့၊ ကြားရာမှာလည်း မမေ့နဲ့၊ စားရာမှာလည်း မမေ့နဲ့၊ သွားရာမှာလည်း မမေ့နဲ့၊ နံရာမှာ လည်းမမေ့နဲ့..
==ထိရာ တွေ့ရာ သိရာတို့မှာလည်း မမေ့လိုက်ကြပါန
ဲ့==မေ့တတ်တဲ့ ၀ါသနာတွေကို.. မေ့တတ်တဲ့ ၀ါသနာတွေကို...>>
==တစ်နေ့မကြာ.. မကြာ သတိသွင်းကြ လေကုန်လော့
==သြော်.. ဒီကနေ့ တရားတော်နာ ကြွရောက် လာကြကုန်သော.. တရားနာ ပရိသတ်အပေါင်း သူတော်ကောင်း တို့သည်
==အပ္ပမာဒခေါ် သူတော်ကောင်း တရားတို့ကို ကျင့်ကြံနိုင်ကြပါစေ ကုန်ရာသတည်း…။

(သာဓု၊ သာဓု၊ သာဓုပါအရှင်ဘုရား)

++++++++++++++++++++++++++++++++++++++++++++

တီလေးရေ.. မမေ့ကြေးနော်..တီလေး ကျန်းမာပါစေ။
လေးစားရိုသေစွာဖြင့်ဖိုးသား
ဖိုးသား

Tuesday, July 24, 2012

မေမေ မွေးနေ့ အတွက် - ( သားကြီးကိုအုတ် )


မာတာ အမေ မဟာ မေမေ
ဘယ် ဘက် က တလှည်းကြဲ ပြီး ညာဘက် က တစ်ဆုပ် မမျော်ခဲ့ဘူး
အိမ်လည်ကြုးတဲ့သား ပေမိုက်မှုးတဲ့ သား အတွက်
 ကြင်နာ မေတ္တာ ဝေ ခဲ့တဲ့ အမေ။
အမေ မွေးနေ့ မှာ သား ကန်တော့ ပါတယ် အမေ
...................................................................................................................................................

အမေ အမေ

အမေ အမေ
အသံလေးကိုက အရသာရှိ
မေတ္တာတရားတွေနဲ့ ဖွဲ့စည်းထားတဲ့
စိတ်ထဲက ပဲတင်သံတွေလေ
အမေ အမေ
သားသမီးကို ကိုယ်ထက်မက ချစ်တဲ့ သူ
အမေဆိုတဲ့ အသံလေးကို
နူတ်က ရွတ်ဆိုလိုက်တိုင်း အင်အားတွေ ပြည်သွားသလိုပဲ
အမေအမေ
ယုံကြည်ရာကြောင့် အလည်တစ်ခေါက်ရောက်ခဲ့တဲ့
နရသိန်က သားတွေ
လွတ်မဲ့ချိန် စောင့်ကြိုနေမဲ့ အမေ
အမေအမေ ယုံကြည်ရာ လုပ်ဆောင်နေတဲ့ သားတွေ ကို
အဲဒါ ကျမ သားလို့ ရင်ကော့ ခေါင်းမော့ ပြောဆိုနေတဲ့
အမေတွေ အားလုံး ကို
ကန့်တော့ပါတယ် အမေရေ။

...................................................................................................................................................
အမေ ……………

အမေမွေးဖွားလာခြင်းကို ၀မ်းမြောက်ပါ၏

ကမ္ဘာမြေစိမ်းလန်းစေရေး မေမေ ပေးဝေခဲ့တယ်

သားသမီးတွေ ငြိမ်းချမ်းစေရေး မေမေသင်ကြားခဲ့တယ်

တရားဓမ္မများ ပျံပွားစေရေး မေမေ ကြိုးပမ်းခဲ့တယ်။

ဆက်လည်း မေမေ ကြိုးစားအုန်းမှာပဲ

မေမေမွေးနေ့

မေမေ မွေးဖွားလားခြင်းကြောင့် ကံတရားကို ကျေးဇူးဆို၏

အဖွားကိုအား ကျေးဇူးတင်၏

မေမေကိုလည်း ကျေးဇူးမြင်ပါပြီ။

မေမေ မွေးဖွားခြင်းကို ၀မ်းမြောက် ၀မ်းသာ ကြိုဆိုပါသည်။

...................................................................................................................................................
ကိုအုတ်  http://ogga.myanmapres.com

မမတင့် -http://www.auntytint21183.net/ ရဲ့ ချစ်ခြင်းမေတ္တာ အမှတ်တရ


( အံတီတင့် ရဲ့ အမှတ်တရလေးများ )http://www.auntytint21183.net/ ရဲ့ ချစ်ခြင်းမေတ္တာ အမှတ်တရ

မွေးနေ့မင်္ဂလာရက်မြတ်လေးပါ ညီမရေ။ တရားထူးတရားမြတ်များရှာဖွေနိုင်ပါစေလို့ တောင်းဆုချွေလိုက်တယ်။
ညီမမွေးနေ့အတွက် လင်္ကာလေးတစ်ပုဒ်ပါလက်ဆောင်ပေးလိုက်ပြီး)



သစ္စာနှင့်စပ် တရားမြတ်
ချဉ်းကပ် သိအောင်နာ၊
သစ္စာအသိ ဉာဏ်နှင့်ညှိ
ရှုကြည့် ကိုယ်ခန္ဓာ
အင်္ဂါနှစ်တန် ပြည့်စုံပြန်
ရရန် တရားသာ၊
ပေဋကောပဒေသ ပါဠိပြ
မိန့်ဟ ကျမ်းတော်လာ။ 

မမတင့် 


မဝင်းဝင်းသူဇာ ၏ မေတ္တာ စကား

lotusdhamma.com ၏ ဆုတောင်း

ကိုအောင်ပြည့်စုံအေး
၏ ဆုတောင်း

Monday, July 23, 2012

အနွတ္ထသညာဖြင့် အလင်းဆောင်သူ -


ပါဠိစာပေတွင် ရူဠှီသဒ္ဒါနှင့် အနွတ္ထသဒ္ဒါဟူ၍ နှစ်မျိုးရှိသည်၊ အရပ်ပုသူကို မောင်ရှည်၊ အသားမည်းသူကို မောင်ဖြူဟု ခေါ်ဝေါ်ခြင်းသည် (တကယ်မဟုတ်) တင်စားခြင်းမျှသာ ဖြစ်၍ ရူဠှီသဒ္ဒါဟု ခေါ်ရသည်၊ ချောမောလှပသူကို မလှ၊ ချမ်းသာသူကို မောင်ချမ်းသာ၊ အရပ်ရှည်သူကို မောင်ရှည်ဟု ခေါ်ဝေါ်ခြင်းများသည် တကယ့်အရှိအတိုင်း တကယ့်အဖြစ်အပျက်အတိုင်း ခေါ်ဝေါ်ခြင်းဖြစ်၍ အနွတ္ထသဒ္ဒါဟု ခေါ်ရလေသည်။

မြတ်စွာဘုရားရှင်က အာဘာ သုတ္တန်တွင် အရောင်လေးမျိုးကို ဟောတော်မူခဲ့သည်။ နေရောင်၊ လရောင်၊ မီးရောင်၊ ပညာရောင် လေးမျိုးတွင် ပညာရောင်သည် လောကတွင် အမြတ်ဆုံး အထူးခြားဆုံးဟု ဟောတော်မူခဲ့၏၊ ဤနေရာတွင် ပညာရောင်ဆိုသည်မှာ သစ္စာတရားကို သိသည့် ဉာဏ်ပညာ အလင်းကို ဆိုလိုရင်းဖြစ်သည်။ အရောင်တကာ အလင်းတကာတို့တွင် သစ္စာအလင်း သစ္စာအရောင်သည် အမြတ်ဆုံး အထူးခြားဆုံးဟု ဘုရားရှင်ဟောပြခဲ့သည်။ မှန်၏.. လူသားတို့၏ ဒုက္ခ-ဆင်းရဲမှန်သမျှသည် သစ္စာအလင်း သစ္စာအရောင်ကို သိခွင့်မရသောကြောင့်ဖြစ်လေသည်။  ဤကမ္ဘာမြေဝယ် သစ္စာအလင်း ထွန်းလင်းခွင့်မရခြင်းကြောင့် လူသား သတ္တဝါများအားလုံး ဒုက္ခပင်လယ်တွင် မျောပါနေကြ ရသည်။ သစ္စာအရောင် သစ္စာအလင်းကိုသာ ဆောင်ကျဉ်းခွင့်ရလျှင် ဆင်းရဲအပေါင်းမှ လွတ်မြောက်ခွင့်ရမည်သာ။

၂၀၁၀ခုနှစ် နေ့ရက်များအတွင်း Skype မှ အွန်လိုင်းဟောပြောပွဲများလုပ်ဖြစ်ခဲ့သည်။ မော်စကိုမှ ကိုဝင်းမြင့်၊ ကိုအောင်ဦး(ဓမ္မရသ)၊ ကိုမျိုးသက်ပိုင်၊ ဖိုးသား၊ နောင်ဝေမှ မမြကြေးမုံ၊ ကနေဒါမှ မမေဟန်၊ ဂျပန်မှ ကိုဝိမုတ္တိ၊ ဖီလစ်ပိုင်မှ ဒေါ်သီတာ၊ ဂျူးဂျူး၊ ပူစူး၊ စင်္ကာပူမှ ဓမ္မမိတ်ဆွေများနှင့် အီတလီနိုင်ငံတွင် ဒေါက်တာဘွဲ့အတွက် စာတမ်းရေးနေသူ မသစ္စာအလင်းတို့ ပါဝင်နာယူခဲ့ကြသည်။ အွန်လိုင်းတရားပွဲများ၏ ကနဦးအစအဖြစ် မှတ်တမ်းတင်နိုင်ခဲ့လေသည်။ တရားပွဲအပြီး မေးခွန်းများမေးကြ ဖြေကြရင်း မသစ္စာအလင်းနှင့် စတင်ရင်းနှီး ကျွမ်းဝင်ခဲ့သည်။ အများအကျိုးကို စေတနာဖြူဖြူ စင်စင် ထက်ထက်သန်သန် အောင်အောင်မြင်မြင် ဖြစ်အောင် ကူညီပေးတတ်သည့် သူမ၏ စိတ်ဓာတ်ကို လေးစားခဲ့သည်။ ဘယ်သူ့အပေါ်မှာမဆို ထက်သန်စွာ မုဒိတာပွားတတ်ခြင်းကလည်း သူမ၏ သင်္ကေတဖြစ်နေခဲ့သည်။

သီရိလင်္ကာကျောင်းသားဘဝပြီးဆုံးပြီးနောက် မိမိ၏ ရှေ့ ဆက်မည့် ပညာရေးခရီးအတွက် ဂျပန်မှ ကိုဝိမုတ္တိနှင့်တွဲကာ အချိန်များစွာ ကူညီပေးခဲ့သည်။ ပညာရေးခရီးအောင်မြင်စွာ ဆုတ်ခွါပြီးနောက် အမေရိကားခရီးစဉ်အတွက် အစမှအဆုံး ကူညီပံ့ပိုးခဲ့သည်။ ပိုင်းလော့ဆရာတော်ဘုရားထံတွင် တရားစခန်းဝင်နိုင်အောင်စီမံပေးခဲ့သလို မိမိ အဝေးရောက်နေသော်လည်း မိမိနှင့်ဆက်စပ်ပတ်သက်သမျှ ဆက်လက် ကူညီနေခဲ့ ကူညီနေဆဲပင်ဖြစ်သည်။ မိမိ၏မွေးရပ်မြေတွင် သင်တန်းများပေးကာ မွေးရပ်မြေမှ လူငယ်လေးများအား အစ္စရေးနိုင်ငံရောက်အောင် ကူညီခဲ့သည်။ ဗဟိဒ္ဓ သမုတိသစ္စာဖြင့် မိမိဘဝကို အလင်းဆောင်ခဲ့သည်။ သူမ၏ အနွတ္ထအမည်သညာဖြင့် မိမိဘဝကို ထွန်းလင်းတောက်ပြောင်စေခဲ့သည်။

ဗဟိဒ္ဓသစ္စာကို ထွန်းလင်းစေရုံသာမက ပိုင်းလော့ဆရာတော်ဘုရား၏ တရားစခန်းများတွင် အကြိမ်များစွာ ပါဝင်အားထုတ်ခြင်း၊ မြန်မာနိုင်ငံအနှံ့ တောရော မြို့ ပါမကျန် ကလေးငယ်များအား သင်တန်းပေးခြင်းဖြင့် သူမ၏ အတွင်းပိုင်းသစ္စာကို အခြေခိုင်စေလျှက် ကလေးငယ်တို့၏ အဇ္ဈတ္တအတွင်းဝယ် သစ္စာအလင်းကို ဉာဏ်မှီသမျှ ဖြန့်ဖြူးပေးခဲ့သည်။ အင်တာနက်စာမျက်နှာများပေါ်တွင် ဓမ္မစာပေ ဓမ္မအသိများဖြန့်ဝေနေခြင်းကလဲ  သစ္စာတရားဖြင့် လောကကြီးကို အလင်းပေးနေခြင်းဟု ဆိုနိုင်လိမ့်မည်။ ထို့ကြောင့် “သစ္စာအလင်း” ဟူသည် ရူဠီ(တင်စားခေါ်ဝေါ်ခြင်း) မဟုတ်ဘဲ တကယ့်ဖြစ်ရပ်မှန်အဖြစ် ခေါ်ဝေါ်ခြင်းသာ ဖြစ်၍ အနွတ္ထသညာဖြင့် လောကကြီးကို အလင်းဆောင်နေသူဟူ၍သာ ဆိုလိုက်ချင်တော့သည်။

ဤကဲ့သို့ အနွတ္ထသညာဖြင့် လောကကြီးကို အလင်းဆောင်နေခြင်းကပင် ဘုရားရှင်အလိုကျ အမွန်မြတ်ဆုံးသော အလုပ်ကိုလုပ်ခွင့်ရနေခြင်းသာ ဖြစ်တော့သည်။

လောကအတွက် မိမိအတွက် မိသားစုအတွက် ပတ်ဝန်းကျင်အတွက် အလင်းဆောင်သူ မသစ္စာအလင်းသည်ပင် ရွှေရတုကာလ သက်တမ်းတခုကို ကျော်ဖြတ်ဖို့ တာစူနေပေပြီ၊ ရွှေရတုကာလမှသည် စိန်ရတု ပတ္တမြားရတု ရာပြည့်ရတုများတိုင် အနွတ္ထအမည်သညာနှင့်လိုက်ဖက်စွာ ဗဟိဒ္ဓသစ္စာ အဇ္ဈတ္တသစ္စာများအတွက် ဉာဏ်မှီသမျှ အလင်းဆောင်နိုင်ပါစေ၊ အနွတ္ထအမည်သညာဖြင့် လောကကြီးကို အလင်းပေးပြီး ငြိမ်းချမ်းရေးဆောင်ရွက်နိုင်ပါစေ.. လောကတွင် အမြတ်ဆုံးအရောင်သည် ပညာအရောင် သစ္စာအလင်းဟု ဘုရားရှင်ဟောတော်မူသကဲ့ မွန်မြတ်သည့်အရောင်အလင်းဖြင့် သစ္စာတရားထွန်းကားအောင် ကြိုးစားနိုင်ပါစေ..ဟု ဆန္ဒမွန်ပြုရင်း… မသစ္စာအလင်း (ဒေါက်တာဒေါ်သန်းသန်းစိန်) ၏ ရွှေရတုမွေးနေ့ကို ဂုဏ်ပြုအပ်ပါသည်။

အရှင်တိက္ခဉာဏလင်္ကာရ (ယောအသင်း)
http://www.yawcommunity.com/
http://tknn.org/
http://www.facebook.com/ashin.tikkha

“ပီတိကြွဆေး” (Dr.Ashin Acara)


“ပီတိကြွဆေး”
(နှစ်ငါးဆယ်ပြည့် မွေးနေ့လက်ဆောင်စကား)

-----
ရင်းရဲနဲ့ မန္တလေး လွန်ထိုးနေရတယ် . . . ဒကာမကြီးရေ . . .။ မန္တလေးက ထွက်ခဲ့တဲ့ကားက မူးမြစ် မကျော်ခင် ညောင်ပင်ဝန်းမှာ နာရီဝက်လောက်နားတယ်။ ထမင်းစား နားတာ။ မန္တလေး-မုံရွာ-ရေဦး ကားလမ်းမကို အမှီပြုပြီး ၀မ်းစာရှာကျတဲ့ ဈေးသည်ကျေးရွာတွေထဲမှာ ညောင်ပင်ဝန်းက အလုပ်အဖြစ်ဆုံး ထင်တာပဲ။ မုံရွာ-မန္တလေး နှစ်မြို့ရဲ့ အလယ်မှာ ရှိတာကိုး။ ပထ၀ီ အနေအထား အားသာချက်ကြောင့် တစ်ခြားရွာတွေထက် သာသွားတာပေါ့။ ဒီပဲယင်းကွဲမှာ စိုက်ပျိုးရေးသင်တန်း ပေးတုန်းက ညောင်ပင်ဝန်း ရောက်ခဲ့တယ် မဟုတ်လား။ ထားပါတော့။ အဲ့ဒီမှာ ကားနားတော့ ဒကာမကြီးရဲ့ မွေးနေ့ကို သတိမရခဲ့သေးဘူး။ ကားက မုံရွာကျတော့ ဆယ့်ငါးမိနစ် မိနစ်နှစ်ဆယ်လောက် နားပြန်ရော။ ခရီးသည် စုဖို့ နားတာ။ မုံရွာမှာ ဂိတ်ဆုံးတဲ့သူ များတော့ ကားထဲမှာ ခုံလွတ်တွေ များလာတာကိုး။ ကားနားတုန်း ကားပေါ်ကဆင်းပြီး အွန်လိုင်းတက်တော့မှ သတိထားမိတယ် ဒကာမကြီး အသက်ငါးဆယ် . . . . .။

မုံရွာကနေ စိုင်ပြင်ကြီးရောက်ဖို့ လေးဆယ့်ငါးမိနစ်လောက် ဆက်စီးရအုံးမယ်။ မွေးနေ့လက်ဆောင်စကား ဘာပြောရမလဲ ကာစီးရင်း စဉ်းစားရတာပေါ့။ အင်တာနက်လိုင်းကတော့ မုံရွာက ထွက်တာနဲ့ ပြတ်သွားပြီ။ ရေးပြီး နောက်မှ postတင်ရမှာပေါ့။ ခပ်တည်တည်နဲ့ တရားပြ ဆုံးမရရင် ကောင်းမလားလို့ စဉ်းစားမိသေးတယ်။
စိုင်ပြင်ကြီးက “ရာဟုလာ” ဓမ္မသင်တန်းကျောင်း (ယာယီ)မှာ ခဏနားပြီး ရင်းရဲသွားမယ်၊ ရင်းရဲက ဒကာမကြီးရဲ့ စိုက်ပျိုးရေးသင်တန်းဆင်း ကျောင်းသူကျောင်းသားတွေကို “မင်းတို့ ဆရာမကြီး အသက်ငါးဆယ် ပြည့်ပြီ။ မွေးနေ့လက်ဆောင် အမှတ်တရစကား ပြောကြ . . .”ဆိုပြီး သူတို့ စကားတွေကို postတင်လိုက်ရင် ပြီးတာပဲလို့လည်း စိတ်ကူးမိသေးတယ်။

ရင်းရဲနဲ့ စိုင်ပြင်က ဒကာမကြီး ရောက်တုန်းကထက် လမ်းပန်းဆက်သွယ်ရေး ကောင်းနေပြီ။ လမ်းပြင်ထားကြတာ။ မြေသားလမ်းပေမယ့် ကျောက်သေးလေးတွေ ဖြူးထားတာဆိုတော့ တော်တော်ညက်တယ်။ ဂျင်းကျောက်ခင်းတယ်လို့ ပြောကြတာပဲ။ စိုင်ပြင်ကနေ ရင်းရဲရောက်ဖို့ ဆယ်မိနစ်လောက်ပဲ သွားရမှာကို မသွားဖြစ်တာ။ စိုင်ပြင်မှာ အလုပ်ရှိနေလို့။ နောက်နေ့ကျမှ သွားတော့ ကျောင်းပိတ်တယ်။ အာဇာနည်နေ့မို့။ ဒီတော့ တပည့်တွေဆီက ဘာစကားမှ မယူခဲ့ရတော့ဘူးပေါ့။ မစောင့်နိုင်တာနဲ့ သူတို့ကိုတောင် မတွေ့ခဲ့ရဘူး။ ကျောင်းဝင်းထဲမှာ သူတို့ စိုက်ထားတဲ့ သစ်ပင်တွေ၊ ပျိုးပင်တွေပဲ ကြည့်ခဲ့ရတယ်။ ကျောင်းတော် စိမ်းလန်းစိုပြေရေးကိုတော့ တော်တော်လုပ်ထားကြတာပဲ။ စိုက်ပျိုးရေး သင်တန်းဆင်းတွေဆိုတော့ ဒီလောက်တော့ ရှိမှာပေါ့လေ။ တကယ်တော့ အဲဒီ စိမ်းစိမ်းစိုစိုတွေက ဒကာမကြီး စိုက်ခဲ့တဲ့ အပင်တွေပါ။

မန္တလေး ပြန်ရောက်တဲ့ထိ ဒကာမကြီးအတွက် မွေးနေ့ အမှတ်တရစကား စဉ်းစားလို့ မရသေးဘူး။ အွန်လိုင်း တက်လိုက်တော့မှပဲ ပြောစရာ ပြန်ပေါ်လာတယ်။ ဖိုးသားဆိုတဲ့ ကောင်လေးက လာchatတယ်။ “ဦးဇင်း တပည့်တော် ဒီနေ့ အစ္စရေး ရောက်ပြီ”တဲ့။ “ဖုန်းကဒ် မ၀ယ်ရသေးလို့ ဖုန်းမဆက်နိုင်သေးဘူး။ အဆင်ပြေကြောင်း ပြောလိုက်ပါဘုရား”တဲ့။
သူလည်း ဒကာမကြီးရဲ့ စိုက်ပျိုးရေး တပည့်ပဲလေ။ အစီအစဉ် အသေးစိတ် မသိရပေမယ့် သူတို့ စိုက်ပျိုးရေးသင်တန်း ဆက်တက်ဖို့ ဒကာမကြီးတို့က အစ္စရေး လွှတ်ပေးတယ် ဆိုတာလောက်တော့ သိတာပေါ့။ သူတို့ ဆိုတာက . . . ကျန်တဲ့ရင်းရဲက ကျောင်းသားနှစ်ယောက်ကတော့ နိုင်ငံကူးလက်မှတ် တကိုင်ကိုင်နဲ့ သိပ်မဝေးတော့တဲ့ သူတို့ သွားရမယ့် အလှည့်ကို စောင့်နေကြတယ်တဲ့။ တကယ်တော့ အဲဒီ စိမ်းစိမ်းစိုစိုတွေလည်း ဒကာမကြီး စိုက်ခဲ့တဲ့ အပင်တွေပါပဲ။

အဲဒါတွေ ဘယ်လောက်ထိ လန်းဆန်းနိုင်မလဲ ဆိုတာတော့ အခြေအနေ အချိန်အခါကို ဘယ်သူ သိနိုင်မှာလဲ။

ဘာပဲဖြစ်ဖြစ် စိုက်ပျိုးရေး ပါမောက္ခ ဆရာတစ်ယောက် အနေနဲ့ ပီတိတွေစားပြီး ဒီနေ့ကစ နှစ်တစ်ရာတိုင်အောင် ဆက်လက် စိမ်းလန်းနိုင်ပါစေ။

:)
မေတ္တာဖြင့်
အာစာရ

-----
Comment:
၁ဂရက်နေ့ မှောင်ရီပျိုးမှ ရွာရောက်တာ၊ ကျောင်းပိတ်မှာမို့ မစောင့်တော့ပဲ ၁၉ရက်နေ့ စောစောပြန်ခဲ့တာဆိုတော့ အပင်စိမ်းစိမ်းတွေ ဓာတ်ပုံ မရိုက်ခဲ့ရဘူး။ အရင်တုန်းက ရိုက်ထားတဲ့ လူပင်ဓာတ်ပုံကိုပဲ တင်လိုက်ပါတယ်။

ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေ... ( ညီမထက်စုနှင်းဆီ-သစ္စာတရားများစုဝေးရာ )


ချစ်ခင်လေးစားရသော အစ်မ -  ဓမ္မဘလော့ဂါ မသစ္စာအလင်း အတွက် မွေးနေ့အမှတ်တရပါ....

မနေ့က
မသိလို့ လုပ်ခဲ့သမျှ
ယနေ့
သိပြီးမှ လုပ်ကြမယ်.
မနက်ဖြန်
ဥာဏ်ဦးကြမယ်လေ...။

ဝါးကနဲငိုရင်း
လူ့လောကထဲရောက်လာ.
ပြုံးတလှည့် မဲ့တလှည့်
ငိုတခါ ရီတခါနဲ့..
နိမ့်ချီ မြင့်ချီ.
ဝဲကယက်လှိုင်းထဲ..
မျောပါရင်းနဲ့ အရွယ်ရောက်လာ...။

မသိတသိ
မထိတထိနဲ့
တတိတိ ကုန်ဆုံးလာခဲ့တဲ့အချိန်တွေ.
တရိရိနဲ့ အိုမင်းလာခဲ့ကြပြီနော်....။

ဘဝမှာ ဘာတွေလုပ်ခဲ့ပြီလဲ..
ကုသိုလ်ကောင်းမှု
အကုသိုလ်မကောင်းမှု
ချိန်စက်မိတော့..
အစ်မအတွက်..
အကျိုးဆောင်ကုသိုလ်ကောင်းမှု..
များနေပြီနော်....

သူများသွေးနဲ့
ခြေမဆေးသရွေ့...
သူများချွေးနဲ့
ရင်မအေးသရွေ့...
သူများမျက်ရည်နဲ့
ထမင်းမစားသရွေ့...
ဘဝမှာ ကျေနပ်စရာနေနည်းပါ .. အစ်မ..

အသိထူးရအောင်
လျှောက်လှမ်းနေတဲ့ ဘဝခရီးမှာ.
ဘဝကူးကောင်းဖို့ထက်
ဖောက်ထွက်နိုင်မယ့်နည်းလမ်းကို..
အမြန်ဆုံး တွေ့ရှိနိုင်ပါစေလို့...
ဆုတောင်းလျက်...
မွေးနေ့မှာ ပျော်ရွှင်နိုင်ပါစေနော်......................။

(၀၇-၂၀-၂၀၁၂)

Sunday, July 22, 2012

ထိပ်ထား -(မြတ်ဓမ္မ).http://www.myatdhamma.com/ ၏ မွေးနေ့လက်ဆောင်


သစ္စာအလင်း ဘလော့ဂ်ပိုင်ရှင် အန်တီ သန်းသန်းစိန်ရဲ့ ရွှေရတု မွေးနေ့…….. တကယ်တော့ အန်တီ သန်းသန်းစိန်ဆိုတာ ကျွန်မသိပ်ကို အထင်ကြီးလေးစားရတဲ့ ဓမ္မဘလော့ဂါ တစ်ယောက်ပါ။ ဖြစ်ခြင်းပျက်ခြင်းမြန်ပြီး အနိစ္စ၊ ဒုက္ခ၊ အနတ္တသာ ကြီးစိုးတဲ့ ဒီသင်္ခါရလောကကြီးထဲမှာ ကျွန်မတို့အားလုံးဟာ ခရီးသွား။ ဖြတ်လျှောက်သွားရတဲ့ လမ်းတွေမှာ တွေ့ရဆုံရကြုံရတဲ့ မိတ်ဆွေတွေဟာလဲ အသင်္ချေ ရှိခဲ့ပါပြီ။ သံသရာအစကနေဆို မတော်ဖူးခဲ့တဲ့ ဆွေမျိုးရယ်လို့ မရှိခဲ့ဘူးတဲ့။

ဒီလိုဆုံကြကြုံကြချင်းတူတူ သာမာန်အမြင်နဲ့ အရင်ကြည့်မယ်ဆိုရင် အဆိုးကြုံရတဲ့လူ အကောင်းကြုံရတဲ့လူ နှစ်မျိုးနှစ်စားရှိပါတယ်။ ဒီလိုအမြင်နဲ့ဆိုရင်တော့ ကိုယ့်အတွက် ကောင်းကျိုးပဲ ပေးတဲ့လူကို လိုလားကြမှာ ကျွန်မတို့ ပုထုဇဉ်တိုင်းရဲ့ ဖြစ်ရိုးဖြစ်စဉ်ပါ။ တရားသဘောနဲ့ ကြည့်မယ်ဆိုရင်တော့ တွေ့ရဆုံရသူတိုင်းဟာ ကျေးဇူးရှင်…. အယောက်စီ အယောက်စီတိုင်းဟာ သင်ခန်းစာတစ်ခုစီနဲ့ တစ်ခုထက် မနည်း ပေးကြ သူတွေချည်းပါပဲ။ ဒါကြောင့် တရားသဘောအရဆိုရင်တော့ ဘယ်သူနဲ့ပဲ ဆက်ဆံရစေ ကာမူ ပါရမီဖြည့်ဖို့အခွင့် ရတာပါပဲ။ ဒီလိုဆုံရတာချင်း အတူတူမှာ ကျွန်မဟာလဲ ပုထုဇဉ် ပီပီ ကိုယ့်အတွက် အကောင်းသဘော ကျေးဇူးများသူတွေကိုသာ လိုလားတာမို့ အန်တီသန်းသန်းစိန်ကို လေးစားစွာ ခင်တွယ်မိခဲ့ပါတယ်။

အန်တီ့ရဲ့  မကြာသေးခင်က ရေးထားတဲ့ ရှင်းသန့်စင်ကြယ်သော ဝါဆိုဦးသို့ ရည်စူးလျက် ဆိုတဲ့ ပို့စ်မှာ မာနတရားတွေနဲ့ နိမ့်ကျမှာ၊ ဂုဏ်မောက်တဲ့စိတ်နဲ့ ပလွှားမှာကို စိုးလှတယ် လို့ အန်တီက ရေးထားတယ်။ တကယ်တော့ အန်တီဟာ အဲဒီ့စိုးရိမ်မှုနဲ့တင် မာနတွေနဲ့ မနိမ့်ကျအောင် သတိကပ်နေတယ်ဆိုတာ ထင်ရှားလှပါတယ် အန်တီ။ မပြည့်တဲ့အိုး တွေသာ ဘောင်ဘင်ခတ်တတ်တာပါ။  ပြည့်ပြီးသားဖြစ်တဲ့ အန်တီဟာ တည်ငြိမ်အေး ချမ်းနေတာကို ကျွန်မ သတိထားမိတာ အတန်ကြာခဲ့ပါပြီ။

အန်တီရေ.. အန်တီ့အတွက် မွေးနေ့လက်ဆောင်အဖြစ် ကဗျာလေးတပုဒ်နဲ့ အဆုံးသတ်ပါရစေနော်…

အလင်းဆိုတာ
အမှောင်ကိုခွင်းဖို့
သဘာဝတရားက ဖန်တီးပေးထားတာ
အမှောင်တိုင်းအတွက် အလင်းလိုအပ်တယ်။

သစ္စာဆိုတာ
အမှန်မသိမှုအတွက်
မြတ်ဘုရားက ဟောခဲ့တာ
လူတိုင်းသစ္စာသိဖို့ လိုအပ်တယ်။

သစ္စာအလင်းဆိုတာ
အမှောင်ကိုခွင်းတဲ့ အလင်း
ငြိမ်းအေးမှုအတွက် သစ္စာ
လောကအကျိုးအတွက် လိုအပ်တယ်။

အန်တီသန်းသန်းစိန် ရွှေရတုမွေးနေ့မှသည် နှစ်ပေါင်းများစွာ အများအကျိုး သာသနာ့အကျိုးကို စွမ်းစွမ်းတမံ အကျိုးပြုနိုင်ပါစေကြောင်း ဆုတောင်းလျက်

မေတ္တာဖြင့်
ထိပ်ထား

For the second half of your life...



အခုဒီစာစုဟာ ကျွန်တော့်ရဲ့  အစ်မတစ်ယောက်လို ရင်းနှီးချစ်ခင်လေးစားရတဲ့ မသစ္စာအလင်း (http://www.thitsaralin.org) (http://www.facebook.com/thanthan.sein) ရဲ့  ဇူလိုင်လ (၂၀)ရက်နေ့မှာ ကျရောက်မယ့် အနှစ် ငါးဆယ်ပြည့် ရွှေရတုမွေးနေ့အထိမ်းအမှတ်အတွက် မွေးနေ့လက်ဆောင်အဖြစ် အမှတ်တရ ရေးသားထားတာဖြစ်ပါကြောင်းခင်ဗျား......

*******************************************************

အမရေ

ဒီရက်ပိုင်းထဲ စိတ်ကူးပေါ်လာတာနှင့် ကျောင်းတက်တုန်းက Class Work အတွက် ဖတ်ခဲ့ရတဲ့ စာအုပ်တစ်အုပ်ကို အွန်လိုင်းမှာ ပြန်ရှာဖတ်ဖြစ်တယ်။ စာအုပ်ရေးတဲ့သူက ၂၀၀၅ ခုနှစ်မှာ အသက် (၉၆) နှစ်အရွယ်နှင့် ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ ကမ္ဘာကျော်စီမံခန့်ခွဲမှုဘာသာရပ်ပညာရှင် Peter Drucker ရဲ့  Management Challenges for the 21st Century ဆိုတဲ့ စာအုပ်ပါ။ အဲဒီစာအုပ်ကို ၁၉၉၉ ခုနှစ်မှာ သူရေးပြီး ထုတ်ဝေခဲ့တာ ဆိုတော့ အဲဒီအချိန် သူ့အသက် ၉၀ လောက်တော့ ရှိပြီပေါ့။ စာအုပ်မှာ အခန်းကြီး (၆)ခန်းပါတယ်။ ဟိုးအရင်စဖတ်တုန်းကတည်းက ကျွန်တော်က နောက်ဆုံးအခန်းဖြစ်တဲ့ အခန်း (၆) ကို စိတ်ဝင်တစားဖတ်ဖြစ်ခဲ့တာ။ အခုတစ်ခါ ပြန်ဖတ်တော့လည်း အဲဒီအခန်းကိုပဲ တန်းပြီး ဖတ်မိပြန်တယ်။ အခန်း (၆) ရဲ့  ခေါင်းစဉ်က Managing Oneself တဲ့။ အဲဒီ Chapter မှာ ထပ်ပြီး ခေါင်းစဉ်ငယ်လေး (၇) ခုနှင့် ဆွေးနွေးသုံးသပ်ထားပါတယ်။ အဲဒီခေါင်းစဉ်ငယ်လေးတွေထဲက တစ်ခုကို ဖတ်ရင်းက အစ်မမွေးနေ့ကို သတိရသွားပြီး ဒီနှစ် အစ်မအတွက် မွေးနေ့လက်ဆောင်ကို ဒီခေါင်းစဉ်ထဲကအကြောင်း ပြန်ပြောပြရင်း ပို့စ်တစ်ပုဒ်ရေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီခေါင်းစဉ်ငယ်လေးက The Second Half Of Your Life တဲ့ အမရေ။

Peter Drucker က ခေါင်းစဉ်ငယ် စစချင်းမှာ What to do with the second half of one's life? ဆိုတာလေးနှင့် မေးခွန်းမေးထားတယ်။ လူတွေဟာ အလုပ်တစ်ခုမှာ တောက်လျှောက် အနှစ် နှစ်ဆယ်ကျော်၊ သုံးဆယ်လောက် လုပ်လာကြပြီးတဲ့အချိန်မှာ သူတို့တွေဟာ သူတို့လုပ်နေရတဲ့ အလုပ်တွေအပေါ်မှာ ငြီးငွေ့လာတတ်ကြတယ်။ အလုပ်အပေါ်ထားတဲ့ သူတို့ရဲ့ သဘောထားအမြင်တွေ ပြောင်းလာတတ်ကြတယ်။ အလုပ်က သူတို့အတွက် စိန်ခေါ်မှုမရှိတော့ဘူးလို့ ခံစားလာကြရတယ်။ ဒါကြောင့် အသက်လေးဆယ်ပတ်ချာလည်မှာ လူပြောများကြတဲ့ "Mid-Life Crisis" ဆိုတဲ့ ပြဿနာကို တော်တော်များများခံစားကြရပါတယ်တဲ့။ လက်ရှိသူတို့လုပ်နေရတဲ့အလုပ်တွေမှာ ဘယ်လောက်ပဲ ကျွမ်းကျွမ်းကျင်ကျင်လုပ်နိုင်နေပါစေ၊ အဲဒီအလုပ်နှင့်ပတ်သက်ပြီး လေ့လာသင်ယူမှု (Learning) အသစ်တွေလည်း မလုပ်နိုင်တော့သလို၊ မိမိအလုပ်နှင့်ပတ်သက်ပြီး Contribution တွေလည်း လုပ်နိုင်ဖို့ အားနည်းသွားပါတယ်တဲ့။

ဒီနေရာမှာ ကိုယ်ကာယကို ဦးစားပေးပြီး အလုပ်လုပ်ကြရတဲ့ သူတွေအနေနှင့်ဆိုရင် အဲဒီလောက် နှစ်တွေအများကြီးအလုပ်လုပ်ပြီးသွားချိန်မှာ သူတို့ရဲ့  ခန္ဓာကိုယ်ရော၊ စိတ်ရောဟာ အင်မတန် ပင်ပန်းနွမ်းနယ်သွားကြပြီဖြစ်လို့ နောက်ကျန်သေးတဲ့ သူတို့ရဲ့ ဘ၀သက်တမ်းကို နှစ်ပြည့် ဆက်ပြီးနေထိုင်ရအုံးမယ်ဆိုရင်တောင်မှ သိပ်ပြီး မယ်မယ်ရရ မလုပ်နိုင်ကြတော့ပါဘူးတဲ့။ ပေါ့ပေါ့ပါးပါးပဲ ဘ၀ကို ရှင်သန်နေထိုင်ပြီး အချိန်တွေကို ကုန်ဆုံးပစ်လိုက်ကြတာ များပါတယ်တဲ့။

ဒါပေမယ့် အသိဉာဏ်ကို အခြေပြုပြီး အလုပ်လုပ်ကြရတဲ့သူတွေ (Knowledge Workers) အနေနှင့်ကတော့ အသက်သုံးဆယ်လောက်က သူတို့အတွက် စိန်ခေါ်မှုတွေအဖြစ်သတ်မှတ်ခဲ့တဲ့အလုပ်တွေဟာ သူတို့အသက်ငါးဆယ်လောက်မှာ သေချင်လောက်အောင်ပျင်းရတဲ့ကိစ္စတွေဖြစ်သွားပေမယ့်လည်း သူတို့မှာ ကိုယ်ရော၊ စိတ်မှာပါ စွမ်းဆောင်နိုင်စွမ်းတွေက ဆက်ပြီးကျန်နေပါသေးတယ်။ ဒါကြောင့်မို့ ဒီလို အသိဉာဏ်အခြေပြုပြီး အလုပ်လုပ်နေတဲ့သူတွေအနေနှင့် သူတို့ရဲ့  ကျန်နေတဲ့သက်တမ်းတစ်ဝက်ကို ဘယ်လိုဖြတ်သန်းကျော်လွန်မယ်ဆိုတာကို ကြိုတင်ပြင်ဆင်ထားဖို့ အရေးတကြီးလိုအပ်ပါတယ်လို့ စာရေးသူက ဆိုပါတယ် အစ်မရေ။

ဒီနေရာမှာ သူက အဖြေ (၃) ခုကို ရွေးထုတ်ပြီး ဆွေးနွေးထားပါတယ်။
နံပါတ် (၁) က Career အသစ်တစ်ခုနှင့် ဘ၀ကို ပြန်စပါ တဲ့။ လက်ရှိလုပ်နေတဲ့အလုပ်နှင့် သဘာဝချင်းမတူ၊ ပတ်ဝန်းကျင်ချင်းမတူတဲ့ အခြားအလုပ်ပုံစံအသစ်တစ်မျိုးကို ပြောင်းလုပ်ဖို့ တိုက်တွန်းထားတာပါ။ ဥပမာ- အရင်က အစိုးရ၀န်ထမ်းလုပ်နေတဲ့သူက ကိုယ်ပိုင်အလုပ်တစ်ခုပြောင်းလုပ်တာမျိုး၊ အရင်က ပန်းချီဆွဲနေတဲ့ပန်းချီဆရာက စာရေးဆရာ ပြောင်းလုပ်တာမျိုး။ အဲလိုမျိုး ပြောင်းလုပ်ကြည့်ပါတဲ့။

နံပါတ် (၂) က Parallel Career ကို ပြိုးထောင်ယူပါလို့ ပြောပါတယ်။ အခုလက်ရှိ အချိန်ပြည့်လုပ်နေတဲ့ မိမိအလုပ်ကနေ အချိန်ကို လျှော့ချလိုက်ပြီး တခြား မိမိစိတ်ဝင်စားတဲ့၊ လုပ်ချင်တဲ့ Career အသစ်တစ်ခုအတွက် အချိန်ပေးလိုက်တာမျိုးပါ။ ဒီပုံစံကို တော်တော်များများလုပ်ကြတယ်၊ အောင်မြင်မှုလည်း ရကြတယ်လို့ စာရေးသူကပြောထားပါတယ်။ ဒီနံပါတ်(၂) အဖြေနှင့်ပတ်သက်ပြီး ကျွန်တော်သတိထားမိတာတော့ အခုနောက်ပိုင်း နိုင်ငံခြားက Celebrity တွေ အဲဒါမျိုးတွေလုပ်နေကြတာများလာတယ်။ သူတို့လုပ်နေတဲ့ အနုပညာလုပ်ငန်းကိုလည်း အရှိန်မပျက်ဆက်လုပ်ရင်းက တခြားအချိန်တွေမှာ လူမှုရေးလုပ်ငန်းတွေမှာ တက်တက်ကြွကြွပါဝင်လှုပ်ရှားလာကြတယ်။ ထင်သာမြင်သာတွေထဲကဆိုရင် ဟိုတစ်ပတ်လောက်ကမှ မြန်မာပြည်လာလည်သွားတဲ့ Jackie Chan တို့၊ မင်းသမီး Angelina Jolie တို့၊ U2 အဖွဲ့က Bono တို့ဆို သူတို့လုပ်နေတာတွေက ဒီလမ်းကြောင်းထဲ ၀င်နေတာကို ထင်ထင်ရှားရှားတွေ့ရတယ် အစ်မရေ။ နောက် အဆိုတော် Celine Dion ကျတော့ လူမှုရေးလုပ်ငန်းတွေလည်း လုပ်နေသလို၊ အခြားတစ်ဘက်မှာလည်း Perfume ကုမ္ပဏီကိုပါ တည်ထောင်ထားသေးတယ်။ ဒီလိုပုံစံမျိုး လုပ်နေကြတဲ့သူတွေကို ကျွန်တော်တို့ ပတ်ဝန်းကျင်မှာလည်း တော်တော်လေး မြင်ဖူး၊ ကြားဖူးနေတာပါပဲ။ ပင်မ မိမိလုပ်နေတဲ့ အလုပ်ကိုလည်း အရှိန်မပျက်လုပ်ရင်း၊ တခြားကိုယ်ဝါသနာပါတဲ့အလုပ်ကိုပါ တပြိုင်တည်း လုပ်သွားကြတာမျိုးပေါ့။

နံပါတ် (၃) ကတော့ Social Entrepreneurs အဖြစ် ရပ်တည်နေထိုင်သွားပါတဲ့။ လက်ရှိလုပ်နေတဲ့အလုပ်မှာ အဆင်ပြေနေ၊ အောင်မြင်နေပေမယ့်လည်း အဲဒီအလုပ်ကနေ မိမိရဲ့  အချိန်တွေကို တစ်စ တစ်စ လျှော့ရင်း အခြားတစ်ဘက်မှာ အကျိုးအမြတ်မမျှော်ကိုးတဲ့ Non Profit အလုပ်တွေကို တိုးတိုးလုပ်သွားပြီး နောက်ဆုံးမှာ မိမိရဲ့ မူရင်းအလုပ်ကို လုံးဝစွန့်လွှတ်လိုက်တာမျိုးလို့ စာရေးသူကပြောထားတာပါ။ နံပါတ်(၃) ပုံစံမျိုးနှင့် ဒီဆယ်စုနှစ်တွေအတွင်းမှာ ထင်ထင်ရှားရှားနှင့် ကျွန်တော်ခေါင်းထဲ တန်းပေါ်လာတဲ့သူကတော့ Bill Gates ပါပဲ။ သူလုပ်သွားတဲ့လမ်းကြောင်းက ဒီပုံစံမျိုးဖြစ်နေတာ သတိထားမိတယ်။ အခုအချိန်မှာ သူဟာ သူတည်ထောင်ခဲ့တဲ့ Microsoft မှာ Non-executive Chairman ဆိုတဲ့ နေရာကိုပဲယူထားပြီး လက်ရှိမှာ သူတကယ်လုပ်နေတာတော့ တစ်ကမ္ဘာလုံးမှာရှိတဲ့ လိုအပ်တဲ့ ကျန်းမာရေး၊ ပညာရေးကဏ္ဍတွေမှာ သူပိုင်ငွေတွေလိုက်လှူတယ်၊ တခြားသူဋ္ဌေးတွေကိုလည်း လှူအောင် လိုက်တိုက်တွန်းပေးတယ်။ Philanthropist တစ်ယောက်အဖြစ် ဆက်လက်ရပ်တည်နေပါတယ်။ မြန်မာပြည်မှာဆိုရင်တော့ ကိုကျော်သူနှင့်မရွှေဇီးကွက်တို့လိုမျိုး လို့ ပြောလို့ရမယ်ထင်တယ်။

ပီတာဒရပ်ကာကြီးက ဆက်ပြောထားတာတော့ ကျန်နေတဲ့သက်တမ်းတစ်ဝက်ကို ကိုယ်လိုချင်တဲ့ပုံစံအတိုင်းဝင်အောင် စီမံခန့်ခွဲနိုင်တဲ့သူတွေက လူနည်းစုပါပဲတဲ့။ ကျန်တဲ့လူအများစုကတော့ လက်ရှိလုပ်နေတဲ့အလုပ်ကိုပဲ ဆက်လုပ်ရင်း၊ ပျင်းပျင်းရိရိနှင့် ဘ၀ကိုဖြတ်သန်းရင်း၊ ပင်စင်ယူရမယ့်နေ့ (အနားရမယ့်နေ့)ကို ထိုင်မျှော်ရင်း အချိန်တွေကို ကုန်ဆုံးပစ်လိုက်ကြပါတယ်တဲ့။ လူနည်းစုဖြစ်တဲ့ သက်တမ်းတစ်ဝက်ကို စီမံခန့်ခွဲနိုင်တဲ့သူတွေကတော့ သူတို့ရဲ့  ကျန်နေတဲ့ ဘ၀သက်တမ်းကို မိမိအတွက်နှင့် လူ့ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းအတွက် အခွင့်အလမ်းတစ်ရပ်အဖြစ် မြင်ထားကြတဲ့သူတွေပါပဲတဲ့။ ဒီလို ကျန်တဲ့သက်တမ်းတစ်ဝက်ကို စီမံခန့်ခွဲနိုင်ဖို့အတွက် လူတိုင်းဟာ သက်တမ်းတစ်ဝက်မရောက်ခင်ကတည်းက ကြိုတင်စီမံကိန်းချပြီး ပြင်ဆင်ထားသင့်တယ်လို့ အကြံပေးထားပါတယ်။

အထူးသဖြင့် မိမိလက်ရှိလုပ်နေတဲ့ လုပ်လက်စအလုပ် အောင်မြင်နေတုန်းအချိန်မှာကတည်းက ဒုတိယသက်တမ်းတစ်ဝက်ကို ဘယ်ပုံအသုံးချမယ်ဆိုတာ ကြိုပြင်ထားသင့်ပြီလို့ သတိပေးထားပါတယ်။ ဖြစ်နိုင်ရင် အသက်သုံးဆယ်ကျော်အရွယ်လောက်ကတည်းက ပြင်ထားပါလို့ဆိုပါတယ်။ တကယ်လို့ အခုလက်ရှိအချိန်မှာ မိမိအနေနှင့် နောင်ကျန်နေတဲ့ သက်တမ်းအတွက် ဆက်လုပ်ဖို့ လုပ်ချင်တာ တစ်ခုခု (သို့) ၀ါသနာပါတာတစ်ခုခုမရှိသေးဘူးဆိုရင် အခုအချိန်ကတည်းက စောစောစီးစီး ၀ါသနာတစ်ခုခုကို မဖြစ်မနေ ပြုစုပျိုးထောင်ထားသင့်ကြောင်း ထပ်လောင်းလို့ တိုက်တွန်းထားပါတယ်။

နှစ်ပေါင်း (၉၀)ကျော် ဘ၀ကို အောင်အောင်မြင်မြင်နှင့်ဖြတ်သန်းလာခဲ့ပြီးတဲ့ ကမ္ဘာကျော်စီမံခန့်ခွဲမှုပညာရှင်တစ်ယောက်ရဲ့  ၂၁ရာစုမှာ ရှင်သန်ကျန်ရှိခဲ့မယ့် လူသားတွေအတွက် အကြံပေးချက်တွေပါပဲ အမရေ။ သူကတော့ လောကီဘက်ကနေပြီး လူသားတစ်ယောက်အတွက် အကောင်းဆုံးဘ၀ကို အသုံးချနိုင်မယ့် ပုံစံတွေကို စဉ်းစားပြီး ပြောပြသွားခဲ့တာပါပဲ။

ဒီနေရာမှာ သူက Knowledge Workers တွေရဲ့  ဘ၀အခြေအနေကို ယေဘူယျခြုံကြည့်ပြီး ပြောသွားခဲ့တာပါ။ ကျွန်တော်တို့ဖြည့်စဉ်းစားဖို့လိုတာက ကျွန်တော်တို့နိုင်ငံရဲ့  စီးပွားရေးစနစ်၊ နိုင်ငံရေးစနစ်၊ လူမှုရေးစနစ်အနေအထားတွေနှင့်၊ ကျွန်တော်တို့ရဲ့  လက်ရှိအခြေအနေ ဘ၀ရပ်တည်နေမှုတွေနှင့် ဒီအဖြေသုံးမျိုးထဲက တစ်ခုခုကို ရွေးချယ်အသုံးချကြည့်မယ်ဆိုရင် ဖြစ်နိုင်မလားဆိုတာမျိုးပါ။ နောက်ထပ်ဖြည့်ပြီး စဉ်းစားရမယ့် အချက်တွေမှာ မိမိ မိသားစုရဲ့  စားဝတ်နေရေးက အဆင်ပြေပြေ ရပ်တည်နိုင်တဲ့ အနေအထားရှိနေပြီလား၊ ကိုယ်ကြည့်ရှုထောက်ပံ့ရမယ့် သားသမီးတွေ၊  မိဘဆွေမျိုးသားချင်းတွေကရော လက်လွှတ်လို့ရတဲ့ အခြေအနေရောက်ပြီလား၊ ကိုယ်တိုင်ရဲ့  ကျန်းမာရေးအခြေအနေကရော ကောင်းမွန်နေတုန်းလား စတဲ့ တခြားအချက်လေးတွေလည်း ပါပါမယ်။ ဒီအခြေအနေတွေအားလုံးကို ခြုံငုံသုံးသပ်ကြည့်ပြီးမှ ဘယ်လို ဘယ်ပုံ ကူးပြောင်းနိုင်မလဲ ဆက်စဉ်းစားရမယ်လို့ ထင်ပါတယ်။

နောက်တစ်ခုအနေနှင့် ထပ်ဖြည့်ပြောရအုံးမယ်ဆိုရင် ကျွန်တော်တို့က ဘာသာရေးရှုထောင့်ကပါ စဉ်းစားလိုက်တဲ့အခါကျတော့ Career ကို ပြောင်းတဲ့အခါမှာ လောကီကိစ္စတစ်ခုတည်းလည်း မဖြစ်နိုင်တော့ဘူး။ လူသားအကျိုးပြုလုပ်ငန်းချည်းပဲလည်း မဟုတ်တော့ဘူး။ လောကုတ္တရာအရေး၊ သံသရာအရေး၊  ဘ၀လွတ်မြောက်ရေးကိစ္စတွေကိုပါ ထည့်စဉ်းစားဖို့လိုအပ်လာပါတယ်။ ဒီတော့ Career ကို ပြောင်းတဲ့အခါမှာ လောကီကြီးပွားရေး၊ Society ဖွံ့ ဖြိုးတိုးတက်ရေးချည်းမဟုတ်ပဲ မိမိရဲ့  Insight Development ကိုပါ ထည့်တွက်ဖို့ လိုလာပါလိမ့်မယ်။

ဒီတော့ Peter Drucker ရဲ့  အဖြေတွေကို မှီးပြီး ကျန်နေတဲ့သက်တမ်းတစ်ဝက်မှာ ဘာသာရေးကိုပါ ကိုယ့်ဘ၀ထဲကအချိန်တွေကို ဖဲ့ပေးချင်တဲ့သူတွေအတွက် ဓမ္မအရေးပါ ပါတဲ့ Career အသစ်တစ်ခုကို ဘယ်လို အပြောင်းအလဲလုပ်ကြည့်ရင်ကောင်းမလဲဆိုတာကို ကိုယ့်ဖာသာ Customized လုပ်ပြီး စဉ်းစားကြည့်ကြရအောင်ဗျာ။

နံပါတ်(၁) အနေနှင့် လောကီရေးကိစ္စတွေကို လုံးဝရပ်လိုက်ပြီး၊ နောက် လူဝတ်ကိုပါစွန့်ပြီး (ရဟန်းအဖြစ်၊ သီလရှင်အဖြစ်၊ ရာသက်ပန်ယောဂီအဖြစ်နှင့်) လောကုတ္တရာသီးသန့်ပဲ လုပ်တော့မယ့်နည်းပါ။ ဒီနည်းက Risk တော့ အတော်များမယ် အမရေ။ တော်ရုံသတ္တိနှင့်တော့ လုပ်ဖို့မလွယ်ဘူးလို့မြင်တယ်။ ဒါပေမယ့် ဘုရားလက်ထက်ကစလို့ ယခုခေတ်တိုင်အောင် တချို့ သော ပုဂ္ဂိုလ်တွေ လုပ်သွားနိုင်တာတွေ့ရပါတယ်။ ရဟန်းတော်တွေထဲမှာဆိုရင် အခုလက်ရှိ ထင်ထင်ရှားရှားဖြစ်နေတဲ့ ဆရာတော်အချို့ ကို  ကြည့်ရင် အဲဒီ နံပါတ်(၁) အဖြေကို လိုက်သွားကြတဲ့သူတွေဆိုတာ သတိထားမိပါတယ်။ သီလရှင်တွေထဲမှာလည်း အနည်းအကျဉ်းတော့ တွေ့မိတယ်။ ရာသက်ပန်ယောဂီလုပ်သွားတဲ့သူ အချို့ လည်း ရှိပါတယ်။ ကျွန်တော်နှင့် မြေးအဖွားလိုချစ်တဲ့ အဖွားသားအမိနှစ်ယောက်ဆိုရင် သမီးကအသက်လေးဆယ်ကျော်၊ အမေက အသက်ခြောက်ဆယ်လောက်မှာ ပိုင်ဆိုင်တာတွေအားလုံးကို ထုခွဲရောင်းချပြီး ရိပ်သာတစ်ခုမှာ အပြီးသွားနေလိုက်ပါတော့တယ်။ အဲဒီရိပ်သာမှာပဲ နှစ်ယောက်လုံး ခေါင်းချသွားကြပါတယ်။ ဟိုရက်ပိုင်းလောက်က ဒီက ကျွန်တော့်မိတ်ဆွေတစ်ယောက်ပြောပြလို့ သိရတာ သိပ်မကြာခင်ကမှ သူ့အစ်မ၀မ်းကွဲတစ်ယောက်လည်း ပိုင်ဆိုင်တာအားလုံးကို စွန့်လွှတ်လိုက်ပြီး ဆရာတော်တစ်ပါးရဲ့  ရိပ်သာမှာ အပြီးသွားနေလိုက်ပါတယ်တဲ့။ ထုခွဲရောင်းချသွားတာတောင်မဟုတ်ဘူး။ အပြီးစွန့်လိုက်တာပါတဲ့ အစ်မရေ။ ကြားရတာ အံ့ဖွယ်ရှိလေစွ လို့ပဲ ရေရွတ်မိပါတယ်။

နံပါတ် (၂) ကတော့ လက်ရှိ လုပ်လက်စအလုပ်တွေကို လုပ်ရင်းနှင့် တစ်ဘက်ကလည်း ဓမ္မလမ်းကို လိုက်မယ့်နည်းပေါ့။ ဒီလို ပုဂ္ဂိုလ်တွေကတော့ ကျွန်တော်တို့တွေ ပတ်ဝန်းကျင်မှာ တော်တော်များများကိုတွေ့နေ၊ မြင်နေရပါတယ်။ လောကီဘက်က အချိန်များများ၊ လောကုတ္တရာဘက်က အချိန်နည်းနည်းယူပြီးလုပ်နေကြတဲ့သူတွေ ရှိသလို၊ လောကီဘက်က အချိန်နည်းနည်း၊ လောကုတ္တရာဘက်က အချိန်များများယူပြီး လုပ်နေကြတဲ့သူတွေလည်း တွေ့နေရပါတယ်။ ကျွန်တော့်မိတ်ဆွေတစ်ယောက်ရဲ့  မိဘနှစ်ပါးဆိုရင် တစ်ယောက်ကို တစ်လစီ အလှည့်ကျ ရိပ်သာဝင်ပါတယ်။ တစ်ယောက်ရိပ်သာဝင်နေတုန်း ကျန်တဲ့တစ်ယောက်က အိမ်မှုကိစ္စ၊ သားရေး သမီးရေးကိစ္စတွေ လုပ်ပါတယ်။ နောက်ထပ် ကျွန်တော့်အသိ ဆရာသမားတစ်ယောက်ကတော့ အမြဲတမ်း နှစ်လတစ်ကြိမ် ရဟန်းခံပြီး ဆယ်ရက် တစ်ပတ်လောက် တရားအားထုတ်တတ်ပါတယ်။

နံပါတ် (၃) အနေနှင့်ကတော့ လောကီလူဝတ်ကိုလည်း မစွန့်ပဲ လောကုတ္တရာသီးသန့်ကို ဇောက်ချလုပ်တဲ့နည်းပါ။ ဒီလိုမျိုးလုပ်နေတာမျိုးကို တွေ့ရမှာကတော့ ဘုရားလက်ထက်ကဆိုရင် စိတ္တသူကြွယ်တို့  ခုဇုတ္တရာတို့လိုမျိုးပေါ့အမရေ။ ဒီဘက်ခေတ်မှာဆိုရင်တော့ ဟိုးဘက်နှစ်တွေမှာဆိုရင် လူသိများခဲ့တဲ့ အနာဂါမ်ဆရာသက်ကြီးတို့၊ ပခုက္ကူဦးကြည်တို့၊ ဆရာကြီး ဦးဘခင်တို့၊ ဒီဘက်ခေတ်ထဲမှာဆိုရင် ဆရာကြီးဦးဂိုအင်ကာတို့၊ ဆရာမကြီးဒေါ်ခင်လှတင်တို့၊ အနောက်တိုင်းကဆိုရင် Joseph Goldstein တို့ စသဖြင့် ပြောလို့ရမယ်ထင်ပါတယ်။ တခြားလည်း အများကြီးရှိအုံးမှာပါ။ သူတို့လည်း သူတို့ဘ၀အခြေအနေတွေ၊ သူတို့ဖြည့်ခဲ့တဲ့ပါရမီ၊ တောင်းခဲ့တဲ့ဆုတောင်းတွေကြောင့် လူဝတ်ကိုမစွန့်ပဲ တရားအတွက် အချိန်ပြည့် ဘ၀ပေးပြီး လုပ်ဆောင်နိုင်ကြတာဖြစ်ပါလိမ့်မယ်။

နောက်ထပ်တစ်ခါ ကိုယ့်ရဲ့  ဘ၀ပေးအခြေအနေပေါ်မူတည်ပြီး ဖြည့်ပြီးစဉ်းစားရမယ့် အချက်တွေလည်း ရှိအုံးမယ် အမရေ။ အဲဒါတွေထဲကမှ ကျွန်တော့်အနေနှင့် အသက်အရွယ်ရယ်၊ မိသားစုအခြေအနေရယ်၊ ကျန်းမာရေးရယ်ကို Highlight လုပ်ပြီး စဉ်းစားကြည့်ချင်တယ်။

အရွယ်နှင့်ပတ်သက်ပြီး ကျွန်တော်တို့ မြန်မာလူမျိုးတွေမှာ တော်တော်များများ ကိုးကားပြီး ပြောလေ့ပြောထရှိတဲ့ စကားတစ်ခုရှိပါတယ်။ “ပထမအရွယ်မှာပညာရှာ၊ ဒုတိယအရွယ်မှာ ဥစ္စာရှာ၊ တတိယအရွယ်မှာ တရားရှာ” ဆိုတဲ့စကားပါ။ အရင်ကတော့ လူကြီးတွေပြောနေကြတာ နားယဉ်နေတော့ ဒါကို သိပ်မစဉ်းစားမိပဲ ပြောဖြစ်၊ လက်ခံဖြစ်ခဲ့တာပါပဲ။ တကယ်တော့ ဒီစကားက အပြည့်အ၀မမှန်ဘူးဆိုတာ တကယ်လက်တွေ့ဘ၀ကို ဖြတ်သန်းလာတဲ့အချိန်မှာ တစ်စတစ်စ ထင်ရှားလာပါတယ်။ ပညာဆိုတာ တကယ်တော့ ပထမအရွယ်တစ်ခုတည်းရှာလိုက်ရုံနှင့် မပြီးသွားတာမျိုးပါ။ သေတဲ့အထိ ကိုယ့်အတွက် လိုအပ်မယ့် ပညာအမျိုးမျိုးက သင်ယူနေရဆဲပါပဲ။ ဥစ္စာရှာတာလည်း ထိုနည်းလည်းကောင်းပါပဲ။ ပြည်တွင်းမှာရော၊ ပြည်ပမှာပါ ပထမအရွယ်မှာကတည်းက အလုပ်လုပ်ပြီး ပိုက်ဆံရှာနေကြရတဲ့လူငယ်တွေကို မြင်နေ တွေ့နေရတာပါပဲ။ မရှာလို့မှမရတာ။ ခေတ်အခြေအနေ၊ ဘ၀အခြေအနေတွေအရ ရှာမှဖြစ်တော့မှာမို့ ရှာနေကြရပါတယ်။ အခြေအနေမပေးခဲ့ရင် တတိယအရွယ်တိုင်အောင်လည်း ဥစ္စာစီးပွားဆိုတာကြီးက ဆက်ရှာနေကြရတာပါ။

တရားရှာတာမှာကတော့ တတိယအရွယ်အထိ မစောင့်ပဲ စောနိုင်သမျှ စောလေ ကောင်းလေပဲလို့ မြတ်စွာဘုရားရှင်ပြောထားခဲ့တဲ့စကားတော်က ရှိပြီးသားပါပဲ အမရေ။ တရားကို စောစောမရှာလို့ အကျိုးဆုတ်ယုတ်ရပုံနှင့် ပတ်သက်ပြီး ဓမ္မပဒက ဂါထာလေးတစ်ပုဒ်ရှိပါတယ်။

သူမိုက်တို့သည် အရွယ်ရှိခိုက် မြတ်သောအကျင့်ကို မကျင့်လိုက်မိ၊ ဥစ္စာကိုလည်း မရလိုက်မိ သောကြောင့် ငါးကုန်ခမ်းသော ညွန်အိုင်၌ အတောင်ကျွတ်သော ကြိုးကြာအိုတို့ကဲ့သို့ အရွယ်လွန်သောအခါ  ကြံမှိုင်၍သာ နေကြရကုန်၏။

သူမိုက်တို့သည် အရွယ်ရှိခိုက် မြတ်သောအကျင့်ကို မကျင့်လိုက်မိ၊ ဥစ္စာကိုလည်းမရလိုက်မိသောကြောင့်
လေးမှ လွတ်ပြီးနောက် အရှိန်ကုန်သော မြှားကဲ့သို့ ရှေးဖြစ်ဟောင်းသုခတို့ကို ညဉ်းတွား အောက်မေ့၍သာ   နေကြရကုန်၏။  ( ဓမ္မပဒ . ဇရာဝဂ္ဂ ၁၅၅၊ ၁၅၆ မဟာဓနသေဋ္ဌိ )

မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက အခါတစ်ပါးမှာ တောင်းစားရတဲ့  ဘ၀ကို ရောက်နေကြတဲ့ မဟာဓနသူဋ္ဌေးလင်မယား အဖိုးကြီးအဖွားကြီး နှစ်ယောက်ကို မြင်ပြီး အရှင်အာနန္ဒာကို ပြောခဲ့တာရှိပါတယ်။ ဒီလင်မယားနှစ်ယောက်ဟာ ပထမအရွယ်မှာ တရားအားထုတ်ရင် ယောကျာ်းက ရဟန္တာ၊ မိန်းမက အနာဂါမ်ဖြစ်မယ်၊ ဒုတိယအရွယ်မှာအားထုတ်ရင် ယောကျာ်းကအနာဂါမ်၊ မိန်းမက သကဒါဂါမ်ဖြစ်မယ်၊ တတိယအရွယ်မှာ အားထုတ်ရင်တောင် ယောကျာ်းက သကဒါဂါမ်၊ မိန်းမက သောတာပန်ဖြစ်အုံးမယ် စသဖြင့်ပေါ့။ အခု နောက်ဆုံး သေခါနီးအရွယ်ရောက်မှတော့ ဘာမှလုပ်လို့မရတော့ဘူးဆိုတာလေး ပြောသွားခဲ့တာ အမလည်း သိပြီးသားပါ။ ဒီတရားတော်ကို ဖတ်ရတော့ အသက်အရွယ်နှင့် တရားအသိဉာဏ်ရဖို့နှင့် ဆက်နွှယ်နေမှုကို စေ့စေ့တွေးလေ ထိတ်လန့်သံဝေဂရဖြစ်ရလေပါပဲ။

နောက်တစ်ချက်ဖြစ်တဲ့ မိသားစုအခြေအနေဆိုတာလေးကို တွေးကြည့်မိတယ်။ ကျွန်တော်တို့တွေမှာ အသီးသီး ဆိုင်ရာ မိသားစုအသိုက်အမြုံတွေ ကိုယ်စီရှိနေကြပါတယ်။ ကိုယ်က အဲဒီမိသားစုမှာ အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေရတဲ့သူ၊ ဦးစီးဦးဆောင်လုပ်နေရတဲ့သူဆိုရင် ဘ၀ဦးတည်ချက်ကို ဓမ္မဘက်လှည့်တော့မယ်လို့ ဆုံးဖြတ်တော့မယ့်အခါဆိုရင် အတော်လေးဦးနှောက်ကို အလုပ်ပေးရပါလိမ့်မယ်။ သားသမီးရှိတဲ့သူဆိုရင် သားသမီးတွေကို လက်လွှတ်လို့ရတဲ့ အခြေအနေဖြစ်ပြီလား၊ သူတို့တွေ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်တဲ့အနေအထားမျိုးဖြစ်ကြပြီလားဆိုတာမျိုး၊ ဇနီးခင်ပွန်းတွေကရော ကိုယ့်အပေါ်နားလည်မှုပေးနိုင်တဲ့ အနေအထားမှာ ရှိပြီလားဆိုတာမျိုး၊ မိဘတွေကို လုပ်ကျွေးပြုစုနေရတဲ့သူတွေဆိုရင်လည်း မိဘတွေကို ဘယ်သူက ဆက်ပြီး တာဝန်ယူစောင့်ရှောက်ပေးနိုင်မလဲဆိုတာမျိုး၊ ကိုယ့်အနေနှင့် ဆက်ပြီးမိသားစုတာဝန်ကို မလုပ်ပေးနိုင်တော့တဲ့အချိန်မှာ ကျန်နေခဲ့မယ့်သူတွေ ဆက်ပြီး ရင်းနှီးစားသောက်နေထိုင်နိုင်ဖို့အတွက် လုံလောက်ပြည့်စုံမှုရှိမရှိဆိုတာမျိုးတွေ ထောင့်စေ့နေအောင် စဉ်းစားရပါလိမ့်မယ်။

ကျွန်တော် ရိပ်သာတစ်ခုမှာ ဦးဇင်းတစ်ပါးအကြောင်းသိခဲ့ရဖူးတယ်။ အသက်ငါးဆယ်ကျော်အရွယ်မှာ တရားတွေအားထုတ်ရင်း လောကီကို စိတ်ကုန်လာတော့ ဘုန်းကြီးဝတ်ချင်လာတယ်။ ဒီတော့ သူက ရဟန်းမ၀တ်ခင် အိမ်စီးပွားကို အဆင်ပြေအောင် အကုန်စီစဉ်ပေးခဲ့ပြီး ရဟန်းဝတ်လိုက်တော့တယ်။ ဒါပေမယ့် ကျန်ခဲ့တဲ့မိသားစုမှာ အရွယ်မရောက်သေးတဲ့ သားသမီးတွေက ပညာရေးတန်းလန်းတွေနှင့် ကျန်နေခဲ့တော့ ဇနီးလုပ်တဲ့သူက ရိပ်သာဆရာတော်ကြီးဆီသွားပြီး သူ့ယောကျာ်းကို ရဟန်းဝတ်ပေးလိုက်လို့ အပြစ်တင်ပါတယ်။ ဒါနဲ့ နောက်ပိုင်းဆရာတော်ကြီးက ဒီလိုကိစ္စမျိုးတွေအတွက် ရဟန်းအပြီးဝတ်ချင်တဲ့ ယောဂီတွေဆိုရင် သား၊ သမီးတွေ လက်လွှတ်နိုင်တဲ့အခြေအနေအထိ ရောက်အောင်စောင့်ဖို့၊ ဒီကြားထဲတော့ လူဝတ်ကြောင်ဘ၀နှင့်ပဲ မိသားစုတာဝန်ထမ်းရင် တရားအားထုတ်နေဖို့ မိန့်တော်မူပါတယ်။ အားထုတ်ပုံနည်းလမ်းလည်း ပေးတော်မူပါတယ်။

တချို့  အပျိုကြီး၊ လူပျိုကြီးတွေကျပြန်တော့ အသက်အရွယ်ကြီးနေပြီဖြစ်တဲ့ မိဘတွေကို လုပ်ကျွေးစောင့်ရှောက်နေကြရတာတွေ ရှိတတ်ပါတယ်။ တခါတလေသူတို့တွေခမျာ တရားကို ဇောက်ချလုပ်ချင်ကြပေမယ့် မိဘတွေကို ပြန်ငဲ့နေရလို့ စိတ်သွားတိုင်း ကိုယ်မပါနိုင်ဖြစ်နေတာမျိုးတွေ တွေ့ဖူးပါတယ်။ ကိုယ်ကလွဲပြီး တခြားမိဘကို စောင့်ရှောက်ပေးနိုင်မယ့် ဆွေမျိုးသားချင်းမျိုး မရှိနေဘူးဆိုရင်တော့ သူတို့မှာ ရွေးချယ်စရာလမ်းက မရှိပါဘူး။ မိဘကိုပဲ အသက်ထက်ဆုံး လုပ်ကျွေးပြုစုပြီး တရားကိုလည်း နိုင်သလောက်အားထုတ်နေဖို့ပဲရှိပါတယ်။ တကယ်လို့ ကိုယ့်ကိုယ်စားစောင့်ရှောက်ပေးနိုင်မယ့်သူတွေလည်း ရှိမယ်၊ မိဘကလည်း လိုလိုလားလားခွင့်ပြုမယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပဲပေါ့။

နောက်တစ်ချက် ကျန်းမာရေးအကြောင်း ပြောကြည့်မယ်။

“အိုမှုကနေ နာမှုမကူးခင် ၀ိပဿနာအလုပ်အားထုတ်ကြပါ။” လို့ ဆရာတော်ဘုရားကြီးတွေက ဆုံးမမှာကြားထားခဲ့ကြပါတယ်။

ခန္ဓာကိုယ်မှာ ကျန်းမာရေးလည်းကောင်းနေတုန်း၊ အရိုးတွေ၊ အကြောတွေ သန်မာတုန်း၊ သွားနိုင်လာနိုင်တုန်း၊ ရောဂါကြီးကြီးမားမားမရှိတုန်းမှာ တရားအလုပ်ကို ထိထိရောက်ရောက် ကြိုးပမ်းအားထုတ်ထားသင့်ပါတယ်။ တကယ်လို့ ခန္ဓာကိုယ်မှာ တစ်ခုခုချွတ်ယွင်းလာတော့မှ အားထုတ်ကြမယ်ဆိုရင် သတိအားကလည်း မလိုက်နိုင်၊ စိတ်အားကလည်းနဲနေပြီိး၊ ခန္ဓာကိုယ်ကလည်း လူကောင်းတစ်ယောက်လို မဟုတ်တော့တဲ့အခါကျမှဆိုရင် အတော်ကို ခက်ခက်ခဲခဲ ဆင်းရဲပင်ပန်းကြီးပြီး အားထုတ်ရပါတော့တယ်။

ရိပ်သာတွေမှာ တရားစခန်းဝင်ကြတဲ့ ယောဂီတွေမှာ တချို့  အချိန်ကြာကြာမထိုင်နိုင်တဲ့သူတွေ၊ ခဏခဏ အပေါ့အလေးသွားနေရတဲ့သူတွေ၊ အာရုံကြောအားနည်းနေတဲ့သူတွေ၊ ကိုယ်လက်အင်္ဂါချို့ ယွင်းနေကြတဲ့သူတွေ လာပြီး အားထုတ်တတ်ကြတာ အမလည်း မြင်ဖူးမှာပါ။ ဘာပဲပြောပြော သူတို့တွေကမှ ရိပ်သာအထိ ရောက်အောင်လာနိုင်ကြလို့ တော်ပါသေးတယ်။ တချို့ ပုဂ္ဂိုလ်တွေများဆို ကိုယ့်အိမ်မှာတင် ဘယ်မှ မသွားနိုင်တော့တဲ့အခြေအနေမျိုးဖြစ်နေကြပြီ။ အဲဒီအချိန်ကျတော့မှ တရားစအားထုတ်မယ်ဆိုရင်တော့ အတော်ကို မလွယ်တော့တာပါပဲ။ ကျွန်တော့်သူငယ်ချင်းရဲ့ မိခင်တစ်ယောက်ဆိုရင် ရုတ်တရတ်လေဖြတ်ပြီး အိပ်ယာပေါ်လှဲနေရတော့တယ်။ အဲဒီအချိန်မှာ တရားအားထုတ်တာတောင် မဟုတ်သေးဘူး။  ပုတီးစိတ်ဖို့ကိုတောင်မှပဲ စိတ်အား၊ လူအားအတော်ကြီးစိုက်ပါမှ ပုတီးလုံး တစ်လုံးကိုချနိုင်တဲ့အဖြစ်မျိုးကို မြင်တွေ့ခဲ့ဖူးပါတယ်။

တကယ်တော့ နာမှုဆိုတာက အိုတဲ့အထိတောင်မစောင့်ပါဘူး။ အရွယ်ငယ်ငယ်နှင့်လည်း နာကြရတဲ့သူတွေအများကြီးပါပဲ။ နာရာကနေတဆင့် အိုတာကိုကျော်ချပြီး သေသွားကြတာတွေလည်း ဒုနှင့်ဒေးပါပဲ။ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်တုန်းက ကျွန်တော့်ဘလော့ဂ်မှာ စာလာဖတ်ရင်းကနေ အွန်လိုင်းမှာခင်မင်ခဲ့ရတဲ့ ဆရာဝန် အစ်မတစ်ယောက်ဆို အသက်သုံးဆယ်ကျော်၊ လေးဆယ်နီးပါးထဲကပါပဲ။ တစ်ရက်တော့ သူခွဲစိတ်ကုသမှုတစ်ခု ခံစရာရှိတယ်လို့ဆိုပြီး ပြောသွားတယ်။ နောက် ဆေးရုံတက်နေရင်း ကျွန်တော့်ဆီကို အီးမေးလ်တစ်စောင်လှမ်းပို့လိုက်သေးတယ်။  နောက်တော့ အွန်လိုင်းမှာ တော်တော်ကြာကြာ ပျောက်နေရာက မေးကြည့်လိုက်တော့ ခွဲစိတ်ကုသမှုခံရင်း ဆုံးသွားပါပြီတဲ့။ သူဆိုလည်း ဘာသာရေးကို စိတ်ဝင်စားပြီး တရားအားထုတ်မှုပိုင်းကို စဖို့အားယူနေတုန်း လေ့လာနေတုန်းမှာတင် ဘ၀ကအဆုံးသတ်သွားခဲ့ရပါတယ်။

ဒီတော့ နာမှုနှင့် သေမှုက လူတစ်ယောက်ဆီကို ဘယ်အချိန် လာမယ်မှန်းမသိလေတော့ သူတို့မလာခင် သူတို့ကို အေးအေးချမ်းချမ်းရင်ဆိုင်နိုင်မယ့် တရားဆိုတဲ့ လက်တွဲဖော်ကို ကျန်းမာနေတုန်းမှာ တစ်နိုင်တစ်ပိုင်အချိန်ပေးပြီး ရှာထားဖို့က မဖြစ်မနေလိုအပ်လှပါတယ်နော် အမရေ။

Peter Drucker ရဲ့  What to do with the second half of one's life? ဆိုတဲ့မေးခွန်းကို ဘာသာရေးရှုထောင့်ကိုပါ ထပ်ပေါင်းထည့်ပြီး ကျွန်တော်စဉ်းစားမိသလောက် အဖြေထုတ်ကြည့်လိုက်တာပါ။ အစ်မလည်း ဒီမေးခွန်းရဲ့ အဖြေကို ကိုယ့်ဘ၀အခြေအနေတွေနှင့်ချိန်ပြီး ထုတ်ယူနိုင်လိမ့်မယ်ဆိုတာ ကျွန်တော်ယုံကြည်နေပြီးသားပါဗျာ။

ဘ၀သက်တမ်းတစ်ဝက်မှာဘာတွေဘယ်လို ပြင်ဆင်ရမယ်ဆိုတာတွေကို အဖြေရှာပြီးသွားတော့ မသေခင်သိရှိသွားရမယ့် ဘ၀ရဲ့  လျှို့ ဝှက်ချက်တွေအကြောင်းလည်း ကြုံတုန်းတစ်ခါတည်း နည်းနည်းလောက် ပြောလိုက်ချင်သေးတယ် အမရေ။ အမရဲ့  ရွှေရတုမွေးနေ့အတွက် အထူးအမှတ်တရဖြစ်အောင်လို့ပါနော်။

လွန်ခဲ့တဲ့ သုံးလေးလလောက်ကဖြစ်မယ်။ မဟာမြိုင်ဆရာတော်ဦးဇောတိက စင်္ကာပူကို ခဏကြွလာတာ အွန်လိုင်းမှာ ဖူးလိုက်ရပါတယ်။ ဓါတ်ပုံတွေမှာ ဆရာတော်လက်ထဲ စာအုပ်တစ်အုပ် ကိုင်ထားတာ တွေ့လိုက်တော့ ဘာစာအုပ်လဲမသိဘူးဆိုပြီး စပ်စုမိတယ်။ ဆရာတော်ကို သွားဖူးခဲ့တဲ့ စင်္ကာပူက ညီမတစ်ယောက်က စာအုပ်နာမည်ကို မှတ်လာပြီး ပြန်ပြောပြလို့ အွန်လိုင်းမှာ ရှာပြီး ဖတ်ကြည့်ဖြစ်ခဲ့တယ်။ ဆရာတော်ဖတ်နေတဲ့ စာအုပ်နာမည်က John Izzo ရေးတဲ့ The Five Secrets You Must Discover Before You Die တဲ့။ စာရေးဆရာနှင့် သူ့အဖွဲ့ က အသက် (၆၀) ကျော် အရွယ်ရှိကြတဲ့ လူပေါင်း ၂၀၀ကျော်ကို အင်တာဗျူးလုပ်ပြီး သူတို့ပြောပြချက်ကနေ ရေးထားတာပါ။

အချက် (၅)ချက်က ဘာတွေလဲဆိုတော့
(၁) ကိုယ့်ကိုယ်ကို ရိုးသားနိုင်ဖို့
(၂) ဘ၀မှာ စိုးရိမ်ပူဆွေးမှုနှင့် နောင်တတရားတွေ ကျန်မနေခဲ့ဖို့
(၃) ကိုယ်ကိုယ်တိုင်အပါအ၀င် ကိုယ့်မိသားစု၊ ကိုယ်နှင့်ဆက်ဆံနေရတဲ့သူတွေကို ချစ်တတ်ဖို့
(၄) ဘ၀ကို လက်ရှိပစ္စုပ္ပါန်အချိန်လေးမှာပဲ နေတတ်ဖို့
(၅) လောကကို ကိုယ်ယူထားတာတွေထက် ပိုပြီး ပြန်ပေးနိုင်ဖို့ ပါတဲ့။

ဒီအချက် ငါးချက်ကိုသာ မသေခင်တွေ့ရှိခဲ့မယ်ဆိုရင် ဒီလူဟာ သေပျော်တဲ့သူတစ်ယောက်ဖြစ်ပါပြီတဲ့။ လူတစ်ယောက်အနေနှင့် မသေခင်သိသွားရမယ့်တရားတွေပဲပေါ့ အမရေ။

ဒီအချက်ငါးချက်ကို သေသေချာချာကြည့်လိုက်တော့ မြတ်စွာဘုရားရှင်ဟောခဲ့တာတွေနှင့်ကွက်တိဖြစ်နေတာကို အံ့သြဖို့ကောင်းလောက်အောင် တွေ့လိုက်ရတယ်။ မြို့ ပတ်ရထားကြီး ဘယ်ဘူတာကိုပဲသွားသွား နောက်ဆုံးတော့ ဒီဘူတာကိုပဲ ပြန်ဆိုက်ရတယ် ဆိုတာလို ကမ္ဘာပေါ်က အသိပညာရှင်တွေ၊ တွေးခေါ်ပညာရှင်တွေ ကြံဆတွေးခေါ်လိုက်သမျှ၊ တွေ့ရှိလိုက်သမျှအမှန်တရားဆိုတာတွေဟာ ဘုရားရှင်ရဲ့  သစ္စာတရားမှာပဲ နောက်ဆုံးဂိတ်ဆုံးရတာပါပဲနော်။

ကဲ...အမရေ။ အမရဲ့  ရွှေရတုမွေးနေ့အတွက် ကျွန်တော် အမအသုံးတည့်လောက်မယ်လို့ မျှော်လင့်ပြီး ဒီစာစုလေးကို မွေးနေ့လက်ဆောင်အဖြစ်နှင့် ရေးပေးလိုက်ပါတယ်။ အသုံးမတည့်ခဲ့ရင်တောင်မှ အမှတ်တရအဖြစ်နှင့်တော့ သိမ်းထားဖြစ်လိမ့်မယ်လို့တော့ ထင်ပါတယ်။

အစ်မတစ်ယောက် ကျန်ရှိနေတဲ့သက်တမ်းတစ်ဝက်ကို အနှစ်သာရအပြည့်အ၀နှင့် အသုံးချရင်း ရည်မှန်းထားရာ ၊ ဆုတောင်းထားရှိရာ ပန်းတိုင်ဆီကို အခက်အခဲမရှိ၊ ဘေးမထိပဲ အေးချမ်းအောင်မြင်စွာ ရောက်အောင်သွားနိုင်တဲ့သူ တစ်ယောက်ဖြစ်ပါစေကြောင်း စစ်မှန်တဲ့ မေတ္တာအာသီသနှင့် ဆုတောင်းပေးလိုက်ပါတယ်နော် အမရေ။

အမရဲ့  မောင်ငယ်
Bliss
19.07.2012 (Thu.)
+++++++++++++++++++++++++++++++++++
ကျေးဇူးတင်စွာ လေးမြတ်စွာ တန်ဘိုးထားအပ်ပါတယ်...။ အချိန်၊စေတနာ၊ မေတ္တာ...အသိပညာ တို့ကို ပေးဆပ်မျှဝေ ရတဲ့ အကျိုးကျေးဇူးထက် သာလွန်ကောင်းမြတ်စွာ ကျွန်မ၏မောင်လေး Bliss မှ ရရှိပါစေ.သား.။
 

ဘုန်းဘုန်း မဏိဇောတာလင်္ကာရ (http://www.mawnayya.com/) မောနေယျ ..၏ မွေးနေ့အမှတ်တရ သတိပေးစကား..သတိပေးတရား...

သစ္စာတရားနှင့် Live Dhamma တို့၏မွေးနေ့လက်ဆောင်


အစ်မ သန်းသန်းစိန်အတွက် မွေးနေ့လက်ဆောင်

ဓမ္မမိတ်ဆွေ အစ်မ သန်းသန်းစိန် အတွက် မွေးနေ့လက်ဆောင်ပိုစ့်ကို မင်္ဂလာပါ ဆိုတဲ့စကားလုံးနဲ့ အဓိပ္ပာယ်ရှိရှိ ရေးသားဖွင့်ဆိုပါတယ်။ အစ်မရဲ့ ဘဝနေရေး ဖြတ်သန်းနေမှုဟာ တကယ့်ကို မင်္ဂလာရှိပါဘိဗျာ။ ကြားဖူးတာလေးတစ်ခုနဲ့ဆက်စပ်ပြီး သတိရမိတယ်။

ချင်းပြည်မှာလေ… တောင်က တော်တော်မြင့်မြင့်။ ရေကလည်းတောင်အောက်မှာပဲရှိတယ်တဲ့။ တောင်အောက်က ရေကြည်လေးကို ဝါးကျည်တောင့်လေးတွေနဲ့ ထည့်ပြီး ခက်ခက်ခဲခဲ အပေါ်ကိုယူသွားကြရတယ်။ အောက်မဆင်းနိုင်တဲ့သူတွေက အဲဒီ ရေနဲ့ အသက်ဆက်ရတယ်လို့ ကြားဖူးပါတယ်။

အခုလည်း အစ်မသန်းသန်းစိန်က အီတလီမှာ အော်ဂန်းနစ်ဓာတ်မြေသြဇာပညာရပ်ကို ခက်ခက်ခဲခဲနဲ့ ပါရဂူဘွဲ့ ယူခဲ့တယ်။ မြန်မာပြည်ရောက်တော့ ဝေးလွန်တဲ့နေရာတွေကိုသွားပြီး တောင်သူလယ်ယာသမားတွေအတွက် အမှိုက်ကနေရွှေဖြစ်အောင် ပရဟိတစိတ်အပြည့်ဝနဲ့ မျှဝေကျိုးဆောင်ခဲ့တာကို ကိုယ်တွေ့ တွေ့ခဲ့ရပါတယ်။ စိတ်ဓာတ်နဲ့လုပ်ရပ်က ထပ်တူကျ ကျိုးရှိပေစွ။ အားကျအတုယူမိတယ်။ မင်္ဂလာရှိလိုက်တာလို့ ရင်ထဲက ခံစားမှုနဲ့ အစ်မမွေးနေ့မှာ ရင်ဖွင့်နိဒါန်းစကားဆိုတာပါ။

အချိန်ကာလတစ်ခုကို တကုတ်ကုတ်နဲ့ တရွေ့ရွေ့ဖြတ်သန်းလာခဲ့တာ မွေ့နေ့တွေ တကျော့နှစ်ကျော့ နှစ်တွေသီလို့ အတိုင်းအတာ တစ်ခုထိ ရောက်ခဲ့ပေါ့နော်။ အချိန်ပေါ် ဘဝထပ်ပြီး ဖြတ်သန်းလာခဲ့ရတော့ ခရီးက ဘယ်ချောမွေ့ပါ့မလဲ။ လူတစ်ကိုယ် အကြောင်းပါ ဒုက္ခကိုယ်စီနဲ့ပေါ့။ ဒုက္ခတွေ ခံစားတွေ့ကြုံရချင်းအတူတူ ရင်ဆိုင်ပုံကျတော့ မတူကြဘူး။ တံငါနားနီး တံငါလို၊ ဘုရားနားနီးတော့ တရားနဲ့ပေါ့။ ဒီနေရာမှာ ကျွန်တော်တို့အတွက် ဘုရားဆိုတာ သံဃာ့အနားချည်းကပ်တာပဲလို့ ဆိုချင်ပါတယ်။ မချည်းကပ်ဘဲတွေ့ရရင် ရုပ်ထုမျှသာ၊ သံဃာ့အပါး ချည်းကပ်ပါမှ ဘုရားရှင်၏ ဂုဏ်ကျေးဇူးကို သိရှိနားလည်ပြီး ကြည်ညိုသဒ္ဓါ ပေါကြွယ်ခွင့်ရကြ၊ ထိုမျှမက ဘဝဒုက္ခသံသရာစက်ရဟတ်ကို ဝိဇ္ဇာဝရဇိန်လက်နက်ဖြင့် ဖြိုခွင်းဖျက်နိုင်ခွင့်လည်း ရကြတယ်။

ဒါနဲ့ဆက်စပ်ပြီး အစ်မသန်းသန်းစိန်ကို နောက်တစ်ခု အားကျအတုယူတာက လောကဓံပေါ် အစ်မရဲ့တုံ့ပြန်ပုံပါ။ အစ်မက ပိုင်းလော့ ဆရာတော်ဘုရားကြီး၏ အဆုံးအမဖြင့် ပြည့်ဝနေတဲ့နှလုံးသား ပိုင်ရှင် တပည့်ကောင်းပါ။ ဆရာတော်ဘုရားကြီး၏ လက်တွေ့ ကျကျသင်ပြမှုကို လိမ္မာပါးနပ်တဲ့ တပည့်ကောင်းတစ်ဦး၏ နှလုံးသွင်းခံယူမှုနဲ့ လောကဓံကို အဆုံးမဖြင့်ထပ်တူချ ဖြတ်သန်းနေတာကို ကျွန်တော်အကဲခတ် အားကျမိပါတယ်။

လမ်းတကွေ့ ကံဆော်တွေ့ကြတဲ့ ဓမ္မမိတ်ဆွေများလည်း အားကျသင့်သည်ကို အားကျသင့် ကျင့်သုံးနိုင်ကြစေကြောင်း နှင့် အစ်မလည်း ကျန်းမာစွာဖြင့် နောက်ထပ်နောက်ထပ် ထပ်လောင်းကျိုးမျှ လူ့ဘဝရခိုက် ကုသိုလ်ရနံ့ဖြင့် ဝေပါ့စေ…
လေးစားစွာဖြင့်
ဝင်းမြင့်
16/7/2012



http://thitsartayar.com/index.php?option=com_content&view=article&id=178%3A2012-07-16-17-07-01&catid=4%3A2009-02-05-02-13-38&Itemid=79

Saturday, July 21, 2012

ဘုန်းဘုန်း အရှင်သုနန္ဒာလင်္ကာရ (ပန်းကမ္ဘာ )၏ ပြောင်းဖူးငါးစေ့ပုံပြင် ( မွေးနေ့အမှတ်တရ )


(20.7.2012) တွင်ကျရောက်သော ဘလော့ဂါ မသစ္စာအလင်း ခေါ် ဒေါက်တာ သန်းသန်းစိန်၏ နှစ်ငါးဆယ် ပြည့် ရွှေရတုမွေးနေ့ကို ကြိုဆိုသောအားဖြင့် ရေးခြစ်လိုက်တာပါ၊ စာရေးသူရော သူရော လွန်ခဲ့တဲ့ (၂၀၀၉) ခုနှစ်ကတည်းက စာရေးလာခဲ့ကြတာ အခုဆိုရင် လေးနှစ်သက်တမ်းထဲကို ရောက်လာခဲ့ပါပြီ၊ အခုအချိန်အထိ မွေးနေ့ရှင်ဟာ အလုပ်တွေ မအားလပ်တဲ့ကြားကနေ သဘာဝသစ်ပင်ပန်းမာန်များနဲ့ အနာဂါတ်လူငယ်များကို ပြုစုပျိုးထောင်နေသလိုပဲ ၀ိပဿနာပျိုးပင်များကိုလဲ ရှင်သန် တိုးပွားအောင်၊ ဖြစ်ထွန်းအောင် ကြိုးစားနေတာ သတိထားမိပါတယ်၊
ဒါဟာ လူ့ဘ၀ရဲ့ သမိုင်းမှတ်တိုင်များ ဖြစ်သလို ဘ၀ကို လိုသလို ပုံသွင်းထုဆစ် နေတယ် လို့လဲ ဆိုနိုင်ပါတယ်၊  ဒီလိုနဲ့ နှစ်ငါးဆယ် သက်တမ်းကိုရောက် လာပါပကော၊ ဘ၀နေ၀င်ချိန်နဲ့ တစ်နှစ်နီးလာပြီ၊ ရှင်သန်ဖို့အချိန် သိပ်မကျန်တော့ဘူး၊ လုပ်စရာရှိတာ လုပ်နိုင် တာတွေ မြန်မြန်လုပ်တော့ လို့ သတိပေးနေသလိုပါပဲ။
 နောင်အနာဂါတ်ကာလများမှာ စတုတ္ထအမျိုးသမီးလို အမျိုးသမီးစွမ်းဆောင် ရှင်များ လောကအတွက် သာသနာတော်အတွက် စွမ်းစွမ်း တမံဆောင်ရွက်နိုင်သော ပုဂ္ဂိုလ်များ နေရာတိုင်းမှာ များများပေါ်ထွက် နိုင်ပါ စေ လို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

***************************************************************************
ပြောင်းဖူးငါးစေ့ပုံပြင် ( မွေးနေ့အမှတ်တရ )
( ၁ )
ဟိုရှေးရှေးတုန်းက အလွန်ချမ်းသာကြွယ်ဝ ပြည့်စုံတဲ့သူဋ္ဌေးကြီးတစ်ယောက်မှာ ဇနီးမယားလေးယောက် ရှိသတဲ့၊ သူဋ္ဌေးကြီးဟာ သူကွယ်လွန်ခဲ့ရင် ရွှေငွေဥစ္စာတွေ ထားတဲ့ဘဏ္ဍာတိုက်သော့ကို ဘယ်သူ့လက်ထဲ အပ်ရပါ့မလဲ၊ ဥာဏ်ရှိသူကို သော့အပ်မယ် ဆိုရင်တော့တစ်အိမ်သားလုံး တသက်တာ ချမ်းချမ်းသာသာ နေနိုင်ကြလိမ့်မယ်၊ ဘာမှ အစွမ်းအစမရှိသူလက်ထဲကို အပ်မိရင်တော့ မျိုးနွယ်စုတစ်ခုလုံး ဆင်းရဲကုန်လိမ့်မယ်၊ ဒီတော့  ငါ စမ်းသပ်မှုတစ်ခု လုပ်ကြည့်ရမှာပဲ- လို့ တွေးမိပြီး  မယားလေးယောက်လုံးကိုခေါ်ပြီး ပြောင်းဖူးငါးစေ့ စီကို တယောက်ချင်း လက်ထဲ  ထည့်ပေးလိုက်တယ်၊  ဒီနေ့က စပြီး ငါခရီးထွက်တော့မယ်၊ ခရီးထွက်တာက ၄-နှစ်လောက် ကြာလိမ့်မယ်၊ ဒီပြောင်းဖူးစေ့တွေကို သေသေချာချာ သိမ်းထားကြပါ လို့ မှာတမ်းခြွေပြီး ထွက်ခွာသွားသတဲ့။

ပထမဇနီးကတော့ -ဒေါသသမားလို့ပြောရမယ်၊  ဒီသူဋ္ဌေးကြီး ရူးများနေသလား မသိဘူး၊ ပြောင်းဖူးငါးစေ့ကို ပေးပြီး သေသေချာချာ သိမ်းထားဖို့များ အထူးတလည်မှာနေသေးတယ်၊ ဒီပြောင်းဖူးစေ့တွေများ ဘာလုပ် ရမှာလဲ၊ အလုပ်ရှုတ်တာပဲ ရှိတယ်၊ သိမ်းထားမနေဘူး ဆိုပြီး လွှင့်ပစ်လိုက်တယ် တဲ့၊
ဒုတိယဇနီးကတော့-လောဘသမား၊ အင်း ဒီပြောင်းဖူးစေ့တွေကို သေချာသိမ်းခိုင်းထားပုံထောက်ရင် ဧကန္တ အစွမ်းသတ္တိတစ်ခုခုတော့ ရှိရမယ် လို့ တွေးမိပြီး ပါးစပ်ထဲထည့်ကာ ၀ါးစားပြစ်လိုက်တယ် တဲ့။
တတိယဇနီးကတော့-မောဟသမား၊ ဘာမှ မသိဘူး၊ ဘာမှ မတွေးတတ်ဘူး၊ အင်း- သူဋ္ဌေးကြီးက သေချာ သိမ်းခိုင်းထားတယ် ဆိုတော့ မယားတို့ ၀တ္တရားရှိသည့်အတိုင်း သိမ်းထားတာမလွန်ပါဘူးလေ လို့တွေးမိပြီး  မပျောက်အောင် ပိုးထိုးမပျက်စီးအောင် သိမ်းဆည်းထားသတဲ့။
စတုတ္ထဇနီးလေးကတော့- ပညာဥာဏ်သမားဆိုတော့ သေချာတွေးတယ်၊ အော်- သူဋ္ဌေးကြီးကတော့ ပြောင်းဖူး ငါးစေ့ ပေးသွားပြီ၊ သူ့မှာ အကြံတစ်ခုခုတော့ ရှိရမယ်၊ သေချာသိမ်းထားလို့လဲ မှာသွားသေးတယ်၊ ဒါပေမယ့် သေချာသိမ်းထားရင်လဲ ၄-နှစ်ကြီးများတောင် ကြာအုံးမှာဆိုတော့ ပြောင်းဖူးစေ့တွေကို ငါ အစိုးမရဘူး၊ အနိစ္စသဘောနဲ့ ပျက်စီးသွားနိုင်တယ်၊ သိမ်းထားရင်လဲ မသေချာလှဘူး၊ ဒီတော့ ပျက်စီးတာလဲ မဖြစ်ရအောင် အကျိုးလဲ ရှိအောင် ငါလုပ်အုံးမှပဲ-လို့တွေးမိပြီး အိမ်နောက်ဖေးမှာ သေချာစိုက်ထားလိုက်တယ် တဲ့။
နောက်တော့ ပြောင်းဖူးပင်တွေ ပေါက်လာပြီး ပြောင်းဖူးတွေ ထွက်လာတယ်၊ အဲဒါကိုသေချာယူထား၊ သိမ်းထား၊ နောက်တဖန် ထပ်စိုက်၊ နောက်တော့ မျိုးပွားလာတဲ့အခါ ယာခင်းထဲမှာ ကျကျနန ထပ်စိုက်၊ မျိုးပွား - ဒီလိုနဲ့ လေးနှစ်ပြည့်တဲ့အချိန်မှာ ပြောင်းဖူးငါးစေ့ကနေ တိုးပွားလာလိုက်တာ သူဋ္ဌေးကြီးအိမ်မှာ ပုတ်ကြီးတွေ၊ အိပ်တွေ၊ ဂိုဒေါင်နဲ့တောင် သိမ်းဆည်းထားရသတဲ့။

လေးနှစ်ပြည့်လို့ သူဋ္ဌေးကြီး ပြန်လာတော့ အကြောင်းစုံကို သိရပြီး အလွန်တန်ဖိုးရှိတဲ့ ရတနာပစ္စည်းတွေ သိမ်းထားတဲ့ ဘဏ္ဍာတိုက်သော့ကို စတုတ္ထဇနီးလေးကို အပ်နှင်းပြီး အားလုံးသူ့စီမံချက်အတိုင်း လိုက်နာကာ မျှဝေသုံးစွဲကြပါ ဆိုပြီး အပ်နှင်းလိုက်တယ် တဲ့။ ပုံပြင်လေးကတော့ ဒါလောက်ပါဘဲ။
 (၂ )
စာရေးသူတို့ လောကကြီးမှာလဲ လောကီစီးပွားရေး ကြီးပွားရေးတွေမှာပဲဖြစ်ဖြစ်၊ လောကုတ္တရာ တရားဘက် မှာပဲ ဖြစ်ဖြစ် ကိုယ့်သန္တာန်၊ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေတဲ့ တန်ဖိုးထားသင့်တဲ့အရာတွေကို တန်ဖိုးမထားတတ်ပဲ အလဟဿဖြုန်းတီးလွှင့်ပစ်နေသူများလဲ ရှိနိုင်ပါတယ်။
ဒုတိယဇနီးလို လောဘတက်ပြီး မလုပ်သင့်မလုပ်ထိုက်တာတွေ၊ မပြောသင့်၊ မကြံစည်သင့်တာတွေ ကြံစီပြီး ကိုယ့်တစ်ယောက်ထဲကောင်းစားဖို့အတွက် အမှားများစွာကို ဆက်တိုက်လုပ်နေသူများလဲ တွေ့ရမှာပါ။

တတိယဇနီးလို ဘာမှ မတွေးတတ်၊ မကြံတတ်၊ မစဉ်းစားတတ်ပဲ လက်ရှိဘ၀ကို အရှိအတိုင်း တိုးတက် အောင်လဲ မကြိုးစားတတ်၊ ဆုတ်ယုတ်အောင်လဲ မလုပ်ပဲ တွေတွေဝေေ၀နဲ့ ဘ၀ကို အချည်းအနှီး အချိန်ဖြုန်း နေကြသူများလဲ ရှိနိုင်ပါတယ်။
လေးယောက်မြောက်ဇနီးလို ပုဂ္ဂိုလ်ကတော့ ရှာမှရှား၊ တကယ့်ပညာရှိ သူတော်ကောင်းလို့ ဆိုရမယ့်သူမျိုးပါ၊ အဲဒီလိုပုဂ္ဂိုလ်မျိုး လောကမှာ ရှိနေပြီဆိုရင် အစဦးဆုံး သူ့မိသားစု၊ သူ့ပတ်ဝန်းကျင်၊ သူ့မိတ်ဆွေအပေါင်းသင်း များနဲ့ နောက်ဆုံးမှာတစ်လောကလုံးကောင်းစားဖို့အတွက် အားကိုးရာ ဖြစ်နိုင်ပါတယ် တဲ့။ ဒါက လောကီ ကြီးပွားရေးနဲ့ ပက်သက်တာတွေပေါ့။
( ၃ )
လောကုတ္တရာရေးရာမှာလဲ ထိုနည်းတူပါပဲ၊ လူတစ်ချို့ဟာ ဘ၀သံသရာကနေ လွတ်မြောက်ဖို့အတွက်၊ ဒုက္ခ တွေ ချုပ်ငြိမ်းဖို့အတွက် နည်းလမ်းပေါင်းများစွာနဲ့ ကိုယ်စွမ်းနိုင်သလောက် ကြိုးစားနေခဲ့ကြတယ်၊ ကြိုးစား နေကြဆဲ၊ ဒီတော့ စတုတ္ထဇနီးလို ဖြစ်ဖို့လိုအပ်လှပါတယ်၊
အချို့သော ဓမ္မမိတ်ဆွေများဟာ ကိုယ်ရရှိခံစားနေတဲ့ စိုက်ပျိုးထားပြီးသား ၀ိပဿနာပျိုးပင်လေးတွေကို ဟာ- ဒါတွေက ဘာမှ မဟုတ်ပါဘူးကွာ၊ အလကား အချိန်ကုန်တာ၊ လူပင်ပန်းတာပဲ အဖတ်တင်တယ်၊ မတော်ရင် လမ်းကြောင်းလွဲပြီး ရူးတောင်သွားနိုင်တယ် ဆိုပြီး ပထမဇနီးက ပြောင်းဖူးစေ့တွေကို လွှင့်ပစ်လိုက်သလို ကိန်းဝပ်တည်ရှိနေပြီးသား ဓမ္မတွေကိုတောင် စွန့်လွှတ်တတ်ကြတယ်၊
လူအချို့ကတော့ ကိုယ်ခံစားပြီးသား အေးချမ်းမှုရသလေးကို ငါခံစားနေရတာတွေက ပိဋကတ်တော်တွေနဲ့လဲ မကိုက်ညီဘူး၊ ငါ ကြားဖူးဖတ်မှတ်-ဖူးထားတဲ့ အရာတွေနဲ့ တခြားစီပဲ လို့ တွေးမိပြီး ကိုယ့်အတွေးနဲ့ကိုယ် အားထုတ်ချင်စိတ် မရှိတော့ဘဲ ကိုယ့်ဘာသာ ဖျက်စီးပစ်တတ်ကြတယ်။
တစ်ချို့ကတော့ ဒီတရားတော်ရဲ့ အေးငြိမ်းမှု သန္တရသကို ငါခံစားရပြီ၊ ငါခံစားရရင် ငါ့ဘ၀အေးချမ်းလုံခြုံနေ ပြီပေါ့၊ ဘ၀သံသရာအတွက် ဘာမှ ပူပန်စရာမရှိတော့ဘူး ဆိုပြီး သူတပါးကို လက်ဆင့်ကမ်းဖို့  မျှဝေဖို့ မကြိုး စားတော့ဘဲ ကိုယ်တစ်ယောက်ထည်းသာ ခံစားနေရင်တော့ တတိယဇနီးလို သေချာသိမ်းထားတာနဲ့ တူသွား ပါပြီ။
အထက်ပါပုဂ္ဂိုလ်များလို မဟုတ်ပဲ ငါအေးချမ်းသလို သူတပါးတွေလဲ အေးချမ်းစေရမယ်၊ ငါ့ပတ်ဝန်းကျင်၊ ငါ့အသိုင်း အ၀ိုင်း၊ ငါ့မိတ်ဆွေအပေါင်းအသင်းအပါအ၀င် လူအားလုံးကို အေးချမ်းစေချင်တယ်၊ အေးချမ်းအောင် ငါ တတ်နိုင်တဲ့ဘက်ကနေ ဆောင်ရွက်မယ်၊ လောကီကြီးပွားရေးမှာပဲဖြစ်ဖြစ် လောကုတ္တရာ တရားဘက်မှာပဲ ဖြစ်ဖြစ် ဘာသာရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျမ္မာရေး၊ ပညာရေး၊ သာသနာတော်အရေး စသည်အားဖြင့် စွမ်းနိုင် တဲ့ဘက်မှာ ငါဆောင်ရွက်မယ် ဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ အားထုတ်ကြိုးပမ်းနေကြတာမျိုးလဲ တွေ့နိုင်ပါလိမ့်မယ်၊

ဒီတော့ အကျဉ်းချုပ်လိုက်ရင် ကိုယ်တိုင်တစ်ယောက်ထဲ မရုန်းထွက်ပဲ ပရဟိတစိတ်ထားဖြင့် ကိုယ့်မိသားစု၊ ပတ်ဝန်းကျင်မှ အစ လူအားလုံးကို မေတ္တာ၊ စေတနာ၊ အကြင်နာ၊  ကရုဏာ၊ မုဒိတာလက်များဖြင့် ဖေးမ ကူညီ စောင့်ရှောက်ကာ နောက်ဆုံးကိုယ့်သန္တာန်မှာ လောကဓံ အနိမ့်အမြင့်များနဲ့ ကြုံလာရင် ခံနိုင်စွမ်းရှိတဲ့ ယောနိ သော မနသိကာရ ဆိုတဲ့ ဥပေက္ခာတရားလက်ကိုင်ထားကြမယ် ဆိုရင် တလောကလုံး ဓမ္မအရသာကို ခံစားပြီး အေးချမ်းနိုင်ကြမှာ သေချာပါတယ်။
 အဲဒီလို လောကအကျိုး၊ ဘာသာသာသနာအကျိုး ဆောင်ရွက်ကြရာမှာ ဘုရားအလောင်းတော်ကြီးများ၏ ပရဟိတ၊ လောကဟိတ စိတ်ဓာတ်အတိုင်း မဆုတ်နစ်သောဇွဲလုလ္လဖြင့် ကြိုးစားကြရမှာ ဖြစ်ပါတယ်၊ ဗုဒ္ဓစာပေများ မှာ အမျိုးသားမှ စွမ်းဆောင်နိုင်တယ်၊  အမျိုးသမီးဖြစ်လို့ မဖြစ်နိုင်ဘူးဆိုပြီး ခွဲခြားထားတာမျိုး မရှိပါဘူး၊ အမျိုးသားသော အမျိုးသမီးသော ခွဲခြား နေစရာမလိုဘဲ ဘယ်သူမဆို ဆောင်ရွက် နိုင်ကြ ပါတယ်။
ဒီအကြောင်းအရာနှင့်ပက်သက်လို့ စာရေးသူတို့ ဂေါတမဘုရားအလောင်းတော်ဟာ သုမေဓာရသေ့ ဘ၀နဲ့ ပါရမီမဖြည့်သေးခင် လွန်ခဲ့သော ကမ္ဘာပေါင်း (၂၀) အသင်္ချေနှင့် ကမ္ဘာတစ်သိန်းအထက်တွင် ပေါရာဏ ဒီပင်္ကရာမြတ်စွာဘုရားပွင့်တော်မူစဉ် ဘုရားဖြစ်ချင်စိတ်ကြောင့် အမျိုးသမီးဘ၀နဲ့ အလှူဒါနများပြုကာ ဆုတောင်း ခဲ့ဖူးပါသတဲ့၊ နောက်တော့မှ အမျိုးသားဘ၀ကို ရရှိအောင် အရင်ဆုံး ဆုတောင်းပြီး ပါရမီတော်တွေ ဖြည့်ဆည်းသင့်ကြောင်း ပေါရာဏဒီပင်္ကရာဘုရားရှင်က ညွှန်ကြားတော်မူခဲ့ရတာပါ။  ဒီအကြောင်းနဲ့ ပက်သက် လို့ ဇာတကပါဠိတော်များနဲ့ ဓမ္မပဒဒေသနာများမှာ မြတ်စွာ ဘုရားရှင်ဟောကြားထား ခဲ့တဲ့ ဂါထာလေးတပုဒ်ကို သွားသတိရမိတယ်၊
န သော သဗ္ဗေသု ဋ္ဌာနေသု၊ ပုရိသော ဟောတိ ပဏ္ဍိတော၊
ဣတ္ထီပိ ပဏ္ဍိတာ ဟောတိ၊ တတ္ထ တတ္ထ ၀ိစက္ခဏာ၊
အဓိပ္ပါယ်ကတော့ လောကမှာ အရာခပ်သိမ်း ယောကျားတွေချည်းပဲ ပညာရှိတာ မဟုတ်ပါဘူး၊ အမျိုးသမီး များဟာလဲ သူတို့ကျွမ်းကျင်ရာ စွမ်းနိုင်ရာများမှာ စဉ်းစားဝေဖန်သုံးသပ်နိုင်ကြပါပေတယ်၊ ပညာရှိကြပါပေတယ်- လို့ ဟောတော်မူခဲ့တယ်၊
လဟုံ အတ္ထံ ၀ိစိန္တိကာ- အကျပ်အတည်း ဘေးအန္တရာယ် ကြုံလာပြီဆိုလျင် တခဏချင်း ဖြေရှင်းနိုင်စွမ်း ရှိကြပါ တယ်၊ brainwave, keen mind တင်္ခဏုပ္ပတ္တိဥာဏ်( တခဏချင်း ဖြစ်ပေါ်လာသောဥာဏ် ) နဲ့ ပြည့်စုံကြ ပါပေတယ်- လို့လဲ ထပ်လောင်း ချီးမွမ်းတော်မူခဲ့တယ်၊
ဒီအချက်နဲ့ ပက်သက်လို့ ရေးချင်စရာတွေကတော့ အများသားကလား၊ ဒါပေမယ့် ထင်ရှားတဲ့အဖြစ် အပျက် လေးကိုတော့ ဖော်ပြချင်သေးတယ်၊ ဘုရားရှင်လက်ထက်က ပသေနဒီကောသလမင်းကြီးက အသဒိသဒါန ပေးလှူရာမှာ တိုင်းပြည်အုပ်ချုပ်သူ ရှင်ဘုရင်ဖြစ်နေပါလျက် တိုင်းသူပြည်သားများထက် သာလွန်အောင် မစီမံနိုင်လို့ မအိပ်နိုင် မစားနိုင် ဖြစ်နေတာကို မိဖုရားကြီး မလ္လိကာ သိလို့ မေးတော့မှ အရှင်မင်းကြီးနှယ်- ဘာခက်တာ လိုက်လို့၊ ဘုရင်လုပ်နေပြီး တော်တော် အ-တတ်ရန်ကော- တိုင်းသူပြည်သားတွေမှာ မရှိနိုင် မရနိုင်တဲ့အရာဝတ္ထုတွေကို စီမံပြီး လှူရင် သူတို့ ရှုံးမှာ သေချာပါတယ် ဆိုပြီး ဆင်အစီးပေါင်းများစွာ၊ မြင်းအစီး ပေါင်းများစွာစသည် စီမံခိုင်းလိုက်တာ ဘယ်သူမှ မယှဉ်ပြိုင်နိုင်တဲ့ အသဒိသဒါန အလှူကြီးအောင်မြင် သွားတော့တယ်၊
ဒီနေရာမှာ ကောသလဘုရင်ကြီးက မကြံစည်နိုင်လို့ မအိပ်နိုင် မစားနိုင်ဖြစ်နေတာကို မလ္လိကာက တခဏလေးအတွင်းမှာ acuity and insight ဖြန့်ထွက်၊ ဖောက်ထွက်၊ စဉ်းစားဥာဏ်မျိုး ပေါ်လာတာ ချီးကျူး စရာပါ။ အနှစ်ချုပ်ရရင် အမျိုးသား၊ အမျိုးသမီး ဘယ်သူမဆို လောကီကြီးပွားရေးမှာပဲဖြစ်ဖြစ်၊ လောကုတ္တရာ ဓမ္မရေးရာမှာပဲဖြစ်ဖြစ် မိမိရဲ့ ၀ိပဿနာပျိုးပင်လေးများကို လက်လှမ်းမှီသလောက် ထပ်ဆင့်တိုးပွားအောင် ဆောင်ရွက်နိုင်ကြပါစေ လို့ တိုက်တွန်းစကားဆိုလိုက်ပါရစေ..။

မေတ္တာဖြင့်
အရှင်သုနန္ဒာလင်္ကာရ M.A ( ပန်းကမ္ဘာ)

www.dhammayaungchi.com
www.dhammapalace.org
Date-18.July.2012

Monday, July 16, 2012

နှစ် ၅ဝ-အတွင်း စီးချင်းထိုးခဲ့ရသည့် ထိုတိုက်ပွဲများတွင်...

ဘုန်းဘုန်း ဦးလောကနာထ (http://www.lknt.org) -၏ ချီးမြှင့်မှု အမှတ်တရ လက်ဆောင်ပုံကလေးပါ။ ဘုန်းဘုန်းကတော့ အောင်ပွဲတွေအလီလီ ရယ်လို့ အားပေးစကား ဆိုပါတယ်..။
 အမှတ်တရ ဆုံးမစာလေး နဲ့ ပန်းချီပုံလှလှလေး ကတော့ သတိ သံဝေဂ အမြင် နဲ့ သင်္ခန်းစာ ယူစရာ ကောင်းနေပါတယ်..။
ဘာတွေလုပ်သင့်ပြီလဲ ကိုပါ ဆက်လက် ဟောကြားဆုံးမပေးပါဘုရား။ 
ဘုန်းဘုန်း ဦးလောကနာထ ကျန်းမာချမ်းသာပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သ လျက် ဦးတင် ကန်တော့အပ်ပါတယ်။
မေတ္တာဖြင့်
သစ္စာအလင်း 

Sunday, July 1, 2012

ရှင်းသန့်စင်ကြယ်သော ၀ါဆိုဦး သို့ ရည်စူးလျက်


မေမေချစ်သောသားသားနဲ့မီးမီးရေ..

မကြာခင်မှာ ငြိမ်းချမ်းအေးမြသော မိုးရေစက် တို့ နဲ့ လွှမ်းခြုံထားတဲ့ ၀ါဆိုဦးကာလ တစ်ခုကိုကူးပြောင်း ရောက်ရှိ ပြန်ပေအုံးတော့မယ်….။ 

ဒီတစ်ဝါဆို ခဲ့ရင် တော့မေ့မေ့ ရဲ့ ကျေးဇူးတော်ရှင်ပိုင်းလော့ဆရာတော်ဘုရားကြီး က များပြားလှ တဲ့ ရန်ကုန် မှာ တပည့် ဒါယိကာ ဒါယိကာ မများပရိသတ်ကို ထားရစ်ခဲ့ကာ ပြင်ဦးလွင်မှာ ၀ါဆိုမယ် ဆိုတဲ့ သတင်းလေးကို တဆင့်စကားနဲ့ ကြားသိရပါတယ်..။ အော်…. ၀ါဆိုသင်္ကန်း ကပ်လှူဒါန်းခွင့် မရနိုင်တော့ ပြီကော..။

ဆရာသခင်ကျေးဇူးရှင် ရဲ့ အရိပ် နဲ့ဝေး နေကာမှ….ကျေးဇူးဆပ်လိုလျှင်  ဆုံးမသွန်သင်တဲ့အတိုင်း ကျင့်ကြံနေထိုင်နိုင် အောင်ကြိုးစား ဘို့ကို သတိရမိပါတယ် ..ကလေးတို့ရေ..။

မေမေ ကတော့ မေမေ နှစ်ရှည် လများ သင်ယူလေ့ကျက်လာတဲ့ လောကီစာပေ တွေ ဟာ မေမေ့ကို မာန တရားတွေ နဲ့ နိမ့်ကျ စေမှာ… ဂုဏ်မောက် တဲ့စိတ် နဲ့ ပလွှားနေမိမှာ စိုးလှပါတယ်..။ 

သတိဆိုတာကလည်းအခါခပ်သိမ်း တည်ရှိ နိုင်နေတာမဟုတ် လေတော့ တစ်ခါတခါ ကျေးဇူးတရား ကိုမေ့ တတ်တဲ့  မမြင်မိတဲ့အခါ မာန ဆိုတာ မိုးရေစက်တွေကြောင့်  ပေါ်လာတတ်တဲ့ မှိုပွင့်လေးတွေလို ပေါ်ပေါ်လာတတ်တာ အမှန်ပါပဲကလေးတို့ရေ..။ 

ကျေးဇူး တရား ကိုမြင်အောင်ကြည့် ဘို့ သင်ကြားပေး ခဲ့သော်လည်း တကယ်တမ်းကျရင်မာန လက်နက်ကိုသာ ထုတ်ထုတ် သုံးတတ်တာ အကျင့်ပါနေခဲ့ပါ တယ် ကလေးရေ..။ မာန နဲ့ အတူ အပြစ်တင်လိုစိတ် မကောင်းမြင်စိတ်တွေပါလာတော့ နှုတ်နဲ့ဖြစ်စေ..စိတ်နဲ့ ဖြစ်စေ ပြစ်မှား မိတာပေါ့နော်..။
မသိနားမလည်လို့ ပြစ်မှားများမိတဲ့ ကာယကံ ဝစီကံ မနောကံတွေကို Computer ထဲက File ဟောင်းတွေရှင်း လင်းပြီးDelete လုပ်သလို ရှင်းပြစ်ရပါလိမ့်မယ်..။
မာန ဖိုင်…၊အာဃာတဖိုင်…….၊
အညှိုးအတေးဖိုင်တွေ…အမုန်းဖိုင်တွေ….အကုန်ပါတယ်နော်..။

ပြစ်မှားမိသူများကို တောင်းပန်ဝန်ချမှုနဲ့ အတူ ကိုယ့်ကို ပြစ်မှားသူများကိုလည်း ခွင့်လွှတ်စိတ်နဲ့ အတူ Delete လုပ်ကြရပါလိမ့်မယ် ကလေးတို့ရေ…။
ခင်ပွန်းကြီး၁၀ပါးကန်တော့ပွဲနဲ့ အတူသားသားနဲ့ မီးမီးတို့ကို အမှတ်တရဖြစ်စေမဲ့ စကားလက်ဆောင်ပါးရအောင် သည် တစ်ခါ သမိုင်းကြောင်းလေးကို ရေးဘို့ စဉ်းစားမိခဲ့ပါတယ်..။
သည် ခင်ပွန်းကြီး ၁၀ပါး ကန်တော့ပွဲ ကျင့်စဉ် သည် ဘုရားဟော တရားများကို မှတ်တမ်းတင် ထားတဲ့ ပိဋကတ်သုံးပုံတွင် မပါဝင်ပါ ကလေးတို့ရေ..။

ဝိသုဒ္ဓိမဂ် တွင် ပါဝင်တဲ့ ဇာတ်လမ်းလေးတစ်ပုဒ် ကို သားတို့ကို ပြော ပြချင်ပါတယ်..။တစ်ခါ က ရဟန်းနှစ်ပါးဟာ အတူ ဆွမ်းခံထွက် ကြတာ…။အသက် ကြီးတဲ့ ရဟန်း ဟာ လေနာရောဂါရှိတော့ ဆွမ်းခံပြန်ရာ လမ်းတစ်နေရာရဲ့ လမ်းပေါ်မှာ ပဲ ယာဂုဆွမ်းကို မော့သောက် ဘုဉ်းပေးလိုက်ပါတယ်..။ဒါကို ရဟန်းငယ် ကစိတ်ထဲက တွေးမိသတဲ့..။

လမ်းမှာတောင် မအောင့်အီးနိုင်ပဲ သောက်တာဆိုတော့ (အသက်ကဖြင့်ကြီးလှပြီ…ကျောင်းရောက်မှသောက်တာ မဟုတ်..သည်လို ဘုန်းကြီးမျိုး ရှိလို့ တို့သာသနာ ရှက်စရာကောင်းတာ)လို့ စိတ်ထဲက ကဲ့ရဲ့ပါတယ်..။သူ့ရဲ့ စိတ်အတွေးကို ယာဂုဘုဉ်းပေးတဲ့ ရဟန်း ကြီးကသိတော် မူတဲ့ အတွက်…နှုတ်က ဖွင့်မေးပါတယ်..ငါ့ရှင် သာသနာ မှာ ထောက်ရာ တည်ရာ ရခဲ့ပါပြီလားလို့မေးတဲ့ အခါ….ရဟန်းငယ်က သောတာပန်တည် ပြီးပါ ပြီ..လို့ ပြန် ဖြေပါတယ်..။
တရားဆက် အားမထုတ်နဲ့တော့လို့ ပြန်ပြော ပါတယ်.. အရိယာ ပုဂ္ဂိုလ်ကို ပြစ် မှားမိခဲ့တာ ဖြစ်သွားတာ ဆိုတာကို ရဟန်းငယ်က ချက် ချင်းသဘော ပေါက်ပါတယ်..။
ထိုရဟန်းသည် ရဟန္တာ ဖြစ်တယ် ဆိုတာ ချက်ချင်းသိသွားတော့ ချက်ချင်းတောင်းပန် ကန်တော့လိုက် တာ သူ့ရဲ့ အပြစ်ဟာချက်ချင်း ပြေပျောက် သွားခဲ့ရပါတယ်..။
ဝိသုဒ္ဓိမဂ်လာ သည် ဇာတ်လမ်းလေးကို အခြေခံ ပြီးတော့ မြန်မာ့ယဉ်ကျေးမှု နယ်ပယ် မှာ ထည့်သွင်းပေါင်းစပ်ပြီး မာန်လည်ဆရာတော် ဘုရားတို့ တခြားသောဆရာသမားများက သည် လင်္ကာလေးကို ရေးသားခဲ့ပါတယ် ကလေးတို့ရေ..။

အရိယာဇာတ်၊ ပုဂ္ဂိုလ်မြတ်ကို၊ပြောတတ်ပြစ်ဆို၊ အမျက်သို၍
မလိုရန်မျိုး၊ထိုသူမျိုးဝယ်၊ဆယ်မျိုးပြစ်ဒဏ်ရမြဲမှန်ခဲ့..။ 

သွေးအံဖြစ်လွယ်၊ရောင်းဝယ်ရှုံးခြင်း၊
ချို့ယွင်းအင်္ဂါ၊ နူနာ ကုဌ
ရှုးကြဖောက်ပြန်၊မင်းဒဏ်သင့်ခန်း၊ကြမ်းတမ်းစွပ်စွဲ၊
သေကွဲသားချင်း ပျက်ခြင်းစည်းစိမ်၊
နေအိမ်မီးလောင်၊ဒုက္ခကောင်သည် ၊
လု့ဘောင် ဒိဌ ၊ တွေ့ ကြုံရ၍
သေကမလွဲ၊ အပါယ်ငရဲဝယ် ကမ္ဘာစွဲ၏..။

ရောက်ဆဲလူ့ပြည် တက် ပြန်လည်သော်..။
ကျက်သရေမွဲ၊မဂ်ဖိုလ်လွဲသည်…
အမြဲကြမ္မာ ဝဋ်ကြောင်းပါသည်…ရှောင်ရန် ဓမ္မအန္တရာယ်တည်း။

(မဂ်တား၊ဖိုလ်တားပါဖြစ်တတ်ပါတယ်..။)

မေမေတို့ ပိုင်းလော့ဆရာတော်ဘုရား စာ အုပ် မှာကတော့ အလယ် အပိုဒ်ကို ဖေါ်ပြ ထား ပါတယ်..။
ဆရာတော်ဘုရားရဲ့ ကျောင်းကတရားစခန်းပွဲတွေမှာ…မဂ်ဉာဏ် ဖိုလ်ဉာဏ် လက် လှမ်းမှီဘို့ အတွက် တားမြစ်ပိတ်ဆို့ထားတဲ့ ပြစ်မှားကံတွေပြေပျောက်အောင် သစ္စာလေးပါးမဟောခင် ညနေမှာ အမြဲစီစဉ်ကန်တော့စေတာ ဖြစ်ပါတယ်..။

သည်ကဗျာကို ဓမ္မစေတီဆရာတော်ဘုရားရဲ့ ဆရာ တော် ဦးဥက္ကံသဗုဒ္ဓိက လွန်ခဲ့ တဲ့ အနှစ်၇၀ကျော် ကတည်း ကရရှိ ထိမ်းသိမ်းထားပြီး ဆရာတော်ကို ပေးခဲ့ တာ ဖြစ်ပါတယ်..။မူရင်းကို ဓမ္မစေတီဆရာတော်ဘုရားက ထိန်းသိမ်းထားခဲ့တာဖြစ်ပါတယ်..။

အခုခေတ် တွင်တွင်ကျယ် ကျယ် ဖြစ်နေတာ ကတော့ ယခု နိုင်ငံတော် သံဃာ့ဝန်ဆောင်ဆရာတော် ဒုတိယဥက္ကဋ္ဌ ဖျာပုံတိုက် သစ်ဆရာတော် ဦးသြဘာသာဘိဝံသ ရေးသားတဲ့ သုတေသနရုပ်ပြ အဘိဓာန်မှာ ဖေါ်ပြခဲ့တာ ကို ကိုးကားကြတာ လို့ ဓမ္မစေတီဆရာတော် က ဆိုပါတယ် ကလေးတို့ရေ..။
အဲဒီဆရာတော်ဘုရားကိုးကားသော ဇာတ်ကလည်း တေမိဇာတ်ကိုမှီ ငြမ်းခဲ့တာ ဖြစ်ပါတယ်..။အဲဒီတေမိဇာတ်မှာလည်း ခင်ပွန်းကြီး၁၀ပါးရယ် လို့ တိတိကျကျရေတွက်ပြမထားပါဘူး..။မိဘ နှစ်ပါးကို စိတ်ဆင်းရဲစေမှု မပြုပါနဲ့လို့သာ ပါပါတယ်..တဲ့..။
                                                                                                        
လူတွေဟာ မစ္ဆရိယ စိတ်ရှိကြတဲ့ အတွက် သူတစ်ပါးကိုပြစ်မှားတတ်ပါတယ်..။
အဲဒီ မစ္ဆရိယ (မိမိစည်းစိမ်ကို လှို့ဝှက် ဝန်တိုခြင်း)ကြောင့်အရိယာတို့ကို စွပ်စွဲခြင်းဆိုတဲ့ အရိယူပဝါဒကံ ထိုက်တတ် လို့ ရှေးဆရာတော် ဘုရားကြီးများ က လောကနီတိ အဖြစ် ချန်ထားခဲ့တယ်လို့ပဲသတ်မှတ်ရမှာပါပဲ..။

အခု သည် နည်းကို သင်ကြားဆုံးမပေးတဲ့ ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော် ဘုရားကြီး က တရားမဟောခင် မှာ ၆နှစ်လောက်လက်တွေ့စမ်းသပ် ပြီးမှ တောတွေမှာ စဟောတာ..အထောက် အထားများစွာ မှတ်တမ်းတင် ပြီးသားတွေရှိနေပါတယ်..။

ဆရာသမားရဲ့ ဆုံးမ မှုကြောင့်အသက် ၅၀ကျော်မှာ မှမြို့ပေါ်တက်ခဲ့တယ်..နောက်တော့ရဟန္တာ ကြီးများရဲ့ အိမ်မက်ပေးချက်အရ..နိုင်ငံခြားတိုင်းပြည်တွေ ကို ပါ ဆရာတော် ရောက် ရှိဟော ကြားခဲ့လို့ မေမေတို့ ကံကောင်းစွာ ရရှိခဲ့တာ ဖြစ်ပါတယ် ကလေးတို့။

တကယ် လို့ ဓမ္မစေတီဆရာတော် က ကျမ်းကိုးကျမ်းကားနဲ့ထောက် ပြပြောဆိုခဲ့ရင်လည်း ပိုင်းလော့ဆရာတော် ဘုရားကြီးက လက်ခံမှာ ပါပဲ.. မာန်မာန မှ မရှိတော့တဲ့ အပြင် ကျေးဇူးတောင် တင် အုံးမှာ ပါပဲ..။ပြောပြပြီးလောက်ပြီလို့ယူဆရပါတယ်..။
ပိုင်းလော့ဆရာတော်ဘုရားကြီးက ဓမ္မစေတီဆရာတော် ဘုရားရဲ့ ထက်မြက်မှု နဲ့ ပိဋကတ်စာပေ ကျွန်းကျင်မှုကို ချစ်ခင် မြတ်နိုးတာ ကို သူတို့ နှစ်ဦး မုံရွာကို တရားဟော တူတူ သွားခဲ့တာ ၊ရင်းနှီးခဲ့ကြတာ တရားတွေထဲမှာမေမေ နာယူရဘူးပါတယ်..။

ဓမ္မစေတီဆရာတော် ကလည်း ရိုးသားတဲ့ စကားတစ်ခွန်းမိန့်ဘူးတယ်..သူဟောတဲ့ တရာေးတွက စာပေကျွမ်းကျင်တဲ့ ဒေသနာ ဉာဏ်နဲ့ပြောတတ်ဆိုတတ်တာဖြစ်တယ်..ပိုင်းလော့ဆရာတော်ဘုရားကတော့ ကိုယ်တိုင် ထိုးထွင်းသိတဲ့  ပရိဝေဒဉာဏ် နဲ့ ဟော တာလို့သူ့ရဲ့တရားတစ်ပုဒ်မှာ ဟောဘူးပါတယ်..။

ခြုံငုံပြီး ပြောရရင် ..မေမေ ကြိုက်တဲ့ အချက် ကတော့…အခိုင်အမာ ပြဆိုထားတဲ့ ဘုရားဟောတစ်ခုဖြစ်ပါတယ်...။ ဘဝသံသရာရှည် လွန်းလို့ မတော်ဘူးတဲ့ ဆွေမျိုး၊အမိ အဖ မရှိ..။ထို့ကြောင့် လောက ၌ ပြစ်မှားခြင်းငှာ ထိုက်သော သူ ဆိုတာမရှိလို့ ပိုင်းလော့ဆရာတော်ဘုရားကပြဆိုတာကို ပါ..။

အဲဒီ အသိလေးဝင်လာတော့…မေတ္တာ တွေပွားရတာ အလွန် လွယ်ကူလာ ပါတယ်..။တစ်ဦးနဲ့ တစ်ဦးဟာ မဆိုင်သလို ခြံစည်းရိုးခြားမနေတော့ပဲ တစ်လောကလုံးရှင်းလင်းတဲ့ အမြင်နဲ့..လုံခြုံနွေးထွေးလာပါတယ်..။

ကျေးဇူးမြင်ရင် မေတ္တာပေါ်သည်။ ကျေးဇူးပျောက်ရင် မာန ပေါ်သည်..။
မေတ္တာ ဖြစ်ပေါ်စေသော အနီးကပ်ဆုံးအကြောင်းရင်းသည် ကျေးဇူးကိုဖေါ်ပြပေးခြင်းဖြစ်သည်..။

မေတ္တာနဲ့ကျေးဇူးတရားကို ကျွမ်းကျင်သွားတော့ လောကီအောင်မြင်ရေးလှို့ဝှက် ချက် တံခါးတစ်ချပ်ပွင့်သွားတဲ့သဘောလို့ပဲမေမေခံယူပါတယ်..။မေမေပထမရေးခဲ့ဘူးသလို..

လက်ရှိအခြေအနေ+ ? =သုံးလို့ မကုန် လှူ လို့ မခမ်း ချမ်းသာ ကြွယ်ဝသော ဘ၀အခြေ နေ

ပထမမေး ခွန်းရဲ့ အဖြေက..သာ မာန် လူသား ဘ၀ကနေ ၃၂ပါး သော ယောင်္ကျား မြတ်တို့လက္ခဏာဖြင့် ပွင့်ထွန်းတော် မူသော ဘုရား အဖြစ်သို့ရောက်အောင် ဖြည့် ဆည်း ခဲ့တဲ့ ၁၀ပါးသော ပါရမီ ကို ဖြည့်ကျင့်ရမယ် တဲ့…မေမေက ဆရာတော် အရှင် ဆန္ဒာဓိကတရားတော် ထဲက နေ ဆရာတော် ကျက် ခဲ့ သလို မှတ်ရလွယ်အောင်..

ဒါန၊ သီလ၊ နိက္ခမ္မ ၊ပညာ့ ၊၀ီရိ ယာ။
ခန္တီ ၊သစ္စ၊ ဓိဌာန ၊မေတ္တ၊ ဥပေက္ခာ..။

လို့ ကျက် ထားပါ..။ဆရာတော် ဘုရားက.. ၁၀ပါးသောပါရမီ မို့ ခက် မယ် ထင် မှာ စိုးလို့ နည်းကောင်းပေးတယ်..။ မေတ္တာ ပါရမီ က စကျင့်ရင် ၁၀ပါလုံး ဖြည့် ကျင့် ပြီးသား ဖြစ် သွား မယ်တဲ့.. စဉ်း စား ကြည့်လေ..။

တဘက် သား ကို ပေးလှူ ဘို့ ဒါနပါရမီ စတင်တဲ့ အခါ ချစ် မှ.. မေတ္တာ ရှိ မှ ပေး လို့ ရတာ မဟုတ်လား။
မေတ္တာ ရဲ့ အရှိန် အဟုန် နဲ့.. အပင် ပန်းတွေ ခံ နိုင် တော့ ခန္တီ ပါရ မီ ဖြစ် သွားတယ်..။အာရုံခံစားမှုများကို ကိုယ် ခံစား မယ် သုံးဆောင်မယ် ဆိုတဲ စိတ်ကို ချိုး နှိမ် နိုင်တော့ နိက္ခမ ပါရမီ ဖြစ် သွားတယ်..။မဖြစ် ဖြစ်အောင် လုပ် မယ် ဆိုတဲ့ဆုံးဖြတ်ချက်နဲ့ဆိုတော့ အဓိဌာန ပါရမီ တွေ..ဖြည့် ကျင့်ရာရောက် ပါတယ်..။ထမြောက်အောင်မြင်အောင်လုပ်တော့ ဝီရိယပါရမီ ဖြစ်သွားပါတယ်..။
 ဉာဏ် နဲ့ ချဲ့ ထွင် စဉ်းစားကြည့်ပါနော်..ဒါဆို.. ပထမမေး ခွန်း ရဲ့ အဖြေ ရပါ ပြီကလေးရေ…။

နိဂုံးချုပ်ရရင်တော့ ပါရမီကျင့်စဉ် တစ်ခု အဖြစ်လည်းကောင်း၊ မိမိကိုယ် ကို နှိမ့်ချတောင်ပန် ခြင်း။ပူဇော်ထိုက်သူကို ပူဇော်တဲ့ မင်္ဂလာ တရားတော် နဲ့လည်းကိုက်ညီတဲ့ ကျင့်စဉ်လေး အဖြစ်ဝါဆိုဦးးအချိန် ကာလသမယမှာ တန်ဘိုးထားလုပ်ဆောင် ကြတာပေါ့ကလေးတို့ရေ..။

အပြစ်များမှရှင်းသန့်စင်ကြယ်သော ကလေးများ ဖြစ်ကြပါစေ…။

ချစ်သောမေမေ
(ဤစာစု ဖြင့် ပြင်ဦးလွင် တွင်ဝါဆို မည့် ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရား အမြန်ဆုံး ကျန်းမာချမ်းသာပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သ လျက် ဦးတင် ကန်တော့အပ်ပါတယ်။ )

မေတ္တာဖြင့်
သစ္စာအလင်း