Sunday, August 17, 2014

မကောင်းမှုပြုလေ့ရှိသူ (ပါပကာရီပုဂ္ဂိုလ်)သို့ ကရုဏာဗြဟ္မဝိဟာရ

 
( ဆရာမကြီးဒေါ်ခင်လှတင် ၏ ဝိသုဒ္ဓိမဂ် (ဒုတိယဆင့်) စာမျက်နှာ ၂၅ ကို ကိုးကားရေးသားပူဇော်အပ်ပါသည်။)

အခုတလော…ကြည်လင်ချမ်းမြေ့သော စိတ်နှလုံးကို ထိခိုက်ညစ်ညူးစေတဲ့ သတင်းတွေဟာ မကြည့်ချင် မြင်လျက်သား၊ မကြားချင် နားဆင်လျက်သားဆိုသလို ဝင်ရောက် လာနေပါတယ်..။

ထိုအခါတိုင်း လေ့ကျင့်ထုံမွေ့ မှုမရင့်ကျက်သေးသော သတိက တိမ်းပါးချွတ်ချော် ပြီး… မဖြစ်သင့်ဘူးရယ်လို့ အပူဓာတ်တွေ စိမ့်ထွက်ကာ အကုသိုလ် လမ်းကြောင်းပေါ် ရောက်မိနေတာ…..။

ပြီးခဲ့တဲ့ သုံးပတ်လောက်က ဆရာမကြီးဒေါ်ခင်လှတင်(ဓမ္မဗျူဟာ) ဝိသုဒ္ဓိမဂ် သင်တန်း ဒုတိယဆင့် မှတ်စုကို ပြန်လည် လေ့လာ ကျက်မှတ်ရင်း လက်တွေ့ကျင့်စဉ်လေးတစ်ခု ကို တွေ့လိုက်ရပါတယ်..။

ကျွန်မ ကိုယ်တိုင်လည်းကျင့်သုံး ရင်း ထွက်ပေါက် တစ်ခု ရသလို မို့ ဓမ္မမိတ်ဆွေ များကိုလည်း ပြန်လည် မျှဝေပါရစေ..။

သူ့ရဲ့ လုပ်ရပ် တွေကြောင့်မေတ္တာပွားလို့လည်းမရ ၊ ပို့သလို့လည်းမရတဲ့အခါ ကျွန်မတို့ ကရုဏာ ဗြဟ္မာ့ဝိဟာရ ပွားလို့ရတယ်ဆိုတာ ကို တွေ့ရပါတယ်..။

ပစ္စည်းဥစ္စာချမ်းသာသူ ဖြစ်သော်လည်း မကောင်းမှုတွေ ပြုနေတဲ့ ပုဂ္ဂိုလ် ကို ပါပကာရီလို့ခေါ်ပါတယ်..။ ထို ပါပကာရီပုဂ္ဂိုလ် အကြောင်းကို တွေ့မြင် ကြားသိရတဲ့အခါ ကျွန်မတို့ အဘို့ စိတ်မချမ်းမြေ့ ခြင်း ၊ အပြစ်တင်ရှုံ့ချလိုခြင်း၊ ချေမှုန်းပစ်ချင်စိတ်တွေ အလိပ်လိုက်တက်လာ ပြီး ကိုယ့်သဏ္ဍန် မှာ အကုသိုလ် ဖြစ်ရတော့လည်း ကိုယ့်မှာ ရှုံးရတတ်ပါတယ်..။

ကရုဏာ ဗြဟ္မာ့ဝိဟာရ ပွားလိုက်တော့ ကုသိုလ်ဖြစ်တာ တွေ့ ရပါတယ်..။ ဥပမာ ဆိုပါစို့..။
ခိုးထုပ်ခိုးထည် နှင့် တကွဖမ်းမိလာတဲ့ ခိုးသူ တစ်ယောက်ကို မင်းအမိန်ဖြင့်သတ်မိန့်ပေးထားတဲ့အတွက် မင်းချင်းယောကျာင်္းတွေက လက်ပြန်ကြိုး စတာတွေ နဲ့ ချည် နှောင်ပြီး သူသတ်ကုန်းကို ခေါ်ဆောင်လာပါတယ်..။

လမ်းလေးခွ ဆုံ အရပ်မှာ လည်း အချက်ပေါင်းတစ်ရာမက ရိုက်နှက်ပြီး ခေါ်ဆောင်လာ တဲ့အတွက် ထို ခိုးသူကို လူအများက သနားကရုဏာ ဖြစ်ပြီး ခဲဖွယ် ဘောဇဉ် ၊ပန်းနံ့သာ တို့ကို ပေးကမ်းကြပါတယ်..။

ထို ခိုးသူ သည် ခဲဖွယ် ဘောဇဉ် တွေ စားသောက်လျက် သုံးဆောင်ဖွယ် စည်းစိမ် တွေ နဲ့ ပြည့်စုံ နေတဲ့ ခိုးသူကို ......

( ဤ သူသည် ချမ်းသာပေစွ ၊ များစွာသော သုံးဆောင်ဖွယ် စည်းစိမ် နဲ့ ပြည့်စုံပေစွ ) ရယ်လို့ ဘယ်သူက မှ မထင်မှတ်ကြပါဘူး ။

အော် ဤသူသည် မကြာခင် မှာ သေရရှာပေတော့မယ်။သူရဲ့ခြေလှမ်းတိုင်းသည် သေခြင်းတရားနဲ့ နီးကပ် နီးကပ်သွားလေတော့တယ် လို့ ကရုဏာ သက်ကြရှာပါတယ်.။

ဒီလိုပဲ ကရုဏာဗြဟ္မဝိဟာရ ပွားများမဲ့သူဟာ
ချမ်းသာ နေတဲ့..
စည်းစိမ်ဥစ္စာတွေ ပြည့်စုံနေတဲ့….
အနိုင်ရသလို ဖြစ်နေတဲ့ ..ပါပကာရီ ပုဂ္ဂိုလ် တွေကို တွေ့ တဲ့အခါ…သူသတ်ကုန်းကိုခေါ်ဆောင်ခြင်းခံနေရတဲ့ ခိုးသူ လို ပဲ မှတ်ယူရပါမယ်..။

ပြီးတော့ ----( ထိုသူသည် ချမ်းသာနေသော်လည်း အခုအခါ ချမ်းသာလျက် …ကောင်းမွန်စွာ ဝတ်ဆင်လျက် …သုံးဆောင်ဖွယ် စည်းစိမ် ဥစ္စာတွေ ပြည့်စုံနေလျက် …. ထိုထို တို့ကို သုံးဆောင်ခံစားနေပေသော်လည်း ဒွါရ သုံးပါး တို့တွင် တစ်ခုမျှပင် ပြုထားသော ကောင်းမှု ကံမရှိခြင်းကြောင့် မကြာမတင်လေးမှာပင် အပါယ် ဘုံ မှာ များစွာသော ဆင်းရဲကို ခံစားရရှာလေတော့မယ် ) လို့ ဆင်ခြင် နှလုံးသွင်းရပါမယ်..။

ထိုသို့ဆင်ခြင် နှလုံးသွင်းလိုက် တဲ့အခါ မှာ ကျွန်မတို့ ကရုဏာဗြဟ္မဝိဟာရ ပွားများပြီးသားဖြစ်သွားပါလိမ့်မယ်..။
ကျွန်မတို့ ပတ်ဝန်းကျင် မှာ (ပါပကာရီ) တွေကလည်း တနေ့တခြား များးလာတာဆိုတော့လည်း ဒီလို ဆင်ခြင် နှလုံးသွင်းမှု ရှိမှ ပဲ ကိုယ်က အရှုံးမဖြစ် ရမှာပါ..။

ထိုပုဂ္ဂိုလ နဲ့ သူ့ရဲ့သတင်းတွေတွေ့တိုင်းဖတ်ရလေတိုင်း ထိုသို့ အမြတ်ယူကြရအောင်ပါ..။

မေတ္တာဖြင့်
သစ္စာအလင်း

0 မှတ်ချက်ရေးရန်: