Sunday, August 17, 2014

နေက္ခမ္မ ပါရမီသို့ ဦးညွှတ် ပူဇော်ခြင်း( ခုပ္ပိပါသာ)


=================================
( ဆရာကြီးဦးရွှေအောင် ၏ လောကသားတို့ ၏ အနှိုင်းမဲ့ကျေးဇူးရှင်၊ စာ ၁၇၀ မှ အတွေးအခေါ် ၊စာသားတို့ကို ကိုးကားရေးသားပူဇော်ပါသည်။)

ပါရမီ (၁၀) ပါး တို့ တွင် နေက္ခမ္မပါရမီ က စောင့်ရှောက်မှသာပြုသမျှ ကုသိုလ်များသည် ၊ ပါရမီ ဖြစ်နိုင်ကြသည်ဟု ဥတ္တမ ပုရိသဒီပနီ ၌ ဆိုကြောင်း အဘိဓဇ မဟာ ရဋ္ဌဂုရု တောင်လေးလုံးဆရာတော်ကြီး က သူ၏ပါရမီ အလင်းပြကျမ်းမှာဖေါ်ပြထားခဲ့ပါတယ်။

နေက္ခမ္မ ဟူသည် တပ်မက်စရာများကို အာရုံမပြုပဲ လောက၏ အစီးအပွားအတွက် မိမိတာဝန်ကို မိမိကျေပြွန်အောင်ထမ်းဆောင်ခြင်း ပဲဖြစ်ပါတယ်။ ထိုသို့ဆောင်ရွက်တဲ့ နေရာမှာလည်းလောက၊ ပြည်ရွာအကျိုးကို ပထမ ၊ မိမိရဲ့ အသိုက်အဝန်း အကျိုးကို ဒုတိယ ၊ မိမိအကျိုးကို နောက်ဆုံးထား၍ ဆောင်ရွက်ခြင်း ပင်ဖြစ်ပါတယ်။

အမှန်အားဖြင့် နေက္ခမ္မ ၏ အဓိပ္မါယ် သည် အရာရာတိုင်းကို တပ်မက်သော လောဘ၏ ဆန့်ကျင်ဘက် အလောဘ ဖြစ် ၍ အရာရာတိုင်း ကို အနစ်နာ ခံ၍ စွန့်လွှတ်နိုင်ပါတယ်။ အသက် ၊စည်းစိမ် နှင့်ရာထူးဂုဏ်သိမ်များ ကိုပါစွန့်လွှတ် နိုင်ပါတယ်။

ထိုသို့စွန့်လွှတ်ခြင်းသည် မိမိအတွက် မာနခံ၍ စွန့်လွှတ်ခြင်းမျိုးမဟုတ် ၊တစ်ခုတစ်ခု ကို မျှော်ကိုး၍ ၊ အတုံ့ အပြန်ရလို ၍ ၊ကျေးဇူးတင်ခံလို၍ စွန့်လွှတ်ခြင်း မျိုးမဟုတ် ၊ လောက အတွက်အကျိုးရှိစေလို၍ မြင့်မြတ်သော မေတ္တာ ၊စေတနာ ဖြင့် စွန့်လွှတ်ခြင်းမျိုးသာဖြစ် ပါတယ်..။

နေက္ခမ္မစိတ်ထားရှိသော သူမြတ်များသည် တပ်မက်ဖွယ်ရာ များအားလုံး ကိုလည်း မတပ်မက် ၊ ကြောက်မက်ဖွယ်ရာ များဖြင့် ခြောက်၍ လည်းမကြောက် ၊ တပ်မက်ဖွယ် အားလုံးတို့ကို နေက္ခမ္မပါရမီ ဖြင့် အနစ်နာ ခံ၍ လောကအတွက် စွန့်၏ ။ ထိုအခါ နိက္ခမ္မပါရမီသည် နိက္ခမ္မ သင်္ကပ္ပ မဂ္ဂင် အဖြစ် ထင်ရှားလာပါတယ်..။

နေက္ခမ္မ သဘောဖြင့် အများ ရဲ့ အကျိုးစီးပွား အတွက် လုပ်တဲ့လုပ်ငန်းတွေ မှာ စိတ်ဝင်စားတာ..မွေ့လျော် ပျော်ပိုက်လာ တယ်..ဓမ္မရတိ ကိုတွေ့ အောင်ရှာ နိုင်တဲ့ သူတွေဟာ မာရ်နတ် ရဲ့ ဒုတိယ တပ်မ ကို လွန်မြောက် အောင်နိုင်ကြတဲ့သူတွေ ပါ..။

တတိယ တပ်မ ကို တွေ့ ဘို့ ရှိပါသေးတယ်..။ ကျွန်မ တို့ တော်တော် များများ ကျဆုံး ခဲ့ရတဲ့ တပ်မ ပဲဖြစ်ပါတယ်..။

ဒီတပ်မ ရဲ့ အစွမ်း ဟာ မသေးလှပါဘူး.. ။ ကျွန်မ တို့ကိုယ် တိုင်လည်း ဒီတပ်မ ကိုမကျော် လွန်နိုင် သေးပါဘူး..။
တတိယ တပ်မ ကတော့ ငတ်မွတ်ခြင်း ဆိုတဲ့ *ခုပ္ပိပါသာ* ပဲဖြစ်ပါတယ်..။ အဲဒီအချိန် မှာ ကျွန်မ ဟာ ဘုရားရှင် ရဲ့ ဖြစ်စဉ် တွေကို မှန်းဆ ကြည်ညို ရပါတယ်..။

မွန်မြတ်တဲ့ အဟာရ ဘောဇဉ် ကို သုံးဆောင်ခဲ့တဲ့ သာကီဝင်မင်းသားတစ်ပါး ဟာ တောထဲ တောင် မှာ ကျလာ တဲ့ သစ်သီးလေးကို ပဲ ကောက်ယူစာသုံးခဲ့တာ…နောက်ဆုံးလုံးဝ မစားပဲ ကျင့်ကြံကြိုးကုတ် အား ထုတ် ခဲ့တဲ့ ဒုက္ကရ စရိယ ခြောက်နှစ်တာ ကာလ တွေဟာ ဘုရားဆုပန် ယောင်္ကျား မြတ် တို့ ရဲ့ ခိုင်ကျည် တဲ့ နေက္ခမ္မ သဘော တွေပါပဲ..ရယ် လို့ လေးမြတ်ကော်ရော် မိပါတယ်။

ဆွမ်းခံစား တဲ့အခါ မှာ လည်း ကြမ်းတမ်း တဲ့ အရသာတွေ ရောယှက်နေတဲ့ ဆွမ်း ဟာ နန်းတွင်း မှာနေစဉ် ကာလတွေ နဲ့ နှိုင်းစာရင် ဆီနဲ့ ရေ လို…။
ဒါတွေကို တွေး မိရင် *ရသ တဏှာ* စေစား သမျှ လျှာ အရာသာခံပြီး သွတ်သွင်းရင်း လိုအပ်တာထက် အလေးချိန်ပိုစီးနေတဲ့ ကိုယ့်ကိုကို အလွန် အင်မတန် ရှက် မိ..စက်ဆုပ်မိပါသေးတယ်..။ ဆင်ခြင်ဖွယ်ပါတကား။

ကျွန်မအတွက်...အများ အကျိုးကို ဆောင်ရွက်လို စိတ် နဲ့ ရရှိနိုင်တဲ့ ရာထူး၊ အခွင့်အလန်း တွေကို စွန့်လွှတ်ခဲ့ ရ တဲ့ စိတ်ကလည်းတစ်ခါ ..တစ်ခါ ခနော်နီ ခနော်နဲ့ ဖြစ်ရပြန်ပါသေးတယ်..။

ပညာတွေ ပြည့်စုံမှုကြောင့် ပစ္စည်း ၊ဥစ္စာ ၊ စည်းစိမ် တွေ ပြည့်စုံ လာကြတဲ့ အပြင်* ဝင့်ဝါ လိုမှုရောဂါ * များ ပါဖြစ်ပေါ်တတ်တဲ့ ကျွန်မရဲ့ မိတ်ဆွေအချို့ နဲ့ ထိတွေ့ဆက်ဆံ ရတဲ့အခါမျိုးမှာတော့ ..မခံချင်စိတ် နဲ့ မျက်ရည် များ ပင် ကျချင်ချင် ဖြစ်ရပါသေးတယ်..။

တကယ်တော့လည်း.. တန်ဘိုးထားတဲ့ အရာ မတူ ရင် လမ်းကြောင်းတွေ ဟာ မတူတတ်ကြပါဘူး..။

ဒါကို သတိ နဲ့ မထိန်းသိမ်းပဲ
ငါ ဆိုတဲ့ မာန တစ်ခွဲသား နဲ့ ယှဉ်ပြိုင် အစွမ်း ပြချင်စိတ် တွေ ပေါ်ပြီး မူလ လမ်းကြောင်း မှ သွေဖယ် ပြေးထွက် ချင်တာ ဟာ တကယ် တော့ မာရ်နတ် ရဲ့ တတိယ စစ်တပ်မှာ မရှု မလှ ကျဆုံး ရတာပါပဲ..။

အဲဒီအခါ အများအကျိုး ဆိုတဲ့လမ်းကြောင်း ကနေ မိမိအကျိုးစီးပွား ဆိုတဲ့ ဥိးတည် လမ်းကြောင်း ပြောင်းသွားပြီး ၊ အပူဇော်ခံရအောင် လုပ်တာတွေ ၊ နေရာရအောင်လုပ်တာတွေ ၊ ထင်ပေါ် ကျော်ကြားအောင် လုပ်တာတွေ ၊ ကိုယ့်အတွက်ပဲ အကျိုးရှိအောင် လုပ်တာ တွေဟာ တတိယ တပ်မ ရဲ့ စစ်ရှုံး သုံးပန်းတွေ ရဲ့ လုပ်ဆောင်ချက်တွေ ဖြစ်လာရပါတော့တယ်..။

ကိုယ့် အတွက် အင်မတန်ခက်ခဲလှတဲ့ လုပ်ရပ်တွေကို မြတ်မြတ်တဲ့ ပါရမီသဘော နဲ့ ဖြတ်ကျာ် ရဲရင့်ခဲ့တဲ့ .......

မာရ်နတ် ရဲ့ တတိယတပ်မ ( ခုပ္ပိပါသာ) ကို ကျော် လွှားအောင်မြင်တော်မူခဲ့တဲ့....

ဘုရားရှင် ရဲ့ နေက္ခမ္မ ပါရမီသို့ သည် စာစုဖြင့် ရိုကျိုးလေးမြတ်စွာ ဦးညွှတ် ပူဇော် လိုက်ပါရစေဘုရား။

မေတ္တာဖြင့်
သစ္စာအလင်း

ဓာတ်ပုံ= ရွှေကျီးမြင်ဘုရား ၊ မန္တလေး

0 မှတ်ချက်ရေးရန်: