Monday, September 24, 2018

ဓမ္မဒိန္နာ(သို့မဟုတ်) နှလုံးသား မှလွန်မြောက်ခြင်း




ပြီးခဲ့တဲ့ လ ..ကောလင်းမှ ချောင်းဦး သို့အပြန် ကားစီးခဲ့တာ ကားသမားက အတော်ကြိုက်ပုံရတယ် သူဖွင့်နေတဲ့သီချင်း…. ထပ်ကျော့ဖန်များတော့ ကျမ စိတ်ထဲ စွဲလာ ခဲ့ပါတယ်..။

အဆိုတော်နာမည် ကသွန်း တဲ့..သီချင်းနာမည် က မရက်စက်ပါ နဲ့ တဲ့..။

ဘာတဲ့ ..((မောင်ငြိုငြင် တဲ့အခါ….မနေတတ်တော့ပါ ကျွန်မအားငယ်..။
ဂရုစိုက်မှုတွေလည်းဘယ် များပျောက်ကုန်ပြီးလဲကွယ် ….ပြောင်းလဲလို့ နေပါတယ်…။စိမ်းကားလို့နေပါတယ်…။ မောင့်အပြုံးတွေလည်း အရင်လို မလန်းဆန်းဘူးကွယ် )))

ဒီသီချင်း လေးကို ကြားတော့ ကျွန်မ က ရဟန္တာထေရီ ဓမ္မဒိန္နာ ကို သွားသတိရမိပါတယ်..။ဓမ္မ ဒိန္နာ သည်လည်း သည်လို ခံစားခဲ့ ရဘူး တာ..။မြတ်ဗုဒ္ဓ ဘုရားဖြစ်ပြီး ဒုတိယဝါလောက်မှာပင်ဖြစ်ပျက်ခဲ့သော ဝိသာခ သူဋ္ဌေး နဲံ ဓမ္မာဒိန္နာ တို့ ဇာတ်လမ်းလေးရယ် ပါ…။

ဓမ္မဒိန္နာ တို့က ဂေါတမ ဘုရားရှင် လက်ထက် တုံးက ရာဇဂြိုဟ် ပြည် မှာနေထိုင် ကြတဲ့ ရာဇဂြိုဟ် သူဋ္ဌေး မျိုးရိုး ကဆင်းသက်လာကြ တဲ့သူတွေပါ..။

ရာဇဂြိုဟ်မြို့သား သူဌေးသား ဝိသာခ လုလင်နှင့် သူဌေးသမီး ဓမ္မဒိန္နာတို့ ထိမ်းမြားလက်ထပ်ခဲ့တာ ချစ်ခြင်းမေတ္တာ တွေအပြည့်နဲ့ဆိုတော့ ပျော်ရွှင်ခြင်းတွေခြံရံပြီး သေတပန်သက်တဆုံး ရိုးမြေကျ လက်တွဲဘို့လည်းရည်ရွယ် ခဲ့ ကြတာပေါ့လေ…။

ပေါင်းသင်းလက်ထပ်ပြီး ချစ်ခင် မြတ်နိုးစွာ နေထိုင်လာကြစဉ် မှာ…..

ရာဇဂြိုဟ် ပြည့်ရှင် ဘုရင် ဗိမ္မိသာ ရ က ဝေဠုဝန် ကျောင်း မှာ သီတင်းသုံး ဘို့ ဘုရားရှင်ကိုပင့်ခဲ့ပါတယ်..။ ဘဝ ဆိုတာကလည်း မထင်မှတ်တာ ဖြစ်လာတတ်တယ် ဆိုတော့လည်း ဓမ္မဒိန္နာ ဘဝ ပြောင်းလဲဘို့ စတင်ခဲ့ပါတယ်..။

ချစ်သူခင်ပွန်း သူဌေးသားလေး ဝိသာခဟာ ကျေးဇူးတော်ရှင် မြတ်ဗုဒ္ဓ ပထမဆုံးအကြိမ် ရာဇဂြိုဟ်မြို့သို့ ကြွလာ တဲ့ အချိန်မှာ .. တရားဓမ္မနာကြား ခွင့်ရခဲ့တာ မို့ အင်မတန်ဝမ်းသာခဲ့ရှာတယ်..။

အဲဒီအချိန်က ကျေးဇူးတော်ရှင် ဘုရားရှင် ရဲ့ တရားရေအေးအမြိုက်ဆေးကို သောက်သုံး ပြီး တဲ့အခါ ရာဇဂြိုဟ်ပြည့်ရှင် ဘုရင် ဗိဗ္ဗိသာရမင်းကြီးနှင့်အတူ ပရိတ်သတ်ပေါင်းထောင်ချီပြီး သောတာပန်ဖြစ်ကြ ပါတယ်..။ သည်ထဲ မှာ သူဌေးသားလေး ဝိသာခ လည်း ပါဝင်ခဲ့ပါတယ်..။

သောတာပန် ဘဝ မှာ တော့ ချစ်တဲ့ သူ ဓမ္မဒိန္နာ ကိုကြင်နာဆဲ… မိသားစုဘဝကို ပျော်ပျော်ရွှင်ရွှင် ဆက်လက်လျှောက်လှမ်းခဲ့တာ… ဘာ မှ မသိသာ ခဲ့…။
ကျေးဇူးတော်ရှင် ဘုရားရှင် ရာဇဂြိုဟ်ပြည်၊ ဝေဠုဝန်ကျောင်းမှာ သီတင်းသုံး ခဲ့ တာ… တရားပွဲတွေကလည်းစဉ်ဆက်မပြတ် ဆိုတော့
ဓမ္မဒိန္နာ ရဲ့ ကံကြမ္မာ တစ်ဆစ်ချိုး ဘို့ အကြောင်းဖန်ခဲ့ပြန်ပါတယ်..။

တနေ့မှာ တော့ ဝိသာခသူဌေးသားလေး ဟာ ဝေဠုဝန် မှာ တရားနာကြား ပြီး နောက်သောတာပန်အဆင့်ကနေ ဥာဏ်ရင့်ကျက်ပြီး အနာဂါမ် အရိယာ ဖြစ်သွားခဲ့ပါတယ်..။

ကာမဂုဏ် အာရုံမှန်သမျှ ကင်းစင်ပခဲ့လေသော အနာဂါမ်ဘဝ မှာ ကယုကယင် အကြင်နာ တွေဟာ…ပြောင်းလဲ ခဲ့ ပါတော့တယ်… ။

အရင် ချစ်ခင်ကြစဉ် ဘဝ မှာတော့ အဝေးအနီးခရီးမှပြန်လာ ချိန်ကို ဓမ္မဒိန္နာ မျှော်ခဲ့ပါတယ်…။ အကြင်နာ အပြုံးလေးများ တွေ နဲ့ ခရီးဦးကြိုဆိုမြဲ။

လက်ကိုဆန့်တန်း ပွေ့ဖက်လျှက် နှတ်ဆက် မဲ့လက်တွေ..ဒီနေ့ လမ်းခုလတ်မှာ ရပ်တန့် ခဲ့ရပါပြီ… အရင်လိုမဟုတ်တော့ပါလား….မယ့်သခင်ရယ်…။

ရက်စက်ခြင်း လည်းမဟုတ်….. အေးစက် ခြင်းတွေ….

ကြမ်းတမ်းခြင်း လည်း မမည် တဲ့ နူးညံ့ခြင်းတွေ နဲ့…..

လှိုက်လှဲ ကြည်နူးခြင်း တွေကင်း တဲ့ တည်ညိမ်ခြင်း တွေ…..

စိမ်းကားခြင်း မဟုတ်တဲ့ စိမ်းလန်းခြင်း တွေ နဲ့ တည်ကြည်ခန့်ညား
နေပါသော မယ့်သခင်….ရယ်။

နီးလျက် နဲ့ ဝေးခဲ့ပါပကောလား…။ ဘယ်လိုကြောင့်ပါလိမ့် ….။ဘာဖြစ်သွားပါလိမ့်…။
ဝေခွဲ မရ…..ခံရခက် လှရှာသူမှာ…. ညအချိန်ကျတော့ အိပ်ယာခွဲဘို့ ဆိုလာ တော့ ခံစားချက် အထွဋ်အထိပ် ရောက် ရပါပကော…။
ဒီလိုအချိန်မှာ သူ ဘယ်လို ဖြေရှင်းဖြတ်ကျော်ခဲ့သလဲဆိုတာ ကျမ စိတ်ဝင်စားခဲ့ပါတယ်..။
ဓမ္မဒိန္နာ ကတော့ ရဲရင့်ပြတ်သား သူပီပီ…… တန်ပြန်မေးခွန်း ထုတ်ခဲ့ပါတယ်…။
မယ့်သခင်….ကျမမှတစ်ပါး အခြားအမျိုးသမီး တစ်ယောက်ယောက် က ကျမတို့ ကြား ဘဝ ခြားစေခဲ့ပြီလား..။
ကျမ တွင့် မည်သို့သော မနှစ်သက်မှု များရှိခဲ့ပါသလဲ ကွယ်..။ စိမ်းကားခြင်း ရဲ့ ဒဏ် ကိုကျမ မခံစားနိုင်ပါ….. ။

ရပ်တည် ခြင်းငှာလည်းမစွမ်းသာတော့…. သောက ပရိဒေဝ လောင်မြိုက်တာ နဲ့ ကျမျက်ရည်လည်းချောင်းဖြစ်ပါတော့တယ်…။

တဖက်ကလည်း လောကုတ္တရာတရားကို ထုတ်ဖော်ပြောခြင်းငှာ မသင့် တော်..သို့သော်….ချစ်ဇနီး ရဲ့ ဝေဒနာကိုမရှုရက်တာနဲ့ အမှန်အတိုင်း ဖွင့်ဟပြောပြပါတော့တယ်။

(ချစ်နှမ ဓမ္မဒိန္နာ ငါသည် မြတ်ဗုဒ္ဓထံတော်မှ တရားနာခဲ့ရသောကြောင့် (အနာဂါမ်အဆင့်) လောကုတ္တရာတရားထူးရခဲ့သည်။ ထိုကဲ့သို့ တရားထူးရသူတို့မည်သည် ကာမဂုဏ်နှင့်ဆက်စပ်သည့် လောကီအပြုအမူများ ပြုလုပ်ဖို့ မသင့်တော်တော့ပေ။ ထို့ကြောင့် နှမ ဓမ္မဒိန္နာ မင်းဖက်က ပိုင်ဆိုင်သည့် ကုဋေ ၄၀ သော ပစ္စည်းများ နှင့် ငါ့ဖက်က ပိုင်ဆိုင်ခဲ့သည့် ကုဋေ ၄၀ သော ရွှေငွေရတနာ ပစ္စည်းများဥစ္စာ စုစုပေါင်း ကုဋေ ၈၀ ကို မင်းဘဲ အပိုင်ယူကာ စီမံခန့်ခွဲပါတော့။ ငါသည် မင်းကို အမိအရာမှာဖြစ်စေ ညီမလေးအရာမှာ ဖြစ်စေ ထားကာနေပါ့မယ၊် ငါသည် မင်းကျွေးသည့် ထမင်းလေးဖြင့် အသက်ဆက်ရုံ နေပါမယ်…) တဲ့…. (မိဘအိမ်သို့ ပြန်လိုက ပြန်ပါနော်။ ချစ်သူအသစ် လည်း ရှာပါတော့ …ချစ်ရင်လည်း လက်ထပ်နိုင်ပါသတဲ့…။ )

ဝန်တို တတ်လွန်းတဲ့ မိန်းမသာတွေ မှာ…. အသစ်လူ..ချစ်သူ မရှိဆိုတာ တိတိပပသိရတော့ မျက်ရည်ကိုသုတ်ကာ ..ချစ်သူ ကိုပြောင်းလဲစေတဲ့ တရားကို စတင်စိတ်ဝင်စားပါတော့တယ်…။

(မယ့်သခင် ရှင်..ရရှိတဲ့  တရားထူးမျိုးက ယောကျာင်္းတွေသာ ရရိုးထုံးစံ ရှိပါသလော၊ အမျိုးသမီးတွေလည်း ထိုကဲ့သို့သော တရားမျိုး ရနိုင်ပါသလော) လို့ မေးပါတော့တယ်…။

အားငယ်စိတ် နဲ့ ညှိုးငယ် မနေ ပဲ ဒိုဒိုးဒေါက်ဒေါက် မေးလိုက် တဲ့ ဓမ္မဒိန္နာ ကို ကျမ က သဘောကျစွာ ကြည်ညို ပူဇော်မိလိုက်တာ……။အဲဒီနေရာလေး....


မယ့်သခင်….ကျွန်မ မှတစ်ပါး အခြားအမျိုးသမီး တစ်ယောက်ယောက် က ကျွန်မ တို့ ကြား ဘဝ ခြားစေခဲ့ပြီလား..။

ကျွန်မ တွင့် မည်သို့သော မနှစ်သက်မှု များရှိခဲ့ပါသလဲ ကွယ်..။ စိမ်းကားခြင်း ရဲ့ ဒဏ် ကိုကျွန်မ မခံစားနိုင်ပါ….. ။

ထိုအခါ....

ဝိသာခ သည် သည်လို ဆိုခဲ့ပါတယ်..။

((ငါသည် ..ယနေ့ မှစတင်ပြီး အချစ် ၏ အစွမ်းတို့ဖြင့် သင့်ထံ ခစားရန် မဖြစ်နိုင်တော့ပါ…))

ဆိုပါ့လား…။

အဲဒီအချိန် တွေ မှာ ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့ မိန်းမသား တွေ ရဲ့ ရင်ထဲက အပူ……ဆိုတာ ဘယ်သူမှ နား မလည် နိုင်တဲ့အပူ မျိုးမဟုတ်ပါလား….။

ပါရမီရှင် ဓမ္မဒိန္နာ က…. နှလုံးသား ကြွေ ကျေကွဲ ခြင်း ကိစ္စ တွေကို ဥာဏ်ပညာ နဲ့ လွန်မြောက် နိုင်ခဲ့ ပါတယ်…။

အချစ်ရှုံး သမား အဖြစ် ညှိုးခွေနွမ်းလျ မနေပါဘူး။

ကုဋေ ၈၀ သော ပစ္စည်းဥစ္စာ တို့ကို တပ်မက်သော လောဘ ကိုလည်း ကျော်လွှားနိုင်ပြန်ပါတယ်…

“သူတောင် ဒီဥစ္စာပစ္စည်းတွေကို စွန့်လွှတ်နိုင်ေ သးတာ၊ငါက ဘာကြောင့် မစွန့်လွှတ်နိုင် ရမှာလဲ”လို့ နက်နက်နဲနဲ စဉ်းစား ပါသတဲ့…။

ထားရှိအပ်သော မာန ( သေဝိတဗ္မ ) ဆိုသည် ဖြစ်ပါမယ်..။

ကုဋေ ၈၀ ဆိုတဲ့ပစည်းဥစ္စာ ဆိုတာ သင်ထွေးအန်ပစ်လိုကသော တံတွေး အံဖတ်တွေပဲ ..ကျွန်မ က ဦးခေါင်းဖြင့်လှည့်ခံ ရမည် ဆိုတာ ကတော့မဖြစ်နိုင်..ထိုသို့မခံ ယူနိုင်ပါ..။

“မယ့်သခင်----သူတပါးထွေးအန်ထားတဲ့ တံတွေးကို မမျိုချင်သလို ရှင် မလိုချင်လို့ စွန့်လွှတ်တဲ့ ဥစ္စာပစ္စည်းတွေကိ ကျွန်မ ကလည်း မလိုချင်ပါ ရှင်….။

ကျမသိချင်စိတ်ပြင်း ပြတာ တစ်ခုရှိပါတယ်….။ ဗုဒ္ဓမြတ်စွာ သာသနာမှာ ရှင် ရတဲ့ တရားထူးမျိုးကို ကျွန်မတို့ အမျိုးသမီးတွေကော ရခွင့်မရှိနိုင်ဘူးလား”

“ဓမ္မဒိန္နာ----ဆန္ဒရှိလို့ အားထုတ်လျှင် မည်သူမဆို ရနိုင်ပါတယ်”

“ဒီလိုဆိုရင် ကျွန်မအား ဘိက္ခုနီ ပြုခွင့်ပေးစေချ င်ပါတယ် ရှင်”

“ကောင်းပါပြီ.....ဓမ္မဒိန္နာ၊ သင့်ကို ခွင့်ပြုပါတယ်”

ဓမ္မဒိန္နာ အတွက် ၀မ်းမြောက်ဝမ်းသာဖြစ် လာတဲ့ အနာဂါမ် ဝိသာခသူဋ္ဌေး က ခင်မင်ရင်းနှီးသော အဆွေခင်ပွန်းဖြစ်သူ

ရာဇဂြိုဟ်ပြည့်ရှင် ဘုရင်ဗိမ္ဗိသာရမင်းအား သံတော်ဦးတင် ပါတော့တယ်…။

ဗိမ္မိသာရ မင်းကြီးကလည်းဝမ်းသာအားရပင်နန်းတော်မှ ရွှေထမ်းစင်ကို ထုတ်ပေးပါတော့တယ်။

ဓမ္မဒိန္နာအိမ်မှ ဘိက္ခုနီကျောင်းသို့သွားရာလမ်းတလျှောက် ရာဇမတ်များကာစေပြီး ရွှေထမ်းစင်ဖြင့် ဘိက္ခုနီကျောင်းတော်သို့ ခမ်းနားကြီးကျယ်စွာ လိုက်ပါ ပို့ဆောင်ကြ တာ အလွန်စည်ကားပါသတဲ့..။

ကျောင်းသို့ရောက်သောအခါ ဓမ္မဒိန္နာအားဘိက္ခုနီပြုလုပ်ပေးကြ ပါတော့တယ်…။

ဓမ္မဒိန္နာ က ဘိက္ခူ နီ ဖြစ်တဲ့အခါ ဝိသာခ သူဋ္ဌေး ကအနာဂါမ် ဘဝ နဲ့ အိမ်မှာပဲကျန်ခဲ့ပါတယ်..။

ကျောင်း ကို ရောက်သွားတဲ့ ဓမ္မဒိန္နာ ကဒီလို တွေး ပါတယ်…။

ဝိသာခ က အိမ်မှာ နေရင်းနဲ့ ဆင်းရဲ ရဲ့ အဆုံး ကိုေ ရာက်ခဲ့တယ်..။ ငါသည် ရဟန်းမ ဖြစ်ခဲ့ပြီ..လောကီအနှောင်အဖွဲ့ တွေလည်းကင်းရှင်း ခဲ့ပြီ…။

အဘယ် မည်သောအကြောင်းကြောင့် သူ့ထက်သာလွန်သော ..ချမ်းသာ ရဲ့ အထွဋ်အထိပ်ကို မရောက်ပဲ ရှိနိုင် ပါအံ့နည်း…။

ဓမ္မဒိန္နာ ကဥပဇ္ဈာယ် ဆရာ ထံ မှာ ခွင့်တောင်းပါတယ်..။

(( အရှင်မ လူသူ ရောပြွမ်း တဲ့ မြို့ကျောင်း မှာ မမွေ့လျော်ပါ…ရွာငယ်တောကျောင်း ကိုပြောင်းရွှေ့ လိုပါတယ်)) ဥပဇ္ဈာယ် ဆရာက ခွင့်ပြု လေတော့ ကိုယ် နဲ့ သင့်တော် တဲ့ တောကျောင်း မှ ဝိပဿနာ တရား ကိုပွားများအားထုတ်ပါတယ်..။

မကြာခင် မှာ ပဋိသမ္ဘိဒါ လေးပါးနှင့်တကွ ရဟန္တာထေရီ ဖြစ်သွားခဲ့ပါတယ်..။

ကျွန် မအတွက် ကတော့ ဓမ္မဒိန္နာ ဆို အားကျလွန်းရတဲ့မိန်းမသား… လေးစားမြတ်နိုးရပါတဲ့ ထေရီမ တစ်ပါး ဖြစ်ပါတယ်…။

အားလုံး အတွက် ခက်ခဲ့လှပါတဲ့ နှလုံး သားရဲ့ အလို ဆန္ဒကို ပညာ နဲ့လွန်မြောက်နိုင်ခဲ့တယ်..

လူတကာ မက်မော တဲ့ ပစ္စည်းဥစ္စာ ကိုလည်း အသာအယာ ခွာချနိုင်ခဲ့ တဲ့ ဇာတ်လမ်း ကတော့ အမျိုးသမီး သူရဲကောင်း မှတ်တမ်းအဖြစ် ငယ်ငယ်ကတည်းက သတ္တိကိန်းထားခဲ့ဘူးတာ..။

တကယ်တော့လည်း ဓမ္မဒိန္နာ ဟာ ခေသူတော့မဟုတ်ပါ။ အဲလို ရင်ဆိုင် ကျော်လွှားနိုင်ခဲ့တယ် ဆိုတာကတော့ ရှေးရှေးဘဝ ကဖြည့်ကျင့် ဆည်းပူးခဲ့တဲ့ ပညာပါရမီ တွေ ကြောင့်ပါ..။

သူမဟာ လွန်ခဲ့တဲ့ အတိတ်ဘဝ ကမ္ဘာတစ်သိန်းထက်က ပွင့်တော်မူသော ပဒုမုတ္တရဘုရားရှင် ရဲ့ အဂ္ဂသာဝက တစ်ပါးဖြစ် တဲ့ ရဟန္တာအရှင်မြတ် သုဇာတ မထေရ်ထံတွင် အလှူဒါနများ အကြီးအကျယ်ပြုလုပ်လျှက် အရဟတ္တမဂ် အရဟတ္တဖိုလ် ရရှိရန်ဆုပန်ခဲ့ဖူးသူ တစ်ယောက်ဖြစ်ပါတယ်…။။

ဘဒ္ဒကမ္ဘာ ရဲ့ ကဿပဘုရားရှင် လက်ထက်တော် ရောက်တဲ့အခါ မှာ လည်း ကာသိတိုင်း ကိကီမင်းကြီး၏ သမီးတော် အပျိုဖော် ခုနစ်ဦးတွင်လည်း တစ်ဦး အပါဝင်ဖြစ်ခဲ့ပါတယ်..။

ထိုညီအမ ခုနစ်ဖော် တွေကတော့
(၁) သမဏီ၊
(၂) သမဏဂုတ္တာ၊
(၃) ဘိက္ခုနီ၊
(၄) ဘိက္ခုဒါယိကာ၊
(၅) ဓမ္မာ၊
(၆) သုဓမ္မာ၊
(၇) သံဃဒါယိကာ(သံဃဒါယီ) ဟူသော ညီအစ်မ ခုနစ်ဖော်တို့ပင် ဖြစ်ပါသည်။

ထိုညီအစ်မ ခုနစ်ဖော်တို့ က အိမ်ထောင်မပြုဘဲ အပျိုစင်ဘဝဖြင့် နေကာ ကောမာ ရိဗြဟ္မ စရိယ အကျင့်ကို တစ်သက်လုံး ဖြင့်ကျင့်၍ လည်းကောင်း ဘုရားရှင်နှင့် ဘုရားရှင်၏ တပည့် ရဟန်းတော်များကို တစ်သက်လုံး ပြုစုလုပ်ကျွေးကြ ပြီး မဂ်ဖိုလ် နိဗ္ဗာန် ရရန်ဆုပန်ခဲ့ကြ တဲ့သူတွေ ဖြစ်ပါတယ်..။

ဂေါတမ ဘုရားရှင်လက်ထက်တော် ရောက်တဲ့အခါ မှာတော့

သမဏီ ကား ခေမာထေရီ၊

သမဏဂုတ္တာ ကား ဥပ္ပလဝဏ္ဏာထေရီ၊

ဘိက္ခုနီကား ပဋာစာရာထေရီ၊

ဘိက္ခုဒါယိကာ ကား ကုဏ္ဍလကေသီထေရီ၊

ဓမ္မာ ကား ကိသာဂေါတမီထေရီ၊

သုဓမ္မာ ကား ဓမ္မဒိန္နာထေရီ၊

အငယ်ဆုံး သံဃဒါယီ ကား ဝိသာခါ ပုဗ္ဗာရုံကျောင်းအမကြီး

ဖြစ်လာကြ ပါတော့တယ်..။

ဓမ္မဒိန္နာ ရဟန်းကိစ္စ ပြီးစီးပြီး ချိန်မှာ သူ့ကို မှီပြီး မိတ်ဆွေ..ဆွေမျိုးများ ကောင်းမှုပွားစေဘို့ မြို့ကျောင်း ကိုပြန်လည် ပြောင်းရွှေ့ လာခဲ့ပါတယ်..။

ဒီသတင်း ကို ကြား တဲ့ ဝိသာခ က… ((အို မြန်လိုက်တာ….သာသနာ မှာ မပျော်ပိုက်လို့လားမသိ )) လို့ စဉ်းစားကာ စုံစမ်းဘို့ ကျောင်းကို ရောက်လာပါတော့တယ်…။

မစုံစမ်းခင် ဓမ္မဒိန္နာ ရဲ့ အိနြေ္ဒရင့်ကျက်မှု ၊ လက်အနေအထား…. တည်ကြည်လေးနက်မှု တွေကို မြင်လိုက်ရတဲ့အခါ ….

တရားအဆင့်ကို စုံစမ်း သိရှိဘို့ တိုက်ရိုက်မမေးပဲ ပြဿနာ ကို
မေးလျှောက် စုံစမ်းပါ တော့ တယ်..။

အဲဒီအခန်း ကတော့ကျွန်မ အတွက် အနှစ်သက်ဆုံး ဖြစ်ခဲ့ပါတယ်…။

အမျိုးသား တွေ ရဲ့ အမျိုးသမီး တွေကို အထင် မကြီး တတ်တဲ့ဓလေ့ နဲ့ တောက်ပ လင်းလက် တဲ့ ဓမ္မဒိန္နာ ရဲ့ ရှင်းလင်းပြတ်သား တဲ့အဖြေ များကို ဖတ်ရှု ကြည်ညို မဆုံးတော့ပါ..။


0 မှတ်ချက်ရေးရန်: