Tuesday, May 3, 2011

ထလိုသူ ကိုထူပေးခဲ့သည် ( နာဂစ်နှစ်ပတ်လည်နေ့ အမှတ်တရ.. )


လွန်ခဲ့သော သုံးနှစ်ခန့်က မေလ ၃ရက် ရဲ့ မြန်မာပြည် နံနက်ခင်းဟာ ဒီနေ့လို ကြည်လင်အေးချမ်း နေမှာ မဟုတ်ပဲ မျက်ရည်တွေ သောက တွေ ရှု့ပ်ထွေးပျက်စီး မှုများစွာ နဲ့ ဖရိုဖရဲပြိုလဲနေ ခဲ့တာနေမှာဆိုတာ ပြန်လည်ပြီး သတိရမြင်ယောင်နေ မိပါတယ်..။

ကျွန်မရဲ့ဖခင်ကြီး ကတော့ သူ ၏ လူ့ဘဝ သက်တမ်း ၈၈ နှစ်ရဲ့ နောက်ဆုံး မေလ ဖြစ်တယ်ဆိုတာ ကိုကြိုတင် မသိနေ ခဲ့သလို့  ညကတိုက်ခဲ့တဲ့ နာဂစ် မုန်တိုင်းကိုလည်း လုံးဝမသိရှိ ပဲ ကြည်လင်ချမ်းမြေ့စွာ နိုးထခဲ့ ပါတယ်..။ မနက်မိုးလင်းတော့မှ သူ့သက်တမ်း နဲ့ မကြုံစဖူး ထူးဆန်းလှတဲ့ အပျက်အစီးတွေ ကြားမှာ ညကနှစ်ခြိုက်လှစွာ အိပ်ရေးဝဝ အိပ်ခဲ့ရတာမို့ လမ်းတစ်လျှောက် က အိမ်တွေ ကို အားပေးစကား တွေလည်း ဆိုနိုင်ခဲ့ပါတယ်..။ ဒါ တောင် ဖခင်ကြီး နေတဲ့ကျွန်မ ရဲ့ အမအိမ် က ရန်ကုန်မြို့ ကမ်းနားလမ်း မှာ လှိုင်မြစ်ကိုမျက်နှာမူပြီး ရှိနေခဲ့တာပါ..။ အော်..မုန်တိုင်း ခံစား ရတာ ခြင်း အတူတူ ကံကွက်ကြား ကြတဲ့ ဇာတ်လမ်းများစွာ ရှိခဲ့ပေသကိုး။

တိုက်ရိုက်ထိတွေ့ခံစား ရတဲ့ မြို့နယ်တွေက လပွတ္တာ ၊ ဘိုကလေး ၊ ဖျာပုံဘက်တစ်ဝိုက်မှာ ရှိပါတယ် ။ ကျေးဇူး တော်ရှင် သီတဂူဆရာတော် ဘုရားကြီး ကတော့ မုန်တိုင်းဒဏ် ခံစားရတဲ့ ရွာပေါင်း ၃၀၀ ကျော်မှန်သမျှ အကုန်အစင် မရောက် မရှိ အကုန် ရောက်ရှိ ကူညီ ခဲ့ပါတယ်..။ ကရုဏာအင်အား ကြီးမား လှတဲ့စွမ်းပကား ကိုကြည်ညို ရိုသေလှစွာ ဦးခိုက်ပူဇော် ပါတယ်ဘုရား။

ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး ကတော့ ရေရှည် စီမံကိန်းချမှတ် ကူညီဘို့ ရန်ကုန် မှ နေ့ချင်းပြန်သွားပြီး ပိုင်ပိုင်နိုင်နိုင် ကြီးကြပ် နိုင်တဲ့ ရွာတစ်ရွာ ကိုရွေးချယ်ပြီး ပြန်လည် ထူထောင်ရေး လုပ်ငန်းစတင်ခဲ့ပါတယ်။အဲဒီရွာကလေးကတော့ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်က တောကျောင်း ဆိုတဲ့ရွာလေးပါ။

ဒုက္ခသည်တွေ ဟာ ပစ္စည်းအပျက်အစီးထက် စိတ်ဓာတ်ရေးရာ ပျက်စီး သွားတာ ကပိုလို့ပင် ဆိုးရွားလှပါတယ်။ အားထား မှီတည်ရာ ယုံကြည်စိတ်ချမှု တစ်ခုပျောက်ဆုံးသွားတယ် ဆိုတော့ ဒီလယ်ကွင်းပြင်ကို ပြန်လည် ထွန်ယက် ဘို့ မဆိုထားနဲ့ ကြည့်တောင် ကြည့်ရှုနိုင်စွမ်း မရှိတော့တာပါ။

ပထမဆုံးတော့စိတ်ဓာတ်ရေးရာ ကစရပါတယ်..။

ပြင်းထန်လှတဲ့မုန်တိုင်းရယ်.. မင်းဘယ်လိုပဲ ပျက်စီး မွှေနှောက်စေအုံးတော့ ငါ့အသက်ကိုတော့ မချေဖျက် နိုင်ပါဘူး ၊ ငါဟာ ကံကောင်းပါသေးတယ် ၊ ငါဟာကံမွဲ ဉာဏ်နုံ့ တဲ့ သူတွေ ထဲမှာ မပါဘူး ဆိုတဲ့ အားမာန်ကို ပြန်သွင်း ပေးရပါတယ်..။ စိတ်အလှည့် တတ်အောင် လို့ ဆရာတော်ဘုရားက သင်ကြားပေးပါတယ်။

ဘယ်လောက်ဆိုးတဲ့ သူဖြစ် ပစေ ကောင်းတာ တစ်ကွက်တော့အနည်းဆုံးရှိမှာပဲ ဆိုတဲ့ ကောင်းကွက်ရှာ တတ်တဲ့အမြင် လေး ကတော့ တပည့်တွေကို ပံ့သကူသင်္ကန်းဥပမာ နဲ့ သင်ကြားပေးပြီးသားဖြစ်ပါတယ်။

ပံ့သကူသင်္ကန်း ချုပ် တဲ့အခါ လမ်းပေါ်က ရတဲ့ အဝတ်စ ကို အစုတ် ဆိုတဲ့ အမြင်မရှိ၊သဘောမထားပဲ ကောက်ကြ ရတာမဟုတ်လား။ ကောင်းတဲ့ နေရာတစ်ခုရှိမှာ ဆိုတဲ့အမြင်နဲ့ စကြည့် ရှာဖွေ ရတာကိုး။ တွေလည်း တွေ့တာပါပဲ နော်..တစ်ကွက် ရရ တစ်လက်မ ရရ---ရသလောက်ကို ဖြတ်တောက်ချုပ်စပ် လိုက်တော့ မြင့်မြတ်သူရဟန်းတစ်ပါးအတွက် အဘိုးတန် ပရိက္ခရာ-အသုံးအဆောင်ဖြစ် လာ ရတာ ပေါ့လေ။

ကောင်းကွက်ရှာတတ်တဲ့စိတ်အမြင်လေး နဲ့ အကောင်းတစ်ခု ကို အပျက်အစီးပုံကြားထဲ ကရှာပေးလိုက်တာပါ။ ဘဝဟာ သုညဖြစ်ခဲ့ ပြီ ဆိုပြီး ချထား မှတော့ ရသမျှတွေဟာအမြတ်တွေ ချည်း ဆိုတာ မြင်စေလိုက်ပါ တယ်..။တွေးခေါ်မြှော်မြင် တတ်တဲ့စိတ်၊ မကျိုးမပဲ့ကျန်ခဲ့တဲ့ လက်နှစ်ဘက်၊ ရဲရဲဝံ့ဝံ့ လျှောက်လှမ်းနိုင်တဲ့ခြေ အစုံ၊အကုန်ကျန် ရှိသေးသည် လေ..။

အားငယ်ညှိုးချုံး မှုတွေနဲ့ လဲနေရာကမထချင်၊ အရှုံးပေး လက်မြှောက်ချင်ပြီး အဆိုးတွေကို ထိုင်ကြည့် တော့ အဆိုးတွေ ကို သာမြင်ရ တတ်ပါတယ်။ အကောင်းဆိုတဲ့ ကို တစ်ကွက် ကလေး တစ်ချက်လေးရှာဖွေ ကြည့်နိုင်တဲ့ မျက်လုံး လေး တပ်ပေးလိုက် လေတော့ လဲနေရာက ထချင်လာခဲ့ကြပါတယ်..။

အဲဒီစွမ်းအား ဟာ ကိုယ်ပိုင်စွမ်းအား စစ်စစ် ဖြစ်ပါတယ်။ ကူညီပေးမဲ့ သူကို ..ထူပေးမဲ့ သူကို ထာဝစဉ် မှီခိုနေရ တဲ့ အင်အား မဖြစ်တော့ပါဘူး။ အတင်းဆွဲထူတဲ့ အခါ ထတော့ထနိုင် ပါရဲ့ ရေရှည် ခိုင်မတ် နိုင်စွမ်းမရှိတာကို ဆရာတော်ဘုရားက နားလည် စာနာပေးခဲ့တာပါ။ဒါကြောင့်လည်း *ထလိုသူ ၊ထူပေးမည်* လို့နာမည်ပေးထားတာဖြစ်ပါတယ်

အဲဒီအခါ ရေပြင် ကို ပြန်လည် အနိုင်ယူမယ် ၊ လွှမ်းမိုးမယ် ဆိုတဲ့ အားအင်တွေ စီးဆင်းလာလိုက်တာ…။ သေသွားတဲ့ နွားတွေမရှိပေမဲ့ လည်း *တက်ကျိုးတော့၊လက်ထိုးလှော်မယ် * ဆိုတာမျိုး ဇွဲသတ္တိတွေ ရှိခဲ့ရတာ အမှန်ပါ။

ထွန်ယက် ကြမယ်၊စိုက်ပျိုးကြမယ် လယ်ယာလုပ်ငန်းခွင် ဝင်မယ်ဆိုလေတော့ ထူပေးသူတို့တာဝန်ကျေ စေရမှာပေါ့လေ..။ မေလ ၁၅ရက်ဆိုတာသည် နှစ်စဉ် နှစ်တိုင်း မြန်မာ နိုင်ငံကို မုတ်သုန်မိုး ဝင်ရောက် ချိန်ဖြစ်ပါတယ်..။ ကျွန်မပညာသင်ယူခဲ့တဲ့ စိုက်ပျိုးရေးတက္ကသိုလ် ကျောင်းဖွင့် ရက်ဟာ မုတ်သုန်မိုး နဲ့ အကိုက် ချိန်ထား ဆိုတော့ ဘဝမှာ ဘယ်တော့မှမမေ့တဲ့ရက်ပါ။

ဒီရာသီ ဟာ စိုက်ပျိုးသူတို့ရဲ့… အချိန် …၊မြေသင်းနံ့တွေ ထုံအီချိုမြ လာစမြဲ… …အို….အို..ရောက်ဘို့ရက်အနည်းငယ် သာ လိုတော့ တာပဲ…။အကျိုးပြု မိုးစက်တွေဆိုတာလည်း လာအုံးမှာပါ ..။ ငါတို့ မျှော်ကြရမယ်..ငါတို့အလုပ်လုပ်ကြရမယ်..။ငါတို့ ဘဝ စကြရမယ်..။ ဘာကိုကြောက် ရမည်လဲ..။

မြန်မာ နိုင်ငံရဲ့ စပါးကျီ လို့တင်စားရတဲ့ ဧရာဝတီတိုင်းရန်ကုန်တိုင်း ပျက်စီးခဲ့ပြီဆိုတော့ စိုက်မဲ့ စပါးမျိုးက အစ ရှာဖွေဘို့ ပဲခူးတိုင်း ဘက်ခရီး ထွက်ရပါတယ်။သုံးဆယ်သာယာဝတီဘက်တွေထိ ဦးနေရီ တို့ အဖွဲ့ မျိုးစပါး အဝယ်ထွက်ရ ပါတယ်။ထလိုသူတို့ ရဲ့ လယ်ကွက် အကျယ် အတိအကျ၊ မျိုးနှုန်း စတာတွေနဲ့ သေချာအောင် တွက်ချက် ရပါတယ်။ မျိုးနှုန်း အနည်းဆုံး နဲ့ စိုက်ပျိုးနည်း စံနစ် တစ်ခုကို မိတ်ဆက်ပေးမဲ့ ဂျပန်ပြန် စိုက်ပျိုးရေးပညာရှင် တွေပါပူးပေါင်းလာကြတာ…ကျွန်မ ရောက်တဲ့ထိ ရွာမှာ နေကြတုံး။ ကူညီကြဆဲ..။ အခုတော့လည်း တောကျောင်းရွာဆိုတာသည် က နေ မျိုးစပါးပြန်လည်ဖြန့်ဝေရောင်းချနိုင်တဲ့ အခြေအနေ အထိ ရောက်ခဲ့ပါပြီလေ..။

အဲဒါဆို စပါးမပေါ်ခင် ဘယ်လိုစားကြ မတုန်း…မနှစ်ကဝမ်းစာတွေဟာ ရေထဲမှာမျောခဲ့ပြီ..။ ဆန်ပါဝယ်ရမယ်..။ တွက်ချက်ကြတဲ့ ဦးနေရီတို့ အဖွဲ့တွေက စိုက်ပျိုးရေးဘွဲ့ရ ဖြစ်တဲ့ ကျွန်မ လာတော့မှပြောပြ ရီမောကြပါတယ်..။

သူတို့က စပါးပင်သက်တမ်း ကို ၉လ ထင်တားတာကိုး။လူတစ်ယောက် တစ်နေ့ ဆန် ၂ဗူးနှုန်းနဲ့ တွက်ပြီးဝယ်လိုက်တာ…။ တကယ်တန်း စာရင်းညှိတော့လည်း ကိုယ်သည်ပဲ..။စပါး သက်တမ်းသည် မျိုးအလိုက် ၃ လမှ ၄လသာရှိပါတယ်..။ ဆန်၂ဗူး ဆိုတာ မြို့သား တွေစားတာ အမှန်တကယ် ခွန်အား စိုက်ရတဲ့ကျေးဇူးရှင် တောင်သူဦးကြီးတွေကတော့ တစ်နေ့ ဆန် ၄ဗူး မှ အဆင်ပြေသည်..။

အချိန်လျှော့ စားနှုန်းတိုး လိုက်တော့ ကိုက်တာပါပဲလေ…။ စေတနာ အရှိန်က ချိန်ဆပေးတတ် သောသဘောရှိပေသကိုး။

ရက်စက်လှတဲ့ ရေပြင်ကျယ်ရေ..ငါတို့ပြန်လာပြီ… အသက်ပေးသွားတဲ့ ချစ်ခင်ရသူတွေ အတွက်ပါ ပိုပြီးတော့ အလုပ်လုပ်မယ်…..စပါးတွေစိုက်မယ်…ကောက်လှိုင်းတွေရိတ်မယ်။ လှူမယ် တန်းမယ် အမျှဝေကြမယ်လေ..သာဓုခေါ်ပါနော်..။

ပညာရေး၊ဘာသာရေး ကူညီမှုများဆက်ပါအုံးမည်။

ပါရမီမေတ္တာဖြင့်

သစ္စာအလင်း

0 မှတ်ချက်ရေးရန်: