Tuesday, May 31, 2011

ကောင်းကင်မဲ့သောသူများအတွက်

ကျွန်မ ရဲ့ ယဉ်ကျေးမှုသင်တန်းလေးကို ပိတ်ခဲ့ရပေမဲ့ ရွာကကလေးတွေကလည်း သတိရနေသလို ကျွန်မ ကလည်း အဝေးကနေတတ်အားသမျှ မေတ္တာပို့သ ရပါတယ်..။ ကလေး ၁၀၀ကျော်ရှိတဲ့ အထဲမှာ မိဘမဲ့က လေး (၃)ဦး သည် ကျောင်းအပ်ချိန် မှာ အခက်အခဲတွေ ကြုံတွေ့ ရပါတယ်။ ၁၀ တန်းကလေးနဲ့ ၈တန်းကလေး ကတော့ ကျုရှင်စရိတ်တွေပါ လိုအပ်နေတဲ့အကြောင်း ကို ကျွန်မ အမ ၊သူတို့ဆရာမ ဒေါ်တင်အောင် က မေးလ် ပို့ ပြောကြား လာတာနဲ့ ကျွန်မလည်း ထေရဝါဒဗုဒ္ဓဘာသာ လူငယ်လေးများ အသင်း ရဲ့ ပညာရေး အလှူ ကဏ္ဍ မှာ လျှောက်ထား စေခဲ့ပါတယ်။

အသင်းမှ ဗိုလ်ကြီးထွန်းထွန်းလှိုင် ကလည်း အသင်းရဲ့ စည်းကမ်းအတိုင်း တွေ့ဆုံ အင်တာဗျူး ပြီး သူတို့လို အပ်တဲ့ကျောင်းစရိတ်ကို တစ်နှစ်တာတွက် သတ်မှတ်ပြီး ထောက်ပံ့ရန် ဆုံး ဖြတ် ပေးခဲ့ပါတယ်..။

သူတို့ သုံးဦးထဲမှ အငယ်လေး နှစ်ယောက်ရဲ့ မိဘတွေ ဟာ AIDS ရောဂါရပြီး ရှေ့ဆင့်နောက်ဆင့် ဆုံးပါးကြတာပါ။ ကျောင်းအုပ် ဆရာမကြီး ဖြစ်သူက ကလေးတွေကို စိုးရိမ်လို့ သူ့စရိတ် သူစိုက်ပြီး ရန်ကုန်မှာ ဆေးစစ်စေခဲ့ တော့ သူတို့မှ ရောဂါကင်း နေခဲ့ပါတယ်..။

ဒီအကြောင်းကိုသိထားတော့ ကျွန်မလည်း သင်တန်းကာလ တလျှောက်လုံးမှာ ဖေးဖေးမမ ဆက်ဆံခဲ့ပါတယ်။ မိဘကျေးဇူးအကြောင်း ပြောတဲ့အခါတွေ မှာ သူတို့ မျက်လုံးလေး တွေ ဟာ နှလုံးသား ခွဲစိတ် ၊ဆွဲထုတ် ခံထားရသူတွေ လို လွတ်လွတ်ဟာဟာ ၊ ရီရီဝေဝေ လေး ဖြစ်နေတတ်ပါတယ်..။

ဒီကလေးတွေကိုအင်တာဗျူး ရင်းနဲ့ ဗိုလ်ကြီးထွန်းထွန်းလှိုင် လည်း မိဘမဲ့ ပုံပြင်တွေ ပူးဝင်ခံစား ခဲ့တယ် ထင်ပါ ရဲ့။ ဟိုတစ်နေ့ က ဂျီတော့မှာ တွေ့ တော့ အံတီရေ..တိုင်ပင်စရာ လေးတစ်ခုရှိလို့ တဲ့..။ အားပါတယ် သား ဘာပြောချင်လို့ လဲဆိုတော့..။သားတို့ အသင်းက မိဘမဲ့ကလေးတွေကို မွေးမြူစာသင်ပေး မဲ့ အစီအစဉ်လေး စတင်ချင် တာ အံတီနဲ့တိုင်ပင်ချင် လို့ပါတဲ့။

သားတို့ အသင်းရဲ့ ပညာရေး အလှူ ငွေ ကနေ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမနေရ တဲ့ ခိုကိုးရာမဲ့နေရှာတဲ့ မိဘမဲ့ ကလေးတွေကို ပညာလည်းသင်ပေးချင်တယ်။ စားဝတ်နေရေးလည်းထောက်ပံ့ချင်တယ်တဲ့..။

ထေရဝါဒဗုဒ္ဓဘာသာ လူငယ်လေး များ အသင်း နဲ့ ပေါင်းပြီး သီလရှင် ကျောင်းလေးတစ် ကျောင်းဖြစ်အောင် အတူတကွ ပံ့ပိုးခဲ့ကြ တာမို့ ကျွန်မလည်း သူတို့ရဲ့ စေတနာကို သိရှိနေပြီးသားပါ။

ကျွန်မ ကလည်း အဲဒါမျိုး သိပ်စိတ်ဝင်စား ပါတယ်။ ဘယ်နေရာမှာ ထားမလဲ..ဘယ်လိုကျွေးမလဲ …ရေရှည် ဘယ်လို ရပ်တည်မည်လဲ ။တစ်နေ့တည်းကိစ္စ မဟုတ်။ စာသင်တတ်ပေးရုံ လေးနဲ့လည်း ဖြစ်သည်မဟုတ်။ ဒါနဲ့ပဲ ခါးမသန်လေသော ခါချဉ်တစ်ကောင် လို..မာန်လျှော့ နေခဲ့ ရတာပါ။

သားတို့ လစဉ် ဆွမ်းဆန် ထောက်ပံ့ လှူဒါန်း နေကျ သီလရှင်ကျောင်းရှိတယ် အံတီ။ အဲဒီက သီလရှင်ဆရာကြီး ကလက်ခံစောင့်ရှောက်ပေးမယ်တဲ့..မင်္ဂလာဒုံ အာသောကာရာမ သီလရှင်ကျောင်းပါ။

အော် နေစရာအတွက် အဆင်ပြေတာပဲ ။ ခက်တာတစ်ခုက ကျွေးမွေးစရိတ်အပြင် ပညာသင်ပေး မှာဆိုတော့ အတန်းကျောင်း သင်တဲ့ဆရာ မ ငှား ရပါလိမ့်မယ်။

သားက တစ်လဘယ်လောက်ကုန်မယ် ခန့် မှန်း ပါလဲ လို့မေးတော့ တစ်လကို လက်ခံနိုင်တဲ့ အရည်အတွက်ပေါ်မှာ မူတည်ပြီး ၄သိန်းကနေ ၈သိန်းလောက်ကုန်မှာပါ လို့ ဖြေပါတယ်..။

သူက အံတီ ရေ..လုပ်သင့်လားအကြံပေးပါအုံးတဲ့..။ ၆၀% လောက်က ပြည့်စုံနေပြီး အလွန်ကောင်းမွန်တဲ့ အလုပ်မို့ သားရေ လုပ်သာလုပ်…ပါ။ စသာစလိုက်ပါ လို့ အားပေးလိုက်ပါတယ်..။

အံတီ ဘယ်လို လုပ်မှာလဲ တဲ့..အလှူခံမယ်လေ…၈သိန်း ပဲ ထား ကွာတလ ကိုတသောင်းနှုန်း နဲ့ လှူ မဲ့သူ အယောက် ၁၀၀ ရရင် အဆင်ပြေ ပြီ ပဲ..။

တစ်သောင်းဆိုတာ ၁၀ ဒေါ်လာ ပဲ ရှိပါတယ်။ နိုင်ငံခြား မှာ အလုပ်လုပ် နေတဲ့ လူတွေအဘို့ ၁၀ဒေါ်လာဆိုတာ အပျင်းပြေ မုန့်စားသလောက် သာရှိတာပါ ။ မစားပဲမိဘမဲ့ကလေးတွေ စာသင်ဘို့ ပေးလှူကြဘို့ နှိုးဆော်မှာပေါ့။ ဒါ့ထက် ပိုစွမ်းနိုင်တဲ့သူ တွေလည်း ရှိမှာပါပဲ..။

မိဘ မရှိတဲ့ကလေး ဆိုတာ နေထိုင်အားကိုးမှီခိုရာ ကမ္ဘာမြေကြီး ပျောက်သလို.....အမိုးအကာ ကောင်းကင်ပျောက်သလို...နေခဲ့ရရှာတာပါ..။ ကိုယ့်ခြေထောက်ပေါ် ကိုယ် မရပ်တည် နိုင်သေးတဲ့အချိန်တွေမှာ ကူကယ် ရာမဲ့ခဲ့တော့ လဲသူလဲ..ပြိုသူပြို နဲ့ ညှိုးနွမ်းချောက်သွေ့ ရတဲ့ပန်းကလေး အဘယ်မျှ များနေပြီလဲ ကျွန်မ မှန်းဆကြည်မိတိုင်း နှလုံးသား မှာ နာကျင်ကြေကွဲ ရ..ပါတယ်..။

နာဂစ် ကာ လတုံးက ကျွန်မ မိဘမဲ့ကလေးတွေထားတဲ့ စခန်းတခု ကိုရောက်ခဲ့ပါတယ်..။ အဲဒီမှာ တာဝန်ကျတဲ့ကျွန်မ သူငယ်ချင်းရဲ့ လက်ကိုမလွတ်တမ်း ဆုပ်ထားပြီး....*ဆရာမ ကသမီး အမေ နော်...ဟုတ်တယ် လို့ပြောပါနော်..ဟုတ်တယ်လို့ပြောလိုက်ပါ ဆရာမရယ်*..လို့ နင့်နင့်နဲနဲ ပြောလာ တာဟာ... လွမ်းမောဖွယ် ရာ ပြဇာတ်တစ်ပုဒ် တော့မဟုတ်ပါ..။ သူတို့ရဲ့ လွတ်ဟာနေသောနှလုံးသား မှ ဆာလောင်မှုကို နားလည် ခံစားရပါတယ်..။

တကယ်တော့လည်း ကရုဏာ တရားဆိုတာ လူတိုင်း ရှိကြပါတယ်..။ ပြသခွင့်မကြုံ ရသေးလို့ပါ...။ အခု ကျွန်မ တို့ ထေရဝါဒ လူငယ်လေးများအသင်းနဲ့ အတူအကောင် အထည်ဖေါ်ကြပါတော့မယ်..။ ဒီအသင်း ကလည်း ကျွန်မနဲ့ ရေစက်ပါသလို ဖြစ်နေရပါတယ်..။ အသင်း ရဲ့ သမိုင်းမှတ်တိုင် ခိုင်ပြီး သားမို့ ကျွန်မ ကလည်းအဝေးမှ တတ်အားသရွေ့ မေတ္တာဖြန့်ကျက်ရပါတော့တယ်..။

ကောင်းကင်မဲ့သူ တွေအတွက် ကြိုးပမ်း မှု မှာပါဝင်ရင်း ပြာလွင်ကျယ်ပြော တဲ့ မေတ္တာကောင်းကင် တစ်ခု ဖန်တီးကြည့် ကြပါစို့လား။


ငွေကြေး မလှူ နိုင်သော်လည်း စေတနာ ဖြင့်စာသင်ပေးတာ ၊ လုပ်အား အလှူ ပေး လှူ လိုသော သူများ ရှိရင်လည်း ဒါနပြု ပေး ပါရန် လည်း ဒီစာ နဲ့ ဖေါ်ပြကြေညာ အပ်ပါတယ်။

ဆက်သွယ်ရန်

၁။ ဗိုလ်ကြီး ထွန်းထွန်းလှိုင် (ထေရဝါဒ ဗုဒ္ဓဘာသာလူငယ်လေးများအသင်း)

တပ်မတော်ဆေးတက္ကသိုလ်

မင်္ဂလာဒုံ၊ ရန်ကုန်။

ဖုန်း---၀၁-၇၃၀၆၂၈၁၁ ၊ ၀၃၁-၃၅၀၆၂

၂။ဒေါက်တာသန်းသန်းစိန် (သစ္စာအလင်း)

Visiting Professor-Faculty of Technology

Mahasarakham University, Thailand

E-mail---thitsaralin@gmail.com

Phone: 66-856758972

Bank- TMB Bank Public Company Limited

Saving Account No. 517-2-14304-1

Account Name- Miss Than Than Sein

မေတ္တာဖြင့်-သစ္စာအလင်း

0 မှတ်ချက်ရေးရန်: