
ဗဟိုတိဘက်လေ့လာရေးတက္ကသိုလ် သို့ ဓမ္မဂင်္ဂါ ဆရာတော်၏ ချီးမြှောက်မှုဖြင့် ပိဋကတ်သုံးပုံ စာအုပ်များကိုလှူဒါန်းခဲ့ ပါသည်။
တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမား သည် ထို ပိဋကတ်သုံးပုံစာအုပ်များကို ဇန္နဝါရီလ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့ထိ ကျင်းပပြုလုပ်သော အပြည်ပြည် ဆိုင်ရာဝိနယ ညီလာခံအခမ်း အနား(International Conference on Vinaya ) တွင် ကျေးဇူးအထူးတင် လှစွာလက်ခံရယူ ခဲ့ပါသည်။
ဓမ္မဂင်္ဂါ -အရှင်ဝိစိတ္တသာရ ဆရာတော် သည် ညီလာခံကျင်းပသော ဗဟိုတိဘက်လေ့လာရေးတက္ကသိုလ်-ပါဠိဋ္ဌာန တွင် ဧည့်ပါမောက္ခ အဖြစ်တာဝန်ထမ်းဆောင် ရင်း မြန်မာ စေတနာရှင် တို့ ၏ သဒ္ဓါတရား ကို မဟာယနဗုဒ္ဓ ဘာသာဝင် တို့ ၏ တက္ကသိုလ်သို့ မေတ္တာပေါင်းကူးပေးခဲ့ပါသည်။
ဓမ္မဂင်္ဂါ ဆရာတော်၏ ဆရာတစ်ဆူဖြစ်သူ ကျိုက္ကလော့ဆရာတော် ဒေါက်တာ စန္ဒဝရာဘိဝံသ (ပါမောက္ခ-အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ) မှ လှူဒါန်း ပေးအပ်သည့်မိန်ခွန်းချီးမြှင့်နေသည့် ပုံဖြစ်ပါသည်။(ဓာတ်ပုံ)
သဗ္ဗဒါနံ၊ဓမ္မဒါနံ ဇိနာတိ ဆိုသောစကားအရ...ဓမ္မဒါနသည် အမွန်မြတ်ဆုံးပင်မဟုတ်ပါလော..။
ထေရဝါဒဗုဒ္ဓ ဘာသာဝင် တို့ ၏ ဘာသာအယူမခွဲလှူသော အမွန်မြတ်ဆုံး စိတ်ဓာတ်နှင့် မြင့်မြတ်သော လုပ်ရပ်သည် .......
*ဗဟို တိဘက်လေ့လာရေးတက္ကသိုလ် မှ မဟာယနဗုဒ္ဓဘာသာဝင်များ* ၏ နှလုံးသားဆီသို့ မြတ်ဗုဒ္ဓ အမွေ တရားရေစင်များ စီးဆင်း နေမည် မှာ ကမ္ဘာတည်သရွေ့ ပင်ဖြစ်ပါသည်။
(သာဓု-သာဓု-သာဓု)
**************************************************************
ဒီသမိုင်းမှတ်တိုင်လေးမှာ ပါဝင်ခဲ့ပုံလေး အမှတ်တရ ရေးချင်လို့ပါ။
ဒေသ တစ်ခုသည်* ရွာ* ဖြစ်ချင်ဖြစ်မည် ။*တော* ဖြစ်ချင် ဖြစ်မည် ။ *ချိုင့်ဝှမ်း* ဖြစ်ချင်ဖြစ်မည်။ *ကြည်းကုန်း* ဖြစ်ချင်ဖြစ်မည်။ မည်သို့ပင်ဖြစ်စေ….သူတော်စင်များ နေထိုင်ရာဖြစ်ရိုး မှန်ပါက ထိုနေရာ ၊ ထိုဒေသ သည် မွေ့လျော် ဖွယ်အကောင်းဆုံး ဖြစ်၏ ..ဆိုတာကို ဆရာကြီးဦးရွှေအောင် စာအုပ်ထဲမှ မှတ်သားခဲ့ဘူးသည်…။ ဆရာကြီး ထိုသို့ဆိုစဉ် က အင်တာနက်မပေါ်ပေါက်သေး ၍ ဖြစ်နိုင်ပါသည်။ ပေါ်ပေါက်ခဲ့ပါက ဆရာကြီး သည် ဓမ္မဘလော့ဂါရပ်ဝန်းကိုလည်း ရွာ၊တော၊ ချိုင့်ဝှမ်း တို့နည်းတူ ထည့်သွင်း ဖွင့်ဆိုပေလိမ့်မည်။
ကျေးဇူးတော်ရှင် ဗုဒ္ဓမြတ်စွာ ၏ မေတ္တာရိပ်တွင် ခိုလှုံပြီး ဟောကြားပြသ ဆုံးမ သော စကား (အလင်းတရား၊ အလင်းစကား) တို့ကို စေတနာဖြင့် မျှဝေ ၍ဓမ္မဒါနပြု သောသူ၊သူတပါး ရဲ့ နှလုံးသားမှာ ကိန်းဝပ်သွားအောင် ဆောင်ရွက် နေသောသူများကိုတော့ ဆရာတော် အရှင်ဆန္ဒာဓိက က အလင်းစေတမန် လို့ နာမည် လှလှ ပေးခဲ့ ပါသည်..။
*တရားဟောသူ၊ ပို့ချသူ..မှတ်ယူ အလင်းစေတမန်။ တရားပေးလှူ ၊ရေးသားသူ မှတ်ယူအလင်းစေတမန်*ရယ်လို့ ဆိုထားလေတော့ ကျွန်မတို့ ဓမ္မ ဘလော့ဂါများ သည်လည်း အလင်းစေတမန် အုပ်စုတွင်း ပါဝင်ရပါတော့သည်။ အရောင်အလင်း မျိုးစုံ တို့ဖြင့် စိတ်ကောဉာဏ်ပါ လင်းရ…ချင်းရ..သော ဓမ္မဘလော့ဂါ ရပ်ဝန်းမှာ မွေ့လျော် ရသည် မှာလည်း ယခင်က မကြုံမတွေ့ခဲ့ရ ဘူးသော ဘဝ ပုံစံ အသစ် တစ်ခုရယ်ပါ။
ဤရပ်ဝန်း တွင် နိုင်ငံပေါင်းစုံ၊နေရာပေါင်းစုံ ၊အသက်အရွယ် အဆင့်အတန်း၊ အနေအထား ပေါင်းစုံ ကွဲပြား ရသော်လည်း သူတပါးအပေါ် တရားဓမ္မ ဆိုသော အသိဉာဏ်အလင်း ဖြင့်လင်းစေလိုသော ရည်ရွယ်ချက် သည်ကား တစ်ခုတည်း သာ လျှင် ဖြစ်သည် မို့ (တစ်ခါတစ်ရံ အနည်းငယ်မျှ သဘောထားကွဲလွဲညင်းခုံရသည်မှအပ) စည်းလုံး ညီညွတ် ရပါတော့သည်။
၂၀၁၁ ဇန္နဝါရီလ တွင် ကျွန်မ မြန်မာ နိုင်ငံတွင်ရှိနေစဉ် ဘုန်းဘုန်းဓမ္မဂင်္ဂါ က အလင်းစေတမန် တာဝန် တစ်ခု ကို အွန်လိုင်းဖြင့် ပေးအပ်ခိုင်းစေခဲ့ပါသည်။စင်္ကပူ အဘိဓမ္မာ အသင်းကြီး မှလှူဒါန်းသော ပိဋကတ်သုံးပုံစာအုပ်များကို အိန္ဒိယ သို့ ပို့ဆောင်ပေးရန် တာဝန် ပဲဖြစ်ပါသည်။
ဘုန်းဘုန်းဓမ္မဂင်္ဂါ ပါဠိပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေသော အိန္ဒိယ ရှိ ဗဟိုတိဘက်လေ့လာရေးတက္ကသိုလ် သို့ စင်္ကပူ အဘိဓမ္မာ အသင်းကြီး ရဲ့ အလင်းစေတမန် ဓမ္မဒါန ပြုလိုက်တာဖြစ်ပါတယ်..။ဒီ လုပ်ငန်း ကြီး မှာ ကျွန်မ ကမပြောပလောက်သော တာဝန်သေးသေးငယ်ငယ် တစ်ပိုင်းတစ်စ ပြုခွင့်ရခြင်းကိုပဲ ပြန်လည် ကျေးဇူးတင် ဝမ်းမြောက်ရပါတယ်..။ မှန်လှပါဘုရား…ဦးလည်မသုန် ထမ်းရွက်ပါမည်ပေါ့နော်..။
ဖုန်းတစ်လုံးဖြင့်အလုပ်ရှုပ်လိုက်တော့…ပိဋကတ်စာအုပ်များ ထုတ်ယူရမည့်နေရာက စကားဝါပင်လမ်းက မင်းကွန်းတိပိဋက ကျောင်းတော်တွင်ဖြစ်ပါသည်။ လေကြောင်းဖြင့် ပို့ဆောင်ရေး လုပ်ငန်းများ ကို ဆက်သွယ်တော့ အလေးချိန် တစ်ကီလိုဂရမ်ကို မြန်မာငွေ ၄၀၀၀ကျပ် သတ်မှတ်ထားပါသတဲ့။နီလာ..ဘုရားဖူးပို့ဆောင်ရေး ကတော့ အလုံးစုံအတွက် မြန်မာငွေ ၂သိန်း သို့ ၃သိန်းပေး ရမည် ပြောပါတယ်..။
စင်္ကပူ အဘိဓမ္မာ အသင်း ကြီး ရဲ့ စေတနာကတော့တကယ်ပင်လေးနက်လှပါသည်..။ ခန့်ညားလှပစွာ သားရေဖုံးဖြင့် အခန့်ချုပ်ချုပ် ပြီးရွှေစာလုံးဖြင့် စာတန်းထိုး ထားပါသော ပိဋကတ်စာအုပ်များမှာ နင့်နင့်နဲနဲ တစ်ခဲတစ်နက် လှူဒါန်းခြင်းမျိုးပါတကား။သာဓု သာဓု သာဓု အကြိမ်ကြိမ် စုလျက် စီမံရပါတော့သည်။
စာအုပ် ကဒ်ထူပုံး ၃ပုံး ကိုအလေးချိန် ချိန်ကြည့်တော့ ပိဿာ အားဖြင့် ၆၀၊ပေါင်အားဖြင့် ၂၁၈ ပေါင်၊ ကီလို ဂရမ်အားဖြင့်ဖေါ်ပြရလျှင် ၉၈ ကီလိုဂရမ် ရှိတာ သိရပါတယ်။
တိဘက်တက္ကသိုလ်မှာကျင်းပပြုလုပ်မည့် အပြည်ပြည်ဆိုင်ရာ ဝိနယညီလာခံ တက်မည့် ရဟန်းတော်က ၃ပါးပါ။ထိုရဟန်းတော်များ နှင့်တစ်ပါတည်းထည့်ပေးရန် စဉ်းစားတော့ ကဒ်ထူ ပုံး များဖြင့်သယ်ယူလျှင် အဆင်မပြေ နိုင်လောက် ဟုတွက်ဆရပါသေးတယ်။ ဒါနဲ့ ပဲ ၂၀ ကီလို ဂရမ် အထုပ်သုံးထုပ်၊ ၁၀ကီလို ဂရမ် လေးသော အထုပ် သုံး ထုပ် ရအောင်စီမံလိုက်ပါတယ်။
ကဒ်ထူကိုခွာ လိုက်တော့ ထည့်လိုက်တဲ့ ပီနံအိပ်က မကာကွယ်နိုင်မှာစိုးသည် နှင့် ကျွန်မတို့ ၂ အုပ်ချင်း ကို ဂျာနယ် စက္ကူအဟောင်း များနဲ့ထုပ်ပိုးပြီး ဆယ်လိုတိတ်ဖြင့် ပိတ်ရပါတယ်။ ရဟန်းတော်များ ညီလာခံသို့ကြွချီမည့် ဇန္နဝါရီလ ၁၄ ရက်နေ့ မနက် စောစောအချိန် မှာတော့ ပိဋကတ် တော်များ ကို သယ်ယူပြီး မင်္ဂလာဒုံလေဆိပ်ကို ချီတက်ရပါတယ်…။
ထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ် မှ ရဟန်းတော် နှစ်ပါးကတော့ကိစ္စ မရှိ… ဘုန်းဘုန်းရေ…တစ်ချို့ကိုHand Carry သယ်ပေး ပါ လျှောက်ထားလိုက်ပါတယ်။ အဲကျန်တစ်ပါးကတော့ ဘုန်းဘုန်း ဓမ္မဂင်္ဂါ ရဲ့ ဆရာ..ကျိုက္ကလော့ ဆရာတော် (ဒေါက်တာစန္ဒဝရာဘိဝံသ) ဖြစ်နေတာမို့ ဆရာတော်ဘုရား ကို တော့ ဒီလို လျှောက်ဘို့ မသင့်လျှော်…။
ကျွန်မ ကိုကယ်တင်မဲ့သူက ပေါ်ပေါက်လာပါတယ်..။ အမေရိက မှာ နေပြီး မြန်မာကို လာရောက်လည်ပတ်ပြီး အိန္ဒိယ ကို ဘုရားဖူး သွားကြမည့် မင်နီဆိုတာ ပြည့်နယ်မှ ဆရာဦးဝင်းလှိုင်၊ ဒေါက်တာဝင်းချိုလှိုင် တို့စုံတွဲ ပဲဖြစ်ပါတယ်။ ဓမ္မဘလော့ဂါရပ်ဝန်း ထဲကပါပဲ။ပိုင်းလော့ဆရာတော်ဘုရားကြီး အမေရိက သို့ကြွရောက်စဉ် ကျွန်မတို့ အွန်လိုင်း တရားပွဲများကို Ustream မပေါ်ခင် ကတည်းက Skype ဖြင့် တာဝန်ယူထုတ်လွှင့်ပေးတဲ့ ဓမ္မပါလ ကျောင်းဒကာ ဆရာဦးအောင်ကိုး ရဲ့ ဆွေမျိုးမိတ်ဆွေတွေ ဖြစ်နေလို့ပါ..။ဆရာဦးအောင်ကိုးကတော့ အမေရီက ကနေ အိန္ဒိယကို တိုက်ရိုက်လာ ပြီး ဆုံတွေ့ ဘုရားဖူးကြမှာဖြစ်ပါတယ်။
ဘုန်းဘုန်း ဦးတိက္ခဉာဏာလင်္ကာရ (ယောအသင်းဓမ္မဘလော့ဂါ) အမေရိက သို့ ကြွရောက်သီတင်းသုံးရန် ပင့်ဆောင်ကြလေသော… သဒ္ဓါတရားထက်သန်ကြသော ဥပါသကာ များလည်း ဖြစ်ပါတယ်။သံသရာဆွေမျိုး တရား ကိုလက်တွေ့နာယူရသလိုဖြစ်ရပါတယ်..။
Luggage ချိန်ကြ အပ်ကြ လုပ်တဲ့ အထဲကို ကျွန်မ ဝင်ရောက် လိုက်ပါ ခဲ့ပါတယ်..။ သာသနာတော်စောင့် နတ်ကောင်းနတ်မြတ် များ ကူညီစောင့်ရှောက်လိုက်လေသလား၊ ဂယာလေဆိပ်မှာ စောင့်ပြီး မေတ္တာပို့သနေတဲ့ ဘုန်းဘုန်းဂင်္ဂါ မေတ္တာ အစွမ်းထက် လေသလား၊ ဓမ္မမိတ်ဆွေများ၊ညီလာခံကြွ မဲ့ ရဟန်းတော်များ ရဲ့ ဘုန်းကံ ပေပဲလား၊စင်္ကပူ အဘိဓမ္မာ အသင်းကြီး ရဲ့ မြင့်မြတ် ထက်သန်သော စေတနာ ပေပဲလား….. လားပေါင်းများစွာ ပေါင်းစုံလျက်….အောင်မြင်ခဲ့ပါတယ်..။ လူ ၄ယောက် ရဟန်း၂ပါး Luggage များစုချိန်လိုက်တော့ ဖေါ်ပြလာတဲ့ကီလို တစ်ရာကျော် အလေးချိန်ကို ငွေတစ်ပြားမှ မယူပဲ လက်သင့်ခံလိုက်တဲ့ Myanmar Airway International MAI မှ ဝန်ထမ်းတွေ ကိုလည်းကျေးဇူးတင် ရပါတယ်..။ အော်..ကုသိုလ် ရပ်ဝန်း ဆိုသည်မှာ မွေ့လျော်ဘွယ်ဖြစ်ခဲ့သည်ပဲ။
ဒါကြောင့်မို့လို့ သည်စာစုလေးဖြင့် မကြာခင် ၁၇.၅.၂၀၁၁ (ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ) စတင်တည်ထောင်ခြင်း ပန္နက်တင်မင်္ဂလာ အခမ်းအနား ပြုလုပ်ကြတော့မည့် စင်္ကပူ အဘိဓမ္မာအသင်း ကြီး ကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြု ကြိုဆိုလိုက်ပါရစေ..။
မေတ္တာဖြင့်
သစ္စာအလင်း
0 မှတ်ချက်ရေးရန်:
Post a Comment