Friday, June 5, 2009

သမီး--မက်မက် (သို့မဟုတ်) မုဒိတာပန်းလေးတစ်ပွင့်

မေမေချစ်သောသားသားနှင့်မီးမီးရေ…

ကယားမှာ အဆင်ပြေရဲ့လား လို့ သိချင်နေပါတယ်..။မေမေကိုယ်တိုင် ကယားပြည်နယ်ကို မရောက်ဘူးတော့ အတွေးနဲ့သာမှန်းဆနေရပါတော့တယ်..။ သားသား က ကိုယ့် ကိုကို (အူကြောင်ကြောင် ဖွံ.ဖြိုးရေးသမား) တစ်ယောက်ပါလို့ နှိမ့်ချသောစကားလုံးတွေနဲ့ ညွှန်းဆို နေပေမဲ့ မေမေကတော့ အဓိပ္ပါယ်ရှိသော ဖွံ့ဖြိုးရေးသမားလေး အဖြစ် လေးစားဂုဏ်ယူနေပါတယ် သားကြီးရေ..။

သားပြောသလိုပဲ မေမေဟာ Social Science တွေ Development တွေ မသိခဲ့ပါ..မေမေ့ဗဟုသုတ ဟာ ဓာတ်ခွဲခန်းကျဉ်းကျဉ်းလေး မှာသာရှိပါတယ်သား။ အခုတော့အဲဒီ ဥခွံတွေထဲက ထွက် ခဲ့ပြီး လေ့လာစရာ မျက်စိ နားများဖွင့်လှစ်လို့ထားခဲ့ပါတယ်..။ မေမေတို့ ကြီးရင့်သူတွေဟာ ငယ်ရွယ်သူ၊မျိုးဆက်သစ် တို့ရဲ့ စွမ်းပကား၊ ထက်မြက်တဲ့ အတွေးအခေါ်၊ ရှင်သန်တဲ့ အရည်အချင်း၊ တောက်ပတဲ့ ဖန်တီးမှုတွေကို အလေးထားတတ်ဘို့ အရေးကြီးတယ်ဆိုတာ မေမေ သဘောပေါက်နေပါတယ်။

ကျေးဇူးတော်ရှင် ဓမ္မဒူတ အရှင်ဆေကိန္ဒ ဟောကြားတော်မူ သလိုပါပဲ။ လူကြီးတွေက အတွေ့အကြုံ ကိုအားကိုးတယ်။ လူငယ်တွေက အတွေးအခေါ်ကိုအားကိုးကြတယ် တဲ့။ မကြီးတကြီးတွေကတော့ အတွေ့အကြုံ နဲ့ အတွေးအခေါ်ကို ညှိနှိုင်းကျင့်သုံး ရမယ်ထင်ပါရဲ့ ကလေးတို့ရေ..။

အခုမေမေ သားသားနဲ့ မီးမီးတို့ကို မိတ်ဆက်ပေးချင်တာ က စံနမူနာပြုလောက်စရာ စိတ်ထားလေးတွေကို ပိုင်ဆိုင်တဲ့ မမ တစ်ယောက်အကြောင်းပါ။ မက်မက် လို့ခေါ်ပါတယ်…။ http://www.crazydreamlover.com/Blog ကို ဖန်တီးသူလေးပေါ့..။ သည်နေ့ မှာသူရဲ့ ဖန်တီးမှု တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မိတ်ဆွေများထံမှ စကားလက်ဆောင်တွေ တောင်းခံထားပေမဲ့ တကယ်တန်းသူ့ ဘလော့ လေးကို ဖတ်ကြည့်လိုက်တော့ မေမေ့မှာ မချီးကျူး မလေးစားပဲ မနေနိုင်အောင်ကို ဖြစ်သွားခဲ့ရ ပါတော့တယ်..။

သူကလေးဟာ သူ့ကို ချီးကျူးခံရတာ ထက် လူတကာ ရဲ့ ကောင်းကွက်ကလေးတွေကို ချစ်ခင်မြတ်နိုး စိတ်ကလေးနဲ့ အကောင်းမြင်စိတ်လေးနဲ့ တန်ဘိုးထားတတ်သူ၊ ကြည့်တတ်သူ မြင်တတ်သူလေးပါလားလို့ မေမေ ချက်ချင်းမှတ်ချက် ပေးမိပါတော့တယ်။ လူတကာ ကို ကြော်ငြာပေးနေရှာတာကိုး။

အဲလိုအရည်အသွေးလေးတွေ ဟာ အခုခေတ်မှာ ရှားပါးကုန်ပစ္စည်းတစ်ခုအဖြစ် ပြတိုက်မှာသာ သွားကြည့်ပါ လို့ပြော လို့ရတဲ့ ရှားပါးစိတ်ထားမျိုးလေးတွေဖြစ်နေလို့ပါပဲ။ မုဒိတာ စိတ်ထား နဲ့ အတူ မေတ္တာပွားနိုင်တဲ့ နှလုံးသား လေး ကို မြင်နေ တွေ့နေ ရလို့ပါ..။

မေမေ အပါအဝင် မေမေတို့ ပုထုဇဉ်တွေဆိုတာကလည်း--- ငါ ကနင့်ထက်သာတယ်နော် မေ့မထားနဲ့ လို့--- အဓိပ္ပါယ်ဆောင်တဲ့ စကားမျိုးကို တိုက်ရိုက်သော် လည်းကောင်း သွယ်ဝိုက်သော်လည်းကောင်း ငါဆိုမှငါ--ငါ့အကြောင်းတွေသာ--ပြောချင်ဆိုချင်နေတတ်ကြတာ အမှန်ပါပဲကလေးတို့ရေ..။

Ph.D ဘွဲ့ရချင်းတူရင် နင် က Local ,ငါကForeign Ph.D လေ။Foreign Ph.D တူပြန်ရင်လည်း နင်က အာရှ က ငါက ဥရောပ က ရတာလို့ လုပ်ချင်တတ်ကြတာကိုး။

တကယ်တမ်းကျတော့ ကြီးကျယ်မြင့်မြတ်ခြင်းဆိုတာ ဘွဲ့တွေ၊ ဂုဏ်တွေ၊ ငွေတွေ၊ ရာထူးတွေ၊ အာဏာ အဆင့်အတန်းတွေ မှာ တည်မှီ မနေပါဘူးကလေးတို့ရေ..။

ကိုယ့်ရဲ့ပတ်ဝန်းကျင်ကို ဘယ်လောက်ထိ အရိပ်ပေးနိုင်လဲ၊ မေတ္တာနဲ့စိတ်ချမ်းသာမှု တွေပေးနိုင်လဲ၊ အေးမြငြိမ်းချမ်းမှုတွေ ပေးဝေနိုင်သလဲ၊ ထာဝရမှန်ကန်နေမဲ့ သစ္စာတရားနဲ့ စောင့်ရှောက်နိုင်သလဲ ဆိုတာ မှာ မူတည်တယ်လို့ မေမေထင်ပါတယ်။

မေမေ ခံစားရတာကို ရိုးရိုးလေးပဲပြောပြတာပါ..ကျမ်းကိုးကျမ်းကားနဲ့ အတူ ပညာရှိသူတော်ကောင်းတွေ ပြောပြထားတဲ့ လူတန်ဘိုး၊ ပေတံတွေက တော့ အများကြီးရှိ နေပါတယ်..။ ဒါကတော့တပိုင်း တစ်ကဏ္ဍ ပေါ့နော်..။

အမြင့်ဆုံးစံပြုစရာ လူသားကတော့မေမေတို့ အားလုံးရဲ့ အတုမရှိ ဉာဏ်တော်ကြီး ပိုင်ရှင် ကျေးဇူးတော်ရှင် မြတ်စွာဘုရားသခင်ပဲပေါ့။ မေမေတို့ဟာ ဘုရားရှင်ရဲ့ ဂုဏ်ကို Personal Buddha---အဖြစ်သာမက Quality Buddha အဖြစ်၊ ဘုရားအဆုံးအမ တွေ လိုက်နာ နှလုံးသွင်းဘို့၊ မိတ္တူပွားနိုင်ဘို့ ကြိုးစားကြရပါမယ် ကလေးတို့ရေ..။

မေမေလည်း သားသား ၊မီးမီးတို့ရဲ့ မမ မက်မက် ကို တကယ် လှိုက်လှိုက်လှဲလှဲချီးကျူး ဂုဏ်ပြုချင်တာနဲ့…ကဗျာလေးတစ်ပုဒ်ရေးပေးလိုက်ပါတယ်။ မေမေ တို့ငယ်ငယ် က သင်ဘူးတဲ့ (ဝဲရိုက် ဝဲသွင်း ရေးနည်း) လေးနဲ့ ပါ..။ ဖတ်ကြည့်ပါအုံးနော်။

သမီး မက်မက်ရဲ့ Blog--တစ်နှစ်ပြည့်မြောက် အတွက် ဆုတောင်း

ဖြူစင်ခြင်း
ရှင်းသန့်စိတ်
အိပ်မက်ပန်း
လန်းဆန်းစေ။
စွေတဲ့ မိုး
မြတ်နိုးသောဆောင်း
ပြောင်းတဲ့နွေ
ရှည်ခဲ့ပေါ့
ခေါင်းမော့ထား
အားမာန်သစ်
ဖြစ်တည်ခြင်း
သတင်းမွှေးပျံ့…ပန်းရနံ့တို့ ထာဝရ ကြိုင်သင်းနိုင်ပါစေ။

(စိတ်ထားဖြူစင်တာထက်ပို တဲ့ …မြင့်မြတ်မှုများ ပိုင်ဆိုင်ထားတဲ့ သမီးမက်မက် သည့်ထက်ပို၍ အောင်မြင်ပြီး အဓိပ္ပါယ်ရှိသောဘဝ တစ်ခု တည်ဆောက်မှုပြု နိုင်လိမ့်မယ်လို့ အံတီယုံကြည်နေပါတယ် သမီးရေ…)

ချစ်ခင်မြတ်နိုးစွာ
သစ္စာအလင်း

1 မှတ်ချက်ရေးရန်:

Dr Phyo Wai Kyaw said...

အန်တီရေ

ကျနော်ပါဝင်ဖတ်သွားပါတယ်..
မရောက်တာလည်းကြာပြီ
နွေပိတ်ရင် အလုပ်တွေလုပ်ကြတာပေါ့