Thursday, September 6, 2018

သျှန္တနိကေတန် (သို့မဟုတ်) အားကျမိသော တက္ကသိုလ်


-----------------------------------------------
ဘဝရဲ့ နောက်ပိုင်းရက်တွေကို ပညာသင်ကြားရေး အတွက်သာ အချိန်ပေးမယ်လို့ ဆုံးဖြတ်ထားတဲ့ အတွက်..တတ်နိုင်သမျှတော့ အစည်းအဝေး ပွဲတွေ ..။ ဖိုရမ်တွေ…ထမင်းစားပွဲတွေ၊ ညစာစားပွဲတွေ ( ကိုယ်မပါလည်းဖြစ်တယ် ) ဆိုရင် ရှောင်ပါတော့တယ်..။
စာသင်တာကလည်း ဘဝ ရဲ့ ပေးဆပ်ခြင်း ဖြစ်ပြီး မီးလောင်ကျွမ်းလို့ ပျော် ပျော့စီးဆင်းနေတဲ့ ဖယောင်းသားမကုန်ခင် တတ်စွမ်သမျှ မီးကူးပေးခဲ့ချင်တဲ့ စိတ် ဆိုတာ မသေခင်ပေါ့..။
မနေ့က တော့ ကျမ ကြိုက်နှစ် သက်တဲ့ ( The First Jasmine - ငယ်ဘဝက စပယ်ဦးများ) ဆိုတဲ့ကဗျာလေးကို ပြန်ရှာဖတ်ရင်း ကဗျာရေး တဲ့ နိုဘယ် ဆုရ ကဗျာ ဆရာ Rabindranarth Tagore တည်ထောင်ခဲ့တဲ့ တက္ကသိုလ်လေးကို သွားသတိရမိပါတယ်..။
ပြီးတော့ သျှန္တနိကေတန် က တဂိုးတက္ကသိုလ်အကြောင်းလေးကို ဖတ်ရှု ဖြစ်ပါတယ်..။
မြန်မာကဆို ဆရာဗဂျီအောင်စိုး တက်ခဲ့ဘူးတဲ့ကျောင်းလေးလည်းဖြစ်ပါတယ်..။
သျှန္တနိကေတန် ဆိုတာ ငြိမ်းချမ်းအေးမြသော ရွာကလေလို့ အဓိပ္ပါယ်ရပါတယ်..။
အိန္ဒိယနိုင်ငံ ၊ ကာလကတ္တားမြို့ နဲ့ ၁၅၀ ကီလို မီတာ အကွာ မနီးမဝေးဒေသလေး ဖြစ်ပြီး ဘင်္ဂလား ပြည်နယ် မှာ ရှိပါတယ်..။ စိမ်းစိုလှပတဲ့ လွင်ပြင်ကလေးဖြစ်ပါတယ်..။
ဒီရွာကလေးဟာ ၁၉ ရာစု ကုန်လွန် ခါနီးအချိန် တွေမှာ ကမ္ဘာကျော် နိုဘယ် ဆုရ ကဗျာ ဆရာကြီး ရာဘင်ဒြာနတ် တဂိုး ရဲ့ ဖခင်ကြီးဟာ သူအငြိမ်းစားယူချိန် တရားအားထုတ် ဘို့ အဲဒီရွာလေး မှာ မြေကွက်လေးဝယ်ခဲ့ပါတယ်..။
၁၉ ၀၁ ခုနှစ် မှာ ဖခင်ကြီး ထံမှ အမွေရပြီးအဲဒီနေရာမှာ သျှန္တနိကေတန် တက္ကသိုလ် တစ်ခု ထူထောင်ဘို့ စတင်ခဲ့ပါတယ်..။ သူ့ရဲ့ စိတ်ကူးယဉ်အိပ်မက်တွေအကောင်အထည်ဖေါ်ဘို့ အစပျိုးလိုက်တာပါ..။ ကမ္ဘာ့ နာမည် ကျော် နိုင်ငံတကာ တက္ကသိုလ် တစ်ခု ထူထောင်ဘို့ ရံပုံငွေ အဆင်သင့်များများစားစားရှိမနေပါဘူး။
ရံပုံငွေ ရှာဖွေ ဘို့ဆိုတာကလည်း လွယ် လှတဲ့ကိစ္စ မဟုတ်ပါဘူး ။ တဂိုးဟာ သူပိုင် တဲ့ စာအုပ် တွေကိုရောင်းတယ်..။ သူ့စာအုပ် ရဲ့ မူပိုင်ခွင့်အတွက်ပေးရတဲ့အခကြေးငွေ တွေကိုလည်းထည့်တယ်..။ နိုဘယ် ဆုရ တဲ့ငွေ ကိုလည်း တက္ကသိုလ် ထူထောင်ရေးအတွက်သုံးစွဲ ခဲ့ပါတယ်..။ ငွေ အပြင် အဓိက ကျတဲ့အချက်ကတော့ တဂိုးဟာ သူ့ဘဝ တစ်ခုလုံး မြှုပ်နှံပေးဆက်ခဲ့တယ်..။ အချိန်ပြည့် ၊စွမ်းရည်ပြည့် မေတ္တာအပြည့်နဲ့ တည်ထောင် ထားခဲ့တဲ့ တက္ကသိုလ် လေးဖြစ်ပါတယ်..။
ဒါတောင်မှ ပဲတက္ကသိုလ်လေးဟာ ထိုအချိန် က တခြားသော ပညာရေးစနစ်ရဲ့ တက္ကသိုလ်တွေ နဲ့ မတူ….တမူခွဲထွက်ခဲ့ပါတယ်..။ တောက်ပ သားနားတဲ့ အဆောက်အဦတွေ ဓာတ်ခွဲ ခန်းတွေ ရှိမနေပါဘူး..။ တဂိုး ဟာ သူ့ ရဲ့ တက္ကသိုလ် လေးကို သက်ကယ် မိုးထားတဲ့ တဲလေး တွေ နဲ့ စတင်ခဲ့ပါတယ်..။
စတင်ခဲ့ချိန်က နေ ဆယ်စုနှစ် ၂ ခုလောက်ကျော်ကာမှ အုတ်တိုက်အဆောက်အဦတွေ ဆောက်လုပ်နိုင်ခဲ့တာဖြစ်ပါတယ်..။
အဆောက်အဦကသာ ထူးခြားနေတာမဟုတ်ပါ.. တဂိုးကျင့်သုံးတဲ့ ပညာရေးစနစ်ကလည်းထူးခြားလို့နေခဲပါတယ်..။
ထူးခြား တဲ့ ဝိသေသ ၃ ခုကိုပြောရမယ် ဆိုရင်
၁။Education knows of no human boundaries—ဆိုတဲ့ တရုတ် စကားပုံတစ်ခု လိုပါပဲ ပညာရေး ဆိုတာ ဘယ်သူဘယ် ဝါ မခွဲခြားလူသားတိုင်းသိသင့်တဲ့အရာ ဆိုတဲ့ တရုတ်စကားပုံတစ်ခုကိုကိုးကားညွှန်းဆိုပါတယ်..။ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်ကျော် လောက် ကရှေးဘိုးဘွားဘီဘင်တွေ ကတဆင့်ရရှိတဲ့ စိတ်ကူးစိတ်သန်းတွေဖြစ်ပါတယ်..။
သို့သော်လည်း အိန္ဒိယ နိုင်ငံဟာ ဘာသာရေးကိုးကွယ် မှု များစွာရှိခဲ့ပါတယ်..။ အများစု က ဟိန္ဒူ ဘာသာကိုကိုးကွယ်ကြပါတယ်..။ ဘာသာမတူရင်သော်လည်းကောင်း ဇာတ် အနိမ့်အမြင့်မတူ ရင်သော်လည်းကောင်း အတူမနေနိုင်၊ ထမင်းအတူမစားနိုင်တဲ့ ဓလေ့လည်းကြီးထွားခဲ့ပါတယ်..။ ထမင်းအတူမစားနိုင်သလို အဝတ်အစားအမျိုးအစားတူ ဝတ်ဆင်ခြင်း ၊တစ်မိုးအောက်မှာ နေထိုင်ခြင်းလည်းမပြု ၊ တစ်လမ်းတည်းကိုလည်းရင်ဘောင်တန်းသွားလို့မရ..။
ဒီလို ဘာသာရေးတွေ ၊ဇာတ်အနိမ့်အမြင့်ခွဲခြားဆက်ဆံမှုတွေစတဲ့ ရှုပ်ထွေး တဲ့အခြေအနေကို တဂိုးကနားလည် ခဲ့ပါတယ်..။ ထို အခြေ အနေက မလိုလားအပ်တဲ့အခက်အခဲတွေ ဖြစ်ပေါ်စေခဲ့တယ်..။ ဒီလို လူတွေ တည်ဆောက်ထားတဲ့လူလူချင်းခွဲခြားဆက်ဆံတဲ့အတားအဆီးကို တဂိုး က ဖြိုခွင်းဘို့ ကြိုးစားခဲ့တယ်..။ သူ့ရဲ့ တက္ကသိုလ် ကိုတက်ရောက်တဲ့ကျောင်းသားတွေ ဟိန္ဒူ ကိုးကွယ်ချင်ကိုးကွယ် မယ်။ အစ္စလာမ် ကိုးကွယ်မယ် ၊ ခရစ်ယာန် ၊ဗုဒ္စ္ဒ ၊ ဇာတ်နိမ့်ဇာတ်မြင့် ၊ ယုံကြည်မှု အစုံစုံကွဲပြားမှုတွေကိုလုံးဝ မခွဲခြား ပဲသူ့ကျောင်းမှာ လက်ခံဘို့ တဂိုးကဆုံးဖြတ်ခဲ့ပါတယ်..။
တစ်ကျောင်းဆောင်ထဲမှာအတူတကွနေထိုင်နိုင်ရမယ်..အတူတူ အလုပ်လုပ်နိုင်ရမယ်လိုပလည်စည်းကမ်းသတ်မှတ်ခဲ့ပါတယ်..။ ဒီ သတ်မှတ်ချက်ဟာ ဇာတ်နိမ့်ဇာတ်မြင့်…. ဘာသာပေါင်းစုံခွဲခြား ဆက်ဆံမှု ပြင်းထန် တဲ့ အိန္ဒိယ မှာ အလွယ် တကူ ဖြတ်သန်းကျော်လွှားနိုင်တာတော့မဟုတ်ပါဘူး။
အခက်အခဲပေါင်းများစွာ နဲ့ တော်လှန်ရေး တစ်ခု ဆင်နွှဲသလို ကိုဆောင်ရွက်ခဲ့ရပါတယ်..။ နောက်ဆုံးမှာတော့ လူသား ဆိုတဲ့ လူသားချင်းချင်းမကွဲမပြားတစ်သားတည်း ဆက်နွယ် မှု ကိုမှန်ကန် စွာတည်ဆောက်ခဲ့တာဖြစ်ပါတယ်..။


၂။Oneness between heaven and man—ဒုတိယအချက်ကတော့
လူသား နဲ့ နိဗ္မာန် ဆိုတာမကွဲမပြား တစ်သားတည်းရှိတယ် ဆိုတဲ့ တရုတ် စကား ပုံ ရှိပါတယ်..။ တဂိုး ရဲ့ ဟောပြောချက်ကတော့ လူသားတွေက ရုပ်ဝတ္ထု ဖွံ့ဖြိုးတိုးတက်မှုကို ရှေ့ရှုကြံဆောင်နေကြတယ်…အဲဒီအခါ သဘာဝ ဆန်ဆန်နေထိုင်မှု ကို ရုပ်ဝတ္ထု တိုးတက်မှု နဲ့ ကျေနပ်နှစ်သိမ့်ခြင်းက မှုန်ဝါးမှေးမှိန်သွားအောင်လုပ်ပစ်နိုင်စွမ်းရှိတယ်..။
ရုပ်ဝတ္ထု တွေကိုတပ်မက် စွဲလန်းမှု တွေဟာ လူတွေ ရဲ့ စိတ်ကောင်းစိတ်မြတ်တွေကို အကုသိုလ် ဖန်လုံအိမ် အတွင်းသွတ်သွင်းလိုက်သလိုပါပဲ..။ ထို ခေတ်အခါ က တဂိုးရဲ့ ပညာသင်ကြားရေးနည်းလမ်းတွေဟာ သင်္ခန်းစာ ဖတ်စာအုပ် တွေကို သိပ် ပြီးတော့မမှီခိုပဲ လူတစ်ယောက်ရဲ့ ပင်ကိုယ်အတွေးအခေါ် အစွမ်းအစ ဖေါ်ထုတ်နိုင်စွမ်းရှိမှုကိုဇောင်းပေးတယ်.. ။ သဘာဝ ပတ်ဝန်းကျင် နဲ့ နီးကပ်စွာ နေထိုင် စေတယ်..။ စာသင်ခန်းတွေကို အဆောက်အဦ ထဲမှာထက် သစ်ပင်ရိပ် အောက်မှာ သင်ကြားစေခဲ့ပါတယ်..။
အဲဒီအချိန်အခါ ကအိန္ဒိယ ဆိုတာ အင်္ဂလိပ်မင်းတို့ လက်အောက်မှာ ဆိုတော့..ဒီအတွေးအခေါ်ဟာ တော်လှန်သော အတွေးအခေါ်ရယ်လို့ အင်္ဂလိပ်အစိုးရက ဒီတက္ကသိုလ်ကို အသိအမှတ်မပြုခဲ့ပါဘူး။


လူသားတွေက ရုပ်ဝတ္ထု ဖွံ့ဖြိုးတိုးတက်မှုကို ရှေ့ရှုကြံဆောင်နေကြတယ်…အဲဒီအခါ သဘာဝ ဆန်ဆန်နေထိုင်မှု ကို ရုပ်ဝတ္ထု တိုးတက်မှု နဲ့ ကျေနပ်နှစ်သိမ့်ခြင်းက မှုန်ဝါးမှေးမှိန်သွားအောင်လုပ်ပစ်နိုင်စွမ်းရှိတယ်..။ 

ရုပ်ဝတ္ထု တွေကိုတပ်မက် စွဲလန်းမှု တွေဟာ လူတွေ ရဲ့ စိတ်ကောင်းစိတ်မြတ်တွေကို အကုသိုလ် ဖန်လုံအိမ် အတွင်းသွတ်သွင်းလိုက်သလိုပါပဲ..။

ထို ခေတ်အခါ က တဂိုးရဲ့ ပညာသင်ကြားရေးနည်းလမ်းတွေဟာ သင်္ခန်းစာ ဖတ်စာအုပ် တွေကို သိပ် ပြီးတော့မမှီခိုပဲ လူတစ်ယောက်ရဲ့ ပင်ကိုယ်အတွေးအခေါ် အစွမ်းအစ ဖေါ်ထုတ်နိုင်စွမ်းရှိမှုကိုဇောင်းပေးတယ်.. ။

သဘာဝ ပတ်ဝန်းကျင် နဲ့ နီးကပ်စွာ နေထိုင် စေတယ်..။ စာသင်ခန်းတွေကို အဆောက်အဦ ထဲမှာထက် သစ်ပင်ရိပ် အောက်မှာ သင်ကြားစေခဲ့ပါတယ်..။

အဲဒီအချိန်အခါ ကအိန္ဒိယ ဆိုတာ အင်္ဂလိပ်မင်းတို့ လက်အောက်မှာ ဆိုတော့..ဒီအတွေးအခေါ်ဟာ တော်လှန်သော အတွေးအခေါ်ရယ်လို့ အင်္ဂလိပ်အစိုးရက ဒီတက္ကသိုလ်ကို အသိအမှတ်မပြုခဲ့ပါဘူး။

တဂိုး ကသူ့ တက္ကသိုလ်က ထွက်တဲ့ကျောင်းသားတွေကို အရည်အတွက်များများထုတ်လုပ်မယ် ရယ်လို့  ဦးစားမပေးခဲ့ပါဘူး။ ကိုယ်ပိုင် အကျင့်စရိုက်ရှိစေချင်ခဲ့တယ်..။ ထိုစဉ် က ဂိုဏ်းဂဏ ဝါဒအယူတွေ အမျိုးမျိုးကွဲ ပြားတဲ့ အိန္ဒိယ မှာ သူ့ ကိုယ်စားပြုလာတဲ့ အသိုင်းအဝိုင်း ရဲ့ ပုံရိပ် အတိုင်း ဆက်ဆံတတ်တဲ့ အမူအကျင့် တွေ မရှိအောင်လေ့ကျင့်ပျိုးထောင်ခဲ့ပါတယ်။

ဥပမာပြောရရင်…သူကမူဆလင် ပဲယုတ်ညံ့မှာပေါ့..။သူ က တမ်ီလ် ပဲရက်စက်ကြမ်းကြုတ်မှာပေါ့ ၊ မိန်းမ ဆိုတာ ဒီလို ပဲ ၊ စသည်ဖြင့် တစ်ဦးချင်းစီ ရဲ့ အမှန်တကယ် အကျင့်စရိုက်ကို ပိုင်းခြားဝေဖန်မှုမရှိပဲ ဝါးလုံးရှည် နဲ့ သိမ်းကြုံးရမ်း တဲ့ လူမျိုးတွေ မမွေးထုတ်မိအောင် တဂိုးကကြိုးစားခဲ့ပါတယ်..။

ကျောင်းသား တစ်ဦးချင် စီရဲ့ ကိုယ်ပိုင်အရည်အသွေးကိုလေ့ကျင့်ပျိုးထောင်ပေးပါတယ်..။သူတို့ရဲ့ အကြိုက် ကိုလည်းအလေးထားခဲ့တယ်..။ ရွေးချယ် ပိုင်ခွင့်ရှိတယ် လို့လည်းတဂိုးက ယုံကြည်ပါတယ်..။ တဂိုးရဲ့ ခံယူချက် အတိုင်းတက္ကသိုလ် ရဲ့ ပညာရေး ကိုပုံဖေါ် စတင်တည်ဆောက်ခဲ့ပါတော့တယ်..

• Cultivation of mind and mentality — တတိယထူးခြားချက်ကတော့ စိတ် နဲ့ စိတ် သဘေားထား တွေကိုအဓိက ထားလေ့ကျင့်ပျိုးထောင်ခြင်း ပဲဖြစ်ပါတယ်..။ စိတ်နေစိတ်ထားကို တဂိုးက သူကိုယ်တိုင် ထူးချွန်ပြောင်မြောက်သလို စွဲလန်းတန်ဘိုးထားတဲ့ အနုပညာဘက်ကိုင်းညွတ်လာအောင် ရည်ရွယ် ခဲ့တာဖြစ်ပါတယ်..။

ဘယ် လို အရာဝတ္ထု ပဲဖြစ်ဖြစ် ထိတွေ့ခံစားလိုက်တာနဲ့ ပန်းချီဆွဲ စရာ..ခံစားစရာ ပုံရိပ်တွေဖြစ်လာတယ်..။ ရေးဖွဲ့ စရာ သီချင်း(သို့မဟုတ်) ကဗျာ တစ်ပုဒ် ဖြစ်လာကြပါတော့တယ်..။ သူ့ရဲ့ ယူဆချက်ကတော့ ကြားသိတဲ့အသံ ရယ် စိတ်က အာရုံကိုသိမှု သဘော ရယ် အဲဒီအာရုံကို တုန့်ပြန်ခံစားမှု ဟာ ဟာမို နီ ဖြစ်နေရမယ်… ညီညွတ်ပြေပြစ်နေရမယ် …. အဲဒီ ညီညွတ်ပြေပြစ်မှုက နေ အနုပညာ ဖန်တီးမှု ထွက်ပေါ်လာစေရမယ် ..။

တကယ်လို့ ညီညွတ်ပြေပြစ်မှု မရှိရင် ပန်းချီဟာ ဆန့်ကျင်ဘက်အရောင်အတွဲအစပ်တွေ ဖြစ်လာမယ်..။ ကဗျာ၊ သီချင်းဟာ လည်းနရီစည်းချက် မမှန်တော့ဘူးလို့ ဆိုပါတယ်..။စိတ်၊ အာရုံ၊ တုံပြန်ဆုံးဖြတ်မှု ကြောင့် ဖြစ်လာတဲ့ ဖန်တီးဘို့ အမိန့်ပေးစေခိုင်းမှုဟာ သိပ်မကြာလိုက်ဘူး ခဏမှပဲပျောက်ကွယ် သွားတတ်တယ် ။ အချိန်တိုအတွင်း ရအောင် မိအောင်ဖမ်းဆုပ်ဘို့ အရေးကြီးကြောင်း သင်ကြားပေးပါတယ်..။

ညီညွတ်တဲ့ မျှခြေ မရှိဘူးဆိုရင် ထိုဘူဟာ တခြားသူ နဲ့ ဆက်ဆံဘို့လည်းခက်ခဲ့လိမ့်မယ်..။ ပျော်လည်းပျော်ရွှင်မှာမဟုတ်ဘူးတဲ့...။

ထိုအခါ မှာ သူဟာ အန္တိမ အထွဋ်အထိပ်အောင်မြင်မှုကိုညင်းဆို ပါလိမ့်မယ် တဲ့။တဂိုးရဲ့ ကျောင်းမှာ ပန်းချီနဲ့ ဂီတ ကို အဓိက သင်ကြားပေးပါတယ်..။ ပွဲတော်ရက်တွေ ရောက်တဲ့အခါ ဆရာတွေကောကျောင်းသားတွေပါ…. အနုပညာ လှုပ်ရှာမှု တွေ ထဲ မှာ စေခိုင်းမှု မပါဝင်ပဲ မိမိဘာသာ ပါဝင်လုပ်ဆောင်ကြတယ်..။

အခု ဖေါ်ပြတဲ့အနှစ်ချုပ်ဖြစ်စဉ်ကလေးကတော့ တဂိုး ကသူ့ကျောင်းသားတွေကိုသဘာဝ အတိုင်း တွန်းအား မပါပဲ… ကိုယ်ရည်ကိုယ်သွေးကို ဖွံ့ဖြိုးအောင် လေ့ကျင့်ပျိုးထောင်ပေးတဲ့ နည်းလမ်းလေးတွေဖြစ်ပါတယ်..။သူကိုယ်တိုင်လည်းသဘာဝ တရားကို မိခင်သဖွယ်ရှုမြင်ပြီး ကျေဇူးတင်စိတ် နဲ့ လောကသဘာဝ အလှအပတွေ ရဲ့ ဖွဲ့စည်းမှုကို ခံစားတယ် ၊ မှတ်တမ်းတင်တယ်..။

လူသားတွေ ရဲ့ သဘာဝ တရားကိုခံစားတဲ့ လိုက်လျော ညီထွေ ပြေပြစ်စွာ ဖွဲ့ စည်းမှုကိုသိလေလေ… ဂီတ နဲ့ ပန်းချီရေးဖွဲ့ ဘို့ နီးစပ်လေလေ ပဲ ရယ်လို့ သင်ကြားပေးခဲ့ပါတယ်..။ဒါကြောင့် မို့ သူကိုယ်တိုင်လည်း ကဗျာ များစွာ သီချင်းများစွာရေးဖွဲ့ ခဲ့တာ ဖြစ်ပါတယ်..။

တဂိုးသေဆုံးသွားတဲ့အခါ မှာတော့ သူ့ရဲ့ တူ ကအရိုက်အရာဆက်ခံခဲ့ပါတယ်..။ သူဟာ လည်း တဂိုးရဲ့ သင်ကြားမှုအောက်ကနေ အိန္ဒိယ ရဲ့ပန်းချီအကျော်အမော် ဖြစ်လာသူပါ..။ သူကသျှန္တနိကေတန် ဝိစရ ဘာရတီ ( နိုင်ငံတကာတက္ကသိုလ်) ရဲ့ အကြီးအကဲ ဖြစ်လာပါတယ်..။၁၉ ၄၃မှာ တော့အိန္ဒိယ အစိုးရ ရဲ့အသိအမှတ်ပြုမှုကို ရရှိခဲ့ပါတယ်..။ ထိုအချိန်က အိန္ဒိယ ဟာ အင်္ဂလိပ်လက်အောက် မှာပဲရှိပါသေးတယ်..။သို့သော်လည်းထင်ရှားကျော်ကြားလာတာမို့ တခြားသော နိုင်ငံ မှကျောင်းသားများကို လက်ခံလာပါတယ်..။ ၃လ သင်တန်းဘွဲ့သင်တန်းစသည်ဖြင့်လက်ခံသင်ကြားပေးပါတယ်..။

အခုတော့လည်း စိုက်ပျိုးရေးဘွဲ့၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဘာာရပ်တွေကိုပါ ၄နှစ် ဘွဲ့ ရသည်ထိ သင်ကြားပေးနေတာ ဒီလင့်မှာကြည့်နိုင်ပါတယ်..

http://www.bolpur-santiniketan.com/courses/under-graduate-degree-course.html#

ဒီဆောင်းပါးလေးကိုရေးတဲ့သူက တိုင်ဝမ်ကကျောင်းသားတစ်ဦးပါ..။ ရုပ်ဝတ္ထု ဖွံ့ဖြိုးတိုးတက်မှု တွေထွန်းကားတဲ့နိုင်ငံက လာရပေမဲ့လည်း သျှန္တနိကေတန်ရဲ့ငြိမ်းချမ်းအေးမြမှုကိုမမေ့နိုင်ပါတဲ့။ ဒီပတ်ဝန်းကျင် မှာ ၃လ တာနေခဲ့တာ ရှန်ဂရီလာ လို နိဗ္မာန် ဘုံတစ်ခု လိုလို စိတ်ထဲမှာ စွဲထင်ကျန်ရစ်ပါသတဲ့..။

အဲဒီကအပြန်သူဟာ ရုပ်ဝတ္ထု တွေကိုအလွန်အမင်းမကိုးကွယ် မစွဲလန်းတော့ဘူးတဲ့..။ စိတ်ဝိဥာဉ် သန့်စင်မှု ရဲ့ အလှရတနာ တစ်ခု ရယ် ဘယ်သူကမှ မကျော်လွန်နိုင်တဲ့ စေ့ဆော်တိုက်တွန်းမှုတွေ ပိုင်ဆိုင်ထားတဲ့တက္ကသိုလ် လို့ သူကဆိုပါတယ်..။

သူကတရုတ်ပြည်ကိုပြန်တယ် ၁၅နှစ်အကြာမှာ တက္ကသိုလ်ကိုပြန်လည်ပတ်တဲ့အခါ မှာ တဂိုးကမရှိတော့ပါဘူး။ သို့သော်လည်းတဂိုး ရဲ့ စိတ်ဝိဥာဉ် နဲ့ အထွဋ်အမြတ်အကြံဥာဏ်တွေ ရှင်သန်ကျန်နေဆဲ ဖြစ်နေပါတယ် တဲ့..။

ဒီနေရာ မှာကျမ ဆိုလိုချင်တာကတော့ ကျမတို့ဆရာတော်ကြီးများ ရဲ့ အဆုံးအမ နဲ့ ကိုက်ညီနေတာကိုပါ..။ ကျေးဇူးတော်ရှင် ယောဆရာတော်ဘုရားကြီးက မိန့်ဘူးတယ်…(((လောကမှာနေရင်ကွယ် တဲ့..၊ စိတ်နဲ့ အာရုံ အဆင်ပြေအောင်နေတတ်ဘို့ အရေးကြီးတယ် ))) ဆိုတဲ့ အဆုံးအမ နဲ့ ကိုက်နေတာကိုပါ..။
ဥပါဒါန် ကြီးတဲ့သူတွေဟာ ဖြစ်စေချင်တဲ့ပုံစံကိုအသေချပြီးကိုယ်ထင်တာအမှန်ပဲဆိုပြီးအသေ ဆုပ်ကိုင်ထားတတ်ကြတယ်..။ ဖြစ်မလာ တဲ့အခါ မျှော်လင့်တာနဲ့မကိုက်တဲ့အခါ ဒေါသ အပူတွေ နှလုံးအိမ်က ထွက်လာပါတယ်…။ ပြင်းထန်ရင်ထန်သလို (မနောကံ၊ ဝစီကံ ) ကတဆင့် ကာယကံ တိုက်ခိုက်စော်ကားမှုတွေ ပြုတတ်တော့တာ..ဒါဟာတကယ်တော့အကုသိုလ် ဖြစ်ပါတယ်..။

သီလတွေလည်းစ င်ကြယ်ပြီး စိတ်နဲ့ အာရုံအဆင်ပြေ ရင်တော့နှလုံးအိမ်က အအေးဓာတ်အဟုန် စိမ့်ထွက်ပါတယ်..။ သကြား ကိုသိတာမဟုတ်ပဲ ချိုတာကိုသိသလို ခံစားမှု နဲ့ သာ တိုင်းတာနိုင်တဲ့သဘောပါ..။ ဒါကို ကုသိုလ်လို့ ခေါ်ပါတယ်..။

တကယ် တော့ သျှန္တန်ကေတန်ဟာ ဒီကုသိုလ် ဓာတ်ကို ဖမ်းဆုပ်လမ်းပြနိုင်ခဲ့သလို..သဘဝ တရားကို ချစ်မြတ်နိုးမှု ၊ ရိုးရှင်းစင်ကြယ် မှု၊ ကြွားဝါလိုစိတ်ကင်းမှု ၊ နှိမ့်ချ ရိုကျိုးမှုတွေကို သူ့အနုပညာ နဲ့ သူတည်ဆောက်သွားတာပဲရယ်လို့ကျမ သုံးသပ်ကြည့်မိပါတယ်..။

ကျမတို့ရဲ့ ယနေ့ကမ္ဘာဟာ တီထွင်မှု တွေ တိုးတက်မှု တွေပြည့်လျှံနေပါပြီ…။ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှု များစွာ ကလည်း စက္ကန့်နဲ့အမျှ အသစ်အသစ်တွေ ထွက်ပေါ်နေတာ….။

လောဘ၊ဒေါသ၊ မောဟများနဲ့ နာမကျန်းဖြစ်နေတဲ့ကမ္ဘာကြီး ဟာ သဘာဝပတ်ဝန်းကျင် ဖျက်ဆီးမှုတွေကြောင့်လည်း အနားမရရှာပါဘူး..။

ချစ်ခြင်းမေတ္တာကိုသင်ကြားပေးတဲ့ ကျောင်းတွေ၊

သဘဝ တရားကို ချစ်မြတ်နိုးမှု ၊

ရိုးရှင်းစင်ကြယ် မှု၊

ကြွားဝါလိုစိတ်ကင်းမှု ၊

နှိမ့်ချ ရိုကျိုးမှုတွေ ပိုင်ဆိုင်တဲ့မျိုးဆက်သစ်တွေ မွေးထုတ်တဲ့ ကျောင်းတွေလို သင်ကြားပေးချင်မိပါတယ်..။

အားကျပါတယ် သျှန္တနိကေတန် …။ရယ်..။

မေတ္တာဖြင့်
သစ္စာအလင်း

0 မှတ်ချက်ရေးရန်: