Tuesday, June 30, 2009

တို့အားလုံးအတွက်-စာမေးပွဲ

မေမေ ချစ်သော သမီးလေး မစုမြတ်ရေ…

ဂုဏ်ထူး၅ဘာသာထွက်တယ်လို့ကြိုတင် ကြည့်ထား- သိထားပြီးမှ တကယ်တမ်း အောင်စာရင်းထွက်တော့ မြန်မာစာ ဂုဏ်ထူး(၁) ဘာသာ သာထဲ ပါလာတာကို..သမီးလေး တော်တော်ခံစားရမှာဆိုတာ မေမေ ကရုဏာ ဖြစ် နေမိပါတယ် သမီးရေ..။မေမေတို့ ဘဝတွေမှာစာမေးပွဲတွေက တော်တော်အရေးပါကြတယ်နော်..။ မေမေ လည်းတစ်ခါက Student Evaluation ဆိုတဲ့ စာမေးပွဲဋ္ဌာနမှာ အမှုထမ်းခဲ့ ဘူးတယ်…။

ကျောင်းသားရဲ့ အရည်အချင်း ကို ဆုံးဖြတ်ပေးနိုင်ဘို့ မေးခွန်း ထုတ်တဲ့နည်းစံနစ်တွေ၊မေးခွန်းတစ်ခုရဲ့ Quality ကအစ စိစစ်ရပါတယ်။ မေးခွန်းဟာ မှတ်မိတာ(Memory-Recall)ကိုတိုင်းတာတဲ့မေးခွန်းတွေလား။ တွေးခေါ်နိုင်မှုစွမ်း ရည်၊ ကြံစည် နိုင်စွမ်း ၊ အသုံချနိုင်မှုစွမ်းရည်တွေ(Creativity)ကို တိုင်းတာတဲ့ မေးခွန်း မျိုးဖြစ် အောင်ထုတ် တတ် ဘို့ သင်ပေးခဲ့ရဘူးပါတယ် သမီးရေ..။ စာတွေ့တင်မကဘူး လက်တွေ့ ပါစစ်ဆေးရ ပါတယ်..။ အမှတ်ခြစ်ရင်တောင် ခုံနံပါတ်ကို Code လုပ်တာတွေ..အတော်အညံ့ Ramdomize လုပ်တာတွေနဲ့ အမျှတဆုံးဖြစ်စေရပါတယ်.. ။

ဒါတောင်မှပဲ------စာမေးပွဲတွေ ဟာ တကယ်တန်း လူတစ်ယောက်ရဲ့ အရည် အချင်းကိုတိုင်းတာနိုင်ပါသလား ဆိုတဲ့မေးခွန်း ကိုမေမေ ပြန်မေး မိတယ်..။မတိုင်းတာ နိုင်ကြပါဘူး။ ဒါပေမဲ့လည်း သည့်ထက်ကောင်းတဲ့ တိုင်းတာရေးစနစ်ကို မတွေ့ သေးတော့လည်း ဒါကိုပဲ ကျင့်သုံးနေကြရပါတယ်..။

တကယ်တော့လည်းသမီးရေ..မေမေတို့အားလုံးဟာ သံသရာ မှာကျင်လည်နေရသေးသရွေ့----၃၁ဘုံ ဆိုတဲ့ တက္ကသိုလ်ကြီှး ရဲ့ လူ့ဘုံ ဆိုတဲ့ ဋ္ဌာနအောက်မှာ အချိန်ပြည့်ကျောင်းသား အဖြစ် ကျောင်းတက်နေကြရပါတယ်။ အဲဒီတက္ကသိုလ်ကထုတ်တဲ့ မေးခွန်းနဲ့ စာမေးပွဲစနစ်ကတော့အကောင်းဆုံး Evaluation System အဖြစ်မေမေ တို့ စံပြုရပါလိမ့်မယ်သမီးရေ..။ အဲဒီ တက္ကသိုလ်ကပေးတဲ့ ဘွဲ့ တစ်ခုရခဲ့ပြီဆိုရင်တော့ ၃၁-ဘုံမှာ မျက်နှာငယ် စရာ မရှိတော့ ဘူးပေါ့။

ဘွဲ့တွေ က တော့ အဆင့်ဆင့်ပေါ့သမီးရယ်..။ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် ၊ ရဟန္တာဆိုတဲ့ ဘွဲ့ လေးဆင့်ရှိပါတယ်သမီး။ ၃၁-ဘုံတက္ကသိုလ်ကြီးကပြဋ္ဌာန်းစာအုပ်ရှိတယ်သမီးရေ..။ သိပ်တော့မများပါဘူး။ ဘာသာရပ် လေးခုပဲရှိပါတယ်။
အနိစ္စ၊ ဒုက္ခ ၊ အနတ္တ၊ အသုဘ ဆိုတဲ့ ပြဋ္ဌာန်းစာလေးဘာသာပါသမီး။
ပြဋ္ဌာန်းထားတာတွေကို သေချာ သင်အံ လေ့ကျက် နေတဲ့သူရယ် ၊မထေမဲ့မြင်ပြုပြီး အလေလိုက်နေတဲ့လူရယ် နှစ်မျိုးနှစ်စားရှိပါတယ် ။

ကျောင်းက အနိစ္စ ပါလို့ပြဋ္ဌာန်းထားတယ် မေမေတို့ က နိစ္စ လို့ ဖတ်ရှုနေတတ်တယ်။
ဒုက္ခ လို့ပြဋ္ဌာန်းတာကို သုခလို့ ရှုမှတ်နေမိပြန်ပါသေးတယ်..။
အနတ္တ ပါလို့ ဘယ်လို သင်ပြပြ မေမေတို့က အတ္တ ပါလို့ ကိုယ်ထင်သလို ဆွဲယူတတ်ပါသေးတယ်။
အသုဘတွေ ပါလို့ ပြဋ္ဌာန်းပေမဲ့ သုဘ ပါလို့ ထင်မှတ်မှားကာ၊ သမုဒယတွေပွား နေခဲ့မိတာပေါ့..။


အဲဒါဆို အလေလိုက်နေတဲ့ အုပ်စုထဲမှာပါဝင်သွားပြီး စာမေးပွဲကျကာ အပါယ်လေးဘုံ ကိုအပို့ခံရပါလိမ့်မယ်။
မေမေတို့ဖြေရမဲ့ စာမေးပွဲက မေးခွန်းတွေ ကလည်း Question Out ထားပြီးသားပါ..။ မဖြေချင်ပါ ဘူးဆို လို့လဲ မရ..။ အမြဲအစစ်ခံနေကြရပါတယ်သမီးရေ..။ မေးခွန်းက ၈-ခုထဲပါ..။ Question Out ထားတာတောင် မေမေတို့ ဟာ စာမေးပွဲခဏခဏ ကျ နေခဲ့ဘူးတာပေါ့သမီးရေ..။
မေးခွန်း၈-ခု ကတော့ လောကဓံတရား၈ပါးဆိုတဲ့မေးခွန်းတွေပါပဲ…။လောကဓံဆိုတဲ့ လောကဓမ္မ ဟာသတ္တဝါ တွေ မလွှဲမရှောင်သာပဲ အမြဲထိတွေ့ ခံစားနေကြရမဲ့ တရားတွေပါသမီးရယ်။ ကင်းလွတ်တယ် ဆိုတာမရှိပါ ဘူးနော်။ မေမေတို့ရဲ့ ကျေးဇူးတော်ရှင်မြတ်စွာဘုရား က အဲဒီ လောကဓမ္မ ၈-ပါးရဲ့အကြောင်းကို လောကဓံသုတ် မှာ ဟောကြားတော်မူခဲ့ပါတယ်သမီး။
(၁) လာဘ= လာဘ်ရခြင်း----- ပင်ပင်ပန်းပန်း ရှာကြံလုပ်ကိုင်လို့ပဲဖြစ်ဖြစ်၊မရှာကြံရပဲ ကံအားလျော်စွာ အလွယ် တကူ ပဲ ဖြစ်ဖြစ် ပစ္စည်းဥစ္စာတွေရရှိလာတာကိုလာဘ်ရတယ်ခေါ်ပါတယ်။
(၂) အလာဘ= လာဘ်မရခြင်း ---နှစ်သက်လိုချင်စဖွယ် အသုံးကျတဲ့ပစ္စည်းတွေကို မရရှိခြင်းနဲ့ ရထားပြီးတဲ့ ပစ္စည်းဥစ္စာတွေ ဆုံးရှုံးသွားခြင်းတို့ကို လာဘ်မရခြင်းလို့ခေါ်ပါတယ်။
(၃) ယသ=အခြွေအရံများခြင်း----- အိမ်ထောင်ဘက်၊သားသမီး မိတ်ဆွေ သင်္ဂဟများနဲ့ တပည့်တပန်းများကို အခြွေအရံ လို့ခေါ်ပါတယ်။ ဒါတွေရှိတာအခြွေအရံ ရှိတာပါပဲသမီးရေ..။
(၄) အယသ= အခြွေအရံမရှိခြင်း------အထက်ကဆိုခဲ့တဲ့ အခြွေအရံ မရှိတာရော ရှိပြီးတဲ့အခြွေအရံတွေ ဆုံးရှုံးပျက်စီး သွားတာကိုရော အယသ လို့ခေါ်ပါတယ်။
(၅) နိန္ဒာ=ကဲ့ရဲ့ခြင်းနဲ့ အကဲ့ရဲ့ခံရခြင်း။ ကိုယ့်အကြောင်းမကောင်းပြောတာ ခံရတာတွေ။အနှိမ်ခံရတာတွေ လည်းပါတာ ပေါ့ သမီး။
(၆) ပသံသာ= ချီးမွမ်းခြင်းနဲ့ အချီးမွမ်းခံရခြင်း။
(၇) သုခ=ချမ်းသာခြင်း။ကိုယ်ချမ်းသာခြင်းနဲ့ စိတ်ချမ်းသာခြင်း နှစ်မျိုး ကိုဆိုလိုပါတယ်။
(၈) ဒုက္ခ=ဆင်းရဲခြင်း၊ကိုယ်ဆင်းရဲခြင်းနှင့်စိတ်ဆင်းရဲခြင်း နှစ်မျိုးကိုဆိုလိုပါတယ်။

အကောင်းတရား လေးမျိုးနဲ့ မကောင်းတရား လေးမျိုး သည် ရှစ်မျိုး ဟာ သတ္တဝါတို့ရဲ့ နောက်ကို အရိပ်သဖွယ် အမြဲလိုက်နေကြပါတယ်..။ သူတို့ စစ်ဆေးအကဲဖြတ်နေတော့တာပေါ့သမီးရယ်။
ပထမ အကောင်း လောကဓမ္မ မေးခွန်းလေးမျိုး ကိုမေမေတို့ တွေ့ကြုံရလို့ ဖြေဆိုတဲ့အခါ လောဘ ၊ မာန ဆိုတဲ့အဖြေ ဖြေမိတတ်ပါတယ်။ တကယ်တော့ အဖြေမှန်ဟာ မမြဲခြင်းဆိုတဲ့ အနိစ္စ ပါသမီး။ အဖြေမမှန်လို့ လည်းစာမေးပွဲ ခဏခဏ ကျခဲ့တာပေါ့။

ပညာတွေ ဘယ်လောက်တတ်တတ်၊ ငွေကြေး ဘယ်လောက်ရှိရှိ၊ ရာထူးဂုဏ်သိမ် ဘယ်လိုပြည့်စုံ ပြည့်စုံ----အနိစ္စ ကျေမှ ဖြေနိုင်မှာပါသမီးရေ..။
တစ်ခါ အဆိုးလောကဓံ တွေတွေ့ကြုံတဲ့အခါ မေမေတို့ ဖြေခဲ့ ကြတာ သောက၊ပရိဒေဝ၊ဒေါမနဿ လို့ဖြေမိ ပြန်ပါတယ်..။ပြဋ္ဌာန်းစာ ၄မျိုး (အနိစ္စ၊ဒုက္ခ၊အနတ္တ၊အသုဘ) ကို မကြေညက်လို့ပေါ့ သမီး။ပြဋ္ဌာန်းစာ အတိုင်း ဖြေဆို နိုင်ဘို့ မေမေတို့ ကြိုးစားကြရ အောင်ပါနော်။

အဲလိုဖြေမိရင်---တဲ့ မေမေတို့ရဲ့ ကျေးဇူးတော်ရှင်ပိုင်းလော့ဆရာတော်ဘုရားကြီး က ပြောတယ်… အဲလိုကြုံခဲ့လို့ အဲလိုဖြေမိရင် တရားတိုးကျင့်ပါအုံးလို့ သတိပေးတာလို့မှတ်ရမယ်တဲ့။ တင်းကနဲ ပူကနဲ ဖြစ်နေရင်အပါယ်ဇာတိ တဲ့။ ကျောင်းတောင်ဆက်မတက်နိုင်တော့ပဲ ဘွဲ့ ရနိုင်တဲ့သတိပဋ္ဌာန်တရား တွေတောင် မသင်နိုင်တော့ပဲ ကျောင်းကထွက်ပြီး အပါယ်သွားရပါလိမ့်မယ်သမီး။
ဂုဏ်ထူးနည်းခြင်းဆိုတဲ့လောကဓံ စာမေးပွဲကသမီးကိုမေးနေပြီ သောက၊ပရိဒေဝ ဒေါမနဿ မဖြေမိစေ ပါနဲ့သမီးရယ်…။

ရင်ထဲပူနေရင် ကိုယ်ဘဝပြောင်းတာ ကိုယ်သိနေရမယ်နော်၊ (အချိန်တိုင်းတွေးနေရင်း ဘဝပြောင်းနေ သည်။)ဆိုတာ အချိန်ပြည့် နှလုံးသွင်းနိုင်ပါစေသမီး။ အညံ့စားပုဂ္ဂိုလ် မဖြစ်စေနဲ့တော့။ အနာဂါတ်နဲ့ ပတ်သက်ပြီး အကြောင်း ညီညွတ်ရင် ဖြစ်လိမ်မယ့်….။ဖြစ်စေချင်တဲ့ပုံစံ အသေမချနဲ့တော့..။ ပုံစံချတဲ့အတိုင်းမဖြစ်ရင် ပူကြလောင်ကြရမှာ အသေအချာပဲကိုး။

သေချိန်ကျရင် ကြုံရမဲ့ လောကဓံစာမေးပွဲကတော့ အတန်းတင်စာမေးပွဲကြီးပေါ့သမီးရယ်။ မသေချင်ပဲသေကြရ၊ မခွဲချင်ပဲခွဲကြရ၊ ပိုင်ဆိုင်တာတွေမထားချင်ပဲထားခဲ့ကြရ ဆိုတော့ တော်တော်တုန်လှုပ်ချောက်ခြား မှာနော်။မေမေတို့လက်တွေ့ဘဝထဲက နေ့စဉ် စစ်ဆေးနေတဲ့ အစမ်းစာမေးပွဲတွေ မှာ ကျနေရင် အတန်းတင် စာမေးပွဲမှာ ကူကယ်နိုင်ဘို့ ခဲယဉ်းပါလိမ့်မယ်။ပြဋ္ဌာန်းစာတွေ တော်တော်ကျေမှဖြစ်မှာပါသမီးရေ..။

မေမေလည်း-မနက်ဖြန် ၃၀ရက်နေ့ဆိုရင် မေမေ့ကျောင်းက ဘွဲ့လာယူဘို့ဖိတ်ထားခဲ့ပါတယ်..။It will be your Great Day ,everybody is waiting for you တဲ့..။ မေမေ--မတက်ဖြစ်တော့ပါဘူး။၃၁ဘုံတက္ကသိုလ် ကပေးတဲ့ဘွဲ့ ရမှပဲ Great Day ဖြစ်တော့မှာပေါ့----သမီးရယ်။

သမီးလေးလည်း မေမေတို့ကို အမြဲစစ်ဆေးနေတဲ့ လောကဓံစာမေးပွဲကိုသာ နကမ္ပတိ၊တုန်လှုပ်ခြင်းမရှိသော စိတ်နဲ့ ဘာသာစုံ ဂုဏ်ထူးထွက်အောင်ပြဋ္ဌာန်းစာ လေးဘာသာကို မပြတ်မလပ် ကြိုးစားကြပါစို့လား သမီးလေးရေ..။

(ကျေးဇူးတော်ရှင်ပိုင်းလော့ဆရာတော်ဘုရားကြီး ၏ ဝိပဿနာတရားတော်များနှင့် မူလဓမ္မဆရာတော်ဦးဝိဇယ၏ -သူ့ကျောင်းနေလျှင် သူ့စာသင်-တရားတော်များကိုနာယူရေးသားပါသည်။)

4 မှတ်ချက်ရေးရန်:

ဝင်းဇော် said...

အစ်မရေ

အစ်မရဲ့ အီကွေတာပိတောက်တွေအကြောင်း ပို့စ်ကို ဖတ်ပြီး သိချင်တာလေး ရှိလို့ပါ။ ကျွန်တော် သိချင်တာက ပညာသင်ဆုကိစ္စ မဟုတ်ပါဘူး။
ကျွန်တော် ဘွဲ့လွန်ကို အိပ်မက်မက်နေတာ ကြာပြီပေါ့ အစ်မရယ်။ အကြောင်းအမျိုးမျိုးနဲ့ နီးလိုက် ပျက်လိုက် ရမလိုဖြစ်လိုက် မရလိုက်၊ ကျန်းမာရေးက နှိပ်စက်လိုက် စားဝတ်နေရေးက နှိပ်စက်လိုက်၊ အလုပ်အကိုင်ပြဿနာက နှိပ်စက်လိုက်နဲ့ ဝေးလာတာ ကျွန်တော်လဲ ၄၀ နားနီးပြီဆိုတော့ စိတ်က လျှော့ချင်လာတယ်။ ဒါပေမယ့် ဦးကျည်ပွေ့ကို အတုခိုးပြီး ကြိုးလဲ ကြိုးစားချင်သေးတယ်။ အစ်မဆီက အကြံဥာဏ် လိုချင်လို့ပါ။ လေးစားလျက်

Dr Phyo Wai Kyaw said...

စာမေးပွဲကတော့ ပြောမနေနဲ့ အန်တီရေ
ဆယ်တန်း စာမေးပွဲဆို
နားလည်တာကို စစ်တာထက် မှတ်ဥာဏ်ကိုစစ်နေသလို ဖြစ်နေတာက တစ်ချက်။
ဘာသာစကားတွေမှာ 4 skills လုံးမစစ်တာ တစ်ချက်။
စီချလိုက်ရင်တော့..မနည်းမနော...

The Bliss Of Emancipation said...

ဘ၀မှာ (၁၀)တန်း စာမေးပွဲထက် အရေးကြီးတာတွေ အများကြီးရှိနေပါသေးတယ် ညီမရေ။ ဒီ (၁၀)တန်းစာမေးပွဲလေးမှာ မှန်းသလို ဖြစ်မလာလို့  ဘ၀အတွက် ကြီးမားတဲ့ထိခိုက်မှုရယ်လို့  မဖြစ်လောက်ပါဘူး။ တခြား တိုးတက်ရာ ကြီးပွားကြောင်း လုပ်စရာတွေ ဘ၀အတွက် အများကြီး ကျန်နေပါသေးတယ်ညီမ။ ဆရာအော်ပီကျယ် တစ်ခါက ပြောဖူးတယ်။ ဘ၀မှာ တကယ်ဖြေရမှာက Unseen မေးခွန်းတွေချည်းပါတဲ့။ အခုကျောင်းတွေမှာ အဓိကစစ်မေးနေကြတာက Seen မေးခွန်းတွေ များပါတယ်။ ကိုယ့်ဘ၀အတွက် တကယ်ဖြေရမယ့် Unseen မေးခွန်းတွေအတွက် အခုကတည်းက ကြိုတင်ပြင်ဆင်ပါလို့  ခင်မင်စွာဖြင့် သတိပေးစကားပြောချင်ပါတယ်။

သစ္စာအလင်း said...

ကိုဝင်းဇော်ရေ----

တကယ်ဖြစ်ချင်ရင် ဖြစ်မှာပါ။ စိတ်တော့မလျှော့ပါနဲ့။ လျှောက်လွှာဖြည့်တာ၊ Curriculum Vitae ပြင်ဆင်တာ ။ စာပို့တာတွေ ကျွန်မ ကူညီပေးနိုင်ပါတယ်..။ thitsaralin@gmail.com ကို ဆက်သွယ်ပေးရင် ရပါတယ်။အောင်မြင်ပါစေ။