Sunday, August 17, 2014

ပရိဘောဂ စေတီထိုက်သောဗောဓိပင်များ



ကျေးဇူးတော်ရှင် ဘုရားရှင် ရဲ့ သစ္စာ ဥာဏ်အလင်း တွေ ဟာသစ်ပင်တွေ နဲ့ ဆက်စပ်လို့နေခဲ့တာ အထင်အရှားပါပဲ ရယ်လို့ အမှတ်ထင်ထင် မှတ်မိ နေဖြစ်ခဲ့ပါတယ်။

ဗောဓိ ဆိုတဲ့ပါဠိ သည် သိမြင်တော်မူခြင်း၊သိမြင်တော်မူရာလို့ အဓိပ္ပါယ်ရပါတယ်။ ဘုရားရှင်အဆူဆူတို့ရဲ့ သစ္စာလေးပါးမြတ်တရားကို ပိုင်းခြားထင်ထင်သိမြင်တော်မူရာ သစ်ပင်ထူး ၊သစ်ပင်မြတ်တွေကို ဗောဓိ ပင်လို့ သတ်မှတ်ခေါ်ဆိုကြတာ ပေါ့နော် ။

ဝေဿဘူ ၊ ကကုသန်၊ ကောဏာဂုံ၊ ကဿပ ဘုရားရှင် တို့ပွင့်တော်မူရာ သစ်ပင်တွေက တော့ အင်ကြင်းပင် ၊ ကုက္ကိုပင်၊ ရေသဖန်းပင်၊ ပညောင်ပင် တို့ဖြစ်ကြပါတယ်။ ကျွန်မတို့ရဲ့ဂေါတမ မြတ်စွာဘုရားရှင် သစ္စာလေးပါး၊မြတ်တရားကိုသိမြင်တော်မူရာ သစ်ပင်ကတော့ ညောင်ဗုဒ္ဓဟေ၊ (ညောင်နီပင် ဖြစ်ပါတယ်)။

တပေါင်းလကတည်း ကစပြီး ကျွန်မ က ဗောဓိညောင်ပင် တော်တော် များများ ကို အာရုံစိုက်နေဖြစ်ခဲ့တာ မို့ ရွက်သစ်လောင်းစ အချိန်လေးမှာ ညောင်ရွက်နုသစ်လေးတွေ ဟာ ပန်းနုရောင် ပြေပြေလွင်လွင် နဲ့ တွဲရရွဲကျဆင်းနေပြီး အရွက်မရင့်တရင့်လေးတွေ က စိမ်းဖန့်ဖန့်ဖြန့်ကျက်နေတာကို ကျွန်မ ကြည့်မဝခဲ့ပါ။

အခုတော့ ကဆုန်လပြည့် ရောက်ခါ နီးပြီမို့ ရွက်သစ်တွေ လည်းစိမ်းစို အုပ်ဆိုင်းလို့ နွေအပူကို ရင်ဆိုင်ကြရှာပါတယ်။

ဗောဓိပင် ဆိုတာဖွားဘက်တော်လည်းဖြစ်သလို ပရိဘောဂ စေတီ ထိုက်တယ်ဆိုတာကို ဘုရားရှင်သက်တော်ထင်ရှား ရှိကတည်း အရှင်အာနန္ဒာကို မိန့်ဆိုခဲ့ပါတယ်။ဘုရားရှင်ကိုယ်စား ပူဇော်ထိုက်ကြောင်း တေရသကနိပါတ်တော်လာ ၊ကာလိင်္ဂ ဗောဓိဇာတ် မှာပြဆိုထားပြီး ၊ခုဒ္ဒကပါဠိ အဋ္ဌကထာ နိမိကဏ္ဍသုတ်အဖွင့်၌ လည်း ပရိဘောဂစေတီ မည်ကြောင်းဖွင့်ဆိုထားပါတယ်

ဗောဓိပင်သည် ကျေးဇူးတော်ရှင်မြတ်ဗုဒ္ဓ၏ ဖွားဘက်တော် များတွင်ပါဝင်ခဲ့ပါတယ်။ ငယ်ငယ်တုံးက မင်္ဂလာဗျူဟာယဉ်ကျေးမှု သင် တန်းကဆရာကြီးဦးမြသောင်း သင်ကြားပေးခဲ့လိုက်ဘူးတဲ့ကဗျာ လေး ကို ယနေ့တိုင်မှတ်မိနေခဲ့ပါတယ်။ ထိုကဗျာလေး အရတော့
(ကာဠု၊ယသော်၊ညီတော် ၊ဆန္န၊ကဏ္ဍက နှင့် သောန၊ ဗုဒ္ဓဟေ) လို့ ဖွားဘက်တော်(၇)ဦးကိုကျက်မှတ်ခဲ့ဘူးပါတယ်။
၁။ကာဠုဒါယီအမတ်၊
၂။ပါရမီဖြည့်ဖက် ယသောဓရာ
၃။ညီတော်အာနန္ဒာ
၎။ ဆန္န အမတ်
၅။ ကဏ္ဍကမြင်း
၆။ရွှေအိုးကြီး လေးလုံးနှင့်
၇။ ညောင်ဗုဒ္ဓဟေ ဗောဓိပင် တို့သည် ဖွားဘက်တော်များပါ။
ဗောဓိပင် ဆိုတာဖွားဘက်တော်လည်းဖြစ်သလို ပရိဘောဂ စေတီ ထိုက်တယ်ဆိုတာကို ဘုရားရှင်သက်တော်ထင်ရှား ရှိကတည်း အရှင်အာနန္ဒာကို မိန့်ဆိုခဲ့ပါတယ်။ဘုရားရှင်ကိုယ်စား ပူဇော်ထိုက်ကြောင်း တေရသကနိပါတ်တော်လာ ၊ကာလိင်္ဂ ဗောဓိဇာတ် မှာပြဆိုထားပြီး ၊ခုဒ္ဒကပါဠိ အဋ္ဌကထာ နိမိကဏ္ဍသုတ်အဖွင့်၌ လည်း ပရိဘောဂစေတီ မည်ကြောင်းဖွင့်ဆိုထားပါတယ်

ကျွန်မတို့အားလုံးရဲ့ ကျေးဇူးတော်ရှင်မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်မှာ---အနာထပိဏ်သူဌေးကြီးသည် အရှင်အာနန္ဒာနှင့် တွေ့ဆုံကာ လျှောက်ထား ခဲ့ဘူးပါတယ်။ *(အရှင်အာနန္ဒာ ကိုယ်တော်ကြီးဘုရား..။ရပ်ဝေ:ရပ်နီးမှ ရဟန်းရှင်လူ၊ပုဂ္ဂိုလ်တို့ သည် ဘုရားရှင်ကို ဖူးမျှော်ဘို့လာရောက်ကြတဲ့အခါ။ဘုရားရှင်ဒေသစာရီကြွရောက်တာနဲ့ ကြုံလို့လွဲသွားတဲ့ အခါ စိတ် နှလုံးတွေ ညှိုးနွမ်းပြီး ပြန်သွားကြရပါတယ် ဘုရား။ သည့်အတွက် ဘုရားရှင် ကိုယ်စားတော်ပြုပြီး ဖူးမျှော်နိုင်မဲ့ အရာ တစ်ခုခု စီမံပေးဘို့ ဘုရားရှင်အားလျှောက်ထားပေးတော်မူပါဘုရား။)*

အရှင်အာနန္ဒာကဘုရားရှင်ထံ ပြန်လည် လျှောက်ထားတဲ့ အခါမှာ------*ချစ်သားအာနန္ဒာ၊ငါဘုရားရှင်မရှိ တဲ့ အခါမျိုးမှာ ငါဘုရားရှင်ကဲ့သို့ ကိုးကွယ်ပူဇော်ထိုက်တဲ့ စေတီတွေရှိပါတယ်..။

အဲဒီစေတီတွေကတော့------
၁။ငါဘုရားရဲ့ အစိတ်အပိုင်းတွေ ဖြစ်ကြတဲ့ ဆံ၊ မွေးညှင်း၊သွား၊ ညှပ်ရိုး၊ အစရှိတဲ့ သာရီရိကစေတီ။
၂။ငါဘုရားရှင်ရဲ့ အသုံးအဆောင်တွေဖြစ်တဲ့၊ သပိတ်၊သင်္ကန်း၊ ကျောင်းအစရှိတဲ့ ပရိဘောဂစေတီ။
၃။ငါဘုရားရှင်ကို ရည်မှတ်ထုလုပ်ကိုးကွယ်အပ်တဲ့ ဥဒ္ဒိဿစေတီဆိုပြီး စေတီအပြား။သုံးပါးရှိကြလေရဲ့။

အဲဒီထဲတွေမှာ--ဘုရားရှင်တွေရဲ့ သစ္စာလေးပါးကိုသိမြင်ရာ မဟာဗောဓိပင်ဆိုတာ ဘုရားရှင် တို့သက်တော် ထင်ရှား ရှိစဉ်မှာပင် စေတီမည်ပါတော့တယ်ချစ်သား--- လို့မိန့်ကြားတော်မူခဲ့ပါတယ်။*

သည်သို့ဘုရားရှင် မိန့်မှာစကားကို မှတ်သားပြီး အရှင်အာနန္ဒာလည်း မဟာဗောဓိပင်မှ မျိုးစေ့ကို သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းတော် မုခ်ဦးတံခါးဝ ဝယ်စိုက်ပျိုးခဲ့ပါလေတော့ သည်။ဗုဒ္ဓဂယာ မြေမြတ်မဟာမှ ညောင်မျိုးစေ့ကိုတော့ အရှင်မဟာမောဂ္ဂလန် မထေရ်မြတ်ကြီးက တန်ခိုးဖြင့်ယူဆောင်ပေးတယ်လို့တော့မှတ်သားဘူးပါသည်။ လူအများသည် ဘုရားရှင် မရှိ ခိုက်လာ ရောက်ကြလျင် ဗောဓိပင်ကို ဘုရားရှင်ကိုယ်စား ပူဇော်ဖူးမျှော်ကြပါတယ်။ အဆိုပါဗောဓိပင်သည်ကား အာနန္ဒာ ဗောဓိပင် အဖြစ် မှတ်သားခေါ်ဝေါ်ကြပါတယ်။

ညောင်ရေသွန်းကြတယ် ဆိုတာကတော့ မြန်မာ မင်းများလက်ထက်က စတင်ခဲ့တာ ဖြစ်ပါတယ်။ပူပြင်းခြောက်သွေ့ တဲ့ နွေကိုဖြတ်သန်း ရတဲ့ သစ်ပင် ဆိုတာ ရေစင်လေးတွေ သောက်သုံးရမှ လန်းဆန်းရမှာပါ။ မုတ်သုန်မိုး ကလည်း လုံလောက် အောင် မရွာသွန်းနိုင် သေးတဲ့အချိန်မို့….ဗုဒ္ဓဘာသာဝင် တို့ အထွဋ်အမြတ်ထားရာ ဘုရားရှင်ကိုယ်စား ညောင်ဗုဒ္ဓဟေဗောဓိပင်ကို လန်းဆန်းစေတဲ့ရေစင်လှူဒါန်းမှုကို ရှေးလူကြီးများအမျှော်အမြင်ကြီးစွာ စီမံခဲ့တာဖြစ်ပေလိမ့်မည်။

မြန်မာ သက္ကရာဇ် ၅၃၆ တွင် နရပတိစည်သူမင်းလက်ထက်တွင်ပေါင်လောင်ရှင်ဟုအမည်တွင်သည့် အရှင် ကဿပ မထေရ်သည် သီဟိုဠ်(သီရိလင်္ကာ) ကျွန်းသို့သွားရောက်ပြီး ဗောဓိညောင်စေ့များကိုမြန်မာနိုင်ငံသို့ ယူဆောင်လျက် စိုက် ပျိုးခဲ့ကြပါတယ်။

ညောင်ရေသွန်းသည့်ဓလေ့ကို မြန်မာသက္ကရာဇ် ၆၈၄ ခုနှစ် ပင်းယ တွင် မင်းပြု သော ဥဇနာမင်းကြီးသည် ပုဂံမှ နရပတိစည်သူမင်းထံမှ ဗောဓိ ညောင်စေ့ များကိုတောင်း ခံလျက် ကိုယ်တော် တိုင်စိုက်ပျိုးခဲ့ ကြောင်းသိခဲ့ရပါတယ်။ ဥဇနာမင်းသည် စိုက်ပျိုးပြီး ကဆုန် ညောင်ရေ သွန်းပွဲတော်ကို ဦး ဆောင်ကျင်းပခဲ့ပါတယ်။

နွေအပူလေး ကိုရေအလှူပေး ကြတဲ့ မြန်မာ့ ရိုးရာဓလေ့ကိုတွေ့မြင်နိုင်ပါသေးတယ်။
မြန်မာ့ ရိုးရာပွဲတော်များတွင် ရေကြည်ရေသန့်များကိုအလဟဿ ဖြုန်းတီးပစ်သည့် သင်္ကြန်ပွဲတော်ကို အားမပေးလိုလှပါ။

မေလရဲ့ နွေကာ လများကို အပူဒဏ်ခံဖြတ်သန်းခဲ့ရသော မြတ်ဗုဒ္ဓ၏ဗောဓိပင် (ကျွန်မတို့ဂေါတမ ဘုရားရှင်၏ ဗောဓိပင်ကတော့ ညောင်ပင်)ကို ရှင်သန်စိမ်းလန်းစေလိုသော၊တနည်းအားဖြင့် သာသနာ စည်ပင်၊ တိုးတက် ရှင်သန် စေလို သော ဆန္ဒမွန်များ ပါဝင်နေသည့် ဗုဒ္ဓ မွေးနေ့ ပူဇော် ပွဲကိုကား ၊သဒ္ဓါခညောင်း၊ စေတနာ ရေစင် များ သွန်း လောင်းလိုလှပါသည်။

သစ်ပင်တွေကိုချစ်ပြီး သစ်ပင်တွေပြောတဲ့ဘာသာစကားကို နားလည်အောင်ကြိုးစားနေတဲ့ ကျွန်မတို့အတွက်တော့ဘုရားရှင်တစ်ဆူ တိုင်းရဲ့သမိုင်းတိုင်းမှာ သစ်ပင်တစ်ပင်စီ ပါဝင် နေတာဟာမြတ်နိုး တန်ဘိုးထား ဘွယ်အမှတ်တရ နေ့ရက်ဖြစ်လို့ နေပါတယ်..။..

ဗောဓိပင်ပေါက်တဲ့နေ့မှာ ဂေါတမ ဘုရားရှင်ရဲ့မွေးနေ့ မှာ ဗောဓိပင်ကိုရေစင်သွန်းလောင်းရင်း ဘုရားရှင်ရဲ့သစ္စာ စကားတွေ နားဆင်ချင်မိပါသေးတယ်..။ နောင်ဘုရားရှင်ရဲ့ ဗောဓိပင် ကံ့ကော်ပင်တွေကိုလည်း စိုက်ပျိုး လိုက်ချင်ပါသေးတယ်..ကမ္ဘာ မြေ အနှံ့ပေါ့နော်...။

ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော်ဘုရားကြီး က ဘုရားရှင် ရဲ့ ဂုဏ်ကျေးဇူး ကိုသိရင် တုံ့ဆပ်ပူဇော် ရပါမယ်တဲ့။ အကောင်းဆုံး ပူဇော် နည်းကတော့ လောကုတ္တရာ တရားကိုးပါး အားလျော်သော ကျင့်ဝတ် ပဋိပတ် အကျင့်မြတ်နဲ့ ပူဇော် ဘို့ကို ကျွန်မ သေချာ မှတ်သားလိုက်မိပါတယ်။ .

ဗုဒ္ဓသာသနာ သက်တမ်း သည် အဓွန့်ရှည်စွာ တည်တံ့ခိုင်မြဲ ပါစေသား။

(ဗုဒ္ဓသာသနံ။စိရံတိဋ္ဌတုပါဘုရား။)

မေတ္တာဖြင့်
သစ္စာအလင်း

0 မှတ်ချက်ရေးရန်: