Saturday, July 21, 2012

ဘုန်းဘုန်း အရှင်သုနန္ဒာလင်္ကာရ (ပန်းကမ္ဘာ )၏ ပြောင်းဖူးငါးစေ့ပုံပြင် ( မွေးနေ့အမှတ်တရ )


(20.7.2012) တွင်ကျရောက်သော ဘလော့ဂါ မသစ္စာအလင်း ခေါ် ဒေါက်တာ သန်းသန်းစိန်၏ နှစ်ငါးဆယ် ပြည့် ရွှေရတုမွေးနေ့ကို ကြိုဆိုသောအားဖြင့် ရေးခြစ်လိုက်တာပါ၊ စာရေးသူရော သူရော လွန်ခဲ့တဲ့ (၂၀၀၉) ခုနှစ်ကတည်းက စာရေးလာခဲ့ကြတာ အခုဆိုရင် လေးနှစ်သက်တမ်းထဲကို ရောက်လာခဲ့ပါပြီ၊ အခုအချိန်အထိ မွေးနေ့ရှင်ဟာ အလုပ်တွေ မအားလပ်တဲ့ကြားကနေ သဘာဝသစ်ပင်ပန်းမာန်များနဲ့ အနာဂါတ်လူငယ်များကို ပြုစုပျိုးထောင်နေသလိုပဲ ၀ိပဿနာပျိုးပင်များကိုလဲ ရှင်သန် တိုးပွားအောင်၊ ဖြစ်ထွန်းအောင် ကြိုးစားနေတာ သတိထားမိပါတယ်၊
ဒါဟာ လူ့ဘ၀ရဲ့ သမိုင်းမှတ်တိုင်များ ဖြစ်သလို ဘ၀ကို လိုသလို ပုံသွင်းထုဆစ် နေတယ် လို့လဲ ဆိုနိုင်ပါတယ်၊  ဒီလိုနဲ့ နှစ်ငါးဆယ် သက်တမ်းကိုရောက် လာပါပကော၊ ဘ၀နေ၀င်ချိန်နဲ့ တစ်နှစ်နီးလာပြီ၊ ရှင်သန်ဖို့အချိန် သိပ်မကျန်တော့ဘူး၊ လုပ်စရာရှိတာ လုပ်နိုင် တာတွေ မြန်မြန်လုပ်တော့ လို့ သတိပေးနေသလိုပါပဲ။
 နောင်အနာဂါတ်ကာလများမှာ စတုတ္ထအမျိုးသမီးလို အမျိုးသမီးစွမ်းဆောင် ရှင်များ လောကအတွက် သာသနာတော်အတွက် စွမ်းစွမ်း တမံဆောင်ရွက်နိုင်သော ပုဂ္ဂိုလ်များ နေရာတိုင်းမှာ များများပေါ်ထွက် နိုင်ပါ စေ လို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

***************************************************************************
ပြောင်းဖူးငါးစေ့ပုံပြင် ( မွေးနေ့အမှတ်တရ )
( ၁ )
ဟိုရှေးရှေးတုန်းက အလွန်ချမ်းသာကြွယ်ဝ ပြည့်စုံတဲ့သူဋ္ဌေးကြီးတစ်ယောက်မှာ ဇနီးမယားလေးယောက် ရှိသတဲ့၊ သူဋ္ဌေးကြီးဟာ သူကွယ်လွန်ခဲ့ရင် ရွှေငွေဥစ္စာတွေ ထားတဲ့ဘဏ္ဍာတိုက်သော့ကို ဘယ်သူ့လက်ထဲ အပ်ရပါ့မလဲ၊ ဥာဏ်ရှိသူကို သော့အပ်မယ် ဆိုရင်တော့တစ်အိမ်သားလုံး တသက်တာ ချမ်းချမ်းသာသာ နေနိုင်ကြလိမ့်မယ်၊ ဘာမှ အစွမ်းအစမရှိသူလက်ထဲကို အပ်မိရင်တော့ မျိုးနွယ်စုတစ်ခုလုံး ဆင်းရဲကုန်လိမ့်မယ်၊ ဒီတော့  ငါ စမ်းသပ်မှုတစ်ခု လုပ်ကြည့်ရမှာပဲ- လို့ တွေးမိပြီး  မယားလေးယောက်လုံးကိုခေါ်ပြီး ပြောင်းဖူးငါးစေ့ စီကို တယောက်ချင်း လက်ထဲ  ထည့်ပေးလိုက်တယ်၊  ဒီနေ့က စပြီး ငါခရီးထွက်တော့မယ်၊ ခရီးထွက်တာက ၄-နှစ်လောက် ကြာလိမ့်မယ်၊ ဒီပြောင်းဖူးစေ့တွေကို သေသေချာချာ သိမ်းထားကြပါ လို့ မှာတမ်းခြွေပြီး ထွက်ခွာသွားသတဲ့။

ပထမဇနီးကတော့ -ဒေါသသမားလို့ပြောရမယ်၊  ဒီသူဋ္ဌေးကြီး ရူးများနေသလား မသိဘူး၊ ပြောင်းဖူးငါးစေ့ကို ပေးပြီး သေသေချာချာ သိမ်းထားဖို့များ အထူးတလည်မှာနေသေးတယ်၊ ဒီပြောင်းဖူးစေ့တွေများ ဘာလုပ် ရမှာလဲ၊ အလုပ်ရှုတ်တာပဲ ရှိတယ်၊ သိမ်းထားမနေဘူး ဆိုပြီး လွှင့်ပစ်လိုက်တယ် တဲ့၊
ဒုတိယဇနီးကတော့-လောဘသမား၊ အင်း ဒီပြောင်းဖူးစေ့တွေကို သေချာသိမ်းခိုင်းထားပုံထောက်ရင် ဧကန္တ အစွမ်းသတ္တိတစ်ခုခုတော့ ရှိရမယ် လို့ တွေးမိပြီး ပါးစပ်ထဲထည့်ကာ ၀ါးစားပြစ်လိုက်တယ် တဲ့။
တတိယဇနီးကတော့-မောဟသမား၊ ဘာမှ မသိဘူး၊ ဘာမှ မတွေးတတ်ဘူး၊ အင်း- သူဋ္ဌေးကြီးက သေချာ သိမ်းခိုင်းထားတယ် ဆိုတော့ မယားတို့ ၀တ္တရားရှိသည့်အတိုင်း သိမ်းထားတာမလွန်ပါဘူးလေ လို့တွေးမိပြီး  မပျောက်အောင် ပိုးထိုးမပျက်စီးအောင် သိမ်းဆည်းထားသတဲ့။
စတုတ္ထဇနီးလေးကတော့- ပညာဥာဏ်သမားဆိုတော့ သေချာတွေးတယ်၊ အော်- သူဋ္ဌေးကြီးကတော့ ပြောင်းဖူး ငါးစေ့ ပေးသွားပြီ၊ သူ့မှာ အကြံတစ်ခုခုတော့ ရှိရမယ်၊ သေချာသိမ်းထားလို့လဲ မှာသွားသေးတယ်၊ ဒါပေမယ့် သေချာသိမ်းထားရင်လဲ ၄-နှစ်ကြီးများတောင် ကြာအုံးမှာဆိုတော့ ပြောင်းဖူးစေ့တွေကို ငါ အစိုးမရဘူး၊ အနိစ္စသဘောနဲ့ ပျက်စီးသွားနိုင်တယ်၊ သိမ်းထားရင်လဲ မသေချာလှဘူး၊ ဒီတော့ ပျက်စီးတာလဲ မဖြစ်ရအောင် အကျိုးလဲ ရှိအောင် ငါလုပ်အုံးမှပဲ-လို့တွေးမိပြီး အိမ်နောက်ဖေးမှာ သေချာစိုက်ထားလိုက်တယ် တဲ့။
နောက်တော့ ပြောင်းဖူးပင်တွေ ပေါက်လာပြီး ပြောင်းဖူးတွေ ထွက်လာတယ်၊ အဲဒါကိုသေချာယူထား၊ သိမ်းထား၊ နောက်တဖန် ထပ်စိုက်၊ နောက်တော့ မျိုးပွားလာတဲ့အခါ ယာခင်းထဲမှာ ကျကျနန ထပ်စိုက်၊ မျိုးပွား - ဒီလိုနဲ့ လေးနှစ်ပြည့်တဲ့အချိန်မှာ ပြောင်းဖူးငါးစေ့ကနေ တိုးပွားလာလိုက်တာ သူဋ္ဌေးကြီးအိမ်မှာ ပုတ်ကြီးတွေ၊ အိပ်တွေ၊ ဂိုဒေါင်နဲ့တောင် သိမ်းဆည်းထားရသတဲ့။

လေးနှစ်ပြည့်လို့ သူဋ္ဌေးကြီး ပြန်လာတော့ အကြောင်းစုံကို သိရပြီး အလွန်တန်ဖိုးရှိတဲ့ ရတနာပစ္စည်းတွေ သိမ်းထားတဲ့ ဘဏ္ဍာတိုက်သော့ကို စတုတ္ထဇနီးလေးကို အပ်နှင်းပြီး အားလုံးသူ့စီမံချက်အတိုင်း လိုက်နာကာ မျှဝေသုံးစွဲကြပါ ဆိုပြီး အပ်နှင်းလိုက်တယ် တဲ့။ ပုံပြင်လေးကတော့ ဒါလောက်ပါဘဲ။
 (၂ )
စာရေးသူတို့ လောကကြီးမှာလဲ လောကီစီးပွားရေး ကြီးပွားရေးတွေမှာပဲဖြစ်ဖြစ်၊ လောကုတ္တရာ တရားဘက် မှာပဲ ဖြစ်ဖြစ် ကိုယ့်သန္တာန်၊ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေတဲ့ တန်ဖိုးထားသင့်တဲ့အရာတွေကို တန်ဖိုးမထားတတ်ပဲ အလဟဿဖြုန်းတီးလွှင့်ပစ်နေသူများလဲ ရှိနိုင်ပါတယ်။
ဒုတိယဇနီးလို လောဘတက်ပြီး မလုပ်သင့်မလုပ်ထိုက်တာတွေ၊ မပြောသင့်၊ မကြံစည်သင့်တာတွေ ကြံစီပြီး ကိုယ့်တစ်ယောက်ထဲကောင်းစားဖို့အတွက် အမှားများစွာကို ဆက်တိုက်လုပ်နေသူများလဲ တွေ့ရမှာပါ။

တတိယဇနီးလို ဘာမှ မတွေးတတ်၊ မကြံတတ်၊ မစဉ်းစားတတ်ပဲ လက်ရှိဘ၀ကို အရှိအတိုင်း တိုးတက် အောင်လဲ မကြိုးစားတတ်၊ ဆုတ်ယုတ်အောင်လဲ မလုပ်ပဲ တွေတွေဝေေ၀နဲ့ ဘ၀ကို အချည်းအနှီး အချိန်ဖြုန်း နေကြသူများလဲ ရှိနိုင်ပါတယ်။
လေးယောက်မြောက်ဇနီးလို ပုဂ္ဂိုလ်ကတော့ ရှာမှရှား၊ တကယ့်ပညာရှိ သူတော်ကောင်းလို့ ဆိုရမယ့်သူမျိုးပါ၊ အဲဒီလိုပုဂ္ဂိုလ်မျိုး လောကမှာ ရှိနေပြီဆိုရင် အစဦးဆုံး သူ့မိသားစု၊ သူ့ပတ်ဝန်းကျင်၊ သူ့မိတ်ဆွေအပေါင်းသင်း များနဲ့ နောက်ဆုံးမှာတစ်လောကလုံးကောင်းစားဖို့အတွက် အားကိုးရာ ဖြစ်နိုင်ပါတယ် တဲ့။ ဒါက လောကီ ကြီးပွားရေးနဲ့ ပက်သက်တာတွေပေါ့။
( ၃ )
လောကုတ္တရာရေးရာမှာလဲ ထိုနည်းတူပါပဲ၊ လူတစ်ချို့ဟာ ဘ၀သံသရာကနေ လွတ်မြောက်ဖို့အတွက်၊ ဒုက္ခ တွေ ချုပ်ငြိမ်းဖို့အတွက် နည်းလမ်းပေါင်းများစွာနဲ့ ကိုယ်စွမ်းနိုင်သလောက် ကြိုးစားနေခဲ့ကြတယ်၊ ကြိုးစား နေကြဆဲ၊ ဒီတော့ စတုတ္ထဇနီးလို ဖြစ်ဖို့လိုအပ်လှပါတယ်၊
အချို့သော ဓမ္မမိတ်ဆွေများဟာ ကိုယ်ရရှိခံစားနေတဲ့ စိုက်ပျိုးထားပြီးသား ၀ိပဿနာပျိုးပင်လေးတွေကို ဟာ- ဒါတွေက ဘာမှ မဟုတ်ပါဘူးကွာ၊ အလကား အချိန်ကုန်တာ၊ လူပင်ပန်းတာပဲ အဖတ်တင်တယ်၊ မတော်ရင် လမ်းကြောင်းလွဲပြီး ရူးတောင်သွားနိုင်တယ် ဆိုပြီး ပထမဇနီးက ပြောင်းဖူးစေ့တွေကို လွှင့်ပစ်လိုက်သလို ကိန်းဝပ်တည်ရှိနေပြီးသား ဓမ္မတွေကိုတောင် စွန့်လွှတ်တတ်ကြတယ်၊
လူအချို့ကတော့ ကိုယ်ခံစားပြီးသား အေးချမ်းမှုရသလေးကို ငါခံစားနေရတာတွေက ပိဋကတ်တော်တွေနဲ့လဲ မကိုက်ညီဘူး၊ ငါ ကြားဖူးဖတ်မှတ်-ဖူးထားတဲ့ အရာတွေနဲ့ တခြားစီပဲ လို့ တွေးမိပြီး ကိုယ့်အတွေးနဲ့ကိုယ် အားထုတ်ချင်စိတ် မရှိတော့ဘဲ ကိုယ့်ဘာသာ ဖျက်စီးပစ်တတ်ကြတယ်။
တစ်ချို့ကတော့ ဒီတရားတော်ရဲ့ အေးငြိမ်းမှု သန္တရသကို ငါခံစားရပြီ၊ ငါခံစားရရင် ငါ့ဘ၀အေးချမ်းလုံခြုံနေ ပြီပေါ့၊ ဘ၀သံသရာအတွက် ဘာမှ ပူပန်စရာမရှိတော့ဘူး ဆိုပြီး သူတပါးကို လက်ဆင့်ကမ်းဖို့  မျှဝေဖို့ မကြိုး စားတော့ဘဲ ကိုယ်တစ်ယောက်ထည်းသာ ခံစားနေရင်တော့ တတိယဇနီးလို သေချာသိမ်းထားတာနဲ့ တူသွား ပါပြီ။
အထက်ပါပုဂ္ဂိုလ်များလို မဟုတ်ပဲ ငါအေးချမ်းသလို သူတပါးတွေလဲ အေးချမ်းစေရမယ်၊ ငါ့ပတ်ဝန်းကျင်၊ ငါ့အသိုင်း အ၀ိုင်း၊ ငါ့မိတ်ဆွေအပေါင်းအသင်းအပါအ၀င် လူအားလုံးကို အေးချမ်းစေချင်တယ်၊ အေးချမ်းအောင် ငါ တတ်နိုင်တဲ့ဘက်ကနေ ဆောင်ရွက်မယ်၊ လောကီကြီးပွားရေးမှာပဲဖြစ်ဖြစ် လောကုတ္တရာ တရားဘက်မှာပဲ ဖြစ်ဖြစ် ဘာသာရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျမ္မာရေး၊ ပညာရေး၊ သာသနာတော်အရေး စသည်အားဖြင့် စွမ်းနိုင် တဲ့ဘက်မှာ ငါဆောင်ရွက်မယ် ဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ အားထုတ်ကြိုးပမ်းနေကြတာမျိုးလဲ တွေ့နိုင်ပါလိမ့်မယ်၊

ဒီတော့ အကျဉ်းချုပ်လိုက်ရင် ကိုယ်တိုင်တစ်ယောက်ထဲ မရုန်းထွက်ပဲ ပရဟိတစိတ်ထားဖြင့် ကိုယ့်မိသားစု၊ ပတ်ဝန်းကျင်မှ အစ လူအားလုံးကို မေတ္တာ၊ စေတနာ၊ အကြင်နာ၊  ကရုဏာ၊ မုဒိတာလက်များဖြင့် ဖေးမ ကူညီ စောင့်ရှောက်ကာ နောက်ဆုံးကိုယ့်သန္တာန်မှာ လောကဓံ အနိမ့်အမြင့်များနဲ့ ကြုံလာရင် ခံနိုင်စွမ်းရှိတဲ့ ယောနိ သော မနသိကာရ ဆိုတဲ့ ဥပေက္ခာတရားလက်ကိုင်ထားကြမယ် ဆိုရင် တလောကလုံး ဓမ္မအရသာကို ခံစားပြီး အေးချမ်းနိုင်ကြမှာ သေချာပါတယ်။
 အဲဒီလို လောကအကျိုး၊ ဘာသာသာသနာအကျိုး ဆောင်ရွက်ကြရာမှာ ဘုရားအလောင်းတော်ကြီးများ၏ ပရဟိတ၊ လောကဟိတ စိတ်ဓာတ်အတိုင်း မဆုတ်နစ်သောဇွဲလုလ္လဖြင့် ကြိုးစားကြရမှာ ဖြစ်ပါတယ်၊ ဗုဒ္ဓစာပေများ မှာ အမျိုးသားမှ စွမ်းဆောင်နိုင်တယ်၊  အမျိုးသမီးဖြစ်လို့ မဖြစ်နိုင်ဘူးဆိုပြီး ခွဲခြားထားတာမျိုး မရှိပါဘူး၊ အမျိုးသားသော အမျိုးသမီးသော ခွဲခြား နေစရာမလိုဘဲ ဘယ်သူမဆို ဆောင်ရွက် နိုင်ကြ ပါတယ်။
ဒီအကြောင်းအရာနှင့်ပက်သက်လို့ စာရေးသူတို့ ဂေါတမဘုရားအလောင်းတော်ဟာ သုမေဓာရသေ့ ဘ၀နဲ့ ပါရမီမဖြည့်သေးခင် လွန်ခဲ့သော ကမ္ဘာပေါင်း (၂၀) အသင်္ချေနှင့် ကမ္ဘာတစ်သိန်းအထက်တွင် ပေါရာဏ ဒီပင်္ကရာမြတ်စွာဘုရားပွင့်တော်မူစဉ် ဘုရားဖြစ်ချင်စိတ်ကြောင့် အမျိုးသမီးဘ၀နဲ့ အလှူဒါနများပြုကာ ဆုတောင်း ခဲ့ဖူးပါသတဲ့၊ နောက်တော့မှ အမျိုးသားဘ၀ကို ရရှိအောင် အရင်ဆုံး ဆုတောင်းပြီး ပါရမီတော်တွေ ဖြည့်ဆည်းသင့်ကြောင်း ပေါရာဏဒီပင်္ကရာဘုရားရှင်က ညွှန်ကြားတော်မူခဲ့ရတာပါ။  ဒီအကြောင်းနဲ့ ပက်သက် လို့ ဇာတကပါဠိတော်များနဲ့ ဓမ္မပဒဒေသနာများမှာ မြတ်စွာ ဘုရားရှင်ဟောကြားထား ခဲ့တဲ့ ဂါထာလေးတပုဒ်ကို သွားသတိရမိတယ်၊
န သော သဗ္ဗေသု ဋ္ဌာနေသု၊ ပုရိသော ဟောတိ ပဏ္ဍိတော၊
ဣတ္ထီပိ ပဏ္ဍိတာ ဟောတိ၊ တတ္ထ တတ္ထ ၀ိစက္ခဏာ၊
အဓိပ္ပါယ်ကတော့ လောကမှာ အရာခပ်သိမ်း ယောကျားတွေချည်းပဲ ပညာရှိတာ မဟုတ်ပါဘူး၊ အမျိုးသမီး များဟာလဲ သူတို့ကျွမ်းကျင်ရာ စွမ်းနိုင်ရာများမှာ စဉ်းစားဝေဖန်သုံးသပ်နိုင်ကြပါပေတယ်၊ ပညာရှိကြပါပေတယ်- လို့ ဟောတော်မူခဲ့တယ်၊
လဟုံ အတ္ထံ ၀ိစိန္တိကာ- အကျပ်အတည်း ဘေးအန္တရာယ် ကြုံလာပြီဆိုလျင် တခဏချင်း ဖြေရှင်းနိုင်စွမ်း ရှိကြပါ တယ်၊ brainwave, keen mind တင်္ခဏုပ္ပတ္တိဥာဏ်( တခဏချင်း ဖြစ်ပေါ်လာသောဥာဏ် ) နဲ့ ပြည့်စုံကြ ပါပေတယ်- လို့လဲ ထပ်လောင်း ချီးမွမ်းတော်မူခဲ့တယ်၊
ဒီအချက်နဲ့ ပက်သက်လို့ ရေးချင်စရာတွေကတော့ အများသားကလား၊ ဒါပေမယ့် ထင်ရှားတဲ့အဖြစ် အပျက် လေးကိုတော့ ဖော်ပြချင်သေးတယ်၊ ဘုရားရှင်လက်ထက်က ပသေနဒီကောသလမင်းကြီးက အသဒိသဒါန ပေးလှူရာမှာ တိုင်းပြည်အုပ်ချုပ်သူ ရှင်ဘုရင်ဖြစ်နေပါလျက် တိုင်းသူပြည်သားများထက် သာလွန်အောင် မစီမံနိုင်လို့ မအိပ်နိုင် မစားနိုင် ဖြစ်နေတာကို မိဖုရားကြီး မလ္လိကာ သိလို့ မေးတော့မှ အရှင်မင်းကြီးနှယ်- ဘာခက်တာ လိုက်လို့၊ ဘုရင်လုပ်နေပြီး တော်တော် အ-တတ်ရန်ကော- တိုင်းသူပြည်သားတွေမှာ မရှိနိုင် မရနိုင်တဲ့အရာဝတ္ထုတွေကို စီမံပြီး လှူရင် သူတို့ ရှုံးမှာ သေချာပါတယ် ဆိုပြီး ဆင်အစီးပေါင်းများစွာ၊ မြင်းအစီး ပေါင်းများစွာစသည် စီမံခိုင်းလိုက်တာ ဘယ်သူမှ မယှဉ်ပြိုင်နိုင်တဲ့ အသဒိသဒါန အလှူကြီးအောင်မြင် သွားတော့တယ်၊
ဒီနေရာမှာ ကောသလဘုရင်ကြီးက မကြံစည်နိုင်လို့ မအိပ်နိုင် မစားနိုင်ဖြစ်နေတာကို မလ္လိကာက တခဏလေးအတွင်းမှာ acuity and insight ဖြန့်ထွက်၊ ဖောက်ထွက်၊ စဉ်းစားဥာဏ်မျိုး ပေါ်လာတာ ချီးကျူး စရာပါ။ အနှစ်ချုပ်ရရင် အမျိုးသား၊ အမျိုးသမီး ဘယ်သူမဆို လောကီကြီးပွားရေးမှာပဲဖြစ်ဖြစ်၊ လောကုတ္တရာ ဓမ္မရေးရာမှာပဲဖြစ်ဖြစ် မိမိရဲ့ ၀ိပဿနာပျိုးပင်လေးများကို လက်လှမ်းမှီသလောက် ထပ်ဆင့်တိုးပွားအောင် ဆောင်ရွက်နိုင်ကြပါစေ လို့ တိုက်တွန်းစကားဆိုလိုက်ပါရစေ..။

မေတ္တာဖြင့်
အရှင်သုနန္ဒာလင်္ကာရ M.A ( ပန်းကမ္ဘာ)

www.dhammayaungchi.com
www.dhammapalace.org
Date-18.July.2012

0 မှတ်ချက်ရေးရန်: