Friday, February 18, 2011

ဗုဒ္ဓ ဆုံးမ ၊သြဝါဒ၊ လောက ကျင့်နိုင်စေ(သို့) ဘလော့အမ တစ်ဦးသို့ အမှတ်တရ



ကျွန်မတို့ မြန်မာမှုနယ်ပယ်မှာ သဒ္ဓါတရားအား ကောင်းကြတာဆိုတော့ လှူကြ၊တန်းကြ တယ်ဆိုတာ ဂုဏ်ယူ ဖွယ်ရာ အလေ့အထလေးတွေပါ..။

( မိမိ ဥစ္စာ ၊သူ့ဟာ ဖြစ်လို၊ မေတ္တာပို၊ ကြည်ညိုလေးစား ပေးစွန့်ညား၊ ထူးခြား မြတ်ဒါန..) လို့ ယောဆရာတော်ဘုရားကြီး လင်္ကာ စီပေးထားတာ ဟာ လှူဒါန်း သူတစ်ဦးရဲ့ ဂုဏ်အင်္ဂါကို ပြဆိုနေပါတယ်..။ ကိုယ်ပိုင်ဆိုင်တာကို သူများပိုင်အောင် စပြီးတွေးပေးရပါတယ်..။တစ်ချို့ ဆို စပြီး ပုံဖေါ်လိုက်တဲ့ အဲဒီ နေရာမှာ တင် နောက်ပြန်ဆုတ် တတ်ကြပါတယ်..။

သူတစ်ပါး၊ လိုအပ်နေရှာ သူရဲ့ နှလုံးသားကို ထပ်တူ ပြုပြီး ၊ သူ့နေရာမှာ ထပ်တူခံစားပေး ရပါတယ်..။သူဖြစ်စေချင်သလို ဖြစ်သွားအောင်၊ပြည့်စုံသွားအောင် အပေး နဲ့ စပြီး ပျော် ရတာပါ။ နက်နက်ရှိုင်းရှိုင်း စိတ်ဝင်စားပြီး ထဲထဲဝင်ဝင် တကယ် ပီတိဖြစ်ရပါတယ် ။ စစ်မှန်တဲ့ ဒါနဆိုတာ အပေါ်ယံ လုပ်လို့မရပါဘူး၊ ဟန်လုပ်လို့လည်း မရပါဘူး။

အပေးသမားတွေဟာ အအေးသမားတွေတဲ့..။ အယူသမား တွေဟာ အပူသမားတွေ ဖြစ်ပါတယ် လို့ ကျေးဇူးတော်ရှင်ပိုင်းလော့ဆရာတော်ဘုရားကြီးမကြာခဏ ဟောပြောဘူးပါတယ်..။ ပါရမီ တွေဖြည့်ကျင့်နေတဲ့ သူတော်ကောင်း တွေမှသာ ကြီးမားခက်ခဲတဲ့ နှမျော တွန့်တိုမှုတံတိုင်း ကိုကျော်လွှားနိုင်ကြတာ ပါ..။ ဒါကြောင့်လည်း အဲလို မိမိတို့ရဲ့ လောဘကိလေသာကို ကျော်လွှား အောင်မြင်ကြတဲ့သူတွေအဖြစ် ဂုဏ်ပြုကြတယ်ဆိုတာ တကယ်တော့ ထိုက်တန်တဲ့ ဂုဏ်ပြုမှုသာဖြစ်နေ ပါတယ်နော်..။

ဘုရား တည် ဘို့ လှူဒါန်းခဲ့ ရင် ဘုရားအမ တဲ့ သိမ်၊ကျောင်း ၊ဇရပ် ဆောက်လုပ်လှူဒါန်းခဲ့ရင်တော့ ကျောင်းအမ လို့ ခေါ်ပါတယ်….။ ရဟန်းတစ်ပါး ရဲ့ ဘဝ ရပ်တည်မှုအတွက် ပစ္စည်းလေးပါး ဖြည့်ဆည်း လှူဒါန်းတဲ့သူဆိုရင်တော့ ရဟန်းအမ လို့ခေါ်ပါတယ်..။

အခု ကျွန်မတို့ အင်တာနက် Website များမှာ ဆောင်းပါးတွေရေးသားဖေါ်ပြ တဲ့ နေရာကို Blog လို့ခေါ်ပါတယ်..။Blog ဆိုတဲ့စကားလုံး ဟာ ၁၉၉၇ လောက်ကမှာစတင်ပေါ်ပေါက်ခဲ့တာပါ ဆိုတာ ကျွန်မ Wikipedia မှာပြန်ရှာကြည့်ပါ တယ်..။ Web နဲ့ Log ဆိုတဲ့ ဝေါဟာရနှစ်ခုကို ပေါင်းစပ်ခေါ်ဆိုရာမှ ဖြစ်ပေါ်သုံးစွဲ လာတဲ့စကားလုံး ပဲဖြစ်ပါတယ်..။ဖတ်ကြည့်လိုက်ပါနော်..။

( The term "weblog" was coined by Jorn Barger[4] on 17 December 1997. The short form, "blog," was coined by Peter Merholz, who jokingly broke the word weblog into the phrase we blog in the sidebar of his blog Peterme.com in April or May 1999.[5][6][7] Shortly thereafter, Evan Williams at Pyra Labs used "blog" as both a noun and verb ("to blog," meaning "to edit one's weblog or to post to one's weblog") and devised the term "blogger" in connection with Pyra Labs' Blogger product, leading to the popularization of the terms.[8] )

ကျွန်မ တို့ဓမ္မစာပေများကို အင်တာနက် စာမျက်နှာ များ ကနေ ရေးသားနေတဲ့သူတွေကို ဓမ္မဘလော့ဂါလို့ ခေါ်ပါတယ်..။ ကျွန်မတို့ ဓမ္မဘလော့ဂါတို့ ရဲ့ လိုအပ်ချက်များကို ဖြည့်ဆည်း လှူဒါန်း ပေးနေတဲ့ ဘလော့အမ တစ်ဦးပေါ်ပေါက်လာ ခဲ့တဲ့အကြောင်းကို ပြောပြချင်ပါတယ်..။

တစ်ချိန်က ကျွန်မ ဖန်တီးခဲ့ရေးသားတည်ဆောက်ခဲ့တဲ့ ဘလော့လေးတွေဟာ သူတို့နဲ့ဝေးခဲ့တဲ့ (၂၄.၁၀.၂၀၀၉ ၁.၂.၂၀၁၁) ကာလအတွင်းမှာ ဘယ်ဆီရောက်လို့ နေကြပါသလဲ..။ သက်တမ်းကုန်လို့သော်လည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးကုန်ကြပြီလား၊ တည်ရှိနေဆဲလား ဆိုတာ သိချင်တာနဲ့ ပြန်လည် စစ်ဆေးမိပါတယ်..။

ဒီလုပ်ငန်းကလည်း အီးမေးလ် တွေ လှို့ဝှက်သင်္ကေတတွေ တပုံတစ်ပင်နဲ့ အလုပ်လုပ်ရတာဆိုတော့ ကျွန်မ မှာ အသက်ကြီးလာတော့ ---မေ့ကွက်ကိုရှာ-- ခဲ့ပြီး သညာသင်္ခါရ ဖြစ်လို့ နေခဲ့ပါတယ်..။ User Name, Pass Word တွေ တော်တော် ပြန်စဉ်းစားနေခဲ့ ရပါတယ်..။

မနေ့က ည ကတော့ကျွန်မကို ကယ်တင်မဲ့ ဘလော့အမ တစ်ဦး နဲ့တွေ့ကြုံ ခဲ့ရပါတယ်..။ User Name, Pass Word သိသော်လည်း Web Hosting ပြန်ရှာ ဘို့ခက်ခဲနေတဲ့ ဓမ္မ ဘလော့တစ်ခုကို ဘလော့အမ က ပြန်လည် အသက်သွင်း လှူဒါန်း အသက်ဆက် ပေးခဲ့ပါတယ်..။ နောက် ဖိုးသား (အဖြူရောင်မေတ္တာ) က အပြင်အဆင်တွေဖြည့်ပေးခဲ့ပါတယ်..။ အဲဒီ နေရာကတော့ မူလဓမ္မဆရာတော် ဦးဝိဇယ ရဲ့တရားတော်များ စုစည်းမှု http://www.muladhamma.net ဖြစ်ပါတယ်..။ ဆက်လက် ပြီး ကြိုးစားတင် သွားပါ့မယ်..။

နောက် User Name မမှတ်မိတဲ့ ဘလော့ တစ်ခုကိုတော့ ကျွန်မ သုံးတဲ့ အီးမေးလ် တွေထဲ ပြန်ရှာရပါတယ်..။ ဖိုးသားတို့ ကိုဦး တို့ကတော့ ကောင်းချီးပေးပါတယ်..။ အံတီရယ် Pass Word မေ့တယ်တော့ကြားဘူး ပါတယ်..။ အံတီ့ ကျကာ မှ User Name မမှတ်မိ ဖြစ်ရ သတဲ့လားတဲ့..။ မူးမိုက်မေ့မေ့၊ မြေ့မြေ့ ဆွေးဆွေး တွေးတွေးဝေဝေ..မောဟတွေ များနေခဲ့တာလည်း ရှိပေသပေါ့။

ကျွန်မ ဖွင့်ဘူးတဲ့ Gmail သုံးခုနဲ့ Yahoo Mail တစ်ခုကို ပြန်လည်ဖွင့်လှစ် စစ်ဆေးပြီးချိန်မှာ တော့ ပြန်လည်တွေ့ ရှိခဲ့ပါတယ်..။ နောင်ဆိုစာအုပ်ထဲမှာကော ၊ အမြဲသုံးတဲ့ အီးမေးလ်တွေထဲမှာကော သေချာရေးမှတ်ပါတော့မယ်..။ ဒီဘလော့ကတော့ (အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်-ITBMU)မှ ဒေါက်တာ လှမြင့်နဲ့ အတူ ဘာသာ ပြန်ထားသမျှလေးတွေ ကိုတင်ထားတာဖြစ်ပါတယ်..။ဆရာက ဘာသာပြန်နိုင်ပါတယ်..။ စာရိုက်တဲ့ကျွန်မ က နှေးနေခဲ့တာဖြစ်ပါတယ်..။ အဲဒီနေရာက http://www.thantithitsar.net ဖြစ်သွားအောင်လည်းဘလော့အမ ကဆက်လှူပေး တာမို့ ကျွန်မ တုံ့နှေးလေးကန် နေလို့မဖြစ်တော့ပါ..။

အဲလို ဘလော့အမ ရဲ့ လှူဒါန်းမှုဟာ ကျွန်မတို့ဘလော့ဂါများ အတွက် အဆင်ပြေစေတဲ့အပြင်၊ လှူဒါန်းသူရဲ့ သဒ္ဓါတရားကိုထောက်ထားပြီး ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းတွေ၊အရည်အသွေးပြည့်မီရေးတွေပါ ဖြစ်စေပါတော့မယ်..။

နောက်ပြီး အပျင်းထူပြီး စာမရေးပဲ နေခဲ့ ရင်လည် ဆင်ခြင် သတိရစေပါတော့မယ်..။

ဘလော့အမ က ဓမ္မစာရေးဆရာ ( ဓမ္မဘလော့ဂါ) တွေကို ကူညီရတာပျော်ပါသတဲ့..။ ဓမ္မ စာပေတွေ အင်တာ နက်မှာဖတ်ရတော့ နိုင်ငံခြား မှာ ရောက်နေတဲ့ မြန်မာတွေ ဘာသာရေးကို ပိုပြီး လေးစားကိုင်း ညွှတ်လာကြပါ သတဲ့..။ ချီးကျူး တဲ့စကားလုံး ဖြစ်သလို ကျွန်မတို့ ဓမ္မဘလော့ဂါ များ အတွက် တာဝန်ရှိုမှု တွေ ဝတ္တရားတွေကို မီးမောင်းထိုးပြ နေသလိုဖြစ်ရပါတယ်..။

ဒီနေ့က မှတ်မှတ်ရရ တိုက်တိုက်ဆိုင်ဆိုင် တပို့တွဲလပြည့် သြဝါဒပါတိမောက် အခါတော်နေ့ ဖြစ်နေခဲ့ပါတယ်..။ အပါယ်ဘေးမှ ကင်းစေတဲ့ အဆုံးအမကို သြဝါဒ လို့ခေါ် ပါတယ်..။ သြဝါဒပါတိမောက် နဲ့ အာဏာပါတိမောက် ဆိုပြီးပါတိမောက် နှစ်မျိုးရှိတဲ့အနက် သြဝါဒ ပါတိမောက်ကို မြတ်စွာဘုရားတို့သာ ပြတော်မူပါတယ်..။ သီလ၊သမာဓိ၊ ပညာကိုဟောကြားထားပြီး ပိဋကတ်သုံးပုံ အနှစ်ချုပ်တရားလည်းဖြစ်ပါတယ်..။ သြဝါဒ ပါတိမောက် ဂါထာအတိုင်း လိုက်နာ ကျင့်ကြံပါလျှင် ကိုယ်၊နှုတ်၊စိတ်တွေယဉ်ကျေးလိမ္မာ ပြီး အိုနာသေ လွတ်ရာနိဗ္ဗာန်ကို မလွဲမသွေ ရောက်စေ နိုင်ကြပါ တယ်..။

သူ့ကို စွပ်စွဲ၊မပြုဘဲ ၊နှုတ်လည်းစောင့်နိုင်စေ၊

သူ့ကိုညှင်းဆဲမသတ်ပဲ ၊ ကိုယ်လည်းစောင့်နိုင်စေ၊

ပါတိမောက်ထုံ ၊နြေ္ဒ ခြုံ၊ လုံအောင်စောင့်နိုင်စေ၊

စားသည့်အစာ၊ တိုင်းအတာ၊ မှန်စွာ သိပါစေ၊

နေသည့်အခါ ၊ဆိတ်ငြိမ်ရာ၊ မှန်စွာရှိပါစေ၊

အဓိစိတ္တ ၊အာယောဂ၊ လုံ့လရှိကြစေ၊

ဗုဒ္ဓ ဆုံးမ ၊သြဝါဒ၊ လောကကျင့်နိုင်စေ။

အနုပဝါဒေါ ၊အနုပဃာတော၊

ပါတိမောက္ခ စ သံဝရော။

မတ္တညုတာ စ ဘတ္တသ္မိံ၊

ပန္တဉ္စ သယနာသနံ ။

အဓိစိတ္တေ စအာယာဂေါ ၊

ဧတံ ဗုဒ္ဓါ န သာသနံ။

ဆိုတဲ့ သြဝါဒ ပါတိမောက်ဂါထာတော်များထဲမှ တစ်ပုဒ်ကို ရွတ်ဆို ၊ရေးကူး ပူဇော်ရင်း ဗုဒ္ဓ ဆုံးမ ၊သြဝါဒ၊ လောကကျင့်နိုင်ပါစေ။ ကြောင်း ကူညီအားဖြည့်လောင်းပေးတဲ့ ဘလော့အမ ဖြစ်သူ မမြကြေးမုံ ( နော်ဝေးနိုင်ငံ ) ရဲ့ စေတနာ သဒ္ဓါတရားကို အမှတ်တရ ဂုဏ်ပြု လိုက်ပါရစေရှင့်။

စာကြွင်း ---ဓမ္မစာပေများရေးသားပူဇော်လျက်ရှိနေကြပါသော သံဃာတော်အရှင်သူမြတ်များ၊

လူပုဂ္ဂိုလ်များ ဓမ္မဘလော့သက်တမ်းတိုး လိုကြပါလျှင် ဆက်သွယ်အလှူခံ ၊ပါရမီဖြည့်ပေးပါရန် ပန်ကြားလိုပါတယ်။

3 မှတ်ချက်ရေးရန်:

ဖိုးသား said...

တီလေးရေ..

ကျေးဇူးပါ။ သားလုပ်ပေးတာက နည်းနည်းပါးပါးပါ.. ဘာမှမရှိပါဘူး..

တီလေး ကျန်းမာပါစေ၊ အေးမြပါစေ။

သစ္စာအလင်း said...

Ashin Tikkha -

သဒ္ဓါတရားပိုင်ရှင် စေတနာရှင် မမြကြေးမုံအား ဂုဏ်ပြုစကားဆိုတဲ့ မသစ္စာအလင်းကို ကျေးဇူးတင်ပါတယ်။ ဓမ္မစာမျက်နှာပေါင်းများစွာ ပေးလှူတဲ့အလှူရှင်လဲ ဖြစ်ပါတယ်။Feb 18

သစ္စာအလင်း said...

ဘုန်းဘုန်းရေ..Buzz မှာရေးတဲ့ မှတ်ချက်လေး ဒီမှာ တင်လိုက်တယ်နော်..။ သစ္စာအလင်း ဘလော့ကို လည်း ၂၀၁၀ ဂျူလိုင်တထဲက လှူထားတာ အခုမှာပဲကျေးဇူးတင်ရတော့ပါတယ်..။