Monday, May 25, 2020

သမီး ဂရီတာ သို့ ပေးစာ (၃)


ချစ်တဲ့သမီးငယ်ရေ…..
ဒီနေ့တော့သမီး ရဲ့ ဥရောပသမဂ္ဂပါလီမန် မှာ ပြောတဲ့ သမီး ရဲ့ မိန့်ခွန်းကိုနားထောင်မိတယ်…။
Deforestation, Toxic air pollution, Insects and wildlife extinctions ဆိုတဲ့နေရာရောက်တော့ သမီး ငိုတော့တယ်…။ ပါလီမန် တစ်ခု လုံး လည်းတိတ်ဆိတ်လို့…။
သစ်တောတွေ ပြုန်းတီးတာ…. လေထု ထဲ မှာ အဆိပ်တွေပျံ့လွင့်နေတာ …အင်းဆက်တွေ တောရိုင်းတိရိစ္ဆာန် တွေ မျိုးတုံး ပျောက်ကွယ် တော့မဲ့ အရေး ဟာ နီးကပ်လို့ လာပါပြီ သမီးရေ..။
ပျားလေးတွေကတော့အဆိုးဆုံးပေါ့..။ သူတို့ လည်း စိုက်ခင်းထဲ မှာ ပျော်တယ်…။
စိုက်ခင်းထဲကသီးနှံ တွေအတွက် ဝတ်မှုန်ကူးပေးတယ်…သို့သော် စိုက်ခင်းပိုင်ရှင်က မွှန်ထူနေအောင်ဖြန်းတဲ့ ပိုးသတ်ဆေး ပေါင်းသတ်ဆေး အမှုန်အမွှားတွေအောက်မှာ မျိုးတုံးပျောက်ကွယ်ရမဲ့ဘဝကို ရောက်ရရှာတော့မယ်…။
သူတို့ ချိမ်းခြောက်တဲ့ စကားကိုအန်တီ့သင်တန်း တွေ မှာပြောပြတယ် သမီးရေ..( If I die , I will bring you )တဲ့..။ ငါတို့မျိုးတုန်း တဲ့တစ်နေ့ သင်တို့လူသားတွေကိုပါခေါ်သွားမယ် တဲ့သမီးရယ်..။
အန်တီ ဟိုနေ့ကတော့ သမီးအရွယ် ထက် ငယ် တဲ့ ၁၀နှစ်သမီးလေးက ရေးထားတာလေးGoogle မှာတွေ့တယ် သမီး…သူက ပိုလာ ဝက်ဝံလေး တွေကိုချစ်တာကိုး…။
မှန်လုံအိမ်ဓာတ်ငွေ့ ထုတ်တာတွေ လျှော့ ကြပါတော့ မီမီး ပိုလာဘဲလေးတွေကိုသနားလို့ ပါတဲ့.... ကာတွန်းလေးဆွဲထားရှာတယ်..။
ကမ္ဘာ့အပူချိန်တိုးလာ တာနဲ့အမျှ…ဝင်ရိုးစွန်းဝက်ဝံ( Polar Bear)တွေ ရဲ့ နေထိုင်ကျက်စားရာ ရေခဲပြင် တွေ တစ်ဝုန်းဝုန်းပြိုဆင်းနေတာ တွေ သူကြားသိလို့ ထင်ပါရဲ့ သမီးရယ်..။
သမီး မိန့်ခွန်းထဲကလိုပါပဲ..။ အချိန်ဖြုန်း မနေကြပါနဲ့ တော့ အခု အချိန်ကစပြီး မှန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်မှုကို ရပ်တန့် မဲ့..လျှော့ချနိုင်မဲ့ကိစ္စတွေမြန်မြန် လုပ်ကြပါတော့ လို့ သမီးလေး အံကြိတ်ပြောတယ်..။
(Climate Change)ရာသီဥတု ပြေင်းလဲ တာ…( Global Warming)ကမ္ဘာ ကြီးကို ပူနွေးလာတာကြောင့်၊ ပူနွေးလာတာ က တော့အဓိက မှန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကြောင့် ဆိုတာ သိတဲ့လူ အန်တီတို့ တိုင်းပြည် မှာ နည်းတယ် သမီးရယ်..။
ကာဗွန်ဒိုင်အောက်ဆိုဒ် ရယ် ၊ မီသိန်းရယ် ၊ နိုက်တြပ်အောက်ဆိုဒ် ဓာတ်ငွေ့ ဟာ မှန်လုံအိမ်ဓာတ်ငွေ့ ( Greenhouse Gas) တွေ ဖြစ်တယ်..။
Greenhouse Gas Emission ကို Carbon Emission လို့လည်းခေါ်ကြတယ်…။သူတို့ ဟာ ကမ္ဘာ မြေ ရဲ့ လေထု ( Atmosphere ) ၁၀ကီလိုမီတာအတွင်း မှာ အုံဖွဲ့ နေကြတယ်…။ အဲဒီအခါ နေရောင် နဲ့ အတူပါလာတဲ့ အပူ ဟာ လေဟာနယ်ကို ပြန်မထွက်နိုင်ကြတော့ဘူး…။
အအေးပိုင်းဒေသမှာ အပူပိုင်းသီးနှံတွေ စိုက်ပျိုးလို့ လိုတဲ့အပူရအောင် မှန်လုံအိမ် ဆောက်ကြတဲ့ သဘောမျိုး နဲ့တူလာလို့…. ဒီဓာတ်ငွေ့တွေကို မှန်လုံအိမ် ဓာတ်ငွေ့လို့ ခေါ်တာ ဖြစ်ပါတယ်..။
ဟိုးအရင် အန်တီတို့ငယ်ငယ်တုံးကတော့ ဒီဓာတ်ငွေ့ တွေကို ပြန်လည် အသုံးပြု စုတ်ယူမဲ့ သစ်ပင်သစ်တောတွေ ရှိခဲ့တာ မို့ သဘာဝ မျှခြေ Natural Balance ရှိခဲ့တယ်…။ အခုတော့ ထုတ်တာများ ပြီးစုတ်တာ နည်းခဲ့ပါပြီ သမီးရေ..။
ဒါကိုမူတည်ပြီး Carbon Foot Print, Carbon Tax, Carbon Compensation တွေ အကြောင်းကတော့ အန်တီက သြဂဲနစ် စိုက်ပျိုးရေး မှာ သေချာသင်ကြားပေးတယ် သမီးရယ်..။
သြဂဲနစ် စိုက်ပျိုးရေး မှာ နိုက်တြပ်အေက်ဆိုဒ် ဓာတ်ငွေ့ ထွက်စေတဲ့ ဓာတ်မြေသြဇာတွေ မသုံးဘူး ..။ Nutrient Recycling လုပ်စေတယ် ..။Biodiversity ကို အဓိကထားထိန်းသိမ်းစေတယ် သမီးရေ..။Microbial Activities ကိုတိုးတက်စေပါတယ်..။
အန်တီတို့ သြဂဲနစ် ခြံ ဟာသီးသန့် ဖြစ်တဲ့ဂေဟ စနစ် Isolated Eco-system အဖြစ်ဖန်တီးရပါတယ်…။ အင်းဆက်တွေကို ….ဘယ်လိုသဘောထားလဲဆိုတော့ နင်လည်းသက်ရှိ…ငါလည်းသက်ရှိ..နင်လည်း ရှင်သန် လိုစိတ်ရှိတယ်…။ နင်လည်း ကမ္ဘာကြီး မှာနေချင်တယ်..ငါလည်းနေချင်တယ်… ငါတို့ ဘယ်လိုအဆင်ပြေအောင် အတူနေကြမလဲ ဆိုတာ ..အန်တီတို့ သြဂဲနစ် စိုက်ပျိုးရေး ရဲ့ တရားမျှတမှုရှိတဲ့ အတွေးအခေါ်ပါသမီးရေ..။
ဒီတော့ Crop Diversification (အမယ် စုံစိုက်ပျိုးရေးတွေ ) ၊ အင်းဆက်ဆွဲဆောင်တဲ့ အပင်တွေ ( Insectaries )တွေကို ဒီဂေဟ စနစ်မှာ ပါအောင်ထည့်ခိုင်းရတော့တာပါပဲသမီးရယ်..။
သင်တန်းနောက်ဆုံးနေ့တွေမှာ မျိုးစေ့ပွဲတော် လေးတွေ လုပ်ပေးတယ်…။ သင်တန်းပြီး တိုင်းသစ်ပင် စိုက်ပါမယ် ဆိုတဲ့ကတိကိုတောင်းတယ် သမီးရယ်…။
အန်တီတို့ မြန်မာက တောင်သူတွေ က စားသုံးသီးနှံတွေ ကို တော့စိုက်ရမယ် တွေးတယ်…။
သစ်ပင်သစ်တောတွေကိုတော့ခုတ်ရမယ် လို့ ခံယူကြတယ်…။ သစ်တော တွေက ငါမခုတ်လည်း တခြားသူ ခုတ်မှာ ပဲ တွေးကြတာ များ ပါတယ်…။
မြန်မာက ကျေးလက်ဒေသ တွေ ဟာ ထင်းကိုမှီခိုနေရဆဲပါပဲ သမီးရယ်..။ အနာဂတ်လောင်စာ အတွက် ထင်းစိုက်ခင်းတွေ စိုက်ဘို့ တတ်နိုင်သမျှတောထဲက သစ်ပင်တွေမခုတ်ဘို့ ပြောတော့…. အန်တီ့တောင်သူတွေ မျက်လုံးလေးတွေ ဝိုင်းနေတော့တာ ..။
သဘာဝ ရေထွက်ကလေး တွေ နဲ့ စိုက်ပျိုးရတဲ့ တောင်ရိုး၊ ပအိုးဝ် တိုင်းရင်းသားတွေ ဆိုတော့ ရေထွက် ပျောက်ရှမှာ ကြောက်လှရှာပါတယ်..။
နောက်တစ်ခု သတိထားမိတာ သမီးတို့နိုင်ငံကပညာရေး…။ ဒီ Climate Change , Global Warming အကြောင်းကို သမီး ၈နှစ်သမီးမှာ သင်ခဲ့ရတယ် ဆိုတာ အန်တီသိလိုက်ရတယ်…။ သိရပြီး ကတည်းက သမီး သိပ်ကြောက်မိတယ်…။
ဒီချောက် အိပ်မက်တွေ မက်နေခဲ့ပေမဲ့ ဘယ်လူကြီး မှ လည်းထိထိရောက်ရောက် မလုပ်ဆောင်ကြတော့ ..သမီး ခံစားမှု အထွဋ်အထိပ် ရောက်ခဲ့ရတာ…. အန်တီကိုယ်ချင်းစာမိပါတယ်ကလေးရယ်..။
ဒီတခါ အန်တီထိရှခဲ့တဲ့ စကားလုံး ကတော့ လူ ကြီးတွေကိုသမီးပြောပြီ….
You are burning our Future တဲ့..။
ကျွန်မ တို့ ရဲ့ အနာဂတ်ကိုရှင်တို့ မီးလောင်တိုက် သွင်းနေကြတာလား တဲ့..။ဥရောပ သမဂ္ဂ က နိုင်ငံရေးသမား တွေကိုရဲရင့်ပြတ်သားစွာ ပြောလိုက်တာ.... ။
အန်တီလည်းပြော ချင်မိ နေပါပြီ..။
ဆက်ပါဦးမယ် သမီးရယ်..။
အန်တီ ဒေါက်တာသန်းသန်းစိန်
မြန်မာ

0 မှတ်ချက်ရေးရန်: