Thursday, September 6, 2018

ဓမ္မဒိန္နာ(သို့မဟုတ်) နှလုံးသား မှလွန်မြောက်ခြင်း


ပြီးခဲ့တဲ့ လ ..ကောလင်းမှ ချောင်းဦး သို့အပြန် ကားစီးခဲ့တာ ကားသမားက အတော်ကြိုက်ပုံရတယ် သူဖွင့်နေတဲ့သီချင်း…. ထပ်ကျော့ဖန်များတော့ ကျမ စိတ်ထဲ စွဲလာ ခဲ့ပါတယ်..။
အဆိုတော်နာမည် ကသွန်း တဲ့..သီချင်းနာမည် က မရက်စက်ပါ နဲ့ တဲ့..။
ဘာတဲ့ ..((မောင်ငြိုငြင် တဲ့အခါ….မနေတတ်တော့ပါ ကျွန်မအားငယ်..။
ဂရုစိုက်မှုတွေလည်းဘယ် များပျောက်ကုန်ပြီးလဲကွယ် ….ပြောင်းလဲလို့ နေပါတယ်…။စိမ်းကားလို့နေပါတယ်…။ မောင့်အပြုံးတွေလည်း အရင်လို မလန်းဆန်းဘူးကွယ် )))
ဒီသီချင်း လေးကို ကြားတော့ ကျွန်မ က ရဟန္တာထေရီ ဓမ္မဒိန္နာ ကို သွားသတိရမိပါတယ်..။ဓမ္မ ဒိန္နာ သည်လည်း သည်လို ခံစားခဲ့ ရဘူး တာ..။မြတ်ဗုဒ္ဓ ဘုရားဖြစ်ပြီး ဒုတိယဝါလောက်မှာပင်ဖြစ်ပျက်ခဲ့သော ဝိသာခ သူဋ္ဌေး နဲံ ဓမ္မာဒိန္နာ တို့ ဇာတ်လမ်းလေးရယ် ပါ…။
ဓမ္မဒိန္နာ တို့က ဂေါတမ ဘုရားရှင် လက်ထက် တုံးက ရာဇဂြိုဟ် ပြည် မှာနေထိုင် ကြတဲ့ ရာဇဂြိုဟ် သူဋ္ဌေး မျိုးရိုး ကဆင်းသက်လာကြ တဲ့သူတွေပါ..။ 
ရာဇဂြိုဟ်မြို့သား သူဌေးသား ဝိသာခ လုလင်နှင့် သူဌေးသမီး ဓမ္မဒိန္နာတို့ ထိမ်းမြားလက်ထပ်ခဲ့တာ ချစ်ခြင်းမေတ္တာ တွေအပြည့်နဲ့ဆိုတော့ ပျော်ရွှင်ခြင်းတွေခြံရံပြီး သေတပန်သက်တဆုံး ရိုးမြေကျ လက်တွဲဘို့လည်းရည်ရွယ် ခဲ့ ကြတာပေါ့လေ…။
ပေါင်းသင်းလက်ထပ်ပြီး ချစ်ခင် မြတ်နိုးစွာ နေထိုင်လာကြစဉ် မှာ…..
ရာဇဂြိုဟ် ပြည့်ရှင် ဘုရင် ဗိမ္မိသာ ရ က ဝေဠုဝန် ကျောင်း မှာ သီတင်းသုံး ဘို့ ဘုရားရှင်ကိုပင့်ခဲ့ပါတယ်..။ ဘဝ ဆိုတာကလည်း မထင်မှတ်တာ ဖြစ်လာတတ်တယ် ဆိုတော့လည်း ဓမ္မဒိန္နာ ဘဝ ပြောင်းလဲဘို့ စတင်ခဲ့ပါတယ်..။
ချစ်သူခင်ပွန်း သူဌေးသားလေး ဝိသာခဟာ ကျေးဇူးတော်ရှင် မြတ်ဗုဒ္ဓ ပထမဆုံးအကြိမ် ရာဇဂြိုဟ်မြို့သို့ ကြွလာ တဲ့ အချိန်မှာ .. တရားဓမ္မနာကြား ခွင့်ရခဲ့တာ မို့ အင်မတန်ဝမ်းသာခဲ့ရှာတယ်..။
အဲဒီအချိန်က ကျေးဇူးတော်ရှင် ဘုရားရှင် ရဲ့ တရားရေအေးအမြိုက်ဆေးကို သောက်သုံး ပြီး တဲ့အခါ ရာဇဂြိုဟ်ပြည့်ရှင် ဘုရင် ဗိဗ္ဗိသာရမင်းကြီးနှင့်အတူ ပရိတ်သတ်ပေါင်းထောင်ချီပြီး သောတာပန်ဖြစ်ကြ ပါတယ်..။ သည်ထဲ မှာ သူဌေးသားလေး ဝိသာခ လည်း ပါဝင်ခဲ့ပါတယ်..။
သောတာပန် ဘဝ မှာ တော့ ချစ်တဲ့ သူ ဓမ္မဒိန္နာ ကိုကြင်နာဆဲ… မိသားစုဘဝကို ပျော်ပျော်ရွှင်ရွှင် ဆက်လက်လျှောက်လှမ်းခဲ့တာ… ဘာ မှ မသိသာ ခဲ့…။
ကျေးဇူးတော်ရှင် ဘုရားရှင် ရာဇဂြိုဟ်ပြည်၊ ဝေဠုဝန်ကျောင်းမှာ သီတင်းသုံး ခဲ့ တာ… တရားပွဲတွေကလည်းစဉ်ဆက်မပြတ် ဆိုတော့
ဓမ္မဒိန္နာ ရဲ့ ကံကြမ္မာ တစ်ဆစ်ချိုး ဘို့ အကြောင်းဖန်ခဲ့ပြန်ပါတယ်..။ 
တနေ့မှာ တော့ ဝိသာခသူဌေးသားလေး ဟာ ဝေဠုဝန် မှာ တရားနာကြား ပြီး နောက်သောတာပန်အဆင့်ကနေ ဥာဏ်ရင့်ကျက်ပြီး အနာဂါမ် အရိယာ ဖြစ်သွားခဲ့ပါတယ်..။ 
ကာမဂုဏ် အာရုံမှန်သမျှ ကင်းစင်ပခဲ့လေသော အနာဂါမ်ဘဝ မှာ ကယုကယင် အကြင်နာ တွေဟာ…ပြောင်းလဲ ခဲ့ ပါတော့တယ်… ။
အရင် ချစ်ခင်ကြစဉ် ဘဝ မှာတော့ အဝေးအနီးခရီးမှပြန်လာ ချိန်ကို ဓမ္မဒိန္နာ မျှော်ခဲ့ပါတယ်…။ အကြင်နာ အပြုံးလေးများ တွေ နဲ့ ခရီးဦးကြိုဆိုမြဲ။
လက်ကိုဆန့်တန်း ပွေ့ဖက်လျှက် နှတ်ဆက် မဲ့လက်တွေ..ဒီနေ့ လမ်းခုလတ်မှာ ရပ်တန့် ခဲ့ရပါပြီ… အရင်လိုမဟုတ်တော့ပါလား….မယ့်သခင်ရယ်…။
ရက်စက်ခြင်း လည်းမဟုတ်….. အေးစက် ခြင်းတွေ….
ကြမ်းတမ်းခြင်း လည်း မမည် တဲ့ နူးညံ့ခြင်းတွေ နဲ့…..
လှိုက်လှဲ ကြည်နူးခြင်း တွေကင်း တဲ့ တည်ညိမ်ခြင်း တွေ…..
စိမ်းကားခြင်း မဟုတ်တဲ့ စိမ်းလန်းခြင်း တွေ နဲ့ တည်ကြည်ခန့်ညား
နေပါသော မယ့်သခင်….ရယ်။
နီးလျက် နဲ့ ဝေးခဲ့ပါပကောလား…။ ဘယ်လိုကြောင့်ပါလိမ့် ….။ဘာဖြစ်သွားပါလိမ့်…။
ဝေခွဲ မရ…..ခံရခက် လှရှာသူမှာ…. ညအချိန်ကျတော့ အိပ်ယာခွဲဘို့ ဆိုလာ တော့ ခံစားချက် အထွဋ်အထိပ် ရောက် ရပါပကော…။
ဒီလိုအချိန်မှာ သူ ဘယ်လို ဖြေရှင်းဖြတ်ကျော်ခဲ့သလဲဆိုတာ ကျမ စိတ်ဝင်စားခဲ့ပါတယ်..။
ဓမ္မဒိန္နာ ကတော့ ရဲရင့်ပြတ်သား သူပီပီ…… တန်ပြန်မေးခွန်း ထုတ်ခဲ့ပါတယ်…။
မယ့်သခင်….ကျမမှတစ်ပါး အခြားအမျိုးသမီး တစ်ယောက်ယောက် က ကျမတို့ ကြား ဘဝ ခြားစေခဲ့ပြီလား..။
ကျမ တွင့် မည်သို့သော မနှစ်သက်မှု များရှိခဲ့ပါသလဲ ကွယ်..။ စိမ်းကားခြင်း ရဲ့ ဒဏ် ကိုကျမ မခံစားနိုင်ပါ….. ။
ရပ်တည် ခြင်းငှာလည်းမစွမ်းသာတော့…. သောက ပရိဒေဝ လောင်မြိုက်တာ နဲ့ ကျမျက်ရည်လည်းချောင်းဖြစ်ပါတော့တယ်…။ 
တဖက်ကလည်း လောကုတ္တရာတရားကို ထုတ်ဖော်ပြောခြင်းငှာ မသင့် တော်..သို့သော်….ချစ်ဇနီး ရဲ့ ဝေဒနာကိုမရှုရက်တာနဲ့ အမှန်အတိုင်း ဖွင့်ဟပြောပြပါတော့တယ်။
(ချစ်နှမ ဓမ္မဒိန္နာ ငါသည် မြတ်ဗုဒ္ဓထံတော်မှ တရားနာခဲ့ရသောကြောင့် (အနာဂါမ်အဆင့်) လောကုတ္တရာတရားထူးရခဲ့သည်။ ထိုကဲ့သို့ တရားထူးရသူတို့မည်သည် ကာမဂုဏ်နှင့်ဆက်စပ်သည့် လောကီအပြုအမူများ ပြုလုပ်ဖို့ မသင့်တော်တော့ပေ။ ထို့ကြောင့် နှမ ဓမ္မဒိန္နာ မင်းဖက်က ပိုင်ဆိုင်သည့် ကုဋေ ၄၀ သော ပစ္စည်းများ နှင့် ငါ့ဖက်က ပိုင်ဆိုင်ခဲ့သည့် ကုဋေ ၄၀ သော ရွှေငွေရတနာ ပစ္စည်းများဥစ္စာ စုစုပေါင်း ကုဋေ ၈၀ ကို မင်းဘဲ အပိုင်ယူကာ စီမံခန့်ခွဲပါတော့။ ငါသည် မင်းကို အမိအရာမှာဖြစ်စေ ညီမလေးအရာမှာ ဖြစ်စေ ထားကာနေပါ့မယ၊် ငါသည် မင်းကျွေးသည့် ထမင်းလေးဖြင့် အသက်ဆက်ရုံ နေပါမယ်…) တဲ့…. (မိဘအိမ်သို့ ပြန်လိုက ပြန်ပါနော်။ ချစ်သူအသစ် လည်း ရှာပါတော့ …ချစ်ရင်လည်း လက်ထပ်နိုင်ပါသတဲ့…။ )
ဝန်တို တတ်လွန်းတဲ့ မိန်းမသာတွေ မှာ…. အသစ်လူ..ချစ်သူ မရှိဆိုတာ တိတိပပသိရတော့ မျက်ရည်ကိုသုတ်ကာ ..ချစ်သူ ကိုပြောင်းလဲစေတဲ့ တရားကို စတင်စိတ်ဝင်စားပါတော့တယ်…။ 
(မယ့်သခင် ရှင်..ရရှိတဲ့  တရားထူးမျိုးက ယောကျာင်္းတွေသာ ရရိုးထုံးစံ ရှိပါသလော၊ အမျိုးသမီးတွေလည်း ထိုကဲ့သို့သော တရားမျိုး ရနိုင်ပါသလော) လို့ မေးပါတော့တယ်…။
အားငယ်စိတ် နဲ့ ညှိုးငယ် မနေ ပဲ ဒိုဒိုးဒေါက်ဒေါက် မေးလိုက် တဲ့ ဓမ္မဒိန္နာ ကို ကျမ က သဘောကျစွာ ကြည်ညို ပူဇော်မိလိုက်တာ……။အဲဒီနေရာလေး....
ဆက်လက်ဖေါ်ပြပါမည်..။
မေတ္တာဖြင့်
သစ္စာအလင်း

0 မှတ်ချက်ရေးရန်: